အခန်း ၅၅
Vol. 6 Ch. 55
Chapter 55
မျက်စိတစ်မှိတ်အတွင်းတွင်ပင် ကောင်းကင်ယံမှာ တဖန် မိုးသောက်စပြုလာသည်။
သူဟာ တညလုံးကျင့်ကြံနေခဲ့တာ ဖြစ်သည်။ တစ်သောင်းသောဝိညာဥ်ကျောက်တုံးတို့ကို တစ်ခါတည်းသုံး၍ ဖိအားပေးကာ ဆန်းကြယ်ပကတိချီစွမ်းအင်အမျှင်တစ်သိန်းလောက်ကို ထုတ်ယူနေခဲ့သည်။
ဤစုပ်ယူနိုင်စွမ်းမှာ သာမန်ကျင့်ကြံသူများအတွက်တော့ စိတ်ကူးမယဥ်နိုင်ဖွယ်ရာပင်။ သာမန်ချီစုဆောင်းခြင်းအဆင့်ခြောက်ရှိကျင့်ကြံသူတစ်ဦးမှာ ဝိညာဉ်ကျောက်တုံးဆယ်ခုကို တစ်ညထဲတွင် စုပ်ယူနိုင်ခဲ့ပါက ဤသည်မှာ ပါရမီရှင်ဟုပြော၍ရသည်၊ သို့သော် စုယွမ်ကတော့ သိန်းချီကို တစ်ညတည်းတွင်စုပ်ယူနိုင်ခဲ့ရာ သူ၏ခံနိုင်ရည်က အဆပေါင်းများစွာ တိုးမြင့်နေခြင်းဖြစ်ပေသည်။
ထို့နောက်တွင်တော့ စုယွမ်က ရရှိလာသော ဆန်းကြယ်ပကတိစွမ်းအင်တို့ကို သုံးကာ ချီစုဆောင်းခြင်းအဆင့်ခြောက်ရောက်ရန် ကျန်ရှိနေသောနောက်ဆုံးဝိညာဉ်သွေးကြောကို ဖွင့်လိုက်တော့၏။ သူ ရရှိလာသောအနှီသွေးကြောကို ကျန်ရှိသောသွေးကြောရှစ်ခုနှင့်ပေါင်း၍ ကိုးခုစုံသွေးကြောစက်ဝန်းကြီး တည်ဆောက်လိုက်သည်။ ဤသို့ဖြင့် သူ၏ဆန်းကြယ်ပကတိစွမ်းအင်ပြန်လည်ပြည့်တင်းနှုန်းမှာ များစွာ တိုးမြင့်သွားတော့၏။
စုယွမ်လည်း သူ၏အရှိန်အဝါကို ပြန်ထိန်းလိုက်ပြီး ပုံမှန်သွင်ပြင်ပေါက်အောင် ပြန်လုပ်လိုက်သည်။
သူ အပျင်းကြောဆန့်လျက် အခန်းပြင်ထွက်လာလိုက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူ ရေကန်ငါးများမှာ ကြယ်ရောင်တို့ဖြာထွက်နေကာ အလွန်လှပနေကြောင်းကို တွေ့လိုက်ရ၏။
“ဟမ်း၊ မင်းတို့က ငါ့ရဲ့ကြယ်အလင်းကြောင့် တကယ်ဝိညာဉ်ငါးတွေဖြစ်လာကြတာပေါ့။”
စုယွမ်မှာ အံ့သြသွားရသည်။
ထိုကူးခတ်နေသောငါးတစ်သိုက်မှာ ယခင်အချိန်များက ဝိညာဉ်ငါးအဖြစ်သို့ကူးပြောင်းမည့်ဟန်မပြပေ။ သို့သော် ယနေ့ သူ၏ခုနစ်စဥ်ကြယ်အလင်းကြောင့် ၎င်းတို့က အတားအဆီးများကို ချိုးဖောက်နိုင်သွားချေပြီ၊ တကယ်ကို ကံကောင်းသွားတာပင်။
ရှောင်ချိုက်က ရေထဲထွက်၍ လေထဲပျံတက်လာသည်။ ၎င်းအပေါ်တွင်မူ ကြယ်ရောင်အလင်းမရှိဘဲ ပုံမှန်အတိုင်းသုံးရောင်ခြယ်ရောင်စဥ်ရှိနေလေ၏။
ရှောင်ချိုက်သည်ကား လေထဲတွင်ပျံဝဲနေလျက် သုံးခြယ်ငါးအမြီးများမှာ ကြည့်ရတာ အလွန်လှပေနေတော့သည်။
