← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

Chapter 57

“ဂိုဏ်းတူညီလေး၊ လုပ်တာကောင်းတယ်။”

“ငါတို့ငွေဆုံးရှုံးရင်တောင် ဂုဏ်သိက္ခာဆုံးရှုံးလို့မဖြစ်ဘူး။ ငါလည်း လောင်းမယ်ဟေ့။”

“ငါရောပဲ။”

“ဟင်း၊ ဂိုဏ်းတူအစ်ကိုဝေ့ဝမ်က သူ့ကိုယ်သူကျ အဲ့ဒီလောက်အများကြီးလောင်းပြီးတော့ သာလွန်တောင်ထိပ်ကိုကျ ဘာလို့ မလောင်းရတာလဲ။”

“မင်း အဲ့ဒီလိုကြီး ဂိုဏ်းတူအစ်ကိုဝေ့ဝမ်ကို အပြစ်တင်လို့မရဘူးလေ။ သူ့မှာက ဦးနှောက်ရှိလို့ပေါ့ဟ။ ဝိညာဉ်ကျောက်တုံးတွေက မိုးပေါ်ကကျလာတာမှမဟုတ်တာ။”

“ဒါပေမဲ့လည်း .... “

“ရှုး၊ ဟိုဂိုဏ်းတူအစ်မကြားသွားမယ်နော်။”

“ကြားပါစေကွာ။”

ဝေ့ဝမ်၏နောက်လိုက်ဖြစ်သူအမျိုးသမီးမှာ နှုတ်ခမ်းများမဲ့သွားရပြီး အမြန်ပြန်ထွက်ခွာ၍ တောင်ထိပ်ဆီပြန်သွားတော့သည်။ မကြာမီတွင် သူမ တောင်ထိပ်ဆီပြန်ရောက်လာပြီး ဝေ့ဝမ်ထံ ထိုကိစ္စကို တင်ပြလိုက်၏။

ဝေ့ဝမ်မှာ ပထမမျက်မှောင်ကြုတ်သွားသည်၊ ပြီးမှ ပြန်ပြေလျော့သွားပြီး ဆိုလာသည်။

“ငါသိပြီ။ ငါကိုယ်တိုင် သွားလိုက်မယ်။”

သူလည်း ဓါးပျံကို စီးသန်း၍ မကြာမီတွင် လောင်းကစားဝိုင်းဆီသို့ရောက်ရှိသွား၏။

သာလွန်တောင်ထိပ်၏တပည့်များမှာ ချက်ချင်း သူ့နားစုဝေးလာကြသည်။

“ဂိုဏ်းတူအစ်ကိုဝေ့။”

“ဂိုဏ်းတူအစ်ကိုဝေ့။”

ဝေ့ဝမ်လည်း အကုန်လုံးကို ခေါင်းညိတ်ပြလိုက်ပြီး သူ၏အေးစက်ချောမောသောမျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာ၏။

“ဂိုဏ်းတူညီလေး၊ ညီမလေးတို့၊ ငါ တောင်ထိပ်တွေအကြောင်းလောင်းကစားကိစ္စကို အခုမှသိတယ်။ ဒီကိစ္စက သေချာပေါက် သာလွန်တောင်ထိပ်ကိုလောင်းရမှာပေါ့။”

“ဂိုဏ်းတူအစ်ကိုဝေ့က မိုက်တယ်ဗျာ။”

“ဂိုဏ်းတူအစ်ကိုဝေ့ကတော့ တကယ်ပဲ။”

သူ စုယွမ်ဆီကိုလျှောက်လာ၏၊ စုယွမ်ကို စေ့စေ့ကြည့်လိုက်ပြီးမှ သိုလှောင်အိတ်ကိုကမ်းလာသည်။

“ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ပါတယ်၊ သာလွန်တောင်ထိပ်ကို လောင်းမယ်။”

