← Chapters

ချုပ်နှောင်ခြင်းမှော်အနှစ်သာရ

Vol. 97 Ch. 1345

ချုပ်နှောင်ခြင်းမှော်အနှစ်သာရ

Vol. 97 Ch. 1345

ကမ္ဘာအနှစ်သာရကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် မန်ဟိုက ၎င်းကို စတင်စုပ်ယူလိုက်သည်။ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာအနှစ်သာရမှာ ရွေ့လျားလာသည့်အတွက် ပကတိမျက်စိဖြင့် မြင်သာလာလေသည်။

မရေမတွက်နိုင်သော အလင်းမှုန်များသည် မှိန်ပျပျအလင်းရောင်ကို ထုတ်လွှတ်လျက် ကောင်းကင်ဘုံ (၁) ၏အပေါ်သို့ မြောက်တက်လာပြီး ပတ်ဝန်းကျင်သို့ ဖြာထွက်သွား၏။ အဝေးမှကြည့်လျှင် အိမ်မြှောင်ကြီးတစ်ကောင်၏ပုံသဏ္ဍာန်ရှိကြောင်း မြင်ရပေမည်။

မန်ဟိုကမူ ကမ္ဘာအနှစ်သာရ အသိပ်သည်းဆုံးနေရာ၊ ထိုအိမ်မြှောင်ကြီး၏နှလုံးသားတွင် တည်ရှိသည်။

ဤအခိုက်အတန့်တွင် အပြင်သူတာအိုဥသျှောင်က တအံ့တဩ အော်သည်။ “ကမ္ဘာအနှစ်သာရ”

ပါရာဂွန်ပင်လယ်အိပ်မက်ကို တိုက်ခိုက်နေသော အပြင်သူပါရာဂွန်သည် အိမ်မြှောင်ပုံသဏ္ဍာန်ကမ္ဘာအနှစ်သာရကို မြင်လျှင် ယူကျုံးမရ ပူဆွေးသွား၏။

ကမ္ဘာတိုင်း ကမ္ဘာအနှစ်သာရကို မမွေးဖွားပေးနိုင်ပေ။ သို့သော် မွေးဖွားပေးနိုင်လျှင်တော့ ... ထိုကမ္ဘာအနှစ်သာရသည် အချိန်တစ်ခုသို့ရောက်သည့်အခါ သက်ရှိဖြစ်တည်မှုတစ်ခု ဖြစ်လာနိုင်၏။

အပြင်သူများ၊ ကျင့်ကြံသူများအားလုံး ဖြစ်ပျက်နေသောအရာကို မြင်ရသော်လည်း လူတိုင်း နားမလည်ကြပေ။

မှန်သည်၊ လေဟုန်ခွင်းလောကအဖြစ်အပျက်၏ ကျေးဇူးကြောင့် တောင်ပင်လယ်အသီးသီးမှ အက်ရှလွန်ကျင့်ကြံသူများသည် မည်သည့်အရာကို ကြည့်နေမှန်း ကောင်းကောင်းသိကြ၍ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။

မန်ဟို့နှလုံးသားမှာ တဒိန်းဒိန်းခုန်နေသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်အရ ဤကမ္ဘာအနှစ်သာရ၏အထိအတွေ့က သူ့အား ၎င်းကို ရယူလိုစိတ်တို့ ပြင်းပြလာစေသည်။ ထိုမျှသာမက ထိုကမ္ဘာအနှစ်သာရသည် သူ့အတွက် အတိုင်းထက်အလွန် အဖိုးတန်ကြောင်း သူ သိ၏။

သူသည် လောလောဆယ်တွင် ကမ္ဘာအနှစ်သာရ၏အလယ်ဗဟို၌ ဖြစ်၍ အသက်တစ်ချက်ရှူလိုက်တိုင်း အနှစ်သာရများစွာက သူ့ကိုယ်ထဲ စီးဆင်းဝင်ရောက်လာနေသည်။ သူ၏တွေးတောနိုင်စွမ်းသည် ပိုမိုလျင်မြန်လာပြီး ဆင်ခြင်သုံးသပ်နိုင်စွမ်းလည်း ပို၍ဖြတ်လတ်လာသည့်အပြင် သူ၏စိတ်ခွန်အားသည်ပင် မြင့်တက်သွား၏။ သူကား မိုးနှင့်မြေနှင့် တစ်သားတည်း ပိုမိုဖြစ်လာသည့်အလားပင်။

