အခန်း ၁၈၀၃
Vol. 121 Ch. 1803
အခန်း (၁၈၀၃)
တစ်နှစ်အတွင်း မိုးကြိုးမြွေဂိုဏ်းကို သိမ်းပိုက်ခြင်း
ယွမ်ယုတိ၏ နန်းဆောင်မှ လုချန်း ထွက်ခွာလာခဲ့ပြီးနောက် အရိုင်းနယ်မြေ၏ ထောက်လှမ်းရေးသတင်းများကို စုဆောင်းရန်နှင့် နတ်ဘုရားနိုင်ငံ တည်ထောင်ဖို့ ပြင်ဆင်ရန် လုကျန့်ကျီတို့လူစုကို ညွှန်ကြားလိုက်၏။
လက်ရှိတွင် သူတို့သည် အရိုင်းနယ်မြေ၏ အရှေ့တောင်ဘက်ရှိ နဂါးနယ်မြေဟု လူသိများသည့် နေရာတွင် ရောက်ရှိနေကြသည်။ ထိုနေရာတွင် စွမ်းအားကြီးသော နဂါးမျိုးနွယ်များ ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထား၏။
ဤနေရာတွင် နတ်အငွေ့အသက် အချို့ ရှိသော်လည်း တကယ် စွမ်းအားကြီးသော နတ်ဂိုဏ်းတစ်ခု ပေါ်ထွက်လာရန်အတွက်တော့ ရှိနေသော နတ်အငွေ့အသက်က အလွန်ပင် ကျဲပါးလှသည်။
ယခုအခါ နဂါးနယ်မြေ၏ ဆယ်ပုံတစ်ပုံကို လျှို့ဝှက်လဝန်းနန်းတော်က သိမ်းပိုက်ထားပြီး ထိုနေရာရှိ ဂိုဏ်းအမြောက်အမြားကိုလည်း ထိန်းချုပ်ထား၏။ နတ်ဘုရားနိုင်ငံကို လုချန်း တည်ထောင်လိုလျှင် ကျန်ရှိနေသော ဂိုဏ်းများကို ပစ်မှတ်ထားကာ နယ်မြေများကို လုယူရမည် ဖြစ်သည်။
သို့သော် လျှို့ဝှက်လဝန်းနန်းတော် ထိန်းချုပ်ထားသည့် နယ်မြေများသည် နဂါးနယ်မြေရှိ အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် နတ်အငွေ့အသက် ပို၍ကြွယ်ဝ၏။ နတ်အငွေ့အသက် ပေါများသည့် အခြားတစ်နေရာတစ်ခုကတော့ မိုးကြိုးမြွေဂိုဏ်း ပိုင်နက်ဖြစ်၏။
နတ်ဘုရားနိုင်ငံကို တည်ထောင်ရန် လုချန်း ရည်ရွယ်ထားသဖြင့် နတ်အငွေ့အသက် ကြွယ်ဝသည့် နေရာများကို သဘာဝအတိုင်း ရွေးချယ်ရမည်ဖြစ်သည်။ ထို့ကြောင့် မိုးကြိုးမြွေဂိုဏ်းနှင့် ထိပ်တိုက်တွေ့ဆုံခြင်းအား ရှောင်လွှဲ၍ မရနိုင်တော့ပေ။
လုချန်းသည် နဂါးနယ်မြေ၏ အင်အားဖြန့်ကျက်မှုကို သိပြီးနောက် နတ်ဘုရားနိုင်ငံ တည်ထောင်ရာတွင် ကူညီပေးမည့် လုကျန့်ကျီတို့လူစုကို ပိဟိုင်နတ်မြို့တော်၏ မြို့တော်ဝန်စံအိမ်တွင် စုဝေးစေလိုက်၏။
…….
