← Chapters

ကြေကွဲရခြင်း (၁)

Vol. 003 Ch. 102

ကြေကွဲရခြင်း (၁)

Vol. 003 Ch. 102

ဝမ်လင်းက သူ၏ စိတ်ဝိညာဉ်ပါသော ကျောက်စိမ်းပြား ကိုင်ထားသည့်လူကို မလွတ်တမ်း ကြည့်နေစဉ်မှာပင် ထိုသုံးယောက်က ကျောက်စိမ်းပြားများကို ဖျက်ဆီးပစ်ရန် ပြင်လိုက်သည်ကို မြင်လိုက်ရသည်။ ချက်ချင်း ပါးစပ်ကို ဟလိုက်ရာ အစိမ်းရောင်ဓားက ပြေးထွက်သွားပြီး တိုက်ခိုက်လိုက်၏။

အစိမ်းရောင်ဓား ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ အပူချိန်များက ချက်ချင်း ထိုးကျသွား၏။ ဓားကို ဝမ်လင်းက သွေးသန့်စင်ခြင်း နည်းစနစ်ဖြင့် သန့်စင်ထားသည့်အတွက် ဝမ်လင်းက တစ္ဆေ လောက ပျံတက်ခြင်းကို စတင် လေ့ကျင့်ချိန် ကတည်းက ယင်စွမ်းအင်များက ဓားထဲကိုလည်း ဝင်သွား ခဲ့သည်။ ထို့ကြောင့် ဓားတွင် ယင်စွမ်းအင်များက ပြည့်ဝစွာ ပေါင်းစပ် ပါဝင်နေသည်။

ဓားမှ ယင်စွမ်းအင်များက အလွန် ပြင်းထန်သည့်အတွက် ပတ်ဝန်းကျင်မှ အပင်များ အားလုံး ခဲသွားစေ၏။ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများတောင်မှ ရုတ်တရက် လှုပ်လို့ မရသကဲ့သို့ ခံစား လိုက်ရသည်။

ဝမ်လင်း၏ ဝိညာဉ်ပါသော ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသော ကျင့်ကြံသူသည် အလွန် ထိတ်လန့်သွားပြီး ကျောက်စိမ်းပြားကို မဖျက်ဆီး နိုင်တော့ဘဲ နောက်သို့ အလျင်အမြန် ဆုတ်လိုက်ရ၏။ သို့သော်လည်း ဓားက သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားရာ သူ့ကိုယ်သူ ကာကွယ်ရန် မှော်ရတနာ ပစ္စည်းများကို ထုတ်ယူလိုက်သည်။ သို့သော် သူ၏ လှုပ်ရှားမှုများက အလွန် နောက်ကျသွား၏။

ဓားက ထိုကျင့်ကြံသူနှင့် တစ်မီတာအကွာတွင် ပြန်ပေါ်လာပြီး လည်မျိုကို ဖောက်ထွက်သွားရာ သွေးများကလည်း ပန်းထွက်လာသည်။ ထိုလူက သူ့လည်ပင်းကို သူကိုင်ပြီး မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် မြေပြင်ပေါ်သို့ လဲကျသွား၏။

ဝမ်လင်းက ခုန်လိုက်ပြီး ကျောက်စိမ်းပြားကို ဆွဲယူကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

အဖြစ်အပျက်များက အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ တစ်ချိန်တည်းမှာပင် တခြား နှစ်ယောက်ကလည်း ကျောက်စိမ်းပြားများကို ဖျက်ဆီး ပစ်လိုက်ကြ၏။ ထိုအခါ ခရမ်းရောင် အငွေ့များ ထွက်ပေါ်လာပြီး လှိုင်းများကဲ့သို့ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။

ခရမ်းရောင်အငွေ့များက ခေါင်းတလားနှင့် ထိမိသွားသောအခါ ခေါင်းတလားထဲမှ ကုတ်ခြစ်သံများ ထွက်ပေါ်လာ၏။

ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့် ဂိုဏ်းသားများကလည်း သူတို့၏ ဝိညာဉ်ပါသော ကျောက်စိမ်းပြားများ ဖျက်ဆီး ခံလိုက်ရသဖြင့် လှုပ်မရတော့ချေ။

ကျောက်စိမ်းပြားများ ဖျက်ဆီးလိုက်သော ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ဂိုဏ်းသား နှစ်ယောက်ကတော့ ဝမ်လင်းကိုတောင် မကြည့်ဘဲ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော တံခါးဆီသို့ ပြေးထွက်သွား၏။

