ကြေကွဲရခြင်း (၃)
Vol. 003 Ch. 104
ဝမ်လင်းသည် ဤကဲ့သို့ ခံစားချက်မျိုးကို ယခင်က တစ်ခါမှ မခံစားဖူးပေ။ နှလုံးသား တစ်ခုလုံး နာကျင် စူးအောင့်နေပြီး ခန္ဓာကိုယ်ရှိ သွေးများ အားလုံးကလည်း အပြင်သို့ စုပ်ထုတ် ခံရသကဲ့သို့ ခံစားနေရကာ ခေါင်းထဲတွင်လည်း မူးဝေနေသည်။
ဝမ်လင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသည့် နာကျင်မှုကို တောင့်ခံပြီး လျင်မြန်စွာ ဆက်ပြေး၏။ ဝမ်လင်းက နောက်က လိုက်လာသူ သုံးယောက်ကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အေးစက်သွားကာ အလောင်းကောင်ဂိုဏ်းသားများရှိသည့်နေရာသို့ ဦးတည်လိုက်သည်။
***
ဝမ်ကျောက်နှင့် ဝမ်ဟို၏ စိတ်ထဲတွင် ထိတ်လန့်နေကာ ခိုကိုးရာ မဲ့သကဲ့သို့ ခံစားနေရသည်။ သူတို့သည် အစောင့်နှင့်သူ့ညီမ သေသွားသည်ကို ကြည့်ပြီး လှုပ်ပင် မလှုပ်ရဲကြချေ။
ထန်းဟွယွမ်က ပြုံးလိုက်ပြီး အိမ်တော်ထဲသို့ လမ်းလျှောက်ပြီး ဝင်လာနေ၏။ သူက လက်နှစ်ဖက်ကို ကပ်ပြီး ပြန်ခွာလိုက်ရာ ခရမ်းရောင် အလင်းကွင်းတစ်ခု ပေါ်ထွက်လာပြီး အိမ်တော်ကို ပိတ်ဆို့လိုက်သည်။
သူက ဘေးမှ အိမ်တစ်လုံးထဲသို့ အရင်ဝင်သွားလိုက်သည်။ ထိုအိမ်သည် အစေခံများ နေထိုင်သောအိမ် ဖြစ်သည်။ ထန်းဟွယွမ် ဝင်သွားပြီးနောက် စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ် လာပြီး အဝါရောင် အငွေ့များကိုလည်း အလံက စုပ်ယူသွား၏။
နာကျင်မှုများဖြင့် ပြည့်နေသော အစေခံများ၏ မျက်နှာများက အလံပေါ်တွင် ပေါ်လာသည်။
ထန်းဟွယွမ်က နောက်ထပ် အိမ်တစ်လုံးထဲသို့ ဆက်ဝင်သွားရာ အော်ဟစ်သံများက ချက်ချင်း ထွက်ပေါ်လာသည်။
မကြာမီ ဝမ်မိသားစုမှ အစေခံအားလုံးသည် ဝိညာဉ်အဖြစ်သို့ ပြောင်းသွားကာ အလံထဲသို့ ဝိညာဉ်များအားလုံး စုပ်ယူ ခံလိုက်ရသည်။ ကျန်ရှိနေသေးသည့် ဝမ်မိသားစုဝင်များသည် ထွက်ပြေးရန် ကြိုးစားသော်လည်း ခရမ်းရောင် အလင်းကွင်းက သူတို့ကို ထွက်သွား၍ မရစေရန် ပိတ်ဆို့ထား၏။
သူတို့သည် ထွက်ပြေး၍ မရဘဲ ကြောက်မက်ဖွယ် အော်သံများကိုသာ ဆက်တိုက် နားထောင် နေရသည်။ ထိုအသံများကို ကြားနေရခြင်းက ဝမ်မိသားစုမှ လူများကို ပိုပြီး ထိတ်လန့်တုန်လှုပ်စေသည်။
ထန်းဟွယွမ်က ရေရွတ်လိုက်သည်…
“လီအာ… အဲဒီလူက မင်းကို သတ်သွားတယ်… ဒါကြောင့် မင်းအတွက် သူ့ရဲ့ မိသားစု တစ်ခုလုံးကို သတ်ပြီး လက်စား ချေပေးနေပြီ… “
ရေရွတ် ပြီးသည်နှင့် သူက နောက်ထပ် အိမ်တစ်လုံးထဲသို့ ဝင်ရောက်သွား၏။
