အခန်း ၂၉၀
Vol. 29 Ch. 290
အခန်း (၂၉၀) အချိန်ထိန်းချုပ်ခြင်း
အဆုံးအစမဲ့သော ဓားချီများသည် ဂလက်ဆီ ဘီလူးကြီး၏ ခြေလက်များကို အမွှေးအတောင်များသဖွယ် ဆုတ်ဖြဲပစ်ပြီး သူ့ လည်ပင်းသည်ပင် ထက်ဝက်ကျော်ခန့် ပြတ်တောက်သွားရသည်။ သို့သော် ဤကဲ့သို့သော ဒဏ်ရာမျိုးသည် ဂလက်ဆီ ဘီလူးကြီးအတွက် အသက်အန္တရာယ်ရှိသော ဒဏ်ရာမျိုး မဟုတ်သေးပေ။
ပိုင်ချူးရန်၏ ရဲရင့်ခက်ထန်လှသော ထိုးစစ်များကို မြင်တွေ့လိုက်ရချိန် သာမန်တိုက်ခိုက်မှုများဖြင့် အနိုင်မယူနိုင်မှန်း သိသွားသောအခါ ဘီလူးကြီးလည်း ပြတ်တောက်နေသော လက်မောင်းကို စွမ်းအင်အဖြစ် ပြောင်းလဲကာ အရှေ့စွန်းနတ်ဘုရင်၏ ခေါင်းလောင်းအတွင်းသို့ အားလုံး သွင်းထည့်လေ၏။
ဒေါင်းး
ယခင် ခေါင်းလောင်းသံထက်ပင် ပိုမို ပြင်းထန်လှသော အသံကျယ်ကြီးနှင့်အတူ ကမ္ဘာလောကကြီး တစ်ခုလုံး ယခုအခိုက်အတန့်တွင် ရပ်တန့်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။
နာရီလက်တံများ ရုတ်တရက် ရပ်တန့်သွားသည့်အလား အရာအားလုံး ရပ်တန့်သွားရသည်။ ပိုင်ချူးရန်၏ မျက်လုံးထဲတွင် ကမ္ဘာလောကကြီးသည် မီးခိုးရောင် သက်သက်အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်တွင် လွင့်မျောနေသော အာကာသအပျက်အစီးများ၊ ဟင်းလင်းပြင်မှ ပြန့်နှံ့လာသော စွမ်းအင်မုန်တိုင်းများ၊ သူ၏ ဓားစွမ်းအင်များ၊ ဘီလူးကြီး၏ ခန္ဓာကိုယ် ဆုတ်ဖြဲခံရချိန်တွင် လွင့်စင်လာသော ဓားသွားအလင်းစက်များအပြင် သူ့ ခန္ဓာကိုယ်ကိုယ်တိုင်ပါ ဤအချိန်နှင့် နေရာလွတ်ကြားတွင် အေးခဲရပ်တန့်လေ၏။
ပိုင်ချူးရန်၏ အတွေးများသည်တော့ ရပ်တန့်မသွားသေးဘဲ ထူးဆန်းသော ကြိုတင်ခံစားမှုတစ်ခု ဝင်ရောက်လာသည်။ ပိုင်ချူးရန်သည် ခန္ဓာကိုယ်ကို လှုပ်ရှားရန် တွေးလိုက်တိုင်း အင်အားကြီးမားသော စိတ်ဆန္ဒတစ်ခုက သူ့ကို ဝင်ရောက်နှောင့်ယှက်နေသဖြင့် ငြိမ်သက်နေသင့်ကာ ယခုအခိုက်အတန့်၏ တိတ်ဆိတ်မှုကို ထိန်းသိမ်းထားသင့်သည်ဟု ခံစားမိ၏။
'ဒါက အချိန်ကိုထိန်းချုပ်တာလား။'
ပိုင်ချူးရန်၏ အသိစိတ်ထဲတွင် အတွေးများ ဖြတ်ပြေးသွား၏။ သူသည် မျက်လုံးများကို အနိုင်နိုင် ရွေ့လျားကာ လက်တစ်ဖက်ဖြင့် ကိုင်ထားသော ကျီရှန်း မျက်လုံးများကို ကြည့်ရန် ကြိုးစားသည်။ သို့သော် ဤအခိုက်အတန့်တွင် ကျီရှန်းမှာလည်း အေးခဲနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ သူ၏ ခေါင်းမှာ လေထဲတွင် ရပ်တန့်နေပြီး ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးအိမ်ထဲမှ အစိမ်းရောင် မီးပွားအချို့ လွင့်စင်ထွက်နေက ထိုမီးပွားများသည်လည်း လေထဲတွင် ရပ်တန့်နေ၏။
ကျီရှန်းသည် ပိုင်ချူးရန်နှင့် မတူဘဲ ဤရပ်တန့်နေသော အချိန်နှင့် နေရာလွတ်ထဲတွင် သူ့ အသိစိတ်ကို ထိန်းသိမ်းထားနိုင်ပုံ မရချေ။
'ကြည့်ရတာ အကြမ်းနည်း သုံးမှပဲ ရတော့မယ်'
ထိုသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ပိုင်ချူးရန်သည် ခန္ဓာကိုယ်အတွင်း ငြိမ်သက်နေဆဲဖြစ်သော စစ်မှန်သည့် ချီစွမ်းအင်များကို အတင်းအကျပ် မြှင့်တင်ကာ ရုန်းကန်ရန် ကြိုးစားလိုက်သည်။
