အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း (၂၈၈) နိုးထလာသော ဘီလူးကြီး [၂]
သို့သော် ဤတစ်ကြိမ်တွင် ပိုင်ချူးရန်၏ အခြေအနေမှာလည်း မဟန်လှချေ။ ကန်သွင်းလိုက်သည့် အရှိန်ကြောင့် သူ့ တစ်ကိုယ်လုံးသည် ကောင်းကင်ပေါ်မှ လွန်စွာ မြန်ဆန်သော အရှိန်ဖြင့် ပြုတ်ကျလာ၏။ လီကျင်းယောင်သည် အခွင့်ကောင်းကို ယူကာ သူ့ အင်္ကျီလက်စကို လှမ်းဆွဲကိုင်လိုက်သော်လည်း စုတ်ပြဲသွားသံကိုသာ ကြားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် မိန်းကလေးလီ၏ လက်ထဲ၌ အင်္ကျီလက်စ၏ အောက်ပိုင်းတစ်ဝက်သာ ကျန်ရစ်ပြီး ပိုင်ချူးရန်မှာမူ အောက်သို့ ဆက်လက် ပြုတ်ကျသွား၏။
လီကျင်းယောင် အထိတ်တလန့် အော်ဟစ်ပြီး နဂါးသွားဓားကို အလျင်အမြန် ထိန်းချုပ်ကာ သူပြုတ်ကျရာသို့ လိုက်မီအောင် ထိုးဆင်းလေသည်။ အဆုံးတွင်တော့ နဂါးငွေ့တန်းထဲသို့ မပြုတ်ကျခင်လေးတွင် ပိုင်ချူးရန်ကို အမိအရ ဖမ်းနိုင်ခဲ့ပြီး ဓားပေါ်သို့ ပြန်လည်ဆွဲတင်နိုင်သွားသည်။
"တောက်။ ဒီလိုမျိုး ကိုယ်တိုင် မပျံသန်းရတာက တကယ်ကို နာကျင်စရာပဲ။"
လီကျင်းယောင်က သူ့ကို ဆွဲတင်နိုင်ချိန် ပိုင်ချူးရန်က ခပ်တိုးတိုး ကျီန်ဆဲမိ၏။
ဂလက်ဆီ ဘီလူးကြီး၏ လက်ဝါးမှာ အကန်ခံလိုက်ရပြီး လွင့်စင်သွားသော သူ၏ လက်ဝါးကို မှင်သက်စွာ ကြည့်ကာ အချိန်အတော်ကြာအောင် စဉ်းစားခန်း ဝင်နေပုံရသည်။
သူ၏ ဝေဝါးနေသော အသိစိတ်မှာ ခန္ဓာကိုယ်အတွင်း အလွန်နည်းပါးသော ကျင့်ကြံမှုအဆင့်သာ ရှိပုံရသည့် သာမန် လူသားတစ်ဦးက ဧရာမလက်ဝါးကို မည်သို့မည်ပုံ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်နေသည့်ဟန်ပင်။
ထိုသို့ ခဏကြာအောင် ကြည့်ပြီးနောက် သူသည် တစ်စုံတစ်ရာကို ရုတ်တရက် ပြန်လည်သတိရလာကာ ပိုင်ချူးရန်ကို စူးရဲစွာ ကြည့်ကာ ဟိန်းဟောက်လာ၏။
"ကောင်းကင်... မနာလိုခန္ဓာ"
သူ့ အသံထဲတွင် ရှင်းပြ၍မရနိုင်သည့် နက်ရှိုင်းသော ဒေါသ၊ နာကြည်းမှုနှင့် အနည်းငယ်မျှသော ထိတ်လန့်မှုများ ရုတ်တရက် ပြည့်နှက်သွားသည်။
"ဝုန်းးးးး"
ထို ကောင်းကင်မနာလို ခန္ဓာ ဟူသော စကားလုံးကပင် သူ့ကို ရူးသွပ်သွားစေသည့်ပမာ ကောင်းကင်ပေါ်ရှိ လက်ကို ရုတ်တရက် ဆန့်တန်းကာ ရူးသွပ်စွာ ဝှေ့ယမ်းပြီး ကောင်းကင်နန်းတော်တစ်ခုလုံး၏ အပျက်အစီးများမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။ ထို့နောက် သူ့ လက်ဝါးသည် ကောင်းကင်နန်းတော် အလယ်ရှိ ရင်ပြင်ပေါ်မှ တစ်စုံတစ်ရာကို အမိအရ ဖမ်းဆုပ်လေ၏။
