အခန်း ၂၈၆
Vol. 29 Ch. 286
အခန်း (၂၈၆) နိုးထလာသော ဘီလူးကြီး
လီကျင်းယောင်သည် အင်မော်တယ်ဓားကို အပေါ်သို့ ဆက်လက် ဝဲပျံစေခဲ့သော်လည်း အထက်ပိုင်းတွင် ချို့ယွင်းချက်တစ်ခု ရှိနေပြန်ရာ အပေါ်ဆုံးအလွှာ အောက်တစ်လွှာသို့ ရောက်သောအခါမှသာ ပုံရိပ်များ ပြန်လည် ထင်ရှားလာတော့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ပုံရိပ်ထဲ၌ မှတ်တမ်းတင်ထားသော သမိုင်းကြောင်းမှာ လုံးဝ ပြောင်းပြန်လန်သွားခဲ့၏။ တောင်တမျှ မြင့်မားခန့်ညားလှသော လူသားဘီလူးကြီးတစ်ဦးသည် မြေပြင်မှနေ၍ မားမားမတ်မတ် ထရပ်လာသည်။
သူ၏လက်ထဲတွင် စူးရှတောက်ပနေသော ဓားတစ်လက်ကို ဆုပ်ကိုင်ထားလျက် ကောင်းကင်ယံဆီသို့ ရဲဝံ့စွာ ထိုးဖောက် ဝင်ရောက်သွားသည်။ နတ်ဘုရားများသည် ထိတ်လန့်တကြား ရှောင်တိမ်းထွက်ပြေးနေကြပြီး နတ်ဘုရင်မှာလည်း မတ်တတ်ရပ်ကာ မြေပြင်ပေါ်ရှိ ထိုဘီလူးကြီးဆီသို့ လက်ကို ဆန့်ထုတ်၍ ဖိချ၏။
ပိုင်ချူးရန်တစ်ယောက် အသက်ရှူ ရပ်မတတ် ဖြစ်သွားရသည်။
"ဒါက..."
"ဒါက ပထမမျိုးဆက်ရဲ့ ကောင်းကင်မနာလို ခန္ဓာပဲ။"
ကျီရှန်းက လေးနက်သောလေသံဖြင့် ပြန်ဖြေ၏။
"မင်း မြင်လား... သူ့ကို ဝန်းရံထားတဲ့ ချွန်ထက်တဲ့ အရာတွေက သူ စေခိုင်းထားတဲ့ ပျံသန်းဓားပျံတွေလေ။ မင်းနဲ့ မတူတာက ဒီတစ်ယောက်က စစ်မှန်တဲ့ ချီစွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်မနာလို ခန္ဓာပဲ။"
"ငါ ရှာတွေ့ခဲ့ပြီပဲ။"
နှစ်ပေါင်း ၃၀၀၀ တိုင်တိုင် မျိုသိပ်ထားခဲ့ရသော ရင်ထဲမှ စိတ်လှုပ်ရှားမှုလှိုင်းလုံးကြီးကို ပိုင်ချူးရန် ဖုံးကွယ်မထားနိုင်တော့ချေ။
"ကျီရှန်း ငါ့ကို ကူကြည့်ပေးပါဦး။ ဒီ ကောင်းကင်မနာလိုခန္ဓာနဲ့ ပတ်သက်တဲ့ အချက်အလက် အကုန်လုံးကို ငါ အခုချက်ချင်း လိုချင်တယ်။"
"နေစမ်းပါဦး။"
ပိုင်ချူးရန်သည် ကျီရှန်း၏ ဦးခေါင်းကို အသာမြှောက်ကိုင်၏။ ထိုအခိုက် ကျီရှန်း၏ မျက်လုံးအိမ်များအတွင်းမှ ဝိညာဉ်မီးတောက်ကလေးသည် ရှေ့ရှိ ပန်းချီကားချပ်ထဲမှ ကောင်းကင်မနာလို ခန္ဓာ၏ ပုံရိပ်ပတ်လည်ကို စူးစမ်းအကဲခတ်
နေသည်။
"ဟင်။"
"ဘာဖြစ်လို့လဲ။"
ကျီရှန်းထံမှ သံသယဖြစ်ဖွယ် အသံကို ကြားလိုက်ရသောအခါ ပိုင်ချူးရန်က အလောတကြီး မေး၏။
"ဒါက ဘာလို့ ငါ့ရဲ့ မဟာဉာဏ်ပညာနဲ့ ရှာလို့မရတာလဲ။"
ကျီရှန်းတွင် လက်များမရှိတော့သော်ငြား သူ့အသံမှာ လွန်စွာ ဇဝေဇဝါဖြစ်နေပုံရ၏။
"ဒီလို လုံးဝမဖြစ်သင့်ဘူး။ ဒီ ကောင်းကင်မနာလို ခန္ဓာက ဒီကမ္ဘာလောကကြီးထဲမှာ မူလကတည်းက တည်ရှိနေတဲ့ အရာတစ်ခုဖြစ်နေသရွေ့ သူ့အကြောင်းကို ငါ သေချာပေါက် သိနိုင်ရမှာပဲလေ။ တကယ်လို့များ..."