“အင်း၊ မင်းလည်း တစ်ခုခုအဆင့်တက်သွားတာလား။”
စုယွမ် အံ့သြသွားသည်။
ရှောင်ချိုက်က ရေမျက်နှာအထက် ပြန်ဆင်းသွားကာ စုယွမ်ကို မျက်လုံးအဝိုင်းစားများဖြင့်ကြည့်ကာ ပါးစပ်မှ ပူဖောင်းများမှုတ်ထုတ်နေလျက် ဝိညာဉ်ကျောက်တုံးစားချင်ဟန် ပြနေသည်။
စုယွမ်၏နှုတ်ခမ်းထောင့်မှာတစ်ချက်တွန့်သွား၏။
“ကောင်းတယ်၊ ငါလည်း တော်တော်အဆင့်တက်သွားတယ်။”
သူလည်း ဝိညာဉ်ကျောက်တုံးနှစ်ဆယ်ကိုထုတ်ပေးလိုက်ပြီး သက်ပြင်းချလိုက်၏။
“ငါ မင်းကို ဆက်မကျွေးနိုင်လောက်တော့ဘူးထင်တယ်ကွာ။”
အဓိကအချက်မှာ သူကျင့်ကြံစဥ်တုန်းက ဝိညာဉ်ကျောက်တုံးများကို အလွန်အကြူးအသုံးပြုမိသွားသောကြောင့် ဝိညာဉ်ကျောက်တုံးတစ်သောင်းလောက်မှာ ဤအတိုင်းသာ ပျောက်ကွယ်သွားရသည်ပင်။
သူ ယခုတော့ဖြင့် ထိုလောင်းကစားဝိုင်းတွင် တကယ်ဝင်ပါရန် ဆုံးဖြတ်လိုက်ရချေပြီ။
စားသောက်ဆိုင်တွင် စုယွမ် ဂိုဏ်းတူအစ်ကိုကုကို ထပ်မံတွေ့လိုက်ရသည်။ ထိုသူမှာ ယမန်နေ့ကအတိုင်း ချောမောခန့်ညားကာ တည်ငြိမ်ဟန်ရှိနေဆဲ။ စုယွမ်ကတော့ အနှီသူက အသက်သုံးဆယ်လောက်ရှိလောက်ပြီဟု ထင်မိပေသည်။
ဂိုဏ်းချုပ်ကုက စာရွက်လိပ်တစ်ထပ်ကို စုယွမ်ကို ပေးလိုက်သည်။
“တစ်ချက်ကြည့်လိုက်၊ ဒါတွေအကုန် အတွင်းဆောင်တပည့်တွေရဲ့အချက်အလက်တွေပဲ။”
ဂိုဏ်းချုပ်ကုက တည်ငြိမ်စွာဆိုလာသည်။
သူ စုယွမ်ထံမှ ချီစုဆောင်းခြင်းအဆင့်ခြောက်၏အရှိန်အဝါကိုခံစားမိလိုက်သောကြောင့် အံ့သြတကြီး စိုက်ကြည့်လိုက်မိ၏။ သူဟာ ကျင့်ကြံဆင့်ကြောင့်အံ့သြရခြင်းမဟုတ်ပါပေ၊ ချီစုဆောင်းခြင်းအဆင့်ခြောက်ဆိုသည်မှာ ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်များနှင့်ယှဥ်ပါက ပမွှားမျှသာသေးသည်ပင်၊ သို့လင့်ကစား အမှန်တကယ်အံ့သြဖွယ်ကောင်းသည်မှာ စုယွမ်၏ကျင့်ကြံနှုန်းသာဖြစ်၏။
ဤသည်မှာ စုယွမ်က တစ်ညတည်းနှင့် ဝိညာဉ်သွေးကြော၁၈ခုကျော်ကို တည်ဆောက်နိုင်ခဲ့သည်ဟု အဓိပ္ပါယ်ရနေရာ သူ၏ဝိညာဉ်စွမ်းအင်နှင့်ကျင့်စဥ်များအပေါ်ကျွမ်းကျင်နားလည်မှုက မိုးထိမြင့်သောအဆင့်တစ်နေရာရောက်နေလောက်ချေပြီ။
ဤကလေးမှာ တော်တော်လေး မရိုးရှင်းပါချေ။
စုယွမ်လည်း သူ့လက်ထဲရှိ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။