ထိုအခါ ဝမ်ဟို၏ ခန္ဓာကိုယ်က တုန်သွားပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းက အော်ပြောလိုက်သည်…
“မလုပ်ပါနဲ့… “
ထန်းဟွယွမ်က နောက်သို့ တစ်ချက်လှည့်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက လက်၀ှေ့ယမ်းလိုက်ရာ အိမ်တစ်ခုလုံး ပျောက်ကွယ်သွားပြီး အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ပေါ်လာသည်။ သူတို့၏ မျက်နှာတွင် ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။
ထိုလူ နှစ်ယောက်သည် ဝမ်လင်း၏ ဦးလေးသုံးနှင့် အဒေါ်ဖြစ်သကဲ့သို့ ဝမ်ဟို၏ မိဘနှစ်ပါး လည်း ဖြစ်သည်။
ထန်းဟွယွမ်၏ ညာလက်က အပေါ်သို့ တက်လာသည်နှင့် ဝမ်ဟို၏ အဖေကလည်း လေထဲသို့ မြှောက်တက်လာသည်။ ဝမ်ဟို၏ အဖေသည် သူ့လည်ပင်းကို တစ်ခုခုက ညှစ်ထားသကဲ့သို့ ခံစား နေရပြီး ချက်ချင်း မျက်နှာက နီရဲလာကာ ပါးစပ်ကို ဟလိုက်ရသည်။ သူ၏ မျက်နှာတွင်လည်း နာကျင် မှုများဖြင့် ပြည့်လာသည်။
ဝမ်ဟို၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်များ စီးကျလာသည်။ သူက အော်ဟစ်လိုက်ပြီး ပြေးထွက်သွားရန် လုပ်လိုက်သော်လည်း ဝမ်ကျောက်က သူ့ကို ဆွဲထားပြီး တိုးတိုးလေး ပြောလိုက်သည်…
“ဝမ်ဟို… အရမ်း အလျင်စလို မလုပ်နဲ့… ဒီလူက စဦး စိတ်ဝိညာဉ်အဆင့်ပဲ… “
ထန်းဟွယွမ်က လှောင်ပြုံး ပြုံးလိုက်ပြီး လက်ကို လက်သီးဆုပ် ဆုပ်လိုက်ရာ ဝမ်ဟို၏ အဖေရဲ့ ဦးခေါင်းသည် ကြေမွသွားပြီး ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ကျသွား၏။ သူ၏ ဝိညာဉ်ကိုလည်း အလံက စုပ်ယူလိုက်၏။
“မလုပ်ရဘူး…. “ ဝမ်ဟို၏ အသံကလည်း အက်ကွဲနေပြီး ရင်ဘတ်ထဲမှ နာကျင်မှုကို ခံစား လိုက်ရကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ သူ့အဖေ၏ ခန္ဓာကိုယ်ကို ကြည့်ကာ ဝမ်ဟိုက ရေရွတ်လိုက်သည်… ‘ဘာလို့လဲ… ဘာလို့ ဒီလို လုပ်ရတာလဲ… “
ထန်းဟွယွမ်က ဝမ်ဟို၏ အမေကို ထပ်ဖမ်းချုပ်ပြီး ခေါင်းကို ချေမွကာ သူမကို ဝမ်ဟို၏ ရှေ့သို့ ပစ်လိုက်သည်။
ဝမ်ဟို၏ ခန္ဓာကိုယ်က တုန်သွားကာ နောက်ထပ် သွေးများကို အန်ထုတ်လိုက်ပြီး လဲကျသွား၏။ သူက သူ့အမေ၏ ခန္ဓာကိုယ်ကို ကိုင်ထားပြီး မျက်ရည်များက တသွင်သွင် စီးကျလာသည်။ ထို့နောက် သူက အော်ပြောလိုက်သည်…
“ဘာလို့လဲ… “
ထန်းဟွယွမ်၏ မျက်နှာက သုန်မှုန်သွားပြီး လက်ကို ၀ှေ့ယမ်းလိုက်ရာ ခရမ်းရောင် အလင်းတန်း များ ထွက်သွားပြီး အိမ်များအားလုံး အမှုန့်ဖြစ်သွား၏။ ထို့အတူ လူ ၄၀ ခန့်ကလည်း မြေပြင်ပေါ်တွင် ပေါ်လာသည်။