အစည်းအဝေးခန်းမအတွင်း၌။
လူများသည် တိုးတိုးတိတ်တိတ် စကားဆိုနေကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က နဂါးနယ်မြေရှိ အင်အားစုအသီးသီး၏ ထောက်လှမ်းရေးသတင်းများကို စုဆောင်းရန် ခိုင်းစေခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ဆင့်ခေါ်ခြင်းက နတ်ဘုရားနိုင်ငံ တည်ထောင်ရန်အတွက် ဆွေးနွေးရန် အတွက်လားဟု သူတို့ တွေးတောနေကြ၏။
လူတိုင်း ခန့်မှန်းနေကြစဉ်မှာပင် ဝတ်ရုံဖြူတစ်ထည် လွှင့်မျောလာသကဲ့သို့ လူငယ်တစ်ဦး ခန်းမအတွင်းသို့ ရောက်ရှိလာသည်။
လုချန်းကို မြင်လျှင် ဆွေးနွေးသံများအားလုံး ရပ်တန့်သွား၏။
ထိုအခိုက်အတန့်တွင် လုချန်းက
“နတ်ဘုရားနိုင်ငံ တည်ထောင်မယ့်အကြောင်း ကျုပ် နန်းတော်သခင်နဲ့ ဆွေးနွေးခဲ့ပြီးပြီ။ သူကလည်း မကန့်ကွက်ဘူး။”
ထိုအရာကို ကြားလျှင် လုကျန့်ကျီ အပါအဝင် လူစုကြီး အလွန် စိတ်လှုပ်ရှားသွားကြသည်။
နောက်ဆုံးတွင် သူတို့သည် နတ်ဘုရားနိုင်ငံကို တည်ထောင်နိုင်တော့မည် မဟုတ်ပါလား။
သို့သော် ထိုအချိန်မှာပင် လုချန်းက ဆက်လက်၍
“ဒါပေမဲ့ နန်းတော်သခင်မှာ သတ်မှတ်ချက်တစ်ခု ရှိတယ်။ နတ်ဘုရားနိုင်ငံကို တည်ထောင်တဲ့အချိန်မှာ လျှို့ဝှက်လဝန်းနန်းတော်ဆီက ဘယ်လို အရင်းအမြစ်ကိုမှ မသုံးရဘူးတဲ့။”
ဒါက...
ထိုအရာကို ကြားသောအခါ ခန်းမအတွင်းရှိ လူတိုင်း မှင်တက်သွားကြသည်။
လုကျန့်ကျီနှင့် သူ၏ လူစုကိုသာ အားကိုးရမည်ဆိုပါက အရိုင်းနယ်မြေရှိ ထိုအင်အားစုများကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း သူတို့ ကောင်းကောင်း သိကြ၏။ လုချန်း၏ လက်ကျန် အင်အားစုများကြား အလွန်ဆုံး စစ်မှန်သောနတ် အဆင့်များသာ ဖြစ်ကြ၏။
လျှို့ဝှက်လဝန်းနန်းတော်၏ အထောက်အပံ့ မပါလျှင် နတ်ဘုရားနိုင်ငံ တည်ထောင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ လုချန်း တစ်ဦးတည်းနှင့် နဂါးနယ်မြေရှိ အင်အားစုအားလုံးကို ခြိမ်းခြောက်နိုင်မည်ဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။ ထိုသို့သာ လုပ်နိုင်ပါက အင်အားစုများ အလိုအလျောက် လက်နက်ချလာကြမည်ဖြစ်ပြီး နတ်ဘုရားနိုင်ငံကို တည်ထောင်နိုင်မည်ဖြစ်သည်။
သို့သော် တောင်ပိုင်းနယ်၌ ပြသခဲ့သော စွမ်းအားမျိုး လုချန်းတွင် ရှိနေသေးသလားဆိုတာက မသေချာလှပေ။
