အခန်း ၁၈၀၂
Vol. 121 Ch. 1802
အခန်း (၁၈၀၂)
သွယ်ဝိုက်သော အကူအညီ
ထိုနေရာရှိ လူများကို လုချန်း တစ်ချက်ကြည့်လိုက်ရာ အပြင်စည်း အကြီးအကဲ အချို့ကို တွေ့ရသဖြင့် အနည်းငယ် ခေါင်းခဲသွား၏။
သူ၏ နောက်လိုက်ဟောင်းများ ဖြစ်ခဲ့သည့် လုကျန့်ကျီတို့အဖွဲ့ကို ထားလိုက်ပါတော့။
သို့သော် လျှို့ဝှက်လဝန်းနန်းတော်၏ အပြင်စည်း အကြီးအကဲများက အဘယ်ကြောင့် ဝင်ပါနေကြသနည်း။
ထိုအကြောင်းကို ယွမ်ယုတိ သိသွားလျှင် သူမ ပို၍ပင် အမျက်ထွက်ပေလိမ့်မည်။
သို့သော် အခြားတစ်ဖက်တွင်လည်း သူ ပို၍ အစွမ်းထက်လာရန်အတွက် နတ်ဘုရား နိုင်ငံတော်တစ်ခု ထူထောင်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ နတ်ဘုရား နိုင်ငံတော်ကို ထူထောင်ပြီးသည်နှင့် နိုင်ငံတော်၏ ကံစွမ်းအားကြောင့် သူ၏ ကျင့်စဉ်တိုးတက်မှု အရှိန်အဟုန် ပို၍ မြန်ဆန်လာပေမည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက
“နတ်ဘုရား နိုင်ငံတော် ထူထောင်မယ့် ကိစ္စကို နန်းတော်သခင်နဲ့ ကျုပ် ဆွေးနွေးပြီးပြီ။ ကျုပ်တို့ နိုင်ငံအသစ်တစ်ခု တည်ဆောက်နိုင်ပေမဲ့ လျှို့ဝှက်လဝန်းနန်းတော် အပိုင်စားရထားတဲ့ နယ်မြေတွေကိုတော့ သိမ်းပိုက်မှာ မဟုတ်ဘူး။”
ထိုအရာကို ကြားလျှင် လူတိုင်း အချင်းချင်း ကြည့်လိုက်ကြ၏။ နတ်ဘုရား နိုင်ငံတော် ထူထောင်ရန်အတွက် အခြားအင်အားစုများကို တိုက်ခိုက်ကာ နယ်မြေချဲ့ထွင်ရန် လိုအပ်သည်ဟု လုချန်း ဆိုလိုခြင်းလား။
လုကျန့်ကျီက ရှုပ်ထွေးစွာဖြင့်
“လျှို့ဝှက်လဝန်းနန်းတော်က ကူညီပေးမှာလား”
ခပ်အေးအေးပင် လုချန်းက
“ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ဒါပေမဲ့ နတ်ဘုရား နိုင်ငံတော် ထူထောင်တာက ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စမို့ လျှို့ဝှက်လဝန်းနန်းတော်က ကူညီမှာ မဟုတ်တာ သဘာဝပဲ။”
ဒါက...
ထိုနေရာရှိ လူများသည် လူအ လူမိုက်များ မဟုတ်ကြပေ။ လျှို့ဝှက်လဝန်းနန်းတော်၏ အကူအညီမပါပဲ သူတို့ဘာသာ နတ်ဘုရား နိုင်ငံတော် ထူထောင်နိုင်ရန် လုံလောက်သော နယ်မြေများကို သိမ်းပိုက်ဖို့က အလွန်ခက်ခဲပေလိမ့်မည်။
အပြင်စည်း အကြီးအကဲ တစ်ဦးက
“တကယ်လို့ လျှို့ဝှက်လဝန်းနန်းတော်က နတ်တွေက ခင်ဗျားကို ဆန္ဒအလျောက် ကူညီမယ်ဆိုရင်ကော။”
လျှို့ဝှက်လဝန်းနန်းတော်က ကူညီမည်မဟုတ်ဟု လုချန်း ဆိုသော်လည်း အပြင်စည်းမှ လူများစွာက သူ့ကို ထောက်ခံကြ၏။ အကယ်၍ ထိုသူများက ကိုယ်ပိုင်ဆန္ဒအလျောက် ကူညီကြလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ အကူအညီဟု သတ်မှတ်၍ ရနိုင်မည် မဟုတ်ပေ။
ထိုစကားများကို ကြားပြီးနောက် ထိုသူဆိုလိုချင်သည်ကို လုချန်း ချက်ချင်း နားလည်သွားကာ ထိုနေရာရှိ အပြင်စည်း အကြီးအကဲများကို ကြည့်ရင်း “
ဒီကိစ္စနဲ့ ပတ်သက်ပြီး နန်းတော်သခင်ကို ကျုပ် မေးမြန်းဖို့ လိုသေးတယ်။”