စုယွမ်၏မျက်ဝန်းများ ချက်ချင်းတောက်ပသွား၏။ သူ ချက်ချင်း စာရင်းရေးလိုက်ပြီး ပြေစာကို ဝေ့ဝမ်ထံ ပေးလိုက်သည်။ ထို့နောက် သူ အော်ဟစ်ကြေညာလိုက်ပါ၏။

“သာလွန်တောင်ထိပ်က စုစုပေါင်း ဝိညာဉ်ကျောက်တုံး၃၀၀၀၀နဲ့ တတိယနေရာရသွားပါပြီ။ အခု နောက်ဆုံးကတော့ ဝိညာဉ်ကျောက်တုံး၉၀၀၀နဲ့ နတ်ဘုရားအာရုံတောင်ထိပ်ပါ။”

ထိုအကြောင်းကို တပည့်အချင်းပြောဆိုကြလျက် နောက်ဆုံးတွင် သတင်းမှာ နတ်ဘုရားအာရုံတောင်ထိပ်ဆီရောက်သွားတော့လေသည်။ မကြာမီတွင် ယန်မုန့်ထင်ကလည်း ဓါးပျံဖြင့်ရောက်ချလာ၏။ သူမက မျက်မှောင်ကြုတ်လျက် လောင်းကစားပွဲကိုရော စုဝေးနေကြသောတပည့်များကိုပါ ကြည့်လိုက်သည်။ ထိုအချိန်တွင်ပင် သူမဟာ နောက်ပြန်လှည့်လို့မရတော့မှန်း သိသွားရ၏။

သူမ စုယွမ်ကို စိုက်ကြည့်ကာ မြေပေါ်ဆင်းလာသည်။ ထို့နောက် သိုလှောင်အိတ်ကို ချက်ချင်းထုတ်ပေးလာ၏။

“နတ်ဘုရားအာရုံတောင်ထိပ်ကိုလောင်းမယ်။ ဝိညာဉ်ကျောက်တုံး ၃၀၀၀၀။”

“ကောင်းပါပြီ။”

စုယွမ်လည်း ကျောက်တုံးများကိုမြန်မြန်ရေလိုက်ပြီး ပြန်၍ကြေညာလိုက်ပေသည်။

“နတ်ဘုရားအာရုံတောင်ထိပ်က စုစုပေါင်းဝိညာဉ်ကျောက်တုံး ၄၀၀၀၀နဲ့ ပထမနေရာရသွားပါပြီ။ အခုဆိုရင် ဆေးဝါးဆိုင်ရာတောင်ထိပ်က ဝိညာဉ်ကျောက်တုံး ၁၂၀၀၀နဲ့ နောက်ဆုံးနေရာရနေပါပြီ။”

အံ့သြသံဟိုတစ်စဒီတစ်စမှာ လူအုပ်ထဲမှထွက်ပေါ်လာတော့၏။

“ဆေးဝါးဆိုင်ရာတောင်ထိပ်တဲ့လား။ ဆေးပညာရှင်တွေဆိုတာ အချမ်းသာဆုံးမဟုတ်ဘူးလား။”

“မဟုတ်လောက်ဘူးဟ။ ငါကြားဖူးတာ သူတို့က ဝိညာဉ်ကျောက်တုံးအများကြီးရပေမဲ့ အများကြီးလည်းကုန်တာတဲ့။ ဝိညာဉ်ဆေးပင်၊ ဝိညာဉ်ပစ္စည်း၊ ဝိညာဉ်မီးဘာညာအတွက် အများကြီးကုန်တာ။ ဆေးပညာရှင်တွေက တကယ်တော့ဆင်းရဲတာဟ။”

“မဖြစ်နိုင်တာ။”

ဆွေးနွေးမှုအလယ်တွင် ဆေးဝါးဆိုင်ရာတောင်ထိပ်၏တပည့်များ နားမထောင်နိုင်တော့ဘဲ ရှေ့ထွက်လာပြီး ဝိညာဉ်ကျောက်တုံးများထုတ်လာတော့သည်။ ဤသို့ဖြင့် ဆေးဝါးဆိုင်ရာတောင်ထိပ်က ပြန်၍အပေါ်ကိုတက်သွား၏။