ပို၍ အရေးကြီးသည်မှာ ထိုဂိုဏ်းများတွင် ခိုင်မာသော အခြေခံအုတ်မြစ်များနှင့် စွမ်းအားကြီးမားသော ဂိုဏ်းစောင့် နည်းဗျူဟာပုံစံများ ရှိနိုင်ရာ လုချန်း၏ အင်အားတစ်ခုတည်းနှင့် နတ်ဘုရားနိုင်ငံ တည်ထောင်ရန် ခက်ခဲပေလိမ့်မည်။
ထို့ပြင် နတ်ဘုရားနိုင်ငံ တစ်ခု တည်ထောင်ရန်မှာ လူထု၏ အသိအမှတ်ပြုမှု ရရှိရန် အလွန် အရေးကြီးသည်။ နတ်ဘုရားနိုင်ငံသည် စွမ်းအားရှိသူ မည်သူမဆို တည်ထောင်နိုင်သော နတ်ဂိုဏ်းများနှင့် မတူညီပေ။
နတ်ဘုရားနိုင်ငံကို တည်ထောင်ပြီး ကံစွမ်းအားကို စုစည်းနိုင်ရန်အတွက် ထိုနယ်မြေအတွင်းရှိ နတ်များ သို့မဟုတ် ကျင့်ကြံသူ အများစု၏ အသိအမှတ်ပြုမှုကို ရယူနိုင်ခြင်းက အဓိကအချက် ဖြစ်သည်။
ပုံမှန်အားဖြင့် နတ်ဘုရားနိုင်ငံကို တည်ထောင်သည့် ပထမဆုံး ဧကရာဇ်များသည် ပြိုင်ဘက်များ လက်နက်ချလာစေရန် သတ်ဖြတ်ခြင်းဟူသော အရိုးရှင်းဆုံး နည်းလမ်းကို အသုံးပြုလေ့ ရှိကြသည်။
သတ်ဖြတ်မှုများ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားလျှင် ကျန်ရှိနေသော လူများလည်း အကြောက်တရားကြောင့် နတ်ဘုရားနိုင်ငံ တည်ရှိမှုကို အလိုအလျောက် အသိအမှတ်ပြုလာကြ၏။ သို့သော် ဤနည်းလမ်းသည် လူဦးရေ ထူထပ်သော နေရာများတွင်သာ သင့်တော်၏။
အရိုင်းနယ်မြေ၏ ကျယ်ပြောမှု၊ ဟာလာဟင်းလင်း ဖြစ်မှုနှင့် လူဦးရေ ကျဲပါးမှုတို့ကြောင့် လုချန်း တစ်ဦးတည်းက ဂိုဏ်းအသီးသီးကို လိုက်လံ သတ်ဖြတ်နေမည်ဆိုပါက အချိန်အလွန် ကုန်ပေလိမ့်မည်။ ထို့ပြင် လူအမြောက်အမြားကို သတ်ဖြတ်လိုက်လျှင် နတ်ဘုရားနိုင်ငံ တည်ထောင်ရန် လိုအပ်သော လူဦးရေ အခြေခံအဆင့်သို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။
လူစု၏ စိုးရိမ်နေသော မျက်နှာများကို မြင်လျှင် လုချန်းက ထပ်လောင်း၍
“ဒါပေမဲ့ စိတ်ပူစရာ မလိုပါဘူး။ အပြင်စည်း အကြီးအကဲတွေထဲက ကျုပ်တို့ကို ကူညီချင်တယ်ဆိုရင် နန်းတော်သခင်က တားမှာ မဟုတ်ဘူးလို့ ပြောထားတယ်။”
ထိုအရာကို ကြားလျှင် အပြင်စည်း အကြီးအကဲများ ချက်ချင်းပင် နားလည်သွားကြသည်။ သူတို့၏ နန်းတော်သခင်သည် လုချန်း၏ နတ်ဘုရားနိုင်ငံ တည်ထောင်မှုကို အားပေးနေဆဲ ဖြစ်ပုံရ၏။
လုချန်းက လုပ်သင့်သည့် အကန့်အသတ်ထက် ကျော်လွန်သွားကာ ပုန်းအောင်းနေသော အရိုင်းနယ်မြေ အင်အားစုများကို ရန်စမိမည်ကို နန်းတော်သခင်က စိုးရိမ်သောကြောင့် တိုက်ရိုက် ကူညီခြင်းကို ရှောင်ကြဉ်ခြင်း ဖြစ်နိုင်သည်။
