အခန်း ၅၂
Vol. 6 Ch. 52
Chapter 52: ဂိုဏ်းချုပ်နှင့်အတူ လောင်းကစားဝိုင်းထောင်ရန် လျှို့ဝှက်ဆွေးနွေးခြင်း။
“လာ၊ ငါမင်းကို တစ်နပ်လိုက်ကျွေးမယ်။ ငါ့ကိုသေချာပြောပြစမ်းပါ၊ မင်းဘယ်လိုခန့်မှန်းလိုက်တာလဲ။”
အနှီအမျိုးသားက ဆိုလာသည်။
စုယွမ်၏အမူအရာမှာ အနည်းငယ်ထူးဆန်းသွားရသည်၊ သူ ဤမြင်ကွင်းကိုရင်းနှီးနေသလို ခံစားလိုက်ရသည်။ နျိုပင်တုန်းကကဲ့သို့ တစ်ကြော့ပြန်ဖြစ်လာလေသလား။
“အဟမ်း၊ ဂိုဏ်းတူအစ်ကို၊ ကျွန်တော် ခင်ဗျားနာမည် သိလို့ရမလား။”
ယောက်ျားပျိုမှာ အတိတ်သို့ လွမ်းဆွယ်တမ်းတသွားသည့်ပုံဖြစ်သွား၏။
“ငါ့နာမည်ကို ဘယ်သူ့မှမမေးဘူးတော့တာကြာပြီ။ ငါတော့ မေ့လုနီးနီးပဲ။ ငါ့နာမည်က ကူချင်းကျူးပါ။”
“အဲ့ဒါဆိုရင် ဂိုဏ်းတူအစ်ကိုကူပေါ့။”
စုယွမ် ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်ပါသည်။
“ဂိုဏ်းတူအစ်ကို အတွင်းဆောင်တပည့်လား။”
“ဟုတ်တယ်လေ။”
“အဲ့ဒါဆိုရင် ဂိုဏ်းတူအစ်ကို အတွင်းဆောင်တပည့်ပြိုင်ပွဲမှာ ဝင်ပါမှာလား။”
“မပါပါဘူး။”
အနှီအမျိုးသားက ပြန်မေးလာသည်။
“မင်းရော။”
“သေချာပေါက် ကျွန်တော်လည်း မပါပါဘူး။”
စုယွမ် ပုခုံးတစ်ချက်တွန့်လိုက်သည်။
“ကျွန်တော်ကဖြင့် အခုမှ ချီစုဆောင်းခြင်းအဆင့်လေးပဲရှိသေးတာလေ။”
သူ ထိုအမျိုးသားကို စိုက်ကြည့်၍ဆိုလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကု၊ ခင်ဗျား လောင်းကစားဝိုင်းထောင်ဖို့ စဥ်းစားနေတာလား။ အရင်ဆုံး ကျွန်တော်ရှင်းရှင်းပြောထားမယ်နော်။ ကျွန်တော့်မှာ တကယ်ဘာအမြင်မှ မရှိဘူး၊ ခုနကဟာတွေကလည်း ရမ်းသန်းပြောလိုက်တာ။”
ဂိုဏ်းချုပ်ကုမှာ စုယွမ်၏တွေးခေါ်ပုံကြောင့် ခြေချော်မိတော့မတတ်ပင်။
သူ့မှာ တစ်ခိုက်တန့်လောက်အထိ စွံ့အမိသွား၏၊ ထို့နောက် မျက်လုံးသာလှန်လိုက်ပြီး စုယွမ်၏ပုခုံးကိုပုတ်လိုက်သည်။
“ဟားဟား၊ ဂိုဏ်းတူညီလေးက အမြင်စူးရှသားပဲ။ မင်း ငါ့ရဲ့အစီအစဥ်တွေကို ဖောက်မြင်နေမယ်လို့ထင်မထားဘူး။”
စုယွမ်ကတော့ ဒါမျို့အတွေ့အကြုံရှိပြီးသားပါဟူသော အကြည့်ဖြင့်သာ ပြန်ကြည့်၍ ဆိုလိုက်သည်။
“ကျွန်တော်သိသားပဲ။ ဘယ်လိုလုပ် အတွင်းဆောင်တပည့်တွေရဲ့ပွဲက လောင်းကစားမရှိဘဲနေမှာလဲ။ ဒီလိုကိစ္စမျိုးဆိုတာ မလွယ်ဘူး၊ ဂိုဏ်းတူအစ်ကို သတိထားမှာဖြစ်မယ်။ ဒီလိုကိစ္စကို ဂိုဏ်းအကြီးအကဲတွေ စောင့်ကြည့်နေမှာပဲလေ။”
ဂိုဏ်းချုပ်ကုမှာ တစ်ခဏလေးတွေးပြီးမှ ပြန်ပြောလာသည်။