ထိုလူနှစ်ယောက်က တံခါးကို ဖြတ်ပြီး ပျောက်ကွယ်သွားသည်နှင့် တံခါးကလည်း ရွှေရောင် အမှုန်များအဖြစ် ပြောင်းကာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏။

ဝမ်လင်းကလည်း ချက်ချင်း နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ပြီး အလောင်းကောင် ဂိုဏ်းမှ တပည့်များကို ကြည့်နေလိုက်သည်။

ကုတ်ခြစ်သံများက တဖြည်းဖြည်း ကျယ်လောင်လာပြီး ခေါင်းတလားတစ်ခုက ပျက်စီးသွား၏။ ခေါင်းတလားထဲမှ လက်တစ်ဖက်ထွက်လာပြီး ခက်ခဲစွာ ရှူနေရသော အသက်ရှူသံ ကြီးကလည်း ထွက်ပေါ်လာသည်။

ဖြည်းညင်းစွာဖြင့် ခေါင်းတလားထဲမှ အလောင်းရုပ်သေးက လဲနေရာမှ ထိုင်လိုက်၏။ သူ၏ မျက်လုံးက နီရဲနေပြီး အစိမ်းရောင် အလင်းများ တောက်ပနေသည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်ရာ သူ၏ အကြည့်က သူ့သခင်ပေါ်ကို ရောက်သွားသည်။

နီရဲနေသော မျက်လုံးများက အေးစက်စက် ဖြစ်နေပြီး သူ၏ သခင်ကို ဆွဲယူလိုက်သည်။ ထို့နောက် သူ့သခင်၏ ခန္ဓာကိုယ်ကို နှာခေါင်းဖြင့် အနံ့ခံသကဲ့သို့ ပြုလုပ်လိုက်၏။ ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တုန်သွားပြီးနောက် ခန္ဓာကိုယ်ထဲမှ အငွေ့များ ထွက်လာကာ အလောင်းရုပ်သေး၏ နှာခေါင်းအတွင်းသို့ ဝင်ရောက်သွား၏။

တစ်ချိန်တည်းမှာပင် ခြောက်ကပ်နေသော အလောင်းရုပ်သေးက တဖြည်းဖြည်း ပြည့်ဖြိုး လာသည်။

မကြာမီ ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အရိုးနှင့် အရေပြားသာ ကျန်ခဲ့ပြီး အလောင်းရုပ်သေး ကတော့ လူပုံစံ ပြောင်းသွား၏။

အလောင်းရုပ်သေးက နောက်တစ်ကြိမ် ထပ်ပြီး စုပ်ယူလိုက်ရာ ကျင့်ကြံသူသည် စူးရှစွာ အော်ဟစ်ပြီးနောက် သေဆုံးသွားသည်။ ကျင့်ကြံသူ သေသွားပြီးနောက် ခန္ဓာကိုယ်ထဲမှ အဝါရောင် အငွေ့တစ်ခုက ထွက်ပေါ်လာသည်။ အလောင်းရုပ်သေးက ထိုအဝါရောင် အငွေ့ကို ဆွဲယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။

မကြာမီ အလောင်းရုပ်သေးသည် သေဆုံးသွားသော ကျင့်ကြံသူနှင့် တစ်ပုံစံတည်းအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် ခေါင်းတလားများ တစ်ခုပြီးတစ်ခု ပွင့်သွားပြီး သူတို့၏ သခင်များသည် အလောင်း ရုပ်သေးများ၏ ဝါးမျို စားသောက်ခြင်းကို ခံလိုက်ရသည်။

သို့သော်လည်း အလောင်းရုပ်သေး ၃ ပုံ ၁ ပုံကတော့ ခေါင်းတလားထဲမှ ထွက်လာသည်နှင့် တွေဝေစွာ မတ်တတ်ရပ်နေကြ၏။

ဝမ်လင်းသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်နေသည်။ အလောင်း ရုပ်သေးများ သည် လူပုံစံ ဖြစ်သွားသည်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိ သွားကြ၏။ ဝမ်လင်းသည် ထူးထူးဆန်းဆန်း မြင်ကွင်းကို ကြည့်ပြီး နောက်သို့ လျင်မြန်စွာ ဆုတ်သွားသည်။