မြေပြင်ပေါ်တွင် ရှိသော ဦးခေါင်းမရှိတော့သည် အလောင်းများကို မြင်ပြီး အမျိုးသမီး တစ်ယောက်က ကြောက်လန့်ကာ ငိုယိုလိုက်၏။
ထန်းဟွယွမ် ပြုံးပြီး လူတစ်ယောက်ကို ဆွဲထုတ်လိုက်သည်။ ထိုလူက ဝမ်လင်းအဖေ၏ ဦးလေးသုံး ဖြစ်ပြီး ဝမ်မိသားစု၏ အသက်အကြီးဆုံး မိသားစုဝင်လည်း ဖြစ်သည်။
ထို့နောက် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်ကို အလံက စုပ်ယူသွား၏။
ဝမ်ဟိုက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ကြက်သေသေနေသည်။ ဝမ်ကျောက်၏ လက်က သူ့အား ဖမ်းချုပ်ကိုင်ထားသည့် နေရာတွင် သွေးခြေဥပြီး ညိုမည်းနေသည်ကိုပင် သတိမပြုမိတော့ချေ။
ဝမ်ကျောက်ကလည်း လူအုပ်ထဲမှ သူ့မိဘများကို ကြည့်ပင် မကြည့်ရဲတော့ဘဲ ခေါင်းကို ငုံ့ထားလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများသည် နီရဲနေ၏။
ဝမ်လင်း၏ ဦးလေးလေးသည် ကြမ်းတမ်းစွာ နေခဲ့ရသဖြင့် တခြားသူများထက် ပိုပြီး ရဲရင့်သည်။ သူက မဲ့ပြုံး ပြုံးလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်၏။ သူ့ဇနီးကလည်း လွန်ခဲ့သော တစ်နှစ်က သေဆုံး သွားခဲ့သည်။ သူ့သားကိုလည်း သိုင်းဂိုဏ်းတစ်ခုကို ပို့ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက သေရန် အသင့် ဖြစ်နေသည်။ ထို့ကြောင့် သူက ကျယ်လောင်စွာဖြင့် မေးလိုက်သည်။
“အင်မော်တယ်… ကျွန်တော်တို့ ဝမ်မိသားစုက အင်မော်တယ်ကို ဘယ်လိုများ အပြစ်ပြုမိတာ ရှိလို့ပါလဲ… ကျွန်တော်တို့ သာမန်သေမျိုးတွေက သင်တို့လို အင်မော်တယ်တွေရဲ့ မျက်လုံးထဲမှာ ပုရွတ်ဆိတ် တစ်ကောင်ထက် မပိုဘူးဆိုတာ သိပါတယ်… ဒါပေမဲ့လည်း ပုရွတ်ဆိတ် ဆိုရင်တောင်မှ ဒီလို လုပ်ရတဲ့ အကြောင်းရင်းကို သိသင့်ပါတယ်… “
ထန်းဟွယွမ်နှင့် အတူပါလာသော ကျင့်ကြံသူနော က်တစ်ယောက်က အံ့ဩသွားပြီး ဝမ်လင်း၏ ဦးလေးလေးကို စစ်ဆေးကြည့်လိုက်သည်။
“ဘာကြောင့်လဲ… ဟုတ်လား… “
ထန်းဟွယွမ်က သေဆုံးနေသည့် လူများကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်…
“မင်းတို့ ဝမ်မိသားစုထဲက တစ်ယောက်ယောက်က ငါ့ရဲ့ အချစ်ရဆုံး မြေးကို သတ်လိုက်တယ်… ဒါကြောင့် မင်းတို့ အားလုံးကို ငါက ပြန်သတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာပဲ… “
ပြောပြီးသည်နှင့် သူက လေထဲတွင် လက်ကို ဆုပ်လိုက်ရာ နောက်ထပ် လူ ၁၀ ယောက်ကျော် သေဆုံးသွားပြန်သည်။
ဝမ်ဟိုက ဝမ်ကျောက်၏ လက်မှ ရုန်းထွက်ပြီး ရှေ့သို့ ပြေးသွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ကျောက်က ထပ်မံဆွဲထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏…