【နံပါတ်တစ်၊ ဝေ့ဝမ်၊ သာလွန်တောင်ထိပ်၏အတွင်းတပည့်တစ်ဦးဖြစ်ပြီး ဂိုဏ်းသို့ဝင်ရောက်သည်မှာ ကိုးနှစ်ရှိချေပြီ။ ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်ဖြစ်၍ ကျင့်ကြံဆင့်မှာ ချီစုဆောင်းခြင်းအဆင့်ကိုးရှိပြီဖြစ်ပြီး ထိပ်တန်းမြေကမ္ဘာအဆင့်ကျင့်စဥ်ဖြစ်သော မြေပထဝီဝင်တုန်းဟီးကျင့်စဥ်ကိုပိုင်ဆိုင်ထား၏။ အလတ်တန်းသာလွန်အဆင့်ရှိမန္တန်သုံးခုကို ကျွမ်းကျင်၍ ကျင့်ကြံဆင့်တူသော ကျင့်ကြံသူ၆၇ယောက်၊ ဒုတိယအဆင့်ရှိယောင်မိစ္ဆာအပါအဝင် စုစုပေါင်းယောင်မိစ္ဆာ၃၇၈ကောင်ကို သတ်ဖြတ်နိုင်ထား၏...】
【နံပါတ်နှစ်၊ ယန်မုန့်ထင်။ နတ်ဘုရားအာရုံတောင်ထိပ်၏အတွင်းတပည့်ဖြစ်ပြီး ဂိုဏ်းတွင်းသို့ လွန်ခဲ့သောရှစ်နှစ်က ဝင်ရောက်ခဲ့သည်။ ထိပ်တန်းအဆင့်သုံးခုတွဲဝိညာဥ်ရင်းမြစ်ပိုင်ရှင်ဖြစ်ပြီး ချီစုဆောင်းခြင်းအဆင့်ကိုးရှိကာ ထိပ်တန်းမြေကမ္ဘာအဆင့်ကျင့်စဥ်ကို ကျင့်ကြံ၏။ ကျင့်ကြံဆင့်တူသော ကျင့်ကြံသူ ၅၃ယောက်ကို သတ်ဖြတ်ထားပြီး...】
【နံပါတ်သုံး၊ စွင်းဟုန်။ဆေးဝါးဆိုင်ရာတောင်ထိပ်၏အတွင်းတပည့်ဖြစ်သည်။ ဂိုဏ်းတွင်းသို့ လွန်ခဲ့သောခုနစ်နှစ်ကဝင်ရောက်၍ ချီစုဆောင်းခြင်းအဆင့်ကိုးရှိကာ ထိပ်တန်းနှစ်ခုတွဲဝိညာဥ်ရင်းမြစ်ပိုင်ရှင်ဖြစ်သည် ...】
စုယွမ်မှာ အချက်အလက်များကိုကြည့်ရင်း အသက်ရှုအောင့်မိသွား၏။
အချက်အလက်များအသေးစိတ်ကျလွန်းပုံမှာ စုယွမ်ကိုထိတ်လန့်သွားစေလေသည်။ ဒါ့အပြင် ဤဝေ့ဝမ်ဟုအမည်ရသောသူမှာ လူသတ်စက်များအလား ကြောက်မက်ဖွယ်ပင်။ ဤလူမှာ ကိုးနှစ်တာအတွင်း ယောင်မိစ္ဆာများစွာကို သုတ်သင်ခဲ့၏။ ဤကဲ့သို့သောလူများမှာ အပြင်ထွက်တိုင်း သူ့အားသတ်ချင်နေသောရန်သူများ ဝိုင်းရံနေလိမ့်ပေမည်။
စုယွမ်လည်း အချက်အလက်များကိုဆက်ဖတ်၍တွေ့လိုက်ရသည်မှာ လူတိုင်းလိုလိုက ပါရမီရှင်များဖြစ်နေကြောင်းကိုပင်။
ချီစုဆောင်းခြင်းအဆင့်ကိုးကိုရောက်နေသောပါရမီရှင်မှာ ငါးဦးတောင်ရှိပေ၏။
စုယွမ် ဆက်လှန်ရင်း နောက်ဆုံးတွင် ယဲ့ပိဖန်၏အချက်အလက်ကိုတွေ့လိုက်ရသည်။