ဤအခိုက်အတန့်တွင် အသက်စွမ်းအားကို လောင်ကျွမ်းထားသော အပြင်သူတာအိုဥသျှောင်သည် ရုတ်တရက် ထူးဆန်းသောခံစားချက်ကို ရရှိလိုက်၏။ ထင်ယောင်ထင်မှားခြင်းလား မသိသော်လည်း မန်ဟို ကမ္ဘာအနှစ်သာအား စုပ်ယူလိုက်သည်ကို မြင်တွေ့ပြီးနောက် ကမ္ဘာအနှစ်သာရ အော်ဟစ်ငိုကြွေးနေသည်ကို သူ ကြားယောင်လိုက်ရသည်။

ဤသည်မှာ သူ့အိမ်၏အနှစ်သာရ၊ သူ့နှလုံးသား၏ မွေးရပ်မြေ၊ အိမ်မြှောင်များ၏ မိခင် မဟုတ်ပါလော။

“မန်ဟို” သူက ဟိန်းဟောက်ရင်း မန်ဟို့ကို တားဖို့ ကမ္ဘာအနှစ်သာရထံ ဖျတ်ခနဲ ဦးတည်လာသည်။ သို့သော် သူ အနားရောက်သည့်အချိန်တွင် မန်ဟိုသည် ဖျတ်ခနဲ ဘေးရှောင်လိုက်၏။ မန်ဟို့ကို ကြည့်ရသည်မှာ အပြင်သူတာအိုဥသျှောင်နှင့် တိုက်ခိုက်ဖို့ စိတ်မဝင်စားဘဲ ကမ္ဘာအနှစ်သာရကိုသာ ဆက်လက်စုပ်ယူဖို့ အစွမ်းကုန်ကြိုးစားနေဟန်တူသည်။

သူက မရှောင်နိုင်လျှင် ကမ္ဘာအနှစ်သာရကို ဆက်လက်စုပ်ယူနေရင်း မိုးကြိုးဒယ်အိုးသုံး၍ နေရာလဲသိုင်းကို အသုံးပြုကာ သူတို့နှစ်ယောက်အား ဝေးကွာသွားစေသည်။ မန်ဟိုက တိုက်ခိုက်ရန် စိတ်မဝင်စားမှတော့ အပြင်သူတာအိုဥသျှောင်အနေဖြင့် ဘာမှမတတ်နိုင်သည်သာ။

သူတို့နှစ်ယောက်သည် အတိုက်အခိုက်စွမ်းရည်အဆင့်ချင်း တူသယောင် ထင်ရသော်လည်း တကယ်တော့ မန်ဟိုသည် အပြင်သူတာအိုဥသျှောင်ထက် အနည်းငယ်ပို၍ သန်မာ၏။

ကမ္ဘာအနှစ်သာရ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား မငြိမ်မသက်ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် မန်ဟိုသည် သူ့ကို သတ်ပြီးနောက်မှ ဆက်လက်စုပ်ယူလိမ့်မည်။

ကံဆိုးစွာနှင့် အချိန်မရပေ။ သူက အနက်ရောင်မီးပင်လယ်တစ်စင်းကို ရှောင်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ကမ္ဘာအနှစ်သာရအမြောက်အမြားအား သူ့ထံ စီးဆင်းလာစေလိုက်သည်။

ကမ္ဘာအနှစ်သာရ ကျုံ့လာသည်နှင့်အမျှ အပြင်သူများ၏စိတ်ထဲ၌ ကြားယောင်နေရသော မချိတင်ကဲအော်သံများမှာ ပိုမိုဆူညံလာတော့သည်။

ကမ္ဘာအနှစ်သာရသည် ၎င်း၏လူများကို တောင်းဆိုနေသည့်အလား၊ အိမ်မြှောင်မျိုးနွယ်အားလုံးကို ၎င်းအား ကူညီပေးဖို့ တောင်းပန်နေသည့်အလားပင်။

