← Chapters

အခန်း ၁၈၀၁

Vol. 121 Ch. 1801

အခန်း ၁၈၀၁

Vol. 121 Ch. 1801

အခန်း (၁၈၀၁ )

နတ်ဘုရားနိုင်ငံတော် တည်ထောင်ချင်သူများ

လျှို့ဝှက်လဝန်းနန်းတော်ကို မိုးကြိုးမြွေဂိုဏ်းမှ သံတမန်က လာရောက်တွေ့ဆုံပြီးနောက် ပြင်ပသို့ နယ်မြေထပ်မံချဲ့ထွင်ခြင်း မပြုရန် လျှို့ဝှက်လဝန်းနန်းတော်က နတ်အမိန့်တစ်ရပ်ကို ချက်ချင်း ထုတ်ပြန်လိုက်၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မိုးကြိုးမြွေဂိုဏ်း၏ လာရောက် တွေ့ဆုံမှုက ထိုကိစ္စရပ်နှင့်ပင် သက်ဆိုင်မှာ ထင်ရှားလှသည်။

အကယ်၍ ထိုသို့သာ မှန်ကန်ပါက လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများသည် နယ်မြေချဲ့ထွင်မှု များလွန်းနေပြီး မိုးကြိုးမြွေဂိုဏ်း၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်မိခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့်ပင် မိုးကြိုးမြွေဂိုဏ်းက သံတမန်စေလွှတ်၍ လျှို့ဝှက်လဝန်းနန်းတော်သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်ကလည်း မိုးကြိုးမြွေဂိုဏ်းနှင့် ပဋိပက္ခမဖြစ်လိုသဖြင့် ၎င်း၏ လက်အောက်ခံ အင်အားစုများကို ထိန်းချုပ်ရန် ထိုကဲ့သို့ နတ်အမိန့် ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

မိုးကြိုးမြွေဂိုဏ်းအတွက် လျှို့ဝှက်လဝန်းနန်းတော်က ထိုသို့သော နတ်အမိန့်မျိုး ထုတ်ပြန်ပေးသည်ကို ကြည့်လျှင် ၎င်းတို့အနေနှင့် မိုးကြိုးမြွေဂိုဏ်းအပေါ် စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ ရှိနေကြောင်း ပြသနေ၏။ မဟုတ်ပါက ၎င်းတို့သည် မိုးကြိုးမြွေဂိုဏ်း၏ သဘောထားကို ထည့်သွင်းစဉ်းစားနေမည် မဟုတ်ပေ။

သို့သော် တကယ်တော့ လျှို့ဝှက်လဝန်းနန်းတော်က မိုးကြိုးမြွေဂိုဏ်းကို သတိထားနေသကဲ့သို့ မိုးကြိုးမြွေဂိုဏ်းကလည်း လျှို့ဝှက်လဝန်းနန်းတော်ကို အလားတူပင်ကြောက်ရွံ့နေရ၏။ အကြောင်းမှာ လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်ဘုရင် နှစ်ပါးရှိနေပြီး မိုးကြိုးမြွေဂိုဏ်း၌တော့ တစ်ပါးသာ ရှိသောကြောင့် ဖြစ်သည်။

ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်၏ အရှိန်အဝါသည် အလွန်ပြင်းထန်လှပြီး အချိန်တိုအတွင်း ပတ်ဝန်းကျင်ရှိ အင်အားကြီးအဖွဲ့အစည်းများကို သိမ်းသွင်းနိုင်ခဲ့သဖြင့် မိုးကြိုးမြွေဂိုဏ်းအပေါ် ကြီးမားသော ဖိအားများ သက်ရောက်နေစေ၏။

အကယ်၍ မိုးကြိုးမြွေဂိုဏ်း၌ နောက်ထပ် နတ်ဘုရင်တစ်ပါးသာ နေမည်ဆိုပါက လျှို့ဝှက်လဝန်းနန်းတော်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနိုင်လိမ့်မည်။

ထိုအချက်ကို စဉ်းစားမိလျှင် နတ်ဘုရင်ခံ သဲရှင်က ၎င်း၏ အကြီးအကဲ စစ်ယန်အား

“အကြီးအကဲ စစ်ယန်... မိုးကြိုးမြွေဂိုဏ်းဆီသွားပြီးတော့ နတ်ဘုရင်အဆင့်ရှိတဲ့ အကြီးအကဲတစ်ယောက်ကို သူတို့ ထပ်တိုးလက်ခံချင်သလားလို့ သွားမေးလိုက်ပါ။”

ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ အကြီးအကဲများ မှင်တက်သွားကြ၏။ ၎င်းတို့၏ ဂိုဏ်းချုပ်က အဘယ်အရာကို ဆိုလိုချင် နေသနည်း။

နတ်ဘုရင်အဆင့်ရှိသော အကြီးအကဲတစ်ဦးဟုတ်လား။

မိုးကြိုးမြွေဂိုဏ်းတွင် ထိုကဲ့သို့သော အကြီးအကဲတစ်ဦး မည်သို့ ရှိလာနိုင်ပါမည်နည်း။

နတ်ဘုရင်ခံ သဲရှင်က

“ကျုပ်ဟာ နတ်ဘုရင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပါ။ မိုးကြိုးမြွေဂိုဏ်းရဲ့ အကူအညီသာ ရမယ်ဆိုရင် နတ်ဘုရင်တစ်ပါး ဖြစ်လာဖို့က အနှေးနဲ့ အမြန်ပါပဲ။”

ထိုစကားကို ကြားလျှင် ၎င်းတို့၏ ဂိုဏ်းချုပ်သည် လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ကာ မိုးကြိုးမြွေဂိုဏ်းနှင့် ပူးပေါင်းရန် ရည်ရွယ်နေကြောင်း အကြီးအကဲများ ချက်ချင်း နားလည်သွားကြ၏။

သို့သော်...

မိုးကြိုးမြွေဂိုဏ်းက ၎င်းတို့၏ ဂိုဏ်းချုပ်အား နတ်ဘုရင်တစ်ပါး ဖြစ်လာစေရန် တကယ် ကူညီပါ့မလား။

နတ်ဘုရင်ဟူသည်မှာ နတ်ဘုရင်ခံနှင့် မတူပေ။

အကယ်၍ မိုးကြိုးမြွေဂိုဏ်းတွင် နောက်ထပ် နတ်ဘုရင်တစ်ပါး တိုးလာမည်ဆိုပါက မိုးကြိုးမြွေ နတ်ဘုရင် တစ်ပါးတည်းကသာ အရာရာကို ဆုံးဖြတ်နိုင်တော့မည် မဟုတ်ပေ။

မိုးကြိုးမြွေ နတ်ဘုရင်က သူ၏ အာဏာကို အလွယ်တကူ လက်လွှတ်ရန် ဆန္ဒရှိပါ့မလား။

ထိုစဉ် အကြီးအကဲ စစ်ယန်က

“ဂိုဏ်းချုပ်... မိုးကြိုးမြွေ နတ်ဘုရင်က ကျုပ်တို့ကို ယုံကြည်ပါ့မလား”

နတ်ဘုရင်ခံ သဲရှင်က

“မိုးကြိုးမြွေဂိုဏ်းက သဘောတူလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”

မိုးကြိုးမြွေဂိုဏ်းသည် အစက နတ်ဂိုဏ်းတစ်ခု တည်ထောင်ရန် ရည်ရွယ်ထားသော်လည်း မည်သည့်နေရာမှ ပေါ်လာမှန်း မသိသော လျှို့ဝှက်လဝန်းနန်းတော်က ၎င်းတို့ အသုံးပြုလိုသော နေရာကို သိမ်းပိုက်လိုက်ခြင်းဖြစ်၏။ ထိုအချက်ကြောင့်ပင် မိုးကြိုးမြွေ နတ်ဘုရင်သည် လျှို့ဝှက်လဝန်းနန်းတော်အပေါ် အငြိုးအတေး ကြီးမားနေလိမ့်မည်။

အရေးကြီးဆုံး အချက်မှာ လျှို့ဝှက်လဝန်းနန်းတော်၌ နတ်ဘုရင် နှစ်ပါးရှိနေခြင်း ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်သည် မိုးကြိုးမြွေဂိုဏ်းထက် သိသိသာသာ ပိုအားကြီးနေခြင်းပင်။

အင်အားစု နှစ်ခု၏ တည်နေရာက ဝေးကွာလှသော်လည်း အရိုင်းနယ်မြေအတွင်း၌ နတ်အငွေ့အသက် ရှိသော နေရာများက ကန့်သတ်ချက် ရှိသည်။ အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်က ဆက်လက် နယ်မြေချဲ့ထွင်နေမည်ဆိုပါက နောက်ဆုံးတွင် မိုးကြိုးမြွေဂိုဏ်းကို တိုက်ခိုက်လာမည်မှာ ဧကန်မုချပင်။