စုယွမ် ထပ်မံ၍ ရလဒ်များကို ကြေညာနေပြန်သည်။ ဤသို့ဖြင့် ထိုနေရာရှိတပည့်များ စုယွမ်ကိုကြည့်သောအကြည့်မှာ တဖြည်းဖြည်းထူးဆန်းလာတော့သည်။

ဤလူမှာ လောကကြီးတည်ငြိမ်နေမည်များ ကြောက်ရွံ့နေသလား။

သူတို့မှာ ဒီလူက မီးလောင်ရာလေပင့်နေတာကိုသိသော်ငြား လောင်းနေမိဆဲပင်။ ဤသည်မှာ ပထမဆုံးအကြိမ် တောင်အချင်းချင်းပြိုင်ဆိုင်ခြင်းမျိုးရှိသည်ဖြစ်ရာ မည်သူမှအရှုံးမပေးလိုပါပေ။ ဤကိစ္စတွင် တောင်ထိပ်၏ဂုဏ်သတင်း၊ တပည့်များ၏စည်းလုံးမှု၊ ငွေကြေးကြွယ်ဝမှုအစရှိသဖြင့် အလုံးစုံဆက်နွယ်နေသည်ဖြစ်ရာ မည်သူကမှ နောက်ဆုံးအဆင့် မရောက်ချင်လှပေ။ သို့မဟုတ်ပါက အနာဂတ်တွင် အချိန်တစ်ခုအထိလှောင်ပြောင်ခံရမည်သာ။

ဝေ့ဝမ်မှာ ဤမြင်ကွင်းကို မျက်မှောင်ကြုတ်ကာ ကြည့်နေရင်း တစ်ခုခုကတော့ မှားယွင်းကြောင်းတွေးနေမိ၏။ သူ တောင်ထိပ်များအသီးသီးဆီ လှမ်းကြည့်လိုက်သည်။ ယခုအချိန်ထိ စည်းကမ်းထိန်းသိမ်းအဖွဲ့ဖြစ်စေ၊ အကြီးအကဲတစ်ဦးဦးကဖြစ်စေ လာ၍ အရေးမယူကြသေး။ သူ တကယ် သိချင်သွားရသည်။ ဂိုဏ်းသည်ကား ဤတပည့်စည်းကမ်းများ ချိုးဖောက်သည်ကို ဒီလိုပဲ ထိုင်ကြည့်နေတော့မည်လား။

နေဦး၊ ဂိုဏ်းစည်းကမ်းတဲ့လား။

ဟမ်။

ဝေ့ဝမ်လည်း ဂိုဏ်းစည်းကမ်းများကို ပြန်တွေးကြည့်လိုက်တော့မှ ထိုအကြောင်း ဘာစည်းကမ်းမှမရှိတာကို သတိထားမိသွားသည်။ မတားမြစ်ထားသည်ဆိုသည်မှာ ခွင့်ပြုသည်ဆိုသောသဘောပင်။

ဒီကလေးမှာ ဂိုဏ်းစည်းမျဉ်းတစ်နေရာလောက်လေး လစ်လတ်နေတာကို အခွင့်ကောင်းယူနေခြင်းသာဖြစ်၏။ သို့သော် ဝေ့ဝမ်ကတော့ စုယွမ်က ဤကိစ္စများကို အမှန်စင်စစ်ကိုင်တွယ်နေသောသူဖြစ်မည်ဟုမထင်ပေ။ ဤသို့သောကိစ္စများကို လုပ်ရဲရန်အတွက် ကြိုးကိုင်သူမှာ အနည်းဆုံးတော့ ပင်မတပည့်အဆင့် သို့မဟုတ် အတွင်းတပည့်ဆိုလျှင်တောင် နေရာတစ်ရာရာရှိသူဖြစ်ရချေမည်။ သူမသိရှာသည်မှာ ဂိုဏ်းချုပ်ကိုယ်တိုင်ဂျင်းထည့်နေခြင်းကိုပင်။