“ဝမ်ဟို… ဘယ်လိုပဲ ဖြစ်နေပါစေ… ငါတို့ အသက်ရှင်ရမယ်… ဒါမှ ငါတို့ ပြန်ပြီး လက်စား ချေနိုင်လိမ့်မယ်… “
ဝမ်လင်း၏ ဦးလေးလေးက ခါးသက်စွာ ပြုံးပြီး ပြောလိုက်သည်…
“အင်မော်တယ်… ငါတို့ရဲ့ ဝမ်မိသားစုက ဘယ်လိုလုပ် သင့်ရဲ့မြေးကို သတ်နိုင်မှာလဲ… ဒီနှစ် ၁၀၀ အတွင်းမှာ ငါတို့ ဝမ်မိသားစုက အင်မော်တယ် သုံးယောက်ပဲ ထွက်ပေါ်လာတာ… “
ဝမ်လင်း၏ ဦးလေးလေးက ပြောနေရင်းဖြင့် တစ်ခုခုကို နားလည် သွားသည့်အလား စကားကို ရပ်လိုက်သည်။
ထိုအချိန်တွင် အသက်ရှင်နေသေးသည့် လူများထဲမှ ဒူးထောက်နေသည့် ဝမ်ကျောက်၏ အဖေက ပြောလိုက်သည်…
“အင်မော်တယ်… သင့်ရဲ့မြေးကို သတ်လိုက်တဲ့ လူရဲ့ နာမည်က ဝမ်လင်း ဖြစ်ပါတယ်… “
ထန်းဟွယွမ်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လက်သွားပြီး စိတ်ထဲတွင် တွေးလိုက်သည်…
“ဝမ်လင်း… သူ့နာမည်က ဝမ်လင်းလား… “
သူက ဝမ်ကျောက်၏ အဖေကို ကြည့်ပြီး လက်ကို ဆန့်ထုတ်လိုက်ပြီး ဝမ်ကျောက်၏ အဖေကို သူ့ရှေ့သို့ ဆွဲယူဖမ်းကိုင် ထားလိုက်၏။ သူက ဝမ်ကျောက်၏ အဖေ မျက်လုံးထဲကို စိုက်ကြည့်ကာ တစ်လုံးချင်း အံကြိတ်ပြီး ပြောလိုက်သည်…
“ဝမ်လင်းအကြောင်း ငါ့ကို အကုန်ပြောပြစမ်း… “
ဝမ်ကျောက်၏ အဖေက ထန်းဟွယွမ်အား ဝမ်လင်း၏ မိဘများ နေထိုင်ရာအရပ် အပါအဝင် ဝမ်လင်းနှင့် ပတ်သက်သည့် အကြောင်းအရာ အားလုံးကို လျင်မြန်စွာ ပြောပြလိုက်သည်။ သူ့စိတ် ထဲတွင်လည်း ကောက်ကျစ်စွာ ပြောလိုက်သည်…
“ဒီလူက မင်းကို မသတ်နိုင်ရင်တောင် မင်း မိဘတွေတော့ သေရလိမ့်မယ်… သေကြစမ်း… “
ထန်းဟွယွမ်က နားထောင်ပြီးသည်နှင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် လက်ဝါးကို ဆုပ်ပြီး ပြန်ဖွင့်လိုက်ရာ အလင်းလုံး တစ်လုံး ထွက်လာသည်။ ထို အလင်းလုံးကို ရှေ့သို့ အသာအယာ တွန်းလိုက်ရာ စွမ်းအင်လှိုင်းတစ်ခုက ဖြာထွက်သွား၏။
အနီးဆုံးလူသည် ဝမ်ကျောက်၏ အဖေ ဖြစ်သည်။ သူ့ကို စွမ်းအင်လှိုင်းက ထိသွားသည်နှင့် တစ်ကိုယ်လုံး အမှုန်ဘဝ ပြောင်းသွား၏။ လူတိုင်းက စွမ်းအင်လှိုင်းနှင့် ထိသည်နှင့် တစ်ပြိုင်နက် သေဆုံး သွားရပြီး သူတို့၏ ဝိညာဉ်အားလုံးကို အလံက စုပ်ယူလိုက်သည်။
ဝမ်လင်း၏ ဦးလေးလေးကို စွမ်းအင်လှိုင်းက ထိတော့မည် အချိန်တွင် အဖြူရောင် အလင်းတစ်ခုက သူ့ တစ်ကိုယ်လုံးကို ကာကွယ်ဖုံးအုပ် သွားပြီး စွမ်းအင်လှိုင်း၏ အန္တရာယ်မှ ကာကွယ် ပေးလိုက်၏။