လက်ရှိ၌ မိုးကြိုးမြွေဂိုဏ်းသည် ကြီးမားသော ဖိအားများအောက်တွင် ရှိနေ၏။ အကယ်၍ ၎င်းတို့တွင် နောက်ထပ် နတ်ဘုရင် တစ်ပါးသာ ရှိလာမည်ဆိုပါက နတ်ဂိုဏ်း တည်ထောင်ရန် ပို၍လွယ်ကူသွားရုံသာမက လျှို့ဝှက်လဝန်းနန်းတော်ကို ရင်ဆိုင်ရာတွင်လည်း ဖိအား များစွာ လျော့ကျသွားစေမည် ဖြစ်သည်။

မိုးကြိုးမြွေ နတ်ဘုရင်ခံက

“ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ”

မိုးကြိုးမြွေ နတ်ဘုရင်ခံ၏ စကားကို ကြားလျှင် အကြီးအကဲများလည်း ခန်းမအတွင်းမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြ၏။ ထိုစဉ် မိုးကြိုးမြွေ နတ်ဘုရင်ခံက အကြီးအကဲ စစ်ယန်အား

“စစ်ယန်... ခဏနေခဲ့ဦး”

အကြီးအကဲ စစ်ယန်လည်း ချက်ချင်း ရပ်တန့်လိုက်၏။ အခြား အကြီးအကဲများ ထွက်ခွာသွားပြီးနောက် မိုးကြိုးမြွေ နတ်ဘုရင်ခံက စစ်ယန်အား ညွှန်ကြားချက်အချို့ ပေးလိုက်၏။ ထို့နောက် စစ်ယန်မိုးကြိုးမြွေဂိုဏ်းသို့ ချက်ချင်းပင် ထွက်ခွာသွားသည်။

…..

တစ်ချိန်တည်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ အောက်ဘက်ရှိ ပိဟိုင်နတ်မြို့တော်တွင် ဖြစ်၏။

ဤ ပိဟိုင်နတ်မြို့တော်သစ်သည် တောင်ပိုင်းနယ်ရှိ ပိဟိုင်နတ်မြို့တော်ဟောင်း၏ အမည်ကို ဆက်လက် အသုံးပြုထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤမြို့ကို တည်ဆောက်သူ နတ်များသည် ပိဟိုင်မြို့တော်ဟောင်းမှ လိုက်ပါလာသူများ ဖြစ်ကြသောကြောင့်ပင်။

၎င်းတို့သည် လျှို့ဝှက်လဝန်းနန်းတော်နှင့်အတူ အရိုင်းနယ်မြေသို့ လိုက်ပါလာပြီးနောက် ပိဟိုင်မြို့တော်ဟောင်းကို များစွာ လွမ်းဆွတ်နေကြသဖြင့် မြို့တော်အသစ်ကို ပိဟိုင်နတ်မြို့တော်ဟု အမည်ပေးခဲ့ကြခြင်း ဖြစ်သည်။

သို့သော် လက်ရှိ ပိဟိုင်နတ်မြို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် မြို့တော်၏ စီမံခန့်ခွဲသူ အများစုမှာ လုချန်း၏ လူများ ဖြစ်နေသောကြောင့် ဖြစ်၏။

ယခုအခါ ပိဟိုင်နတ်မြို့သည် လုချန်း၏ ကိုယ်ပိုင်မြို့တော်နှင့်ပင် တူနေပေပြီ။

လုချန်းသည် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါးကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ပြီးလျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးကို အရိုင်းနယ်မြေသို့ ပို့ဆောင်ပေးနိုင်သည့် ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းဗျူဟာပုံစံတစ်ခုကိုလည်း အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သူ ဖြစ်၏။

လက်ရှိတွင် သူသည် အကြီးအကဲ တစ်ဦးသာ ဖြစ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်ရှိ လူများစွာ၏ အမြင်တွင်မူ သူ၏ အဆင့်အတန်းက တတိယ နန်းတော်သခင် ကဲ့သို့ပင် ဖြစ်နေပေပြီ။

လျှို့ဝှက်လဝန်းနန်းတော်ရှိ လူများစွာ၏ ထောက်ခံမှုကြောင့်ပင် သူ့ကို အခြေပြုသည့် အင်အားစု တစ်ခုကိုလုချန်း ဖြည်းဖြည်းချင်း တည်ဆောက်နိုင်ခဲ့၏။ နတ်ဘုရင် လင်ရင်၏ အစီအစဉ်အချို့ကြောင့်လည်း အပြင်စည်း အကြီးအကဲ အများစုက လုချန်း၏ စကားကိုသာ နားထောင်လိုလာကြသည်။