မကြာမီ အလောင်းရုပ်သေးများ ရှိသည့်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အလောင်းရုပ်သေးများသည် ကျန်နေသေးသော သူတို့၏ သခင်များကို ဝါးမျိုလိုက်ခြင်း ဖြစ်ဟန် တူသည်။

ထိုနေရာနှင့် အလွန်ဝေးကွာသော တောအုပ်တစ်ခု၏ အပြင်ဘက်တွင် ဝမ်လင်း ရပ်တန့် လိုက်သည်။ အလောင်းကောင်းဂိုဏ်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို နားလည် လိုက်လေပြီ။ သူ၏ ဝိညာဉ်ကို ချုပ်နှောင်ထားသော ကျောက်စိမ်းပြားသာ ဖျက်ဆီး ခံလိုက်ရပါက သူသည်လည်း အလောင်း ရုပ်သေးများ၏ အစာ ဖြစ်သွားပေလိမ့်မည်။

ဝမ်လင်းက စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ ကြွယ်မင် တောင်ကြားသည် ပြင်ပတိုက်ပွဲ မြေပြင်ကို ဝင်ရောက်ရန်အတွက် လမ်းမှန် ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများ၏ ပြိုင်ပွဲနေရာ တစ်ခု ဖြစ်သောကြောင့် အလွန် အန္တရာယ်များသည်။ ဝမ်လင်းက သူတို့နှင့် မပတ်သက်ချင်ပေ။ သူက ပိုပြီး သန်မာလာစေရန် ယင်စွမ်းအင်များ သိပ်သည်းသည့် နေရာတစ်ခုကို ရှာပြီး တံခါးပိတ် ကျင့်ကြံခြင်း ကို လုပ်ဆောင်ချင်နေသည်။

ကျင့်ကြံခြင်း လောကအကြောင်းကို ပိုပြီးသိလာလေ သူက ပိုပြီး အစွမ်းထက်ချင်လာသည်။ သူက နည်းနည်းလောက် ပိုသန်မာလျှင် အသက်ရှင် ကျန်ရစ်ရန် ရာခိုင်နှုန်း ပိုများသည်ကို နားလည် ထား၏။

ယခုအချိန်တွင် မှော်ကျောက်တုံးမှ သစ်သားဒြပ်စင်ကလည်း ဝမ်လင်း၏ စိတ်ထဲတွင် နေရာ ယူထားသည်။

ထိုအကြောင်းကို တွေးနေစဉ်တွင် ဝမ်လင်းက ရုတ်တရက် နောက်သို့ ဆုတ်လိုက်၏။ သူရပ်နေသော နေရာသို့ အနက်ရောင် အလင်းတစ်ခုက လျင်မြန်စွာ ဖြတ်သွား၏။ ‌

“ကောင်လေး… မင်းက လှလှပပလေး ရှောင်သွားတာပဲ… “

အဝတ်အစားကောင်းများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်…

“မင်းက ဘယ်ဂိုဏ်းကလဲ… “

ဝမ်လင်းက အေးစက်စွာ ပြန်ဖြေလိုက်သည်…

“အလောင်းကောင်ဂိုဏ်း… “

လူငယ်က အလန့်တကြား ဖြစ်သွားပြီး မေးလိုက်သည်…

“အလောင်းကောင်ဂိုဏ်းလား… ငါ ကြားထားတာက အလောင်းကောင်ဂိုဏ်းက တပည့်တွေက သူတို့ နောက်မှာ ခေါင်းတလားတစ်ခုကို အမြဲတမ်းရှိတယ်တဲ့… မင်းရဲ့ ခေါင်းတလားက ဘယ်မှာလဲ… “

လူငယ်ကို ဝမ်လင်းက စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

လူငယ်က ဝမ်လင်း၏ အမူအရာကို မြင်ပြီး နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် လက်ကို ဝမ်လင်းဆီသို့ ညွှန်လိုက်ရာ အနက်ရောင် အလင်းတစ်ခု သူ့လက်ထဲတွင် ပေါ်လာပြီး ပြောလိုက်သည်…

“မင်းက အလောင်းကောင်ဂိုဏ်းက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ… မင်းရဲ့ သို့လှောင်အိတ်ကို ထားပြီးတော့ ထွက်သွားလိုက်တော့… “

ဝမ်လင်း၏ မျက်လုံးက အေးစက်သွားပြီး နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကြည့်ရာ တောအုပ်ထဲတွင် သူတို့ရှိရာဘက်သို့ လာနေသော လူသုံးယောက်ကို တွေ့လိုက်သည်။ ထို့နောက် ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။