ထန်းဟွယွမ်က နောက်လှည့်ပြီး သူနှင့် ပါလာသော ကျင့်ကြံသူကို စူးစိုက်ကြည့်လိုက်သည်။
ထို ကျင့်ကြံသူက သက်ပြင်းချပြီး ပြောလိုက်သည်…
“ရောင်းရင်းထန်း… ဒီလူကိုတော့ အသက်ရှင်ခွင့် ပေးလိုက်ပါ… သူက ငါ့အတွက် အသုံးဝင် တယ်… “
ထန်းဟွယွမ်က ဝမ်ကျောက်နှင့် ဝမ်ဟိုကို ကြည့်ပြီး ပြောလိုက်သည်…
“သူတို့ နှစ်ယောက်ရဲ့ ကိစ္စကိုလည်း မင်း ဝင်မရှုပ်ပါနဲ့… “
ထိုကျင့်ကြံသူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ထန်းဟွယွမ်ကို ပြောလိုက်သည်…
“ရောင်းရင်းထန်း… ဒီလိုသိသာနေတဲ့ မေးခွန်းကို ဘာလို့မေးတာလဲ… တကယ်လည်း ငါ မင်းကို မတားဘူး… ဒါပေမဲ့… စီနီယာ ဖုနန်ဇီက မေးလာခဲ့ရင်တော့ အမှန်အတိုင်း ပြောပြရလိမ့်မယ်… “
ထန်းဟွယွမ်က ထိုကျင့်ကြံသူကို ကြည့်လိုက်သည်။ အချိန်တော်တော် ကြာပြီးနောက် သူက မြေပေါ်သို့ ခြေတစ်ချက် ဆောင့်ချလိုက်ရာ ဝမ်မိသားစု ခြံဝန်းတစ်ခုလုံး ပြိုကျ ပျက်စီးသွား၏။
ထို့နောက် သူက ဝမ်ကျောက်နှင့် ဝမ်ဟိုကို တစ်ချက်ပင် မကြည့်တော့ဘဲ ဝမ်လင်း၏ မိဘများ ရှိရာသို့ ပျံသန်းသွား၏။
ရှေ့မှ အပျက်အစီးပုံကြီးကို ကြည့်ပြီး ဝမ်ကျောက်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ သူက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် မြေပြင်တွင် ဒူးထောက်ကာ ဦးတိုက်လိုက်သည်။ သူ၏ နဖူးမှ သွေးများက စီးကျလာပြီး သူ၏ မျက်နှာသည် အလွန် လေးလေးနက်နက် ရှိနေသည်။
ဝမ်ဟိုက အံကြိတ်ထားကာ နာကြည်းစွာ ရယ်မောလိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွား၏။
ဝမ်ကျောက် ထလိုက်ပြီး ဝမ်ဟိုက ဆွဲယူကာ သူတို့ကို ကူညီပေးခဲ့သော ကျင့်ကြံသူကို ဦးညွှတ်လိုက်သည်။ ထို့နောက် ဝမ်ဟိုကို ခေါ်ပြီး ရွှမ်တောက်ဂိုဏ်း ရှိရာအရပ်သို့ ထွက်ခွာသွားကြ၏။
ကျန်နေခဲ့သော ကျင့်ကြံသူက သက်ပြင်းချပြီး စဉ်းစားလိုက်သည်…
“ဒါက တစ်ကယ့်ကို အလွန် ကြီးမားတဲ့ အပြစ်ကြီးပဲ… ငါ လုပ်လိုက်တာ မှန်လား၊ မှားလားတောင် မသိတော့ဘူး… ဒါပေမဲ့ ဒီသေမျိုးက သာမန်တော့ မဟုတ်ဘူး… “
ထိုအကြောင်းကို တွေးပြီးသည်နှင့် လက်ကို ၀ှေ့ယမ်းလိုက်ရာ ဝမ်လင်း၏ ဦးလေးနှင့်အတူ သူက ဝမ်မိသားစု ခြံဝန်းမှ ပျောက်ကွယ်သွား၏။
ထန်းဟွယွမ်က ဝမ်လင်း၏ မိဘများ နေထိုင်သော ကျေးရွာလေးသို့ လျင်မြန်စွာ ရောက်ရှိ လာသည်။ နာကျင်စွာ ခံစားနေရသော ဝမ်မိသားစု၏ မျက်နှာ၁၀၀ကျော်က သူ့လက်ထဲမှ အလံ မျက်နှာပြင်ပေါ်တွင် ပေါ်နေသည်။
ထို့အတူ အလံမှ စိတ်မသက်မသာဖြစ်စေသော အော်ဟစ်သံလှိုင်းများ ထွက်ပေါ်နေသည်။