ဝေ့ဝမ်မှာ လောင်းပွဲက ကြီးသည်ထက်ကြီးလာပြီး အတွင်းတပည့်အကြီးများထံပါ ပျံ့နှံ့သွားကြောင်း ကြည့်နေမိသည်။ ဂိုဏ်းအတွင်းသို့ ရောက်ရှိသည်မှာဆယ်နှစ်ထက်ကြာသောတပည့်များမှာ ပြိုင်ပွဲသို့ဝင်မပြိုင်တော့သော်လည်း ဤအရာက သူတို့ လောင်းပွဲတော့ ဝင်မကစားရဘူးဟု မဆိုလိုပေရာ အသီးသီးဝင်ပါလာကြ၏။

လောင်းကြေးများမြင့်သည်ထက်မြင့်လာသောအခါ စုယွမ်လည်း တဖြည်းဖြည်းစိုးရိမ်လာရတော့သည်။ မသိလိုက်ဘာသာနှင့် အံ့သြဖို့ကောင်းလောက်အောင် တောင်ထိပ်တိုင်း၏လောင်းကြေးမှာ ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀အထိ တိုးတက်သွားပြီဖြစ်၏။ ရှိသမျှတောင်ထိပ်အကုန်ပေါင်းလိုက်ပါက စုစုပေါင်း ဝိညာဉ်ကျောက်တုံး၄၀၀၀၀၀၀အထိပင် ရှိတော့မည်။ ဤသည်မှာ အခြားလောင်းပွဲများတောင် ထပ်မပေါင်းရသေး။ ပထမနေရာအတွက် လောင်းပွဲဆိုပါက ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀၀၀ပင် ရောက်သွားလေပြီ။

စုယွမ်မှာ အနည်းငယ်ထိတ်လန့်လာရသည်။ ကိစ္စများက တဖြည်းဖြည်း ထိန်းချုပ်မှုအောက်မှ လွှတ်ထွက်တော့မည်လေ။

“ဂိုဏ်းတူအစ်ကိုကုက သတင်းဖြန့်ဖို့ ဘယ်လောက်တောင်သုံးထားတာလဲ။ ဘာလို့ တစ်ဂိုဏ်းလုံးနီးပါးဖြစ်နေရတာလဲ။ အကျိုးတွေတော့နည်းကုန်တော့မယ်”

ထို့နောက်တွင်တော့ စုယွမ်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိပင်မတပည့်တစ်ဦးက ရောက်လာပြီး အလတ်တန်းဝိညာဉ်ကျောက်တုံး ၁၀၀၀ကိုလာလောင်းတာကို မြင်ရချိန်တွင်တော့ တော်တော်လေး စိုးရိမ်လာရတော့သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပင်မတပည့်တစ်ဦး ထွက်ပေါ်လာမှုမှာ အခြားတောင်ထိပ်ရှိ ပင်မတပည့်များကိုပါ ဆွဲဆောင်သွားခဲ့သည်။ ဤသို့ဖြင့် စုစုပေါင်းလောင်းကြေးမှာ ဆယ်သန်းထိတိုင် အရှိန်အဟုန်ဖြင့် ထိုးတက်သွားတော့၏။

စုယွမ်ကတော့ ဤမျှလောက်ဆိုလျှင် ပြီးလောက်ပြီဟူ၍ထင်ထားခဲ့သည်။ သို့သော် ရွှေအမြူတေအဆင့်အကြီးအကဲရောက်လာချိန်တွင်တော့ လူတိုင်းတိတ်ဆိတ်သွားရ၏။ လူတိုင်းမှာ အနှီရွှေအမြူတေအဆင့်အကြီးအကဲက စုယွမ်ကို အပြစ်ပေးတော့မည်ဟု ထင်မှတ်သွားရသည်။ သို့သော် သူတို့လုံးဝတွေးမထားမိသည်မှာ အကြီးအကဲက ဝင်ရောက်ကာ လောင်းကြေးထပ်လိုက်မည်ဟုပင်။