တောင်ပင်လယ်လောကတစ်ဝန်းရှိ အပြင်သူများမှာ တဆတ်ဆတ်တုန်နေပြီး သူတို့၏မျက်နှာပေါ်တွင် ပူဆွေးသောကရောက်နေသော အမူအရာများကို မြင်ရနိုင်သည်။ သို့ပင်ငြား သူတို့တတ်နိုင်သည့်အရာမရှိ။

မန်ဟိုက ကမ္ဘာအနှစ်သာရကို ဆက်လက်စုပ်ယူနေပြီး သူ့မျက်လုံးများသည် လင်းလက်စွာ တောက်ပလာနေ၏။ သူကား အဆုံးမဲ့အသိအမြင်အလင်းရောင်ကို ဖြန့်ကျက်လျက် ကွန့်မြူးတောက်ပနေသော နေတစ်စင်းနှင့် တူနေပေသည်။

သူ့အတွေးများ ယခင်ထက်ပို၍ လျင်မြန်လာသည်ကို သူ သိသိသာသာ ခံစားလိုက်ရသည်။ ယခင်က တစ်ခါမှ မတွေ့ရှိခဲ့ဖူးသော အရာများကိုလည်း တွေ့ရှိသွားပြီး တာအိုတစ်ပါး၏ ဉာဏ်အလင်းကိုလည်း ခံစားလိုက်ရသည်။

မိုးနှင့်မြေ၏ မဟာတာအိုအားလုံး သူ့အရှေ့တွင် ရှိနေပြီး သူလုပ်ဖို့လိုသည်မှာ တစ်ခုကို ရွေး၍ ၎င်း၏သဘောတရားကို နားလည်အောင် အားထုတ်ရုံသာ ဖြစ်သည်။ ထို့နောက် ... ၎င်းသည် သူတစ်ယောက်တည်း ပိုင်သော အနှစ်သာရတစ်ခုအဖြစ် ဖွံ့ဖြိုးလာနိုင်မည်။

ဤသည်မှာ ပြင်ပဖြစ်တည်မှုတစ်ခုဖြစ်သော၊ သူ၏အပိုင်မဟုတ်သော နတ်မီးတောက်နှင့်မတူပေ။

သူ ယခုလုပ်နိုင်သည့်အရာမှာ လေဟုန်ခွင်းလောကတုန်းက အတွေ့အကြုံများမှ လာခြင်းဖြစ်သည်။ ထိုစဉ်တုန်းက သူသည် မဟာတာအိုသုံးထောင်နှင့်ပတ်သက်ပြီး ညဏ်အလင်းရရှိခြင်းဖြင့် အခြေခံကို တည်ဆောက်နိုင်ခဲ့၏။ ထိုအရာက ကံကြွေးမျိုးစေ့ကို ကြဲခဲ့သလို ဖြစ်ကာ ယနေ့တော့ ၎င်းကို ပြန်ရုတ်သိမ်းနိုင်ပေတော့မည်။

“အနှစ်သာရကို နားလည်ခြင်း..." သူက မျက်လုံးများ တောက်ပနေလျက် တွေးသည်။

“ငါ ပြင်ပအနှစ်သာရတစ်ခုကိုမှ ဉာဏ်အလင်းရစရာမလိုဘူး။ မဟာတာအို ၃၀၀၀၊ အနှစ်သာရ ၃၀၀၀။ ဘယ်သူမှ ၃၀၀၀ စလုံး မပိုင်နိုင်ဘူး ... ငါ့အတွက် တာအိုကိုးပါးပဲ လိုအပ်တယ်

“အဲဒီတာအိုကိုးခုကလည်း အခြားသူတွေဆီကနေ အတင်းအကြပ် ယူစရာမလိုဘဲ ငါ့ကိုယ်ထဲမှာ ရှိနေပြီးသား.... ငါ့အတွက် မိစ္ဆာချုပ်နှောင်မန္တန်ကိုးခုထက်ပိုပြီး သင့်တော်တဲ့အနှစ်သာရတွေ မရှိနိုင်ဘူး

