← Chapters

မိတ်ဆွေဟောင်း

Vol. 003 Ch. 108

မိတ်ဆွေဟောင်း

Vol. 003 Ch. 108

ဝမ်လင်းက ဂူထဲမှ ထွက်ပြီး ကြည့်လိုက်ရာ အဖွဲ့ ၅ ဖွဲ့ကွဲနေသော လူ ၁၀၀ ကျော်ကို တွေ့လိုက် ရသည်။ သူတို့သည် လူငယ်တစ်ယောက်ကို ဝိုင်းထားကြ၏။ လူအုပ်ထဲမှ သက်လတ်ပိုင်း လူကြီး တစ်ယောက် ထွက်လာပြီး လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်…

“ဂျူနီယာလီရှန် … မင်းတို့ ဂိုဏ်းမှာလည်း တိုကင်ပြားတစ်ခု ရှိပါတယ် … ဘာကြောင့် အများကြီး လိုက်ယူနေတာလဲ … တိုကင်ပြားကို ပြန်ပေးမယ်ဆိုရင် ငါတို့ မင်းကို ဒုက္ခမပေးဘူး… “

ထိုစဉ် ဝူဖုန်တောင်ကြားမှ တပည့် တစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်…

“လီရှန် … တိုကင်ပြားကို ပေးပါ … မပေးရင် မင်း သေရမယ်… “

ဝိုင်းခံထားရသော လူသည် ဝမ်လင်းနှင့် ဟုန်ယွီဂိုဏ်းတွင် ဆုံခဲ့ဖူးသော လီရှန်ဖြစ်သည်။ ကြွယ်မင် တောင်ကြားထဲသို့ ဝင်လာသည့် ရွှမ်တောက် ဂိုဏ်းသားများထဲတွင် တစ်ဦးတည်းသော ချီစုစည်းခြင်း အဆင့် ဖြစ်သည်။

ကြွယ်မင် တောင်ကြားထဲသို့ လီရှန် ဝင်လာနိုင်ခြင်းမှာ သူသည် မှော်ဆေးလုံး အတုများ ပြုလုပ် ရာတွင် တော်ပြီး ချောင်းမြောင်း တိုက်ခိုက်ရာတွင် ဆရာတစ်ဆူ ဖြစ်သောကြောင့် ဖြစ်၏။

ထို စွမ်းရည်များကြောင့် ဖုနန်ဇီက သူ့ကို ကြွယ်မင် တောင်ကြားသို့ လိုက်ပါခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ ဖုနန်ဇီက သူ့ကို တခြားသူများက သတိ မပြုမိနိုင်သည့် မှော်ရတနာ တစ်ခုကိုပါ ပေးလိုက် သေး၏။ ထိုရတနာ၏ အားနည်းချက်သည် အသုံးပြုပါ များလေ အစွမ်းက လျော့နည်းလာလေ ဖြစ်သည်။

လီရှန်သည် သူ့ ညီအစ်ကိုများ၏ ကာကွယ်မှုဖြင့် တိုက်ခိုက်နေသည့် ကြားထံမှ တိုကင်နှစ်ခုကို ရအောင် ယူနိုင်ခဲ့သည်။

ရွှမ်တောက်ဂိုဏ်းမှ တိုကင်ပြားနှင့်ပါ ပေါင်းလိုက်လျှင် သူတို့ထံ၌ တိုကင်ပြား ၃ ပြား ရှိနေပြီ ဖြစ်သည်။

တိုကင်ပြား ဆုံးရှုံးသွားသော ဂိုဏ်းများသည် တခြား တိုကင်ပြားကို ပြန်ယူနိုင်မလား ဆိုသည့် မျှော်လင့်ချက်လေးဖြင့် တခြားသူများကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ကြွယ်မင် တောင်ကြားတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်နေခြင်း ဖြစ်သည်။