【နံပါတ်၃၃၊ ယဲ့ပိဖန်။ ဆေးဝါးဆိုင်ရာတောင်ထိပ်၏အတွင်းဖြစ်ပြီး လွန်ခဲ့သောတစ်နှစ်နှင့်လေးလက ဂိုဏ်းတွင်း ဝင်ရောက်လာခဲ့သည်။ ထိပ်တန်းအဆင့်နှစ်ခုတွဲဝိညာဥ်ရင်းမြစ်ပိုင်ရှင်ဖြစ်ပြီး ချီစုဆောင်းခြင်းအဆင့်ခြောက်ရှိ၏။ မြေကမ္ဘာအဆင့်ထိပ်တန်းကျင့်စဥ်ဖြစ်သော မီးမြေပြင် ကျင့်စဥ်ကိုကျင့်ပြီး အနိမ့်တန်းသာလွန်အဆင့်မန္တန်နှစ်ခု၊ ထိပ်တန်းအဝါရောင်အဆင့်မန္တန်သုံးခုကိုပိုင်ဆိုင်၏။ ကျင့်ကြံဆင့်တူ၇ဦး၊ ယောင်မိစ္ဆာ၃၂ကောင်၊ ကျင့်ကြံဆင့်မြင့်ကျင့်ကြံသူ၁ဦးကို သတ်ဖြတ်ခဲ့သည်။】
“ဒါလေးပဲလား။”
စုယွမ် နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်မိသည်။
ယဲ့ပိဖန်မှာ သူ့ကိုယ်သူ ထိပ်တန်းသုံးဆင့်အတွင်း ဝင်မည်ဟုပြောထားသော်ငြား ယခုတွင်တော့ အနှီသူမှာ ထိပ်တန်းဆယ်ယောက်ထဲတောင်မဝင်ပါချေ။
ဤကလေးမှာ နုလွန်းသေးသည်ပင်။
စုယွမ် တိတ်တဆိတ် ဂိုဏ်းတူအစ်ကိုကုကို လှမ်းအကဲခတ်လိုက်သည်။ အနှီသူမှာ ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေဆဲသာဖြစ်ပြီး သူကတော့ ထိုလူမှာ ထိုမျှမရိုးရှင်းကြောင်း ခံစားလိုက်ရ၏။
ဤမျှလောက်အသေးစိတ်ကျသောအချက်အလက်များမှာ ဂိုဏ်းတူအစ်ကိုကု၏ကျယ်ပြန့်လှသောအဆက်အသွယ်ကို သက်သေပြုနေသည်။ ထိုကဲ့သို့အချက်အလက်များရသည်မှာ သူ့တွင် တောင်ထိပ်တိုင်း၌ရုံးစောင့်တပည့်အဆက်အသွယ်များရှိနေတာဖြစ်ရချေမည်။
“ဘယ်လိုလဲ။ မင်းဆန္ဒရှိပြီလား။”
ဂိုဏ်းချုပ်ကုက တည်ငြိမ်စွာ မေးလာသည်။
“ကျွန်တော်ကြိုးစားတော့ကြည့်မယ်လေ။ ဒါပေမဲ့ ခင်ဗျားက လူအင်အားဘာညာ အပြည့်အဝသုံးပေးရမယ်။”
စုယွမ်ပြောလိုက်၏။
“ကိစ္စမရှိဘူး။”
ဂိုဏ်းချုပ်ကုက အေးအေးဆေးဆေးသာ လက်ခံလာ၏။
“ကောင်းပြီလေ။ အဲ့ဒါဆိုရင်လည်း ဒီအချက်တွေကိုအခြေခံပြီး ဖြစ်နိုင်တဲ့လောင်းပွဲကို အကြမ်းဖျင်းဆွေးနွေးကြတာပေါ့။”
စုယွမ်လည်း ချက်ချင်းစိတ်နှစ်လိုက်ကာ အချက်အလက်များကို စတင်စီစဥ်လိုက်သည်။
ဂိုဏ်းချုပ်ကုကတော့ စုယွမ်စီစဥ်နေတာကို စိတ်ဝင်တစားသာစောင့်ကြည့်နေလျက် သူ့မှာ ပို၍ကြည့်လေလေ၊ သူ၏စုယွမ်အပေါ်အကြည့်မှာ ပို၍ထူးဆန်းလာရလေပင်။
“ဒီကိစ္စပြီးသွားရင် ဒါနဲ့ပတ်သက်တဲ့ဂိုဏ်းစည်းမျဉ်းအသစ်တစ်ခုတော့ ထုတ်မှရတော့မယ်။ ဒီငတိရှိနေသရွေ့ ဒီလိုကိစ္စတွေ အနာဂတ်မှာ ထပ်ဖြစ်စေလို့မရဘူးပဲ။”
ဂိုဏ်းချုပ်ကုမှာ တစ်ကိုယ်တည်းတွေးနေမိလေတော့သည်။