“မိစ္ဆာချုပ်နှောင်မန္တန်ကိုးခုကို ငါ့ရဲ့ တာအိုနယ်ပယ်အနှစ်သာရတွေအဖြစ် သုံးဖို့ အရင်တုန်းက ငါ အကြံရခဲ့တာ။ မန္တန်တစ်ခုစီသာ အနှစ်သာရတစ်ခု ဖြစ်လာနိုင်ရင်... ငါ မန္တန်ကိုးခုလုံးကို ရရှိတဲ့အခါ အနှစ်သာရ ကိုးခု ရသွားလိမ့်မယ်။ အဲဒီအချိန်က ငါ မန်ဟို ... ပါရာဂွန်အဆင့်တက်မယ့် အချိန်ပဲ” မန်ဟို့မျက်လုံးများသည် လင်းလက်စွာ တောက်ပနေပြီး သူ့နှလုံးသည်လည်း ဒုန်းဆိုင်းခုန်နေ၏။ ဤအခိုက်အတန့်တွင် သူကား လုံးဝတွန့်ဆုတ်မနေပေ။ ရှိရှိသမျှအစွမ်းကုန်ထုတ်ကာ ... အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၊ ခန္ဓာ-စိတ်ချုပ်နှောင်ခြင်းမန္တန်ကို ဉာဏ်အလင်းအပြည့်အဝ ရဖို့ ကြိုးစားတော့သည်။

မန်ဟို အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ဉာဏ်အလင်းရှာဖို့ စိတ်ပိုင်းဖြတ်လိုက်သည့်အခိုက်အတန့်တွင် သူ၏ကိုယ်၊စိတ်၊နှလုံးသုံးပါးလုံးသည် ထိုမန္တန်အပေါ် အာရုံအပြည့်အဝစူးစိုက်လိုက်သဖြင့် သူ့စိတ်ထဲတွင် တဂျုန်းဂျုန်းမြည်သံများ ပြည့်နှက်သွားသည်။

သူ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ခွဲခြမ်းစိတ်ဖြာ၍ မွှေနှောက်သုံးသပ်နေစဉ် သူ့စိတ်မှာ မိုးကြိုးများ တရစပ်ပစ်ချနေသကဲ့သို့ မြည်ဟည်းနေတော့သည်။

သူသည် ၎င်းက မည်သည့်အတွက်ကြောင့် ကျင့်ကြံခြင်းအခြေခံ၏ လည်ပတ်မှုကို ရပ်တန့်နိုင်သလဲ ၊ အနှစ်သာရကိုပင် မည်ကဲ့သို့ ထိန်းချုပ်နိုင်ခဲ့သလဲ၊ အနုသုခုမနတ်ခန္ဓာများကိုပင် ဘာကြောင့် ချုပ်နှောင်ပေးနိုင်သလဲ အစရှိသည်ကို ဆင်ခြင်သုံးသပ်နေ၏။

အဋ္ဌမမြောက်မိစ္ဆာချုပ်နှောင်သူက ဘာကြောင့် ဤချုပ်နှောင်မန္တန်ကို ဖန်တီးခဲ့သလဲ ဆိုသည်ကိုပင် မန်ဟို စဉ်းစားနေသည်။

ကမ္ဘာအနှစ်သာရသာ မရှိလျှင် မန်ဟို့အတွက် ဤကဲ့သို့တွေးတောဖို့ အချိန်အလွန့်အလွန် ကြာမည်။ အဆက်မပြတ် လေ့လာသုံးသပ်နေဖို့ လိုမည်။ သို့သော် ယခုတော့ ကမ္ဘာအနှစ်သာရက အချိန်စီးဆင်းမှုကို ခြားနားနေစေသယောင်ပင်။ မန်ဟို့အတွက် အတွေးလေးတစ်ချက်တည်းက နှစ်တစ်သောင်းကြာနေသည့်အလားဖြစ်ရာ ထိုအချိန်အတွင်း အကြောင်းစုံကို နားလည်နိုင်သော အကျိုးအမြတ်ရရှိနေ၏။

သူ ဆက်လက်ဆင်ခြင်သုံးသပ်နေစဉ် အပြင်သူများ၏စိတ်ထဲတွင်တော့ အော်ဟစ်ငိုယိုသံများ မရပ်မနား ပဲ့တင်နေသည်။ ကမ္ဘာအနှစ်သာရဖြစ်သော အလင်းမှုန်များမှာ မန်ဟို၏ အငမ်းမရစုပ်ယူခြင်းကို ခံနေရကြောင်း သူတို့ သိကြလေသည်။