သူက ရွာဆီသို့ ရောက်သည်နှင့် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ဝမ်လင်း၏ အိမ်ကို တွေ့သွားပြီး တဟုန်ထိုး ပျံသန်းသွား၏။
၁၅မိနစ်ခန့် ကြာပြီးနောက် ထန်းဟွယွမ်သည် ဝမ်လင်း၏ အိမ်ထဲမှ လမ်းလျှောက်ပြီး ထွက်လာသည်။ သူက ညာလက်ဖြင့် အလံကို ပုတ်လိုက်ပြီး သွေးအနည်းငယ်ကို အလံပေါ်သို့ အန်ထုတ် လိုက်ရာ အလံက အဆမတန် ကြီးမားလာ၏။ ထို့အတူ အလံ မျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်လေးများ ပေါ်လာပြီး အော်သံများ ပေါက်ကွဲထွက်လာသည်။ တဖြည်းဖြည်း လှိုင်းတွန့် ကလေးများ ပျောက်ကွယ် သွားသည်နှင့် မြင်ကွင်းတစ်ခုက အလံ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ထိုမြင်ကွင်းသည် တောထဲတွင် ပြေးလွှားနေသော ဝမ်လင်း၏ပုံရိပ် ဖြစ်သည်။
ထန်းဟွယွမ်က ပြုံးလိုက်ပြီး မြင်ကွင်းကို ညာလက်ဖြင့် ညွှန်လိုက်သည်။
***
ထိုအချိန်တွင် ဝမ်လင်းက အမည်မသိ နာကျင်ခံစားမှု အောက်တွင် သူ့နောက်မှ လိုက်လာသူ သုံးယောက်အား အလောင်းကောင်ဂိုဏ်း၏ စုရပ် နေရာသို့ ဦးဆောင်ခေါ်သွား၏။
‘နာကျင်မှု… ဖော်မပြ နိုင်လောက်သည့် နာကျင်မှု… အဆုံးမဲ့ နာကျင်မှု… ‘
ထိုကဲ့သို့ နာကျင်မှုမျိုးက ဝမ်လင်း၏ နှလုံးသားထဲတွင် အပြည့် ဖြစ်နေသည်။ ကျင့်ကြံသူများ သည် ခံစားသိရှိမှုတွင် အလွန်အားကောင်း ကြသည်။ ယခုကဲ့သို့ ခံစားချက်မျိုးကို ယခင်က တစ်ခါမျှ မခံစားဖူးပေ။
ရုတ်တရက် သူ့ မိဘများပါသည့် မြင်ကွင်းတစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။
မကြာမီ နောင်တစ်သက်လုံး သူ့ဘဝတွင် အမှတ်ရနေမည့် မြင်ကွင်းတစ်ခုကို ဝမ်လင်း မြင်လိုက်ရ၏။
“မလုပ်နဲ့… “
သူ့ မျက်တွင်းနှစ်ခုမှ သွေးစီးကြောင်း နှစ်ခုက အပြင်ဘက်သို့ စီးကျလာသည်။
နာကျင်မှု … ရင်ထဲမှ လာသည့် နာကျင်မှု … သားတစ်ယောက်၏ ရင်ထဲမှ မမြင်ချင်သော မြင်ကွင်း တစ်ခုကို မြင်လိုက်ရသည့် အတွက် နာကျင်မှုကို အဆုံးစွန် ခံစားလိုက်ရသည်။
ချက်ချင်း သူ၏ တစ်ကိုယ်လုံး တုန်ယင်လာပြီး ကိုယ်ထဲမှ ယင်စိတ်စွမ်းအင်များက ပြင်းထန်စွာ လှုပ်ရှားလာကာ သူ၏ ထိန်းချုပ်မှုမှ ကင်းလွတ်သွား၏။ ထို့အတူ သူနှင့် ၁၀ မီတာ ပတ်လည်အတွင်းမှ အပင်များ အားလုံး ချက်ချင်း ခဲသွား၏။ သူ့ကိုယ်မှ ထုတ်လွှတ်လျက် ရှိသော ပြင်းထန်သော အေးခဲ အော်ရာက တဖြည်းဖြည်း ပိုပြီး အားကောင်းလာသည်။
ထို အခိုက်အတန့်တွင် ဝမ်လင်းက “ဂျိ” နယ်ပယ်ထဲသို့ ဝင်ရောက်သွား၏။
***