← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

Chapter 51

စုယွမ်က ချက်ချင်း ပြဿနာ၄၈ခုကို ထောက်ပြလာသည်။

“ဒီပုံစံက အရမ်းများသွားတယ်၊ နောက်ပြီးဒီမှာ ဒီနေရာဆက်ထားတာ အရမ်းမာလွန်းတယ်။ ဒီနေရာမှာဆိုရင် မင်းရဲ့ရေစွမ်းအင်ကို သုံးလိုက်တာက အကောင်းဆုံးပဲ ... “

ကျန်းဝေ့မှာ ပို၍နားထောင်လေလေ၊ ပို၍စိတ်ညစ်သွားရလေလေပင်။

အဆုံးတွင်တော့ သူ လုံးဝတိတ်ကျသွားတော့သည်။ ဤသို့သာတွေးလိုက်ပါက သူ၏လက်နက်မှာ လုံးဝကိုစုတ်ပြတ်ပြီး အမှိုက်တစ်စအလားပင်။ သူ သူ့ဘဝသူ သံသယပြန်ဝင်လာရသည်။

စုယွမ် ခေါင်းလှည့်ပြီး ကျိုးဝူယိုနှင့်စုန့်ချိုက်ကို ကြည့်လိုက်သည်။

သူတို့နှစ်ဦးလုံးကလည်း မျှော်လင့်တကြီး ပြန်ကြည့်လာကြ၏။

စုယွမ် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ကျိုးဝူယို၊ မင်းအလှည့်။”

“အင်း၊ ငါ့ပြဿနာက... “

ကျိုးဝူယိုကလည်း မြန်မြန် သူ၏ပြဿနာတွေကို ထုတ်ပြောလိုက်၏။

စုယွမ်လည်း သေချာနားထောင်၍ ခေါင်းညိတ်ကာ ကျိုးဝူယိုကို တစ်ခုချင်းသေချာရှင်းပြလိုက်သည်။

သူတို့အကုန်သတိမထားသည်က သူတို့အားလုံးအပေါ်တွင် ယောက်ျားပျိုတစ်ဦးက သူတို့၏စကားဝိုင်းကို ပေါ်ပေါ်တင်တင်ကိုပင် နားထောင်နေကြောင်းကိုပင်။

ထိုအမျိုးသားမှာ စုယွမ်သင်ကြားနေသည်များကို နားထောင်နေ၏။

အစကတော့ သူ သာမန်ကာလျှံသာ နားထောင်နေခြင်းဖြစ်သည်။ သို့သော် စုယွမ်က ပြဿနာပေါင်းဒါဇင်ကျော်ကို ရှင်းပြသွားတာကိုမြင်တော့ သူ အံ့သြသွားရ၏။ သူတောင်မှ ကျန်းဝေ့၏ကိစ္စတွင်ဆို ပြဿနာ ၄၈သာရှာတွေ့ခဲ့သည်။ စုယွမ်ပြောလိုက်သည့်အရေအတွက်သာ အမှန်တကယ်မှန်ပါက စုယွမ်က ပုံမှန်ထက် အလွန်ထူးချွန်လွန်းနေပြီပင်။

ပြဿနာအရေအတွက်မပါလျှင်တောင်မှ စုယွမ်၏ကျင်ကြံရေးအပေါ်အခြေခိုင်မှုက လျော့တွက်သင့်သည့်ထဲ မပါပေ။ ကျင့်ကြံရေး၊ လက်နက်သန့်စင်ရေး၊ ဆေးဝါး အစရှိသည့်မည်သည့်ကဏ္ဍတွင်ဖြစ်စေ၊ အနှီသူက တော်တော်မြင့်သည့်အနေအထားတစ်ခုရောက်နေပြီ ဖြစ်ပေ၏။။ သူတော့ အနှီသူက လက်ရှိအတွင်းတပည့်ခေါင်းဆောင်ထက်တောင် ပို၍သာသည်ဟု ခံစားနေရသည်။

ကျန်းဝေ့၊ ကျိုးဝူယို၊ စုန့်ချိုက်တို့မှာ စုယွမ်ပြောပြတာနားထောင်ရင်း သူတို့၏ကိစ္စများက ပို၍ ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။