မျက်စိတစ်မှိတ်အတွင်း အလင်းမှုန်သုံးသောင်းကျော်မှာ သူ့ကိုယ်တွင်းသို့ စုပ်ယူခံလိုက်ရသည်။

သူ၏ဆင်ခြင်သုံးသပ်နိုင်စွမ်းက ပို၍နက်နဲလာ၍ သူသည် ဖြစ်ပျက်များကို ပိုမိုလျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာလာနိုင်၏။ သူ့မျက်လုံးများက သူ့ကို မြင်လိုက်သူတိုင်း တုန်လှုပ်ချောက်ချားသွားရလောက်အောင် လင်းထိန်တောက်ပလွန်းနေသည်။

ဤအခိုက်အတန့်တွင် သူက ကမ္ဘာနှင့်တစ်သားတည်းဖြစ်နေသည့်အလား သူ့ထံမှ ဉာဏ်အလင်းအရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး မိုးနှင့်မြေနှင့် ပေါင်းစည်းသွားသည်။

ဤဉာဏ်အလင်းအမျိုးအစားသည် ကျင့်ကြံသူများ စိတ်ကူးယဉ်အိပ်မက်မက်ရသော တာအိုဉာဏ်အလင်းမျိုး ဖြစ်၏။

“မဖြစ်ဘူး” အပြင်သူတာအိုဥသျှောင်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စူးစူးဝါးဝါးအော်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်သည် အနက်ရောင်မီးလျှံများ တောက်လောင်နေသော သွေးပင်လယ်တစ်စင်းအဖြစ် ပြိုကွဲသွားပြီး ကြယ်တာရာကောင်းကင်၌ ဖြာထွက်သွားသည်။

မီးတောက်များ၏ အနက်ရောင်နှင့် သွေး၏အနီရောင်သည် လိမ်ယှက်ပေါင်းစည်းရင်း ခရမ်းရောင်ဖြစ်လာ၏။ ဤသည်မှာ စိတ်ဖယ်ခွာမဟာမှော်အစွမ်းတစ်မျိုး ဖြစ်သည်။ အပြင်သူတာအိုဥသျှောင်ကား  သူ၏အနုသုခုမနတ်ခန္ဓာစွမ်းအားအလုံးစုံကို မီးလောင်တိုက်သွင်း၍ မန်ဟို့ထံ ဝုန်းဒိုင်းကြဲ စီးဆင်းသွားသော မီးပင်လယ်ကြီးအသွင် ပြောင်းဖို့ သူ၏အပြင်အားကိုယ်နှင့် တာအိုအခြေခံကို စတေးခဲ့လေသည်။

မန်ဟိုက မရှောင်၊ သွေးပင်လယ် သူ့ထံ စီးဆင်းလာစဉ် သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပသွားသည်။ ထို့နောက် သူက သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်၏။

ထိုလက်ချောင်းဝှေ့ယမ်းက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို မထုတ်လွှတ်လိုက်သည့်တိုင် အားကောင်းသောလှိုင်းတစ်လှိုင်းက ဖြာထွက်လာကာ သွေးပင်လယ်ကို တုံ့ခနဲ ရပ်တန့်သွားစေသည်။ သို့သော်လည်း တခဏသာ ကြာလိုက်သည်။ ခရမ်းရောင်လှိုင်းလုံးကြီးများက ဟုန်းဟုန်းတောက်နေသော အပူဓာတ်ကို ဖြန့်ကျက်လျက် သုတ်သင်ခြင်းစွမ်းအားနှင့်အတူ မန်ဟို့ထံ လိမ့်လာနေသည်။

“သေစမ်း” အပြင်သူတာအိုဥသျှောင်က သွေးပင်လယ်ထဲမှ အော်လိုက်ရာ ဧရာမဖိအားကြီးသည် အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားပြီး မန်ဟို့အပေါ် ဖိချလိုက်၏။

အပြင်သူတာအိုဥသျှောင်၏ ဤသွေးရူသွေးတန်းတိုက်ကွက်သည် သူ၏စိတ်ခွန်အားအလုံးစုံကို စုစည်း၍ သူ၏ကျင့်ကြံခြင်းအခြေခံကိုလည်း မီးလောင်တိုက်သွင်းထားခြင်း ဖြစ်ရာ မန်ဟို့ကိုပင် ထိတ်လန့်သွားစေသည်။