"တကယ်လို့များ ဘာဖြစ်လဲ။" ပိုင်ချူးရန်က မျက်မှောင်ကြုတ်ကာ မေး၏။
"တကယ်လို့များ။ သတိထား။"
ကျီရှန်း စကားမဆုံးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို ရုတ်တရက် မြင်လိုက်ရသည့်ပမာ အထိတ်တလန့် အော်ဟစ်သတိပေး၏။
ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့ အလျင်အမြန် ခေါင်းလှည့်ကြည့်လိုက်ရာ စာကြည့်တိုက် မျှော်စင်ကြီး၏ အက်ကွဲကြောင်းများမှတစ်ဆင့် ကျီရှန်းကို အော်ဟစ်သွားစေသည့် အရာကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့လိုက်ရသည်။
မျှော်စင်အပြင်ဘက်ရှိ စကြဝဠာ ဟင်းလင်းပြင်ကြီးထဲတွင် တဟုန်းဟုန်း တောက်လောင်နေသော ဧရာမ ကြယ်တံခွန်ကြီးတစ်လုံးသည် ရှည်လျားလှသော မီးတောက်အမြီးတန်းကြီးကို တရွတ်တိုက်ဆွဲငင်ကာ မျှော်စင်ရှိရာဘက်သို့ ရုတ်ခြည်း ဒလဟော ပြေးဝင်လာ၏။
ပိုင်ချူးရန်သည် တစ်စက္ကန့်မျှပင် တွေးမနေတော့ဘဲ လီကျင်းယောင်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ မျှော်စင်အပြင်ဘက်သို့ အမြန်ပစ်ချ၏။ သူတို့နှစ်ဦးသည် မျှော်စင်၏ နံရံများကို ဖောက်ထွက်သွားချိန် အပြင်ဘက်သို့ လွင့်စင်သွားပြီး အဆုံးအစမဲ့သော စကြဝဠာ ဟင်းလင်းပြင်ကြီးထဲသို့ ပြုတ်ကျသွားသည်။ ထိုသို့ လွင့်စင်သွားပြီး နောက်တစ်စက္ကန့်မှာပင် ကြယ်တံခွန်ကြီးသည် မျှော်စင်ကြီးကို အသံကျယ်လောင်စွာ ဝင်တိုက်လိုက်ကာ ကျန်ရှိနေသော အပျက်အစီးများအားလုံးနှင့်အတူ ကောင်းကင်ယံ၏ အမှောင်ထုထဲသို့ ထိုး၀င် ပျောက်ကွယ်လေတော့၏။
လီကျင်းယောင်၏ တုံ့ပြန်မှုမှာလည်း အလွန်လျင်မြန်လှသည်။ ဟင်းလင်းပြင်ထဲသို့ ပြုတ်ကျသွားပြီးသည်နှင့် သူမ၏ ကျောပေါ်ရှိ နဂါးသွားဓားကို အလျင်အမြန် ခေါ်ရာ ဓားသွားမှာ ချက်ချင်းပင် ကြီးမားလာပြီး သူတို့နှစ်ဦးကို လေထဲတွင် လုံခြုံစွာ ဝဲပျံနေစသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ။"
ပိုင်ချူးရန်က သူ့လက်ထဲရှိ ကျီရှန်းကို မေးသည်။
"သူတို့အားလုံး သေသွားပြီလို့ မင်းပဲ ပြောထားတယ်မလား။"
"နတ်ဘုရားတွေရဲ့ ရှင်သန်နိုင်စွမ်းကို ငါတို့ လျှော့တွက်မိသွားတယ်။ ပိုတိတိကျကျ ပြောရရင် မင်းရဲ့ စွမ်းရည်ကို ငါ လျှော့တွက်မိသွားတာပဲ။"