ကျိုးဝူယိုဆိုလျှင် နေရာတွင်ပင် ချက်ချင်းအဆင့်တက်နိုင်သွားခဲ့ပြီး ချီစုဆောင်းခြင်း၏အဆင့်သုံးကိုရောက်ရှိသွားတော့၏။ ဤသည်မှာ နာမည်ကြီးဆရာများ၏သင်ကြားတာကိုခံသည့်အတိုင်းပင်။ သူတို့မဖြေရှင်းနိုင်သော ပြဿနာများစွာရှိသော်လည်း အချို့ဆိုလျှင် ပြဿနာရှိနေမှန်းတောင်မသိခဲ့ပေ။ စုယွမ်ကတော့ ထိုပြဿနာများအားလုံးကို ထောက်ပြသွားရာ သူတို့မှာ များစွာတိုးတက်လာခဲ့၏။

စုယွမ်က စင်စစ် သူတို့၏ပြဿနာအကုန်လုံးကို သူဖြေရှင်းပေးလိုက်၍ရသည်၊ သို့သော် သူ မလုပ်ခဲ့ပေ။ ထိုအစား သူ ကျန်ပြဿနာများကို ကိုယ်တိုင်တွေးတောကာဖြေရှင်းစေသည်။ သူ ပြသခဲ့သည်ကိုကြည့်ပြီး ထိုသူတို့ ကိုယ်တိုင်လေ့လာကာ ဖြေရှင်းသင့်သည်သာ။ ထိုသို့မဟုတ်ဘဲ သူ့အပေါ်သာအကုန်မှီခိုလိုက်ပါက ကိုယ်ပိုင်တွေးတောနိုင်စွမ်းမရှိတော့ဘဲ အဆင့်တက်ရန်လည်းခက်ခဲသွားပေမည်။

ထို့နောင်တွင်တော့ သူတို့သုံးဦးလုံးက နှုတ်ဆက်ကာပြန်သွားကြတော့၏။

စုန့်ချိုက်က ဤလအတွက်ဆိုင်တွင်ရရှိငွေဝိညာဉ်ကျောက်တုံး၁၀၀၀ကို ပေးထားခဲ့သည်။ သူတို့ပြန်သွားပြီးသည့်နောက်တွင် သူက စုန့်ချမ်ကိုလွှတ်၍ စုယွမ်ကို ထပ်မံသင်ကြားပေရန် တောင်းဆိုသည်။

စုယွမ်လည်း အကုန်လုံးကို သင်ကြားပြီးသည့်နောက်တွင်မူ နေ့လည်ရောက်သွားချေပြီ။

ထို့အတွက် သူ စာကြည့်တိုက်သွား၍ စာဖတ်ကာ အချိန်ဖြုန်းရန် မလိုအပ်တော့။

စုယွမ်လည်း သာလွန်တောင်ထိပ်ကိုလှည့်ပတ်ကြည့်ရင်း မကြာမီ သင်ကြားရေးခန်းမတွင် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းမှထံ ဆွဲဆောင်ခံလိုက်ရ၏။

ထိုနေရာတွင် တပည့်အချို့စုဝေးနေကြသည်။ ထိုသူတို့အလယ်စင်ပေါ်တွင် အတွင်းဆောင်တပည့်များက အချင်းချင်းတိုက်ခိုက်ကာ လေ့ကျင့်နေကြ၏။ ဘေးတွင်လည်း အစောင့်များချထားတာ ဘေးအန္တာရယ်မဖြစ်စေရန် စောင့်ကြပ်နေကြသည်။

စုယွမ်မှာ စိတ်ဝင်တစားဖြင့် ကြည့်နေမိသည်။ အချိုတပည့်များက တိုက်ခိုက်ရန် မီးတောက်များကိုသုံးပြီး အချို့ကတော့ ရေမြားများကို အသုံးပြုတိုက်ခိုက်နေကြ၏။

သူ စာအုပ်များအတွင်းတွင် ထိုသို့သော မန္တန်များအကြောင်းဖတ်ဖူးသော်ငြား ဤသည်မှာ ပထမဆုံး လက်တွေ့တွင် ဤမျှများသောမန္တန်များကို မြင်ဖူးခြင်းပါပေ။

