အခန်း ၅၆
Vol. 6 Ch. 56
Chapter 56: အုတ်သောင်းအုတ်နင်းဖြစ်လာသောလောင်းကစားပွဲ။
နောက်တစ်နေ့၊ သာလွန်တောင်ထိပ်ရှိ သာယာကျယ်ဝန်းသောခြံဝန်းတစ်ခု၌ ဝေ့ဝမ်မှာ တည်ငြိမ်အေးဆေးစွာဖြင့် လက်ဖက်ရည်သောက်ကာ နားနေနေသည်။
ထို့နောက် ပြင်းထန်သောသတ်ဖြတ်လိုစိတ်မှာ အနားနီးရှိရေကန်အတွင်း ကျရောက်သွားပြီး ရလဒ်အနေဖြင့် ရေကန်မှာ ချင်းချင်းနီသွားလေသည်။ ရေကန်ထဲတွင် ကူးခတ်နေသော သွေးဆာနေသည့်သတ္တဝါလေးကတော့ ၎င်းသတ်ဖြတ်လိုစိတ်များကို ချက်ချင်းစုပ်ယူလိုက်တော့၏။
“ဂိုဏ်းတူအစ်ကို။”
အမျိုးသမီးတစ်ဦး၏အသံက ခြံဝန်းထဲပျံ့လွှင့်လာသည်။
ဝေ့ဝမ် ခေါင်းလှည့်ကြည့်လိုက်ရာ ခြံဝန်းတံခါးမှာ အလိုအလျောက် ပွင့်လှစ်သွား၏။ အနှီအမျိုးသမီးကလည်း အထဲသို့ဝင်လာသည်။
“ဘာကိစ္စရှိလို့လဲ။”
“ဂိုဏ်းတူအစ်ကိုဝေ့၊ ဒီတောင်ထိပ်လူတစ်ယောက်က လာမဲ့အတွင်းတပည့်ပြိုင်ပွဲအတွက် လောင်းကစားပွဲတစ်ခုထောင်လိုက်ပါတယ်။ ကျွန်မတော့ အဲ့ကိစ္စက မရိုးရှင်းလောက်ဘူးထင်လို့ အထူးတလည် လာတင်ပြရတာပါ။”
“ဟုတ်လား။ ဘယ်သူထောင်တာလဲ။”
ဝေ့ဝမ်တစ်ယောက် သိချင်သွားပြီး မေးလိုက်၏။
“စုယွမ်လိုခေါ်တဲ့အတွင်းတပည့်တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်မကတော့ သူက ဒီအတိုင်းဟန်ပြလွှတ်ထားတဲ့ရုပ်သေးရုပ်လို့ပဲထင်တယ်။ ဒီတောင်ထိပ်ထဲ လူလွှတ်ပြီးစုံစမ်းခိုင်းထားပေမဲ့ စုယွမ်ကို မသိကြဘူး။ ကျွန်မကိုယ်တိုင်တောင် သူ့ကိုလုံးဝမကြားဖူးပါဘူး။”
အမျိုးသမီးက ပြန်ဖြေလာသည်။
“အင်း၊ စိတ်တော့ဝင်စားစရာပဲ။ အဲ့ဒီမှာဘယ်လိုလောင်းကြေးတွေရှိလဲ။”
အမျိုးသမီးက ဝေ့ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလာ၏။
“လောင်းတာတွေကတော့အများကြီးပါပဲ။ တစ်ခုကတော့ ပထမနေရာအတွက်လောင်းတာပါ။ ပထမနေရာအတွက် လောလောဆယ်အကြိုရွေးထားတဲ့လူသုံးယောက်ရှိပါတယ်၊ ဂိုဏ်းတူအစ်ကိုရယ်၊ ယန်မုန့်ထင်ရယ်၊ စွင်းဟုန်ရယ်ပါ။ အစ်ကိုရဲ့ပေါက်ကြေးအဆက ၁ဆကနေ ၁.၃ဆ၊ ယန်မုန့်ထင်ကတော့ ၁ဆကနေ ၁.၂ဆ၊ နောက်ပြီး စွင်းဟုန်က ၁ဆကနေ ၁.၁ဆရှိပါတယ်။ အခြားကြိုက်နှစ်သက်ရာတပည့်တွေကိုလည်း ထပ်ဖြည့်ပြီးလောင်းနိုင်ပါတယ်တဲ့။”