အခြား ပိုအရေးကြီးသည့် အကြောင်းပြချက် တစ်ခုက လုချန်းသည် တစ်ဦးတည်းသော အတွင်းစည်း အမျိုးသား အကြီးအကဲ ဖြစ်နေခြင်း ဖြစ်၏။ အပြင်စည်း အမျိုးသား အကြီးအကဲများကို ရွေးချယ်ရာတွင်လည်း လုချန်းကပင် စစ်ဆေးပေးခဲ့ရခြင်း ဖြစ်သည်။

စစ်ဆေးမှုတစ်ခုသာ ဖြစ်သော်လည်း ထိုသူများအတွက်မူ လုချန်းသည် သူတို့ကို လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့သူ ဖြစ်၏။

အကယ်၍ လုချန်းကသာ သူတို့ သစ္စာဖောက်များ ဖြစ်ကြောင်း အကြောင်းပြချက်တစ်ခု လုပ်ကြံပြောဆိုခဲ့ပါက သူတို့အနေနှင့် ဝင်ခွင့်ရရှိမည် မဟုတ်ပေ။

ထို့ကြောင့် ထိုသူများက လုချန်းအပေါ် ကျေးဇူးအကြွေး တင်ရှိနေကြခြင်း ဖြစ်၏။

ထို့ပြင် အခြားသော အကြီးအကဲများ ဂိုဏ်းအတွင်းစည်းသို့ ဝင်ရောက်လိုပါက တစ်ဦးတည်းသော အတွင်းစည်း အမျိုးသား အကြီးအကဲ ဖြစ်သည့် လုချန်း၏ ထောက်ခံမှု လိုအပ်လိမ့်မည်ဖြစ်၏။ အဓိကအားဖြင့် သူ၏ သစ္စာဖောက် ရှာဖွေနိုင်သည့် စွမ်းရည်ကြောင့် ဖြစ်သည်။

လုကျန့်ကျီနှင့် သူ၏ လက်အောက်ခံဟောင်းများသည် ဤအခွင့်အရေးကို အသုံးချကာ ပိဟိုင်နတ်မြို့တော်သစ်ကို လုချန်း၏ ကိုယ်ပိုင်မြို့တော်အဖြစ် ပြောင်းလဲလိုက်ပြီး မြို့တော်အတွင်း၌လည်း ဧကရာဇ်နန်းတော်ကဲ့သို့သော မြို့တော်ဝန် စံအိမ်တော်ကြီးတစ်ခုကို တည်ဆောက်ခဲ့ကြ၏။

ယွမ်ယုတိသည် လုကျန့်ကျီနှင့် သူ၏အဖွဲ့၏ လှုပ်ရှားမှုလေးများကို သတိထားမိသဖြင့် အစောပိုင်းက လုချန်းကို သတိပေးခဲ့ခြင်း ဖြစ်၏။

သို့သော် လုချန်း၏ အကျိုးပြုမှုများကို ထောက်ထား၍ အစပိုင်းတွင် ယွမ်ယုတိ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

သို့သော် လုကျန့်ကျီ၏ အရှိန်အဝါ ကြီးမားလာသည်နှင့်အမျှ ယွမ်ယုတိလည်း အနည်းငယ် မသက်မသာ ဖြစ်လာ၏။ အကြောင်းမှာ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင် လင်ရင်ကလည်း လုချန်း၏ ဘက်တော်သား ဖြစ်နေသောကြောင့်ဖြစ်သည်။

လုချန်းသာ ထောက်ခံမှုများ ပိုမိုရရှိလာမည်ဆိုပါက လျှို့ဝှက်လဝန်းနန်းတော်သည် မကြာမီအတွင်း “လု” မိသားစု၏ နန်းတော်အဖြစ် အမည်ပြောင်းလဲသွားပေလိမ့်မည်။