“ငါတော့ ဂိုဏ်းစည်းမျဉ်းတွေထဲမှာ အဲ့ဒီလိုမျိုးဟာတွေမတွေ့ပါဘူး။”
စုယွမ် အံ့ဩသွားရသည်။
“မရှိတာလား။”
ဂိုဏ်းချုပ်ကုလည်း ခေါင်းခါပြလိုက်ပြီး ဆိုသည်။
“မရှိဘူး။”
“ဂိုဏ်းရဲ့အကြီးအကဲတွေက ဒီလောက်ပေါ့ဆကြတာလား။ ဟင်း၊ ဂိုဏ်းရဲ့အနာဂတ်ကတော့ စိုးရိမ်စရာပဲ။”
စုယွမ်မှာ အံ့သြသွားပြီး ပြောမိရ၏။
စုယွမ်တစ်ယောက် အကြီးအကဲတွေကို ဝေဖန်လေကန်နေတာကို ကြည့်ရင်း ဂိုဏ်းချုပ်ကုမှာတော့ အူတက်နေလေသည်။
“ဟုတ်ပါပြီ။ ငါနဲ့လိုက်ခဲ့ပါလား။ ငါမင်းနဲ့နည်းနည်းလောက် ဆွေးနွေးချင်လို့။”
“ကောင်းပြီလေ။ ကျွန်တော် နည်းနည်းလောက်တော့မှန်းကြည့်ပေးမယ်။ကျန်တာတော့ အာမမခံနိုင်ဘူးနော်။”
“ရတယ်၊ ကိစ္စမရှိဘူး။”
မကြာမီ သူတို့နှစ်ဦး စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားကြပြီး အစားအစာတွေမှာလိုက်သည်။
ထို့နောင်တွင်တော့ ဂိုဏ်းချုပ်ကုမှာ စုယွမ်၏လေမုန်တိုင်းအလျင်ဖြင့် စားသောက်နေပုံကြည့်ပြီး ကြောင်အနေရလေသည်၊ စုယွမ်ကြောင့် မျက်စိတစ်မှိတ်စာအချိန်အတွင်း စားပွဲတစ်ခုလုံးအပြောင်ရှင်းသွားလေသည်။ ဤသို့ဖြင့် စားပွဲပေါ်ရှိစားစရာအကုန်မှာ စုယွမ်၏ဝမ်းထဲသို့ အချိန်တစ်ခဏလေးအတွင်း ရောက်ရှိသွားတော့၏။
စုယွမ်က ရှက်ရွံ့ဟန်ဖြင့် ဆိုလာသည်။
“ဒါ ....ကျွန်တော် ဒီတစ်လလုံး လွတ်လွတ်လပ်လပ်မစားရသေးလို့လေ။ ရိုင်းပြမိသွားတာ တောင်းပန်ပါတယ်။”
ဂိုဏ်းချုပ်ကုက လက်ဝေ့ယမ်းပြလာသည်။သူ စုယွမ်၏အစာအိမ်ကို ကြည့်ပြီး ပြော၏။
“မင်းရဲ့အစာအိမ်က နည်းနည်းလောက်ထူးခြားတယ်နော်။”
စုယွမ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ပုံမှန်ပါပဲ၊ ကျွန်တော်က အစားကြီးတယ်လေ။”
ဂိုဏ်းချုပ်ကုလည်း ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ မေးလိုက်သည်။
“ခဏကပြောတဲ့ လောင်းကစားဝိုင်းလေ၊ အမြတ်ရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲ။ မင်းလေသံအရ တော်တော်လေးအတွေ့အကြုံရှိတဲ့ပုံပဲ၊ဟုတ်တယ်မလား။”
“အတွေ့အကြုံရှိတယ်လို့မပြောရဲပါဘူးဗျာ။ ကျွန်တော့်အမြင်မှာတော့ လောင်းကစားလုပ်တယ်ဆိုတာ ကိုယ့်မှာရှိတဲ့သတင်းအချက်အလက်အပေါ်ပဲ မူတည်တာ။ ပြိုင်ပွဲဝင်တွေအကြောင်းပိုသိလေလေ၊ အနိုင်ရဖို့လွယ်လေလေပဲ။”
စုယွမ်က ဆက်ပြောလာသည်။
“ဒါ့အပြင်၊ အခြားသူတွေကို လူမှားလောင်းအောင်လည်းလုပ်ရမယ်။ ကိုယ်က သတင်းစုနေရင်း တကယ့်အရေးကြီးသတင်းတွေကိုတော့ ဖုံးထားရမယ်။အဲ့ဒီလိုဆိုရင် တကယ်သာ ကိုယ်မှန်းတာမှန်ရင် အမြတ်ပိုများတာပေါ့။”