“ကောင်းပြီ။ နန်းတော်သခင်ဆီက ဆုံးဖြတ်ချက် မရခင်အထိ ဘာမှ အကောင်အထည် မဖော်ကြနဲ့ဦး။”
ဤစကားမှာ လုကျန့်ကျီနှင့် သူ၏ နောက်လိုက်ဟောင်းများကို ရည်ရွယ်ခြင်း ဖြစ်ကြောင်း ထင်ရှား၏။ သူတို့သည် နတ်ဘုရား နိုင်ငံတော် ထူထောင်ရန်အတွက် ပြင်ဆင်နေကြသည်ကို သူ သိနေသည်။
သူတို့၏ လျင်မြန်သော တိုးတက်မှုနောက်ကွယ်တွင် နတ်ဘုရင် လင်ရင်၏ လျှို့ဝှက်ကူညီမှုများ ရှိနေကြောင်း သူ သတိပြုမိ၏။ ထိုအကူအညီသာ မရှိလျှင် စစ်မှန်သောနတ် အဆင့်သာရှိသည့် လုကျန့်ကျီ တစ်ဦးတည်းဖြင့် အပြင်စည်း အကြီးအကဲ အမြောက်အမြားကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
လုချန်း၏ စကားကို ကြားလျှင် လူတိုင်းက
“ဟုတ်ကဲ့ပါ”
ဟု တညီတညွတ်တည်း ပြန်လည်တုံ့ပြန်ကြ၏။
ထို့နောက် ဘာမှ ထပ်မပြောတော့ပဲ ခန်းမထဲမှ လုချန်း တိုက်ရိုက် ထွက်ခွာလာခဲ့ပြီး ယွမ်ယုတိ၏ အဆောင်သို့ ဦးတည်လိုက်သည်။
သူမ၏ ဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည့် ယွမ်ယုတိက သူမ၏ မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး လုချန်းကို စိုက်ကြည့်၏။
ဤလူယုတ်မာ ပြန်ရောက်လာပြန်ပြီ။
သူထွက်သွားတာ ဘယ်လောက်တောင် ကြာသေးလို့လဲ။
သူသည် တကယ်ကို ပြုပြင်မရသော စိတ်ဝိညာဉ်ပျက်စီးနေသူ ဖြစ်သည်။
အေးစက်စွာဖြင့် ယွမ်ယုတိက
“ရှင် ဘာလိုချင်လို့လဲ”
စုံတွဲကျင့်စဉ် ကျင့်ရန် တောင်းဆိုဖို့ လုချန်းရောက်လာသည်ဟု သူမ ထင်မှတ် နေခြင်းဖြစ်သည်။
ယွမ်ယုတိ၏ သတိထားနေသည့် အကြည့်များကို မြင်သောအခါ လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်ရင်း
“ဆရာ...စိုးရိမ်မနေပါနဲ့။ ဒီနေ့တော့ တပည့်က ဆရာ့ကို စော်ကားဖို့ လာတာ မဟုတ်ပါဘူး။ ဆရာနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ။”
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။
ဤလူယုတ်မာကြောင့် ဒေါသထွက်ရတာ မတန်ဟု တွေးတောကာ သူမ၏ စိတ်ခံစားချက်ကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်သည်။
ထို့နောက် သူမက အေးစက်စွာဖြင့်
“ဘာကိစ္စလဲ”
လုချန်းက တိုက်ရိုက်ပင်
“ကျုပ် နတ်ဘုရား နိုင်ငံတော်တစ်ခု ထူထောင်ဖို့ စဉ်းစားထားတယ်။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ယုတိ အံ့အားသင့်ခြင်း မရှိပေ။ သူ၏ သရုပ်မှန် သိခဲ့ကတည်းက လျှို့ဝှက်လဝန်းနန်းတော်တွင် လုချန်းကို ထိန်းထားနိုင်မည် မဟုတ်ကြောင်း သူမ နားလည်ခဲ့သည်။
သူ၏ ပါရမီနှင့်ဆိုလျှင် နတ်ဧကရာဇ် နယ်ပယ်သို့ တက်လှမ်းရန် အချိန်အကြာကြီး လိုအပ်မည် မဟုတ်ပေ။ သို့သော် ထိုသို့တက်လှမ်းရန်အတွက် ကိုယ်ပိုင်အင်အားစုတစ်ခု ထူထောင်ရန် လိုအပ်၏။
ယွမ်ယုတိက
“နန်းတော်ရဲ့ အကူအညီကို ရှင် လာတောင်းတာလား”
လုချန်း နတ်ဘုရား နိုင်ငံတော် ထူထောင်ခြင်းက သူမအတွက် အရေးမကြီးပေ။ သို့သော် သူ ယခုလို လာရောက် အသိပေးခြင်းက လျှို့ဝှက်လဝန်းနန်းတော်၏ အကူအညီကို လာတောင်းသကဲ့သို့ ခံစားရစေသည်။