……

ထိုအခိုက်အတန့်တွင်။

ပိဟိုင်နတ်မြို့၏ မြို့တော်ဝန် စံအိမ်အတွင်းရှိ အစည်းအဝေး ခန်းမ၌။

လုကျန့်ကျီနှင့် လူတစ်စုသည် နတ်ဘုရား နိုင်ငံတော် တည်ထောင်ရန်အတွက် ဆွေးနွေးနေကြ၏။

ယွမ်ယုတိက လုချန်းကို သတိပေးခဲ့ခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ထိုနောက်ပိုင်းတွင် လုချန်းနှင့် ယွမ်ယုတိတို့သည် ဆယ်စုနှစ် တစ်ခုကျော်ကြာသည်အထိ အားပြိုင်ခဲ့ကြ၏။

ထိုကာလအတွင်း လုကျန့်ကျီနှင့် သူ၏အဖွဲ့၏ လှုပ်ရှားမှုများကို လုချန်း ဂရုမစိုက်နိုင်ခဲ့ပေ။ သို့သော် လုကျန်ကျီ၏ အားတက်သရော စွမ်းဆာင်မှုများ‌ကြောင့် ထိုဆယ်နှစ်အတွင်း လုချန်း၏ အင်အားစု ပို၍ကြီးထွားလာခဲ့သည်။

ထိုအချိန်တွင် အစည်းအဝေး ခန်းမအတွင်း၌ လျှို့ဝှက်လဝန်းနန်းတော်မှ အပြင်စည်း အကြီးအကဲ အချို့ပင် ရှိနေကြ၏။

လုကျန့်ကျီနှင့် သူ၏အဖွဲ့က နတ်ဘုရားနိုင်ငံတော် တည်ထောင်ရန် ဗြောင်ကျကျ ဆွေးနွေးနေကြသော်လည်း နန်းတော်သခင်က ဝင်ရောက်တားမြစ်ခြင်း မရှိသဖြင့် နန်းတော်သခင်က ဤကိစ္စကို ဂရုမစိုက်ဟု ထိုအကြီးအကဲများ ယူဆနေကြ၏။ ထို့ကြောင့်လည်း သူတို့ ဝင်ရောက်ပူးပေါင်းရန် သတ္တိရှိလာကြခြင်း ဖြစ်သည်။

ထိုစဉ် ခန်းမအတွင်းသို့ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ရောက်လာသူမှာ လုချန်း ဖြစ်သည်ကို မြင်လျှင် အားလုံးက ပျာပျာသလဲ ဂါရဝပြုလိုက်ကြ၏။

“သခင်ကြီးကို ဂါရဝပြုပါတယ်”

“သခင်လေးကို ဂါရဝပြုပါတယ်”

“အကြီးအကဲ ချန်းကို ဂါရဝပြုပါတယ်”

ခန်းမအတွင်းရှိ လူအသီးသီးသည် လုချန်းအား ပုံစံအမျိုးမျိုးဖြင့် နှုတ်ဆက်ကြ၏။ လုချန်းက ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ပြီးနောက် လုကျန့်ကျီကို ကြည့်ကာ

“ဒါက ဘာတွေလဲ”

လုကျန့်ကျီက ချက်ချင်းပင်

“သခင်... ကျုပ်တို့ နတ်ဘုရား နိုင်ငံတော် တည်ထောင်ဖို့အတွက် ဆွေးနွေးနေကြတာပါ။”

ထိုစကားကို ကြားလျှင် သူ၏ လက်အောက်ခံများက သူ့ထက်ပင် ပို၍ စိတ်အားထက်သန်နေကြသဖြင့် လုချန်း ဆွံ့အသွားမိ၏။ သို့သော် သူ များစွာ အံ့ဩခြင်းတော့ မရှိခဲ့ပေ။

သူသည် နှစ်ပေါင်းများစွာ ကြာအောင် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးသူ တစ်ဦးဖြစ်သဖြင့် လူ့သဘာဝကို ကောင်းစွာနားလည်ထားပြီးဖြစ်သည်။ သူ နတ်ဧကရာဇ် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ လက်အောက်ခံ အားလုံးအကျိုးခံစားခွင့်များ ရရှိမည်ကို သူတို့ သိ ထားသောကြောင့် ဖြစ်၏။ အကြီးမားဆုံးသော အကျိုးကျေးဇူးမှာ နတ်ဘုရားနိုင်ငံတော်၏ ကံစွမ်းအား ဖြစ်သည်။

နတ်ဧကရာဇ်နှင့် ပို၍နီးကပ်သူသည် ကံစွမ်းအားကို ပိုမိုသိပ်သည်းစွာ ရရှိမည်ဖြစ်ပြီး ထိုအရာက ထိုသူများအတွက် အလွန်ပင် အကျိုးရှိလှသည်။

--

…………

All Chapters