“ဟေး၊ ဂိုဏ်းတူညီလေး၊ မင်း ဒီစင်ပေါ်က ဘယ်တစ်ယောက်နိုင်မယ်ထင်လဲ။”

အနီးအနားရှိ ငယ်ရွယ်သောအမျိုးသားတစ်ဦးက ရုတ်တရက်မေးလာသည်။

စုယွမ်လည်း လန့်သွား၏။ သူ လှည့်ကြည့်လိုက်တော့ ချောမောသောအမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ သူ ပြန်ဖြေလိုက်၏။

“ဂိုဏ်းတူအစ်ကို၊ ဒီတိုက်ခိုက်နေတဲ့ဂိုဏ်းတူအစ်ကိုနှစ်ယောက်လုံးက ချီစုဆောင်းခြင်းအဆင့်ရဲ့နောက်ဆုံးအဆင့်တွေလေ။ ကျွန်တော်ကဖြင့် အခုမှ အလယ်အဆင့်ပဲရှိသေးတာ၊ ဘယ်လိုလုပ်မှန်းနိုင်မလဲဗျာ။ ဒီအတွက် ခွင့်လွှတ်ပေးပါ၊ ဂိုဏ်းတူအစ်ကို။”

“ဟုတ်လား၊ မင်းမပြောနိုင်ဘူးပေါ့။”

အနှီအမျိုးသားက သံသယဖြင့်ပြန်မေးလာသည်။

“ဟုတ်တယ်လေ၊ ပုံမှန်ပဲမဟုတ်ဘူးလား။”

စုယွမ် ခေါင်းညိတ်လိုက်သည်။

“ခန့်မှန်းကြည့်ပါလား။ မင်းမှန်သွားရင် ငါ မင်းကို ဝိညာဉ်ကျောက်တုံးငါးဆယ်ပေးမယ်လေ။”

ထိုအမျိုးသားက ပြုံးလာ၏။

“တကယ်လို့ ကျွန်တော်မှားသွားရင်ရော။”

စုယွမ် သတိတကြီးမေးလိုက်သည်။

“မင်းမှားသွားရင် မင်းငါ့ကို ဝိညာဉ်ကျောက်တုံးငါးခုပေးရမယ်။”

“ဂိုဏ်းတူအစ်ကို နောက်နေတာမဟုတ်ဘူးမလား။”

စုယွမ် ပြောလိုက်သည်။

“မနောက်ပါဘူး။”

အမျိုးသားက အလတ်တန်းအဆင့်ဝိညာဥ်ကျောက်တုံးများကို ထုတ်ပြလာသည်။

စုယွမ်၏မျက်ဝန်းများမှာ တောက်ပသွားတော့၏။ သူ စင်ပေါ်ရှိလူနှစ်ယောက်ကြည့်၍ တစ်ခဏမျှတွေးလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်တော့ ဓါးရှည်အဖြောင့်ကိုသုံးနေတဲ့တပည့်က နိုင်မယ်လို့ထင်တယ်။”

စင်မြင့်ပေါ်တွင် အတွင်းတပည့်နှစ်ဦးမှာ တစ်ဦးက ဓါးရှည်အဖြောင့်ကိုသုံးကာ နောက်တစ်ဦးက ဓါးကွေးအမျိုးအစားဓါးရှည်တစ်လက်ကိုသုံးကာတိုက်ခိုက်နေကြ၏၊ ထိုသူတို့မှာ ယင်းလက်များကို လက်ဖြင့်တိုက်ရိုက်မကိုင်ဘဲ ဝိညာဉ်စွမ်းအင်သုံးပြီး လေထုအလယ်တွင် ပျံဝဲစေလျက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ သို့သော်လည်း ထိုသူတို့မှာ တိုက်ရိုက်မတိုက်ခိုက်ကြသေးဘဲ ခုခံသည့်သဘောသာ ရှောင်တိမ်းနေကြသည်။ သူတို့၏ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်တို့ထွက်နေပြီး ခုခံသည့်သဘောသာနေရာယူထားကြ၏။ ထိုသူနှစ်ဦးမှာ ဆယ့်ငါးမိနစ်တာမျှ ကြာသွားသော်လည်း ထိုအတိုင်းသာ ဖြစ်နေလေသည်။

အမျိုးသားက အံ့သြသွားပြီး မေးလိုက်သည်။

“မင်းသေချာရဲ့လား။”