ယွမ်ယုတိ မမျှော်လင့်ထားသည်နှင့် ကွဲလွဲစွာပင် လုချန်းက
“တပည့်မှာ အဲ့ဒီလို ရည်ရွယ်ချက် မရှိပါဘူး။ တပည့် နတ်ဧကရာဇ် ဖြစ်လာတဲ့အခါမှာ ဆရာက တပည့်ကို နှင်ထုတ်တာမျိုး မဖြစ်ရအောင် အသိပေးရုံသက်သက်ပါ။”
နတ်ဘုရား နိုင်ငံကို ထူထောင်ပြီးသည်နှင့် ထိုနိုင်ငံနှင့် နတ်ဂိုဏ်းတို့သည် အဆင့်တူ အင်အားစုများ ဖြစ်လာလိမ့်မည်။ အကယ်၍ သူသာ လျှို့ဝှက်လဝန်းနန်းတော်တွင် ဆက်နေလျှင် နန်းတော်၏ နတ်ဂိုဏ်း ကံစွမ်းအားများကို သူ စုပ်ယူသွားနိုင်သည်။
ယေဘုယျအားဖြင့် နတ်ဘုရား နိုင်ငံတော်၏ အရှင်သခင်တစ်ဦးသည် လျှို့ဝှက်လဝန်းနန်းတော်ကဲ့သို့ နယ်မြေတစ်ခုကို စိုးမိုးထားသော အင်အားကြီး အဖွဲ့အစည်းမျိုးမှလွဲ၍ အခြား နတ်ဂိုဏ်းများတွင် ရာထူးရယူထားလေ့ မရှိကြပေ။
အဘယ့်ကြောင့်ဆိုသော် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်တွင် နတ်ဘုရား နိုင်ငံတော်များစွာ ရှိနေပြီး ထိုနိုင်ငံတော်များကို နှိမ်နင်းနိုင်လောက်အောင်လည်း နန်းတော်က အစွမ်းထက်နေသောကြောင့်ဖြစ်သည်။
လုချန်းက သူ၏ နတ်ဘုရား နိုင်ငံတော်ကို ထူထောင်လိုက်လျှင် သူတို့၏ ကံစွမ်းအားမှာ လျှို့ဝှက်လဝန်းနန်းတော်နှင့် ရင်ပေါင်တန်းသွားနိုင်မည်။ ထိုအခါ နန်းတော်အနေနှင့် သူ၏ နိုင်ငံကို နှိမ်နင်းနိုင်မည် မဟုတ်သလို ကျင့်စဉ်ကျင့်ကြံစဉ် ရာထူးနှစ်ခုကို ရယူထားခြင်းက နိုင်ငံ၏ ကံစွမ်းအားနှင့် နန်းတော်၏ ကံစွမ်းအား နှစ်မျိုးလုံးကို စုပ်ယူနိုင်သဖြင့် နန်းတော်၏ ကံစွမ်းအားကို လျော့ပါးသွားစေနိုင်သည်။
နန်းတော်၏ ကံစွမ်းအားများသည်လည်း သူ၏ နိုင်ငံတော်အတွင်းသို့ စီးဝင်သွားပေလိမ့်မည်။
ထို့ကြောင့် နတ်ဘုရား နိုင်ငံတော် ထူထောင်ပြီးနောက် ယွမ်ယုတိက သူ့ကို နှင်ထုတ်ချင်မည်ဟု လုချန်း တွေးမိခြင်း ဖြစ်သည်။
လုချန်း၏ စိုးရိမ်မှုကို ကြားလျှင် ယွမ်ယုတိ ချက်ချင်း နားလည်သွားကာ
“ရှင် နတ်ဧကရာဇ် ဖြစ်လာပြီဆိုရင်တော့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲအဖြစ် ဆက်နေဖို့ မသင့်တော်တာ အမှန်ပဲ။”
ဤစကားကို ကြားလျှင် သူမက သူ့ကို လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာစေရန် တကယ် ရည်ရွယ်နေသည်ဟု လုချန်း တွေးလိုက်မိ၏။
သို့သော် နောက်တစ်ခဏတွင် ယွမ်ယုတိက
“ရှင် နတ်ဧကရာဇ် ဖြစ်လာရင်တော့ နန်းတော်က ရှင့်ကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ဂုဏ်ထူးဆောင် နန်းတော်သခင်အဖြစ် ခန့်အပ်မှာပါ”
ဟု ထပ်လောင်းပြောကြားလိုက်သည်။