ထိုသို့ ပုန်းအောင်းနေသည့် အင်အားစုများကို ရန်စမိပါက ဤအရာသည် လုချန်း၏ ကိုယ်ပိုင် လုပ်ရပ်သာဖြစ်ကြောင်း အကြောင်းပြနိုင်သည်။
အပြင်စည်းက ကူညီနိုင်ကြောင်း သိပြီးနောက် ခန်းမအတွင်းရှိ အငွေ့အသက် သိသိသာသာ ပြေလျော့သွားသည်။
ထို့နောက် လုကျန့်ကျီက
“နတ်ဘုရားနိုင်ငံရဲ့ မြို့တော်အဖြစ် ဘယ်နေရာကို ရွေးမလဲဆိုတာ သခင် ဆုံးဖြတ်ပြီးပြီလား။”
နတ်ဘုရားနိုင်ငံ၏ မြို့တော်သည် နတ်အငွေ့အသက် ကြွယ်ဝရမည် ဖြစ်သည်။ လက်ရှိတွင် လျှို့ဝှက်လဝန်းနန်းတော် သိမ်းပိုက်ထားသည့် နေရာမှာ နဂါးနယ်မြေအတွင်း နတ်အငွေ့အသက် အကြွယ်ဝဆုံး နေရာဖြစ်ရာ သူတို့အနေဖြင့် နတ်ဘုရားနိုင်ငံ မြို့တော်အတွက် အခြားနေရာကို ရွေးချယ်ရမည် ဖြစ်သည်။
ပိဟိုင်နတ်မြို့တော်တွင် နတ်အငွေ့အသက် ပေါများသော်လည်း ၎င်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်တွင် ရှိနေ၏။ ထို့ကြောင့် ပိဟိုင်နတ်မြို့တော်သည် နတ်ဘုရားနိုင်ငံသစ်၏ မြို့တော် ဖြစ်မလာနိုင်ပေ။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက
“မိုးကြိုးမြွေဂိုဏ်းက ရွေးချယ်စရာ ကောင်းတစ်ခုပဲ။”
နဂါးနယ်မြေတွင် လျှို့ဝှက်လဝန်းနန်းတော် တည်ရှိရာနှင့် မိုးကြိုးမြွေဂိုဏ်း နယ်မြေတို့သာ နတ်အငွေ့အသက် ကြွယ်ဝကြ၏။ မြို့တော်ကို လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေတွင် မတည်ထောင်နိုင်သဖြင့် မိုးကြိုးမြွေဂိုဏ်းအတွင်း၌သာ တည်ရမည် ဖြစ်သည်။
ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ မိုးကြိုးမြွေဂိုဏ်းသည် သူတို့ ပထမဆုံး သိမ်းပိုက် ရမည့်နေရာ ဖြစ်လာမည်ဟု ဆိုလိုချင်နေတာလား။
မိုးကြိုးမြွေဂိုဏ်းသည် နတ်ဘုရင်တစ်ပါး စောင့်ကြပ်နေသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ထို့ကြောင့် မိုးကြိုးမြွေဂိုဏ်းကို အနိုင်ယူရန်က လွယ်ကူလိမ့်မည် မဟုတ်ပေ။
သို့သော် မိုးကြိုးမြွေဂိုဏ်းကို အနိုင်ယူနိုင်ခဲ့လျှင် နဂါးနယ်မြေအတွင်းရှိ မည်သည့် အင်အားစုမှ သူတို့ နတ်ဘုရားနိုင်ငံ တည်ထောင်မှုကို ဟန့်တားရဲမည် မဟုတ်တော့ပေ။ နောက်ဆက်တွဲ လုပ်ရှားမှုများ အတွက်လည်း လမ်းရှင်းပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