သူ လက်မောင်းကို အပေါ်သို့ မြှောက်လာရာ လက်ဝါးထဲတွင် ဧရာမ ကြေးဝါခေါင်းလောင်းကြီး ထွက်လာသည်။
"မကောင်းတော့ဘူး။"
ရှေးဟောင်း ကြေးဝါခေါင်းလောင်းကြီးကို မြင်လိုက်ရသောအခါ ကျီရှန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ကောင်မလေး။ အဝေးပြောင်းရွှေ့ခြင်း မန္တန်ကို သုံးပြီး အမြန်ပြန်တော့။"
"ရှင်တို့ကရော ဘယ်လိုလုပ်မလဲ။"
လီကျင်းယောင်က အလောတကြီး မေး၏။
"ငါတို့ကို ထားခဲ့လိုက်။ ဒီဘီလူးကြီးက ငါ့ကို ဘာမှ လုပ်လို့မရပါဘူး။"
ပိုင်ချူးရန်က လီကျင်းယောင် လက်မောင်းကို တင်းကြပ်စွာ ဆွဲကိုင်လိုက်သည်။
"မထွက်လာခင် ငါ့ကို ဘယ်လို ကတိပေးထားလဲဆိုတာ မေ့သွားပြီလား။ ပြောတဲ့စကား နားထောင်စမ်း။"
လီကျင်းယောင်သည် မလိုလားစွာဖြင့် သူမ၏ နှုတ်ခမ်းကို ကိုက်ပြီးနောက် လက်ကိုမြှောက်ကာ မန္တန်အချို့ကို အလျင်အမြန် ရွတ်နေချိန် အနီးအနား ကောင်းကင်ယံတွင် လွင့်မျောနေသော ကျောက်တုံးစင်မြင့်အချို့ သူတို့ထံသို့ စုစည်းရောက်ရှိလာ၏။
ထို့နောက် သူမသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပိုင်ချူးရန်ကို တင်းကျပ်စွာ တစ်ချက် ဖက်ထားလိုက်သည်။
"စီနီယာ ဓားဘိုးဘေး။ ဂရုစိုက်ပါနော်။"
မွှေးပျံ့သော ကိုယ်သင်းရနံ့လေး လွင့်စင်သွားချိန်တွင် လီကျင်းယောင်လည်း သူ့ကို ညင်သာစွာ ဖက်ထားရာမှ နောက်သို့ဆုတ်ကာ အာကာသမန္တန်ကို လှုံ့ဆော်လိုက်ပြီး ထိုနေရာတွင်ပင် အလင်းတန်းအဖြစ် ပျောက်ကွယ်သွား၏။
ပိုင်ချူးရန်သည် သိုလှောင်အိတ်ထဲမှ အင်မော်တယ်ကြိုးကို ပစ်ထုတ်လိုက်ကာ နီးစပ်ရာ ကျောက်တုံးစင်မြင့်များထဲမှ တစ်ခုကို ရစ်ပတ်ပြီး ထိုပေါ်သို့ လုံခြုံစွာ ခုန်တက်လိုက်သည်။
"စိတ်မပူပါနဲ့။ ကောင်မလေးက လုံခြုံသွားပါပြီ။"
ကျီရှန်းက ဘေးမှ ပြော၏။
"ဒီမန္တန်က စတင်အသက်ဝင်သွားပြီဆိုရင် ကြားဖြတ်ဟန့်တားလို့ မရတော့ဘူးလေ။"
"အင်း။"
ပိုင်ချူးရန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လည်ပင်းကို ဘယ်ညာ တစ်ချက်စီ ချိုးလေ၏။
"အဲဒီ ခေါင်းလောင်းကြီးရဲ့ လျှို့ဝှက်ချက်က ဘာလဲ ပြောစမ်း။"
"အဲဒါက နောက်ဆုံးမျိုးဆက် ကောင်းကင်နတ်ဘုရင် အရှေ့စွန်းနတ်ဘုရင်ရဲ့ အရှေ့ဘက်ခေါင်းလောင်းဆိုတဲ့ မွေးရာပါ သန့်ရှင်းရတနာကြီးလေ။"