ဟင်းလင်းပြင် နေရာလွတ်တစ်ခုလုံး ခပ်တဲ့တဲ့ တုန်ခါသွားပြီး မီးခိုးရောင် အချိန်တားမြစ်ချက်ကြီးသည် ချက်ချင်းပင် ကြေမွသွားတော့မည့်အလား ထင်ရသော်ငြား နောက်တစ်စက္ကန့်တွင် ပိုမိုအားကောင်းသော ပြန်လည်တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာကာ ပိုင်ချူးရန်ကို ထိုနေရာတွင်ပင် ဖိချထား၏။
ဤဖိအားသည် အလွန်ထူးခြားလှသည်။ ပိုင်ချူးရန်၏ ခန္ဓာကိုယ်မျက်နှာပြင်ကို ဖိနှိပ်ထားရုံသာမက သူ့ ဆဲလ်တစ်ခုစီအပြင် ခန္ဓာကိုယ်၊ အသိစိတ်နှင့် စိတ်ဝိညာဉ်ကိုပါ ဖိနှိပ်ထားပြီး၊ ဒန်ထျန်အတွင်းရှိ အဆုံးအစမရှိ လွင့်မျောနေသော စစ်မှန်သည့် ချီစွမ်းအင်များကိုလည်း ဖိနှိပ်ထား၏။
ထိုသည်မှာ ရွှံ့နွံများ ပြည့်နှက်နေသော စိမ့်မြေထဲသို့ အရှင်လတ်လတ် ပစ်ချခံလိုက်ရသည့်အလားပင်။ အရပ်မျက်နှာ အနှံ့အပြားတွင် စေးကပ်နေသော်လည်း ထိတ်လန့်ဖွယ်ကောင်းပြီး ရှင်းပြ၍မရနိုင်သော ဖိနှိပ်မှုစွမ်းအားမျိုး ရှိနေ၏။ ဤစွမ်းအားသည် ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်က ကမ္ဘာလောကကြီးကို ထိန်းချုပ်ရန် သဘာဝလွန်စွမ်းအားများကို အသုံးပြုကာ သူ့ကို ဖိနှိပ်ခဲ့စဉ်ကထက်ပင် ပိုမိုသာလွန်ပြီး ကြောက်စရာကောင်းနေသည်။
ပိုင်ချူးရန် မျက်နှာမှာ တင်းမာသွားသည်။ အကယ်၍ သူသာ ဤအချိန်ဖိအားကို အတင်းအကျပ် ရုန်းကန်ခုခံမည်ဆိုလျှင် လွတ်မြောက်နိုင်ဆဲ ဖြစ်သော်လည်း သူ အသုံးပြုရန် လိုအပ်မည့် စစ်မှန်သော ချီစွမ်းအင်များသည် သူ အသုံးပြုနိုင်သည့် အမြင့်ဆုံးကန့်သတ်ချက်ကို ကျော်လွန်သွားမည်။ ပို၍ အရေးကြီးသည်မှာ ဤဖိအားသည် သူ့ ဒန်ထျန်အား ရပ်တန့်မသွားသေးခြင်းပင်။
ထိုအရာမှာ သူက အလွန်အမင်း စိုးရိမ်ပူပန်နေချိန်တွင် အခြားလူတစ်ဦးက သူ့ ဝမ်းဗိုက်ကို လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်နေသလိုထင်ရ၏။
'ငါ အဆင့်ချိုးဖောက် ဝင်ရောက်လိုက်ရမလား။'
ပိုင်ချူးရန် တွန့်ဆုတ်နေစဉ်မှာပင် မီးခိုးရောင် ကမ္ဘာကြီးသည် ရုတ်တရက် မှေးမှိန်သွား၏။ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်သွားစေနိုင်သော ဧရာမ လက်သီးကြီးတစ်ခုသည် ကောင်းကင်ယံထက်မှ ပြင်းထန်စွာ ကျဆင်းလာပြီး "ဝုန်း" ခနဲ အသံနှင့်အတူ သူ့ကို လေထဲမှနေ၍ အောက်သို့ အပြင်းအထန် ရိုက်ချလာသည်။ သူ့ ခန္ဓာကိုယ်သည် စကြဝဠာ ဗဟိုချက်ရှိ နဂါးငွေ့တန်းကြီးကိုပင် ဖောက်ထွင်းဖြတ်သန်းကာ ပိုမို နက်ရှိုင်းလှသော အမှောင်ထုကြီးဆီသို့ အရှိန်ပြင်းစွာ ပြုတ်ကျသွား၏။
လီကျင်းယောင် သူ့အတွက် အလျင်စလို ချန်ထားခဲ့သော ကျောက်တုံးစင်မြင့်များပေါ်သို့ ရောက်ရှိသွားချိန်တွင် သူ အင်မော်နယ်ကြိုးကို အလျင်အမြန် ပစ်ထုတ်ကာ ကျောက်တုံးကြီးတစ်ခုကို ခိုင်မြဲစွာ ရစ်ပတ်သည်။
သို့သော် ပြင်းထန်လှသော ရိုက်ခတ်မှုအဟုန်မှာ လုံးဝ လျော့ကျမသွားသေးဘဲ ထိုကျောက်တုံးစင်မြင့်ကိုပါ အောက်သို့ ဆွဲခေါ်သွားကာ အတူတကွ ပြုတ်ကျတော့၏။
ကျီရှန်းမှာလည်း ထိုအခိုက်အတန့်တွင် အချိန်ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ လွတ်မြောက်လာသည်။ သူ သတိပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ချူးရန်ချိုးရန်နှင့်အတူ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျနေကြောင်း သတိပြုမိသွားပြီး အထိတ်တလန့် သတိပေး၏။ "သတိထား။ ဒီစကြဝဠာ ကောင်းကင်ယံရဲ့ အောက်ဘက်က အပြင်ဘက် ဟင်းလင်းပြင်ကြီးပဲ။ အဲဒီထဲကို ပြုတ်မကျစေနဲ့။"
"ငါ သိတယ်ဟ။