“ကျွန်တော်က ဒီအတိုင်းမှန်းလိုက်တာပါ။”

စုယွမ် မေးလိုက်သည်။

အမျိုးသားက ခေါင်းညိတ်ကာ စောင့်ကြည့်နေလိုက်၏။

နာရီလောက်ပြည့်သွားချိန်တွင်မူ ဓါးရှည်အဖြောင့်ကိုင်ဆောင်သောကျင့်ကြံသူမှာ တစ်ချက်လှုပ်ရှားကာ အနိုင်ရသွားတော့၏။

အမျိုးသားမှာ အံ့သြသွားသည့်ပုံပေ။ သူလည်း အလတ်တန်းအဆင့်ဝိညာဥ်ကျောက်တုံးကို စုယွမ်ဆီပေး၍ မေးလာ၏။

“မင်းဘယ်လိုခန့်မှန်းလိုက်တာလဲ။”

စုယွမ်က ပုခုံးကိုသာ တွန့်လျက် ပြန်ပြောလိုက်သည်။

“ဓါးရှည်အဖြောင့်တွေက ဓါးအကောက်အမျိုးအစားထက် ပိုပြီး ကြည့်ကောင်းတယ်လေ။ အဲ့ဒီတော့ နိုင်ဖို့မြင့်တယ်ဆိုပြီးတွေးလိုက်တာ။”

သူက တကယ်ကို ဒီအတိုင်း ခန့်မှန်းလိုက်ခြင်းသာ။ ဘာပဲပြောပြော၊ သူရှုံးသွားလျှင်တောင် ဝိညာဉ်ကျောက်တုံးငါးခုသာကုန်မည်ပေ။

အမျိုးသားက ခေါင်းခါလာသည်။

“ငါမယုံဘူး။”

သူ နောက်ထပ်စင်မြင့်တစ်ခုကို ထိုးပြပြီး ပြောလိုက်သည်။

“ငါ အလတ်တန်းအဆင့်ဝိညာဥ်ကျောက်တုံးတစ်တုံးပေးလိုက်တာ၊ အဲ့ဒါက အနိမ့်တန်းဝိညာဥ်ကျောက်တုံးတစ်ရာနဲ့ညီမျှတယ်လေ၊ မင်း တဝက်ကိုပြန်ပေးစရာမလိုဘူး။ နောက်တပွဲထပ်မှန်းကြတာပေါ့။ မင်းမှန်းလိုက်။”

စုယွမ်မှာ အနှီအမျိုးသားကို စွံ့အစွာသာ ပြန်ကြည့်မိသည်။ သို့သော် သူ့လက်ထဲရောက်ပြီးသာပစ္စည်းကိုတော့ ပြန်မပေးချင်ပါပေ။ထို့ကြောင့် သူ သာမန်လျှံကာသာ ပြောလိုက်သည်။

“ရေစွမ်းအင်သုံးနေတဲ့တစ်ယောက်နိုင်လိမ့်မယ်။”

အမျိုးသားမှာ အလေးအနက်ဖြင့် ပွဲကိုစောင့်ကြည့်နေတော့သည်။

အဆုံးတွင်မူ ရေစွမ်းအင်ဖြင့်တစ်ယောက်သာ တကယ်အနိုင်ရသွား၏။ ထိုအနိုင်အရှုံးမှာလည်း ဆံချည်မျှင်တစ်မျှင်စာသာ ကပ်သီလေးကွာခြားသွားခြင်း ဖြစ်လေသည်။

သူတောင်မှ ဘယ်သူနိုင်မလဲ မပြောနိုင်ခဲ့ပါပေ။ ထိုအမျိုးသား၏စုယွမ်အပေါ်အကြည့်မှာ အနည်းငယ်ပြောင်းလဲသွားရသည်။

စုယွမ်ကတော့ အလွန်တည်ငြိမ်နေ၏။ ဤခန့်မှန်းရသည့်ပုံစံမှာ အကြွေစေ့လှန်ရသလိုပင်၊ နှစ်ကြိမ်ဆက်တိုက် ခေါင်းသာကျသွားခြင်းမှာလည်း ပုံမှန်သာ မဟုတ်ပေလား။ အရမ်း မခက်ခဲပါပေ။

All Chapters