သို့သော်လည်း လီရှန်က လောဘကြီးပြီး ကြွယ်မင် တောင်ကြားသို့ ဝင်ရောက် လာပြီးနောက် တွင် တစ်ယောက်ယောက်ကို မြင်သည့်အခါတိုင်း သူက ဖုနန်ဇီ ပေးလိုက်သော မှော်ရတနာဖြင့် သူ့ကိုယ် သူ ပုန်းကွယ်ကာ တခြားသူဆီမှ ပစ္စည်းများကို ခိုးယူတတ်၏။ မှော်ရတနာကို တစ်ကြိမ် သုံးပြီးတိုင်း အစွမ်းကလည်း တဖြည်းဖြည်း လျော့ကျ လာသည်။ သူက ၄ ခုမြောက် တိုကင်ပြားကို ခိုးသည့် အခါတွင် မှော်ရတနာ၏ အစွမ်းက လုံးဝ ကုန်ဆုံးသွား၏။ သူပေါ်လာသည်နှင့် ရွှမ်တောက်ဂိုဏ်းမှ တပည့်များက အလျင်အမြန် ရောက်လာပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့သည်။ သို့သော်လည်း ထိုသတင်းက ဂိုဏ်းများ အားလုံးဆီသို့ ရောက်သွားပြီး တိုကင်ပြား မရှိတော့သည့် ဂိုဏ်းများ အားလုံးသည် တိုက်ခိုက် နေခြင်းမှ ရပ်တန့် လိုက်ကြပြီး ရွှမ်တောက် ဂိုဏ်းသား၏ စုရပ်ဆီသို့ စုဝေးလာကြသည်။

ထိုနေရာတွင် ရွှမ်တောက်ဂိုဏ်းသားများကို ပိတ်ဆို့ ထားနိုင်သော်လည်း လီရှန်ကတော့ တူးထားသည့် မြေအောက်လိုဏ်ခေါင်းမှ လျှို့ဝှက်စွာ လွတ်မြောက်သွား၏။ သို့သော်လည်း လိုဏ်ခေါင်းမှ ထွက်လာသည့် အချိန်တွင် သူ့ကို တခြားသူများက တွေ့သွားကြသည်။

လိုဏ်ခေါင်းထဲမှ ထွက်လာပြီးနောက် ရှေ့သို့ အနည်းငယ် ပြေးပြီးချိန်တွင် နောက်သို့ လှည့်ကြည့် လိုက်ရာ ဓားအလင်းတန်း ၁၀၀ ကျော်က သူ့နောက်သို့ လိုက်လာသည်ကို တွေ့လိုက်ရသည်။ သူ့နောက်မှ လိုက်လာသူ အားလုံးသည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ဖြစ်နေသဖြင့် နောက်ဆုံးတွင် သူ့ကို မိသွား ၏။

လီရှန်က ဒူးထောက်နေပြီး တိုကင်ပြား နှစ်ခုကို မြေပြင်ပေါ်သို့ ပစ်ပေးလိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဂိုဏ်းနှစ်ခုက ထို တိုကင်ပြားနှစ်ခုကို ယူရန် ပြေးထွက် လာသည်။ သို့သော်လည်း တခြား ဂိုဏ်းများသည်လည်း တိုကင်ပြားကို ဆုံးရှုံးထားသည့် အတွက် မည်သို့ခွင့်ပြု နိုင်ပါမည်နည်း။ ထို့ကြောင့် သူတို့ကလည်း ထိုလူများကို တားဆီးရန် ထွက်လာ ကြသည်။

မြေပြင်ပေါ်မှ တိုကင်ပြားနှစ်ခုကို ကြည့်ပြီး ဝမ်လင်း၏ မျက်လုံးများက အရောင်တောက် လာသည်။ သူက တိုကင်ပြားဆီသို့ အပြေးသွားလိုက်၏။ တစ်ယောက်ယောက်က သူ့ကို သတိပြုမိ သွားပြီး သူ့ကိုတားဆီးရန် ပြေးလာသည်။ သို့သော်လည်း ဝမ်လင်းက ဆွဲငင်အားနည်း စနစ်ဖြင့် ထိုလူကို လွှင့်ပစ်လိုက်၏။