ဝေ့ဝမ်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားသည်။
“စိတ်ဝင်စားစရာပဲ။ ဘာလို့ ငါ့ရဲ့အဆကဟိုနှစ်ယောက်ထက်ပိုမြင့်နေရတာလဲ။ ဘယ်အရူးကဒါကိုသတ်မှတ်တာလဲ။ သူသာ စိန်ခေါ်ရဲရင် ငါ့အတွက်သွားလောင်းပေး။ ဒီဝိညာဥ်ကျောက်တုံး၃၀၀၀၀ကိုယူပြီး အကုန်လောင်းလိုက်။”
အမျိုးသမီးမှာ တုံ့ဆိုင်းသွား၏။
“ဘာလဲ။”
ဝေ့ဝမ် မျက်မှောင်ကြုတ်သွားသည်။
“ကျွန်မ ကောလဟာလတစ်ခုကြားခဲ့ပါတယ်။ စွင်းဟုန်က ရွေအမြူတွေအဆင့်ဂူအောင်းလေ့ကျင့်နေတယ်ကြားပါတယ်။ အဲ့ဒီအတွက် သူ့ရဲ့လက်ရှိခွန်အားက မှန်းမရဖြစ်နေပါတယ်။”
“ရွှေအမြူတေအဆင့်လား။”
ဝေ့ဝမ် တုံ့ဆိုင်းသွားပြီး အတွေးနက်သွားရသည်။
“ငါတော့ သူဂူအောင်းတယ်လို့မကြားပါဘူး။ ဒါပေမဲ့ သူကိုယ်တိုင်က သူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပဲရှိသေးတယ်လို့ ဝန်ခံထားတာလေ။ ဂူအောင်းရင်တောင် ဘာလို့ ရွှေအမြူအဆင့်လဲ။”
“အဲ့ဒါဆိုရင် ယန်မုန့်ထင်ကရော။”
ဝေ့ဝမ် မေးလိုက်သည်။
“သူမကတော့ လေနတ်ဘုရားတောင်ကြားထဲဝင်သွားတယ်ကြားပါတယ်။ နောက်ပြီး အနိမ့်တန်းသာလွန်အဆင့်ဝိညာဥ်ကျင့်စဥ်ကို ကျင့်ကြံနေပါတယ်။ အခုဆိုရင် သူမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တစ်ဝက်လောက် ရှိသွားပါပြီ။”
“မင်း ဒါတွေကိုဘယ်လိုလုပ်သိလာတာလဲ။”
ဝေ့ဝမ် မေးလိုက်သည်။
“ကျွန်မ နတ်ဘုရားအာရုံတောင်ထိပ်ရဲ့အတွင်းတပည့်ဂိုဏ်းတူအစ်မတစ်ယောက်ဆီက ကြားလာတာပါ။ နောက်ပြီး ဒီသတင်းတွေက လောင်းပွဲကနေ ထွက်လာတာလို့ ပြောနေကြပါတယ်။”
အမျိုးသမီးက ပြောပြလာ၏။
ဝေ့ဝမ်လည်း နားထောင်ပြီး အတွေးနက်သွားသည်။
“ကျွန်မ သွားလောင်းလိုက်ရဦးမလား။”
“သွားလောင်းရမှာပေါ့။ ဘာလို့မလောင်းရမှာလဲ။ ဟမ်း၊ ဒါပေမဲ့ တစ်ဝက်လောက်ကိုပဲလောင်းတော့။”
ဝေ့ဝမ် ထပ်မေးလိုက်သည်။
“အခြားဘာလောင်းတာတွေရော ရှိသေးလဲ။”
“ထိပ်တန်းဆယ်ယောက်တို့၊ အယောက်နှစ်ဆယ်တို့အတွက် လောင်းတာတွေရှိပါသေးတယ်။ နောက်ပြီး အဓိကဖြစ်နေတဲ့လောင်းပွဲတစ်ခုလည်းရှိပါတယ်။”