ဝမ်လင်း‌ နောက်ဆုတ်သွားသည်ကို မြင်ပြီး လူငယ်က အထင်သေးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် လက်ကို ဝေ့ရမ်းပြီး အနက်ရောင်အလင်းကို ဝမ်လင်း၏နှလုံးရှိရာသို့ ဦးတည်ပြီး ပစ်လွှတ်လိုက်၏။

ဝမ်လင်းက မျက်ခုံးကို ပင့်ကြည့်လိုက်ပြီး ဆွဲငင်အား နည်းစနစ်ဖြင့် သူ့ရှေ့တွင် လက်တစ်ခုကို ဖန်တီးလိုက်သည်။ အနက်ရောင် အလင်းက လက်ကြီးထဲသို့ လက်မ အနည်းငယ်ခန့်သာ ဝင်နိုင်ပြီး ပျောက်ကွယ်သွား၏။

ဝမ်လင်းက လူငယ်ကို အေးစက်စွာ ကြည့်လိုက်သည်။ တောအုပ်ထဲမှ လူသုံးယောက်က သူတို့ ရှိရာဆီသို့ လျင်မြန်စွာ လာနေသည်ကို နတ်ဘုရား စိတ်အာရုံမှတစ်ဆင့် သိရှိနေသည့် အတွက် အချိန် ဖြုန်းမနေတော့ဘဲ ချက်ချင်း နောက်လှည့်ပြီး ထွက်ပြေးတော့၏။

လူငယ်လည်း ဒေါသထွက်သွား၏။ သူ၏ အဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ဖြစ်သော်လည်း သူ့ဆီသို့ လာနေပြီ ဖြစ်သည့် သူတို့ဂိုဏ်းသား သုံးယောက်ရှိပြီး သူတို့ထဲတွင် ခန္ဓာကိုယ် သန့်စင်ခြင်းအလယ်အဆင့် တစ်ယောက်ပါ၏။ သူတို့လေးယောက်သည် ဤပြိုင်ပွဲ အတွင်း၌ ထျန်းတောက်ဂိုဏ်းမှ တခြား ဂိုဏ်းသားများနှင့်အတူ မလှုပ်ရှားဘဲ တခြား သူများဆီမှ ရတနာများ လုယက်ရန် ဆုံးဖြတ်ချက် ချထားကြသည်။

ပြိုင်ပွဲဖြစ်သည့်အတွက် တခြားဂိုဏ်းမှ ကျင့်ကြံသူများအားလုံးသည် အကောင်းဆုံးဆိုသည့် ရတနာများကိုသာ ယူဆောင်လာကြလိမ့်မည် ဖြစ်သည်။ တချို့ထံတွင်‌ ‌ဂိုဏ်းမှ ပေးလိုက်သည့် ရတနာများပင် ပါလာနိုင်သည်။

လူငယ်သည် ဝမ်လင်း တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်ပြီး လုယက်ရန် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။ ယခု ဝမ်လင်းက ထွက်ပြေးသွားသောအခါ သူက ချက်ချင်း သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်ရာ ၈ လက်မ ပေတံတစ်ချောင်း ပျံသန်းပြီး ထွက်လာသည်။

ပေတံတစ်ခုလုံးသည် အစိမ်းရောင်ဖြစ်ပြီး ပြင်းထန်သော ရနံ့တစ်ခုကို ထုတ်လွှတ်လျက် ရှိ၏။ လူငယ်က ပေတံကို ရှေ့သို့ ညွှန်လိုက်ရာ ပေတံက တုန်လာပြီး ပေတံထဲမှ အနက်ရောင် မှိုပွင့်ကြီးတစ်ခု ထွက်ပေါ်လာသည်။ မှိုပွင့်ကြီးက ပေတံမှ ခွဲထွက်လာပြီး လေထဲတွင် မျောနေသည်။

လူငယ်၏ အမူအရာက လေးနက်လာပြီး သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ခုကို လျင်မြန်စွာ ထုတ်ယူပြီး ပစ်လိုက်၏။ တစ်ကိုယ်လုံး နီနေသည့် နကျယ်ကောင်က မှိုဆီသို့ ပျံသန်းရောက်ရှိ သွားသည်ကို ဝမ်လင်းက မြင်လိုက်ရသည်။