ဝမ်လင်းက တိုကင်ပြား အနားသို့ ရောက်သွားသောအခါ တိုက်ခိုက်နေသည့် လူများက ဝမ်လင်းကို သတိပြုမိသွားကြသည်။ ဝမ်လင်းကို မှတ်မိနေသည့် လူများက စိတ်ထဲတွင်သာ ကျိန်ဆဲ လိုက်ကြ၏။ သို့သော်လည်း သူတို့သည် ဝမ်လင်းကို မတားဆီးရဲသကဲ့သို့ ရှေ့ပင် တိုးမလာရဲကြချေ။

သို့သော်လည်း ဝမ်လင်း၏ အကြောင်းကို ကြားသာကြားဖူးပြီး မမြင်ဖူးသေးသော လူများက ချက်ချင်း ဝမ်လင်းဆီသို့ ပြေးဝင်လာကြ၏။ ဝမ်လင်းက အစိမ်းရောင် ဓားလေးကို ထုတ်ပြီး ပစ်လွှတ်လိုက်သည်။ ဓားရောင်တစ်ချက် လက်သွားတိုင်း ကျင့်ကြံသူ တစ်ယောက် ရေခဲရုပ်ထု ဖြစ်ပြီး သေဆုံးသွား၏။

ဝမ်လင်းသည် စိတ်ထဲတွင် ကြိတ်၍ သက်ပြင်း ချလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက သူ့ဓားနှင့် ပတ်သက်၍ အနည်းငယ် လွဲမှားနေသည်ကို သတိပြုမိသည်။ သူ၏ စိတ်စွမ်းအင် များ ပြောင်းလဲ လာပြီးနောက်ပိုင်း ဓားကို ထိန်းချုပ်ရ ခက်ခဲလာသည်။ သို့သော်လည်း ဓားကို အပြည့်အဝ ထိန်းချုပ်လိုလျှင် ဓားအပေါ်တွင် ပိုပြီးတော့ အာရုံစိုက်ကာ ထိန်းချုပ်ရ၏။

သူ၏ ဂျိနယ်ပယ် စိတ်စွမ်းအင်နှင့်ဆိုလျှင် မည်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံသူ မဆို သူ့ကို မတားဆီးနိုင်ပေ။ သူတို့၏ ဂိုဏ်းမှ ပေးလိုက်သော ရတနာများနှင့် ဆိုလျှင်တောင်မှ သူ့ကို မတားဆီးနိုင်ပေ။

ဂျိနယ်ပင် ကျင့်ကြံသူ တစ်ယောက်၏ အကောင်းဆုံး လက်နက်သည် သူ၏ ဂျိနယ်ပယ် ဖြစ်ကြောင်း ပြော၍ရသည်။

ဝမ်လင်းက နောက်ထပ် ခြေ ၅ လှမ်း လှမ်းပြီးသွား၏။ ခြေတစ်လှမ်း လှမ်းတိုင်း ကျင့်ကြံသူ များစွာက သူ၏ဓားကြောင့် သေဆုံးသွားရသည်။ တဖြည်းဖြည်းဖြင့် သူ့အနားမှ လူများကလည်း နည်းနည်းလာပြီး ကျန်နေသေးသည့် အနည်းငယ်သော လူများက အလျင်အမြန် နောက်သို့ ဆုတ်ပြေး ကြ၏။ မည်သူမှ ရှေ့ကို တစ်လှမ်း တိုးမလာရဲ ကြတော့ချေ။

ဝမ်လင်းက သာသာယာယာဖြင့် လီရှန်၏ ရှေ့သို့ ရောက်လာသည်။ လီရှန်ကား အလွန် ကြောက်လန့်နေပြီး ခေါင်းပင် မမော့ရဲချေ။ ဝမ်လင်းက တိုကင်ပြားနှစ်ခုကို ကောက်ယူပြီး အနည်းငယ် စဉ်းစားကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူ၏ အေးစက်နေသော အကြည့်ဖြင့် လူတိုင်းကို ဝေ့ကြည့်ပြီး ပြောလိုက်သည်… “မင်းတို့မှာ ရှိတဲ့ တိုကင်ပြား အကုန်ပေးပါ… မပေးရင် သေရမယ်… “