“ငါ မန္တန်ဆိုင်ရာတောင်ထိပ်ကိုလောင်းတယ်။ဒီမှာ အမြင့်တန်းဝိညာဉ်ကျောက်တုံး ၁၀၀။”

ဤဝိညာဉ်ကျောက်တုံးသိန်းချီတန်ဖိုးမှာ စုယွမ်ကို လုံးဝအေးခဲသွားစေ၏။ ဤသို့ဖြင့် သူ့မှာ ကြောင်အစွာဖြင့်သာ ရွှေအမြူတေအဆင့်အကြီးအကဲများ ဓါးပျံစီးလျက် တစ်ယောက်ပြီးတစ်ယောက်ရောက်လာတာကိုသာ ကြည့်နေမိတော့သည်၊ ထိုအကြီးအကဲများမှာ သူ့ထက်ငါအပြိုင် လောင်းကြေးများစွာထပ်လာလျက် တကယ့်လောင်းကစားသမားများနှင့်ပင် တူနေတော့လေသည်။

“ဝေ့ဝမ်၊ ယွမ်ချင်း၊ လီပင်အန်း ၊ မင်းတို့သုံးယောက်လုံး ငါ့နေရာလာခဲ့ကြ။”

ရွှေအမြူတေအဆင့်အကြီးအကဲတစ်ဦးက ဆိုလာ၏။

ထိပ်ဆုံးရောက်မည်ဟုမျှော်လင့်ခံထားရသော ထိုအတွင်းတပည့်သုံးဦးလုံးမှာ နေရာတွင် ရှိနေကြခြင်းဖြစ်သည်။ သူတို့မှာ ရွှေအမြူတေအဆင့်အကြီးအကဲပြောတာကိုကြားပြီး အစကတော့ အံ့သြသွားကြသော်ငြား နောက်တွင် အလွန်ကိုပျော်ရွှင်သွားကြတော့သည်။ ရွှေအမြူတေအဆင့်အကြီးအကဲထံမှ အခေါ်ခံရသည်ဆိုသည်မှာ သူတို့ကို အထူးတလည်လေ့ကျင့်ပေးတော့မည်ဟု အဓိပ္ပါယ်ရပေသည်လေ။ ဤသို့ဖြင့် အခြားတောင်ထိပ်ကအကြီးအကဲများကလည်း ထိုကဲ့သို့ တပည့်များကို အသီးသီးခေါ်ဆောင်သွားပြီး အပြိုင်အဆိုင် လေ့ကျင့်ပေးကြတော့သည်။

စုယွမ်ကတော့ လုံးဝကိုကြောင်အနေလေသည်။

အခြေအနေများက သူတတ်နိုင်သည်ထက် များစွာကျော်လွန်နေချေပြီ။ သို့သော်လည်း သူ့ကိုမည်သူမှ ဂရုစိုက်သည်မဟုတ်ပါပေ၊ လောင်းကစားပွဲအလယ်တွင်ထိုင်နေသောသူ့ကို ကြိုးဆွဲရုပ်လေးတစ်ရုပ်ကဲ့သို့သာ သဘောထားကြခြင်းဖြစ်၏။

ဤသို့တွေးလိုက်တော့ စုယွမ်၏မျက်နှာမှာ ပြန်ရွှင်ပျလာရသည်။ တဖန်ထပ်တွေးလိုက်လျှင် သူ ချမှတ်ထားသောအစီအစဥ်မှာ လုံးဝအောင်မြင်သွားရလေပြီ။ ကျော်ကြားသော်ငြား မကျော်ကြားခြင်းနည်းဖြင့် ကျော်ကြားမှုအမှတ်များလည်းရကာ ဝိညာဉ်ကျောက်တုံးလည်းများစွာရခြင်း၊ ထို့အပြင် မည်သည့်ပြဿနာကိုမှ မဖိတ်ခေါ်မိခြင်းဟာ သူ့အတွက်တော့ ကောင်းချီးတပါးအလားပါပင်။

All Chapters