အုန်းခနဲ ရိုက်ညောင်းသွားပြီး မန်ဟို့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူ့မှာ တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်လျက် နောက်ဆုတ်လိုက်ရသော်လည်း မီးလောင်နေသည်ကို မှု,ဟန်မတူပေ။ သူ့မျက်လုံးများက လေးနက်စွာ ဈာန်ဝင်စားနေမှုကြောင့် ငေးကြောင်နေ၏။

သူကား သူ့အရှေ့တည့်တည့်တွင် ရောက်နေသော အန္တရာယ်ကို မမြင်သည့်အလားပင်။

“သေစမ်းးးးးးးးးးးးးးး” သွေးပင်လယ်သည် အပြင်သူတာအိုဥသျှောင်၏မျက်နှာကြီးအသွင် ပြောင်းလိုက်၏။ သူက မန်ဟို့ကို မုန်းတီးစက်ဆုပ်စွာ စိန်းစိန်းဝါးဝါးကြည့်ရင်း ဟိန်းဟောက်လိုက်ရာ သွေးပင်လယ်မှာ စောစောက ပို၍ပင် ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း ရုတ်တရက် လည်လာသည်။ ထို့နောက် မန်ဟို့ကို ပြေးဝင်လာ၏။

မန်ဟိုက မီးတောက်မီးလျှံများအတွင်း၌ မျက်မှောင်ကြုတ်လျက် ထိုင်နေပြီး သူ၏မျက်လုံးများက ဉာဏ်အလင်းတို့ဖြင့် တောက်ပနေသည်။

“မဟုတ်ဘူး ဒါက ရိုးရိုးတန်းတန်း ချုပ်နှောင်အစွမ်းလေး မဟုတ်ဘူး” သူက ခပ်တိုးတိုး ရေရွတ်သည်။ “အနှစ်သာရက ... ချုပ်နှောင်မှော်အစွမ်းထဲမှာ ဖုံးကွယ်ခံထားရတာလား” ရုတ်တရက် မန်ဟို၏မျက်လုံးများ လင်းလက်သွားသည်။

“ကမ္ဘာအနှစ်သာရ ထပ်လိုတယ်” သူသည် သူ့အပေါ် ထိုးဆင်းလာနေသည့် သွေးပင်လယ်ကို အဖက်မလုပ်ဘဲ ရှေ့တစ်လှမ်းလှမ်းလိုက်၏။

သူ၏ခြေဖဝါး ကျသွားသည့်အခါ ကမ္ဘာတစ်ကမ္ဘာလုံးမှာ ၎င်းပေါ်၎င်း ထပ်သွားသကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် သူက မတူညီသောဒိုင်မန်းရှင်းထဲသို့ လမ်းလျှောက်သွားသည့်အလား၊ တောင်ပင်လယ်လောကတွင် မဟုတ်တော့သည့်အလား ကမ္ဘာသည် နှစ်ခြမ်းကွဲသွား၏။

ယခုတွင် သူသည် သူ၏မူလနေရာကို ဝုန်းခနဲ တိုက်ချလိုက်သော သွေးပင်လယ်၏အပြင်သို့ ရောက်နေ၏။ တစ်ချိန်တည်းမှာပင် ကမ္ဘာအနှစ်သာရအလင်းမှုန်များက မန်ဟို့ထံ စီးဆင်းလာကြသည်။

တစ်သောင်း၊ နှစ်သောင်း …. မျက်စိတစ်မှိတ်အတွင်း သူကား ကမ္ဘာအနှစ်သာရတစ်ဝက်ကျော်ကို စုပ်ယူခဲ့ပြီးလေပြီ။

သူ့စိတ်သည် တဂျုန်းဂျုန်းမြည်နေပြီး သူ၏ဉာဏ်က အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ခွဲခြမ်းစိတ်ဖြာနေပြီး နောက်ဆုံးတွင်တော့ ... ချုပ်နှောင်ခြင်းမှော်အစွမ်း၏ အနှစ်သာရကို သူ တွေ့သွားသည်။

“အာကာသ...” သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။

All Chapters