“ကိစ္စတွေကိုဖုံးထားတာက လိမ်ပြောတာနဲ့မတူဘူး။ သူများတွေရှုံးသွားရင်တောင် စောဒကတက်မှာမဟုတ်ဘူး။ ဒီလိုစီးပွားရေးဆိုတာ အကျိုးအမြတ်ရဖို့အရမ်းများတယ်။ ဒါပေမဲ့ အဆက်အသွယ်အများကြီးလည်းလိုတာပေါ့။ ခင်ဗျားမှာသာ အဆက်အသွယ်ကြီးကြီးမားမားမရှိရင် မလုပ်ဖို့ပြောချင်တယ်။”
သူ ဂိုဏ်းတူအစ်ကိုကုကို ကြင်နာစွာ သတိပေးလိုက်သည်။
ဂိုဏ်းချုပ်ကုလည်း နားလည်ကြောင်း ခေါင်းညိတ်ပြလာ၏။
“ဒီလိုနည်းနဲ့ ဝိညာဉ်ကျောက်တုံးဘယ်လောက်လောက် မြတ်နိုင်မယ်ထင်လဲ။”
“ဝိညာဉ်ကျောက်တုံးတစ်သန်းလောက်ပေါ့။”
စုယွမ် တည်တည်ငြိမ်ငြိမ်သာ ဆိုလာသည်။
ဂိုဏ်းချုပ်ကု၏ မျက်လုံးများမှာ အရောင်တောက်သွား၏။ သူ မေးလိုက်သည်။
“ဘယ်လိုလုပ်အဲ့ဒီလောက်များနိုင်မှာလဲ။ ဝိညာဉ်ကျောက်တုံးတစ်သန်းဆိုတာ နည်းတဲ့ငွေလား။”
“ကျွန်တော်ကတော့ အဲ့ဒီလောက်ပဲလို့ ထင်တယ်။ ကျွန်တော်တို့ဂိုဏ်းမှာ တပည့်သိန်းချီရှိတယ်။ အများစုက အစေခံတပည့်ဆိုပေမဲ့လည်း သူတို့ဆီမှာ စုထားတဲ့ ဝိညာဉ်ကျောက်တုံးနည်းနည်းလောက်ရှိမှာပဲ။ နောက်ပြီး ဝိညာဉ်ကျောက်တုံးအနည်းဆုံး ရာချီထောင်ချီလောက်ပိုင်မဲ့ အပြင်ဆောင်တပည့်တွေလာမယ်လေ။”
“အတွင်းဆောင်ကလူတွေဆို ပိုချမ်းသာသေး၊ ဝိညာဉ်ကျောက်တုံးထောင်ချီကနေ သောင်းချီလောက်အထိရနိုင်တယ်။ အကြမ်းဖျင်း တစ်ယောက် ကျောက်တုံးတစ်ရာသတ်မှတ်ရင်တောင် တော်တော်များနေပြီ။ ကျွန်တော်တို့သာ တစ်ဝက်လောက်နိုင်ခဲ့ရင် အဲ့ဒီလောက်ကတော့ရနိုင်တယ်မဟုတ်ဘူးလား။”
စုယွမ် ရယ်လိုက်သည်။
“ကျွန်တော်ပြောတောတွေက အလကားစတာပါဗျာ။ တကယ်သာ အဲ့ဒီလောက်တွေဖြစ်ကုန်ရင် ဂိုဏ်းအကြီးအကဲတွေပါ ဝင်ပါပြီး အကုန်သိမ်းသွားလောက်တယ်။ နောက်ပြီး ကျွန်တော်တို့တောင် အပြစ်ပေးခံလောက်တယ်။အဲ့ဒီတော့ အကျယ်အကျယ်ဖြစ်အောင်မလုပ်တာအကောင်းဆုံးပါပဲ။”
ဂိုဏ်းချုပ်ကု မေးလိုက်သည်။
“မင်းရော ဝင်လောင်းဖို့စိတ်ဝင်စားလား။”
စုယွမ်မှာ အံ့သြတကြီး သူ့ကိုယ်သူပြန်ညွှန်ပြလိုက်သည်။
“ကျွန်တော်လား။ ဂိုဏ်းတူအစ်ကို ကျွန်တော့်ကို အဲ့ဒီလောက်တောင်ယုံတာလား။”
“ငါတော့ မင်းမှာ အရည်အချင်းရှိတယ်ထင်လို့လေ။”
ဂိုဏ်းချုပ်ကုက ထပ်ပြောလိုက်သည်။
စုယွမ်မှာ ချက်ချင်း ငြင်းဆန်လာ၏။
“ကျွန်တော်မလုပ်ချင်ပါဘူး။ ကျွန်တော်က လူအာရုံစိုက်ခံရတာမကြိုက်ဘူး၊ အာရုံစိုက်ခံရရင် ပြဿနာများတယ်။”
“တစ်ဆယ်ရာခိုင်နှုန်း။”
ဂိုဏ်းချုပ်ကု ပြောလိုက်သည်။