ယွမ်ယုတိသည် လူအ မဟုတ်ပေ။ လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် လုချန်း၏ နတ်ဘုရား နိုင်ငံတော်ကို မနှိမ်နင်းနိုင်ကြောင်း သူမ သိသည်။ သူ၏ ကံစွမ်းအားမှာ အလွန်ပင် ထူထဲလှပြီး နန်းတော်၏ ကံစွမ်းအား စွမ်းအား အများစုမှာလည်း လုချန်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထို့ကြောင့် နန်းတော်၏ ကံစွမ်းအားကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် နှင်ထုတ်မည့်အစား လုချန်းနှင့် ပိုမို ခိုင်မြဲအောင် ချိတ်ဆက်ထားသင့်သည်ဟု သူမ ခံစားရသည်။ အကယ်၍ လုချန်းသာ လျှို့ဝှက်လဝန်းနန်းတော်မှ တကယ် ထွက်သွားလျှင် သူတို့၏ နတ်ဂိုဏ်း ကံစွမ်းအား သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။
ထို့ပြင် လုချန်း ထွက်သွားပါက နတ်ဘုရင် လင်ရင်လည်း ထွက်ခွာသွားနိုင်သဖြင့် နန်းတော်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လာနိုင်မည်။
သို့သော် လုချန်း နတ်ဧကရာဇ် ဖြစ်လာပြီးနောက် နန်းတော်၏ ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်ခြင်းကလည်း မသင့်တော်သဖြင့် သူ့ကို ဂုဏ်ထူးဆောင် နန်းတော်သခင်အဖြစ် ထားရှိခြင်းက ပို၍ သင့်လျော်သည်။ တာဝန်များ ထမ်းဆောင်ရန် မလိုပဲ ရာထူးကိုသာ ရယူထားခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤတိရစ္ဆာန်သည် တစ်နေကုန် တိရစ္ဆာန်ဆန်သော အလုပ်များကိုသာ အာရုံစိုက်နေသူ ဖြစ်၏။ နတ်ဧကရာဇ် ဖြစ်လာလျှင်ပင် နတ်ဘုရား နိုင်ငံတော်ကို စီမံခန့်ခွဲရန် သူ စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။ သူ၏ စိတ်ထဲတွင် မျိုးဆက်ပြန့်ပွားရေးကိုသာ စဉ်းစားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လုချန်းက
“ဆရာက ကျုပ်ကို မနှင်ထုတ်ဘူးဆိုတာ... ကျုပ်ကို မခွဲနိုင်လို့လား။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိထံမှ အေးစက်သော အငွေ့အသက်များ လုချန်းထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားကာ အခန်းတွင်းရှိ ကန့်လန့်ကာများကို ခဲသွားစေ၏။
သို့သော်လည်း ဤအရာက ခြိမ်းခြောက်ရုံသာ ဖြစ်ပြီး အအေးဓာတ်က သူ၏ ရှေ့တွင် ရပ်တန့်သွား၏။
အေးစက်စွာဖြင့် ယွမ်ယုတိ
“တခြား ပြောစရာ မရှိတော့ရင် ရှင် အခု ထွက်သွားလို့ရပြီ။”
လုချန်းသည်လည်း ဤနေရာတွင် အချိန်အကြာကြီး ဖြုန်းရန် ရည်ရွယ်ချက် မရှိပေ။ နတ်ဘုရား နိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ပြီးကတည်းက မည်သည့်နေရာများကို သိမ်းပိုက်ရမည်ကို သူ စဉ်းစားရန် လိုအပ်သည်။
“တပည့် ဆရာ့ကို အနှောင့်အယှက် မပေးတော့ပါဘူး။ ကောင်းကောင်း အနားယူပါဦး”
လုချန်း ထွက်ခွာရန် ပြင်ဆင်နေစဉ် ယွမ်ယုတိ တစ်ခုခုကို ရုတ်တရက် သတိရသွားကာ
“အကယ်လို့ အပြင်စည်းက တစ်ယောက်ယောက်က ရှင့်ကို ဆန္ဒအလျောက် ကူညီမယ်ဆိုရင် ကျွန်မတားမှာ မဟုတ်ဘူး။ ဒါပေမဲ့ နန်းတော်ရဲ့ အရင်းအမြစ်တွေကိုတော့ ရှင့်သဘောနဲ့ရှင် သုံးစွဲခွင့် မရှိဘူး။”
လုချန်း ရယ်မောလိုက်ရင်း
“ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာက ကျုပ်အပေါ် ဂရုစိုက်နေတုန်းပဲ။”
ယွမ်ယုတိက
“ထွက်သွားစမ်း။”
--
……….