အမျိုးသမီးမှာ ခေတ္တရပ်သွားပြီးမှ ဆက်ပြောလာသည်။
“ဘယ်တောင်ထိပ်ကလူတွေက ထိပ်တန်းဆယ်ယောက်ထဲအများဆုံးဝင်မလဲဆိုတာပါ။ ကိုယ်လောင်းတဲ့တောင်ထိပ်နိုင်ရင် ၁ဆကနေ ၃ဆထိပြန်ရပြီး ရှုံးသွားရင်တော့ သုံးပုံတစ်ပုံပဲပြန်ရမှာပါ။”
ဝေ့ဝမ်မှာ မျက်မှောင်ကြုတ်သွားရ၏။
“သူတို့က ဒီလိုတွေတောင်လုပ်နေကြတာလား။ နည်းနည်းလွန်သွားပြီမဟုတ်ဘူးလား။”
သာလွန်တောင်ထိပ်၏တပည့်တစ်ယောက်အနေဖြင့် သူက အတွင်းတပည့်ခေါင်းဆောင်ဖြစ်စေရန် ဝင်ပြိုင်ခြင်းဖြစ်သည်။ အကယ်၍ သူသာ လောင်းရပါက သူ၏တောင်ထိပ်ကိုသာ လောင်းမည်ပင်။ သို့လင့်ကစား ဤသာလွန်တောင်ထိပ်တွင် သူကိုယ်တိုင်မှလွဲ၍ အားကိုးရသည့်သူများများစားစားမရှိပါချေ။
“ထားလိုက်ပါတော့။ အဲ့ဒီတစ်ခုကို အခုလောလောဆယ်တော့ ထားလိုက်ဦး။”
ဝေ့ဝမ် ခေါင်းခါလိုက်သည်။
အမျိုးသမီးလည်း ခေါင်းညိတ်၍ထွက်သွားခဲ့သည်။
တစ်ခဏအကြာတွင် အနှီအမျိုးသမီးက လောင်းကြေးများခင်းကျင်းထားရာ တောင်ထိပ်ခုနစ်ခုစုဆုံရာနေရာထံ ရောက်ရှိလာ၏။
ထိုနေရာတွင် ယခင်ကဘာမှမရှိခဲ့သော်ငြား ယခုတွင်တော့ စင်မြင့်တစ်ခုရှိနေချေပြီ။ စင်မြင့်ပတ်လည် တပည့်များစွာရှိနေပြီး ကြိတ်ကြိတ်တိုးနေ၏။ စုယွမ်ကတော့ အလယ်တွင်ထိုင်နေပြီး နေရာတစ်ခုလုံးကို ကွပ်ကဲနေသည်။ စုစုပေါင်းလောင်းရန်ဆယ်နေရာရှိပြီး နေရာတစ်ခုချင်းစီတွင် တပည့်များစွာစုဝေးနေလျက်ရှိသည်။ သို့လင့်ကစား လောင်းကြေးသည်ကတော့ များစွာရှိမနေသေးပါပေ။
ဝေ့ဝမ်၏နောက်လိုက်ဖြစ်သူ အမျိုးသမီးမှာ တုံ့ဆိုင်းမနေဘဲ ပထမဆုံးလောင်းပွဲနေရာသို့သွား၍ လောင်းလိုသောလူကို ပြောလိုက်၏။
“ကျွန်မ ဝေ့ဝမ်ကို ပထမရမယ်လို့ ဝိညာဉ်ကျောက်တုံး ၁၅၀၀၀လောင်းမယ်။”
စုယွမ်လည်း ထိုစကားကိုကြားတော့ သူ့စိတ်ထဲ ချက်ချင်း အပျော်လွန်သွားရတော့သည်။ သူလည်း ထိုနေရာသို့လျှောက်လှမ်းသွားပြီး ပြုံး၍ဆိုလိုက်၏။
“ဂိုဏ်းတူအစ်မ၊ ပထမနေရာအတွက် ဝေ့ဝမ်ကိုလောင်းဖို့ ဝိညာဉ်ကျောက်တုံး၁၅၀၀၀သုံးမယ်ဆိုတာ သေချာပါရဲ့လား။”