ထို့နောက် လုချန်းက
“ကောင်းပြီ... နောက်တစ်ဆင့်ကတော့ ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့ပဲ။ တစ်နှစ်အတွင်းမှာ မိုးကြိုးမြွေဂိုဏ်းရဲ့ အခြေအနေကို အတတ်နိုင်ဆုံး စုံစမ်းထားကြပါ။ ပြီးရင် ကျုပ်တို့ အဲဒီဂိုဏ်းကို တိုက်ခိုက်မယ်။”
လုချန်း၏ စကားကို ကြားသောအခါ လူတိုင်း ခဏခန့် မှင်တက်သွားကြသည်။
တစ်နှစ်တဲ့... လား။
အလွန်နည်းပါးသော အချိန် မဟုတ်ပါလား။
နဂါးနယ်မြေတွင် အခြေချနိုင်ရန် လျှို့ဝှက်လဝန်းနန်းတော်သည်ပင် ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူခဲ့ရ၏။ မိုးကြိုးမြွေဂိုဏ်းဆိုသည်မှာ နတ်ဘုရင်တစ်ပါး ရှိနေသည့် ဂိုဏ်းဖြစ်သဖြင့် ကိုင်တွယ်ရန် ပို၍ခက်ခဲလိမ့်မည်။ တစ်နှစ်ဆိုသည့် အချိန်မှာ ထိုဂိုဏ်းအကြောင်း အလုံးစုံ နားလည်ရန်ပင် လုံလောက်မည် မဟုတ်ပေ။
သို့သော် လုချန်းက အမိန့်ပေးခဲ့သဖြင့် သူတို့အနေနှင့် လိုက်နာရန်သာ ရှိတော့သည်။ တစ်နှစ်အတွင်း တိုက်ခိုက်ရန် စဉ်းစားနေသည်ဆိုပါက မိုးကြိုးမြွေဂိုဏ်းကို အနိုင်ယူရန် လုချန်းတွင် ယုံကြည်ချက် ရှိနေမည်ဟု သူတို့ ယုံကြည်ကြ၏။
ထို့ကြောင့် သူတို့အားလုံးက
“ဟုတ်ကဲ့”
ဟု တစ်ပြိုင်နက်တည်း ပြန်လည် တုံ့ပြန်လိုက်ကြသည်။
တစ်နှစ်အတွင်း မိုးကြိုးမြွေဂိုဏ်းကို ရင်ဆိုင်ရန် ပစ်မှတ်ထားပြီးနောက် လုချန်း၏ အင်အားစု ချက်ချင်းပင် လှုပ်ရှားကြပြီး ထိုဂိုဏ်းနှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းများကို မနားတမ်း ရှာဖွေကြတော့သည်။
……
တစ်ချိန်တည်းမှာပင်။
မိုးကြိုးမြွေဂိုဏ်း။
မိုးကြိုးမြွေဂိုဏ်း၏ အစည်းအဝေးခန်းမအတွင်း၌။
တဖျပ်ဖျပ် တောက်ပနေသော လျှပ်စီးများ ဝန်းရံနေသည့် မြွေအချို့သည် တိုင်လုံးများကို ပတ်ရစ်ထားကြ၏။ သူတို့၏ ဝင်းဝင်းတောက်သော မျက်လုံးများက ခန်းမအလယ်ရှိ နတ်ဘုရင်ခံ သဲရှင်ကို စိုက်ကြည့်နေကြသဖြင့် ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ သဲရှင်လည်း အလွန် ဖိအားပေးခံနေရသည်။
ထိုစဉ် မိုးကြိုးမြွေ နတ်ဘုရင်က နတ်ဘုရင်ခံ သဲရှင်ကို
“ကျုပ် မမှားဘူးဆိုရင် ခင်ဗျားတို့ရဲ့ သဲရှင်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်နဲ့ မဟာမိတ်ဖွဲ့ထားတာ ကြာပြီပဲ။”
--
………….