ကျီရှန်းက စိုးရိမ်တကြီး ရှင်းပြသည်။
"အဲ့တာက အချိန်နဲ့ လေဟာနယ်ကို ခြယ်လှယ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ တကယ်လို့သာ အဲဒါကို သူ သုံးလိုက်မယ်ဆိုရင် ကောင်မလေး အပြင်ထွက်ဖို့ ခက်သွားလိမ့်မယ်။"
"ဒါကြောင့်လည်း မိန်းကလေးလီကို မင်းက အရင်လွှတ်လိုက်တာကိုး။"
ပိုင်ချူးရန်က ပြောသည်။
"ဒါကြီးက ဟင်းလင်းပြင်ကို စိုးမိုးနိုင်ရုံမက ဒီလောကကြီးရဲ့ အချိန်ကာလကိုပါ ခြယ်လှယ်နိုင်တဲ့ မှော်လက်နက်မျိုး ရှိနေသေးတာလား။"
"ဒီလို မန္တန်မျိုးတော့ ငါလည်း မကြားဖူးဘူး။ ဒါပေမဲ့ အဲဒီအရာက အချိန်ကိုပါ ခြယ်လှယ်နိုင်စွမ်း ရှိနေတာက တစ်ချိန်တုန်းက ကောင်းကင်နတ်ဘုရင်ရဲ့ ကိုယ်ပိုင်ရတနာ ဖြစ်ခဲ့လို့ နေမှာပေါ့"
ကျီရှန်းက အလျင်အမြန် သတိပေး၏။
"အဲဒီအကြောင်းကို နောက်မှ ဖြည်းဖြည်း စဉ်းစား။ မင်း ရှေ့က ဟိုကောင်ကြီးကိုသာ အရင်ရှင်းလိုက်စမ်းပါ။ သူ လာနေပြီဟေ့။"
ကောင်းကင်ယံထက်ရှိ ဘီလူးကြီး၏ လက်ဝါးထဲမှ အရှေ့စွန်းနတ်ဘုရင်၏ ခေါင်းလောင်းသည် စွမ်းအင်များဖြင့် ရုတ်ခြည်း ပြည့်နှက်လာပြီး ခေါင်းလောင်းမျက်နှာပြင်ထက်တွင် ကပ်ငြိနေသော မီးလောင်ကျွမ်းထားသည့် အမည်းရောင် အစအနများမှာ တဖြည်းဖြည်း ကွာကျသွားတော့သည်။ ရှေးဟောင်းခေါင်းလောင်းကြီးထံမှ မှိုင်းညို့သော ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အရွယ်အစားမှာ တောင်တမျှအရပ်အမောင်းနှင့် ညီမျှသည်အထိ ကြီးထွားလာ၏။ ထို့နောက် ကြယ်တာရာ ကောင်းကင်ဘီလူးကြီးသည် ဧရာမ ကြေးဝါခေါင်းလောင်းကြီးကို ကိုင်ဆောင်ကာ ညင်သာစွာ တစ်ချက် လှုပ်ခါလိုက်သည်။
ဒေါင်...
မြေကမ္ဘာအင်မော်တယ်တို့၏ ရှေးဟောင်းမြို့တော်မှ ခေါင်းလောင်းသံများနှင့် ဆင်တူသော်ငြား ဤအရှေ့စွန်းနတ်ဘုရင် ခေါင်းလောင်းကြီး၏ စွမ်းအားကမူ စိတ်ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်း ထက် အဆပေါင်းများစွာ ပိုမိုသာလွန်ပြင်းထန်လှသည်။ အာကာသ အက်ကွဲကြောင်းများသည် တစ်လက်မချင်းစီ အဟုန်ပြင်းစွာ ပြန့်နှံ့သွားပြီး ပြင်ပ ဟင်းလင်းပြင်မှ အဆုံးအစမဲ့သော စွမ်းအင်မုန်တိုင်းကြီးသည် ချွန်ထက်လှသော အာကာသအပျက်အစီးများနှင့် ရောနှောကာ ပိုင်ချူးရန် ရှိရာအရပ်သို့ ရူးသွပ်စွာ တိုက်ခတ်လာ၏။