“သေချာတယ်။”
အမျိုးသမီးက ခေါင်းညိတ်လာပြီး ချက်ချင်းကို ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ ထုတ်ပေးလာသည်။
ဤမြင်ကွင်းကိုကြည့်ရင်း ဘေးပတ်လည်ရှိတပည့်များ အံ့သြသွားရ၏။
“အဲ့ဒါဘယ်သူလဲ။ ဘာလို့အဲ့ဒီလောက်များတာကို လောင်းတာလဲ။”
“သူမက တကယ်ကြီး ဝေ့ဝမ်အပေါ်အဲ့ဒီလောက်အများကြီးလောင်းပစ်တာဟ။”
“အာ၊ ငါ သူမကိုသိတယ်။ သူမက ဂိုဏ်းတူအစ်ကိုဝေ့ရဲ့အစေခံတပည့်လေ။”
“အဲ့ဒါဆိုရင် ဒါက ဂိုဏ်းတူအစ်ကိုဝေ့ဝမ်က ကိုယ့်ကိုယ်ကိုလောင်းတာပေါ့။ မိုက်သားဟ။”
စုယွမ်လည်း စကားဝိုင်းကိုနားထောင်နေရင်း မျက်လုံးများ တောက်ပသွား၏။ သူလည်း မြန်မြန်ပြောလိုက်သည်။
“လတ်တလောမှာတော့ နတ်ဘုရားအာရုံတောင်ထိပ်က စုစုပေါင်းဝိညာဉ်၃၀၀၀၀နဲ့ လောင်းကြေးအများဆုံးမှာ ဗိုလ်စွဲနေပြီး သာလွန်တောင်ထိပ်ကတော့ ဝိညာဉ်ကျောက်တုံး၂၀၀၀ပဲရသေးပြီး အနည်းဆုံးပါပဲ။”
သူ့စကားများထွက်လာသည်နှင့် သာလွန်တောင်ထိပ်၏တပည့်များ အမူအရာမှာ ချက်ချင်းရုပ်ဆိုးသွားကြ၏။
“ဟေး၊ ဂိုဏ်းတူညီလေး။ မင်း ငါတို့သာလွန်တောင်ထိပ်ကို မယုံဘူးလား။ လက်ရှိမှာ လောင်းတာက ဝိညာဉ်ကျောက်တုံး၂၀၀၀လောက်ပဲရှိသေးတာ၊ ဒီအတိုင်းထားလိုက်တော့မလို့လား။”
လူအုပ်ထဲရှိ လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လာသည်။
“ငါ့သာလွန်တောင်ထိပ်အခြေအနေကတော်တော်ဆိုးနေပြီ။ ငါတော့ အခုလိုလောင်းတာနည်းနေတာထက် လောင်းကြေးရှုံးသွားတာပဲခံလိုက်မယ်။ ငါ့မှာ ဝိညာဉ်ကျောက်တုံး၂၀ပဲရှိတယ်။ ငါ အကုန်လုံးကို ထိပ်တန်းဆယ်ယောက်မှာ သာလွန်တောင်ထိပ်ကအများဆုံးရှိမယ်ဆိုပြီး လောင်းမယ်။”
သာလွန်တောင်ထိပ်မှ နောက်ထပ်အစေခံတပည့်တစ်ယောက်ကလည်း ချက်ချင်းလျှောက်ထွက်လာပြီး ဝိညာဉ်ကျောက်တုံး၁၀၀ကို ပစ်ချလာ၏။
စုယွမ်ကတော့ ထိုတစ်ယောက်ကို လုပ်တာကောင်းတယ်ဟူသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ ထိုလူကလည်း တည်ငြိမ်စွာသာ ခေါင်းညိတ်ပြ၍ ထို့နောက်တွင် မှန်ကန်ဖြောင့်မတ်ဟန်ဖြင့် ပြန်လှည့်သွားလေသည်။