နကျယ်ကောင်က မှိုကို အနည်းငယ် ကိုက်လိုက်ပြီးနောက် ယခင်ကထက် အဆပေါင်းများစွာ ကြီးထွားလာသည်။ နကျယ်ကောင်က လက်သီးဆုပ် အရွယ်ခန့်အထိ ကြီးလာပြီး ဝမ်လင်းဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွား၏။

ဝမ်လင်း၏ မျက်လုံးက အေးစက်လာပြီး ဓားကို ထုတ်ကာ နကျယ်ကောင်ဆီသို့ ပစ်လိုက်သည်။

နကျယ်ကောင်က တဝီဝီ မြည်ပြီး ဓားကို ရှောင်တိမ်းလိုက်၏။ သို့သော်လည်း တစ်ချိန်တည်း မှာပင် ဓားက ပျောက်သွားပြီး လူငယ်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ရင်ဘတ်ကို ဖောက်ထွက် သွား၏။

လူငယ်သည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သေဆုံးသွားရသည်။

လူငယ်သေသွားသည်နှင့် ပေတံက မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ဝမ်လင်းက ဆွဲငင်အား နည်းစနစ်ဖြင့် ပေတံနှင့် လူငယ်၏ သိုလှောင်အိတ်ကို ဆွဲယူပြီး ဆက်လက်၍ လျင်မြန်စွာ ထွက်သွားလိုက်သည်။

နကျယ်ကောင်က လေထဲတွင် တစ်ပတ် ပတ်လိုက်ပြီး ဝမ်လင်းနောက်သို့ လျင်မြန်စွာ လိုက်ပါ သွား၏။

တချိန်တည်းမှာပင် အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်က တောထဲမှ ထွက်လာသည်။ မြေပေါ်မှ အလောင်းကို မြင်ပြီး အမျိုးသား တစ်ယောက်၏ မျက်နှာက သုန်မှုန်သွားကာ အော်ပြောလိုက်သည်…

“လိုက်စမ်း… “

***

ထိုအချိန်တွင် ကျောင်းနိုင်ငံ၏ မြောက်ဘက်ခြမ်း နယ်နိမိတ်နားတွင် လူနှစ်ယောက် ပေါ်လာသည်။ တစ်ယောက်က ပိန်ကပ်နေပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးများက အဆိပ်ရှိသကဲ့သို့ စူးရှတောက်ပနေသည်။

သူ့ဘေးတွင် အရေးအကြောင်းများနှင့် ပြည့်နေသော အဘိုးအိုတစ်ယောက် ရှိ၏။

ထိုအဘိုးအိုသည် ရှေးဟောင်း ကြေးမုံတစ်ချပ်ကို ကိုင်ပြီး မြို့တစ်ခု၏ အပြင်ဘက်တွင် ရပ်နေ၏။ သူ၏ လက်များကလည်း အစီအရင်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်နေပြီး တစ်ခုခုကို တွက်ချက်နေဟန် ရှိသည်။

အနက်ရောင် ဝတ်စုံနှင့်လူက မေးလိုက်သည်…

“ရောင်းရင်ချီမင်… တွက်ချက်တာ အဆင်ပြေလား… “

အဘိုးအိုက မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်သည်…

“ထန်းဟွယွမ်… မင်းက အဲဒီလူရဲ့ နာမည်လည်း မသိဘူး… ပုံပန်းသွင်ပြင်လည်း မသိဘူး… အဲဒါကို ဘယ်လိုလုပ်ပြီး ဒီကျိန်စာ တစ်ခုတည်းနှင့် သူ့ကို ရှာရမလဲ… “

ထန်းဟွယွမ်က အဘိုးအိုကို စိုက်ကြည့်ပြီး ပြောလိုက်သည်…

“ရောင်းရင်ချီမင်… မင်းသာ အဲဒီလူရဲ့ မိသားစုကို ရှာနိုင်ရင် မင်းလိုသမျှ ငါ တတ်နိုင်တဲ့ အရာအားလုံး ဖြည့်ဆည်းပေးမယ်… “

အဘိုးအိုက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်…

“ကောင်းပြီ… ငါ အကောင်းဆုံး ကြိုးစားပေးမယ်… ဒါပေမဲ့… အငြိုး ကြီးကြီးမားမားနဲ့ ကလဲ့စား ချေခြင်းက ကြွေးမြီတင်သလိုပဲနော်… မင်း လူအများကြီး မသတ်ဖို့ ငါ မျှော်လင့်ပါတယ်… “

***

All Chapters