ဒူးထောက်နေသော လီရှန်သည် ထိုအသံကို ရင်းနှီးနေသည်ဟု ခံစားမိပြီး သတ္တိမွေးကာ ခေါင်းကို မော့ကြည့်လိုက်သည်။ ဝမ်လင်းကို မြင်လိုက်သည်နှင့် လီရှန်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ပြောလိုက်သည်…

“မင်း… မင်း… ဝမ်လင်း… “

ဝမ်လင်းက လီရှန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ဝမ်လင်း၏ အကြည့်ကို မြင်ပြီး လီရှန်သည် ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။ ရွှမ်တောက်ဂိုဏ်းတွင် ဝမ်လင်း၏ နာမည်သည် အလွန် ကျော်ကြားသည်ဟု ပြော၍ရ၏။ ဝမ်လင်းက ဟုန်ယွီဂိုဏ်းနှင့် ရွှမ်တောက် ဂိုဏ်းတို့၏ ပြိုင်ပွဲတွင် ရုတ်တရက် ရောက်လာသော မုန်တိုင်းကဲ့သို့ အစွမ်းပြသခဲ့သည်။ ထိုကတည်းက ရွှမ်တောက်ဂိုဏ်း၏ လက်ရွေးစင် တပည့်များသည် ဝမ်လင်းကဲ့သို့ အစွမ်းထက်လာသူ တစ်ယောက် ဖြစ်လာရန် ရည်မှန်းချက် ထားကာ ကြိုးစားကြသည်။

ဝမ်လင်းသည် လီရှန် အမုန်းဆုံး လူသားလည်း ဖြစ်၏။ အနံ့ဗုံးကြောင့် ပြိုင်ပွဲ ပြီးသောအခါ သူ့ဘဝသည် ခက်ခက်ခဲခဲ ရှင်သန်ရခဲ့ပြီး နေ့တိုင်း ဝမ်လင်းကို ကျိန်ဆဲခဲ့သည်။

လီရှန်သည် တစ်နေ့နေ့တွင် ဝမ်လင်းကို ကျော်နိုင်ရမည်ဟု ယုံကြည်ထား၏။ ချီစုစည်းခြင်း အလွာ ၁၄ သို့ ရောက်ပြီးနောက် သူ့အတွေးထဲတွင် ထို ယုံကြည်ချက်က ပိုပြီး ခိုင်မာလာသည်။

သို့သော် ယခုတော့ ဝမ်လင်းနှင့် သူ့ကြားမှ ကွာဟချက်ကို မြင်ပြီး အံ့အားသင့်ကာ ကြက်သေ သေနေသည်။ နှစ်အနည်းငယ်သာ ကြာသေးသော်လည်း ဝမ်လင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် များကိုပင် သတ်ပစ် နိုင်နေလေပြီ။ လီရှန်၏ မျက်လုံးထဲတွင် ဝမ်လင်း၏ တိုးတက်မှုက အံ့ဩဖွယ်ရာ ဖြစ်နေသည်။

ဝမ်လင်း၏ စကားကို ကြားပြီးနောက် ကျန်နေသော လူများသည် ကြွယ်မင် တောင်ကြားထဲတွင် ဝမ်လင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျင့်ကြံသူများကို မည်သို့ သတ်ခဲ့ကြောင်း အမှတ်ရသွားပြီး သူတို့၏ နှလုံးသားများသည် အလွန်အေးစက်သွား၏။ အချိန်တော်တော် ကြာပြီးနောက် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က သက်ပြင်းချကာ ဝမ်လင်းကို သေချာကြည့်ပြီး မေးလိုက်သည်…

“ရောင်းရင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်အဆင့် ရောက်နေပြီလဲ… “

ဝမ်လင်းက အလွယ်တကူ ဖြေပေးလိုက်သည်…

“ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်… “

***

All Chapters