အခန်း ၁၈၀၅
Vol. 121 Ch. 1805
အခန်း( ၁၈၀၅ )
မိုးကြိုးမြွေဂိုဏ်းနှင့် သဲရှင်ဂိုဏ်းတို့၏ ပရိယာယ်များ
နတ်ဘုရင်ခံ စစ်ယန်၏ စကားများကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင်၏ မျက်နှာပေါ်ရှိ တည်ကြည်လေးနက်နေသည့် အမူအရာ ရုတ်တရက် ပျောက်ကွယ်သွားပြီး တဟားဟား အော်ရယ်လိုက်၏။
မိုးကြိုးမြွေ နတ်ဘုရင်က
“တကယ်လို့ နတ်ဘုရင်ခံ သဲရှင်က နတ်ဘုရင်အဆင့်ကို တကယ် တက်လှမ်းနိုင်ပြီး မိုးကြိုးမြွေဂိုဏ်းကို ဝင်လာမယ်ဆိုရင် ဂိုဏ်းရဲ့ အာဏာ တစ်ဝက်လောက်ကို သူ့ကို ခွဲဝေမပေးနိုင်စရာ ဘာအကြောင်းရှိမလဲ။”
နတ်ဘုရင်ခံ သဲရှင်က မိုးကြိုးမြွေဂိုဏ်းအတွင်း အာဏာလုလာမည်ကို မိုးကြိုးမြွေ နတ်ဘုရင် အနည်းငယ်မှပင် မစိုးရိမ်ပေ။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသားအများစုမှာ သူ့အပေါ်တွင်သာ သစ္စာစောင့်သိကြသောကြောင့် ဖြစ်၏။
အနာဂတ်တွင် သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းအတွင်းသို့ ပေါင်းစည်းသွားသည့်တိုင် သဲရှင်ဂိုဏ်း၏ ဩဇာအာဏာသည် မိုးကြိုးမြွေဂိုဏ်းအတွင်း ကြီးမားသည့် ဂယက်ရိုက်မှုများ ဖန်တီးနိုင်မည်မဟုတ်ဟု သူက ယူဆထား၏။
နတ်ဘုရင်အဆင့်သို့ အသစ်တက်လှမ်းထားသည့် နတ်ဘုရင်ခံ သဲရှင်၏ အစွမ်းမှာလည်း သူ့ထက် သာလွန်မည်မဟုတ်တာ ထင်ရှားလှသည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ မိုးကြိုးမြွေဂိုဏ်း၏ နည်းဗျူဟာ ပုံစံများနှင့် လျှို့ဝှက်ချက်အများစုမှာ ဂိုဏ်းချုပ်ဖြစ်သူ သူ၏လက်ထဲတွင်သာ ရှိနေခြင်းဖြစ်၏။
နတ်ဘုရင်ခံ သဲရှင်အနေနှင့် အာဏာသိမ်းရန် ကြံစည်ပါက အတော်လေး ခက်ခဲပေလိမ့်မည်။
ထို့ပြင် အကယ်၍ နတ်ဘုရင်ခံ သဲရှင်က အာဏာလုရန် ရည်ရွယ်ချက်ဖြင့် မိုးကြိုးမြွေဂိုဏ်းသို့ ရောက်ရှိလာခဲ့လျှင်ပင် ယင်းက နတ်ဘုရင်ခံ သဲရှင်အတွက် များစွာ အကျိုးရှိမည်မဟုတ်ပေ။
သူတို့နှစ်ဦးကြား အားပြိုင်မှုက လျှို့ဝှက်လဝန်းနန်းတော်အတွက်သာ အခွင့်ကောင်း ဖြစ်သွားစေမည် ဖြစ်၏။
သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းထဲသို့ ပေါင်းစည်းဝင်ရောက်ခြင်းမှာ လျှို့ဝှက်လဝန်းနန်းတော်၏ ပရိယာယ်တစ်ခု ဖြစ်နိုင်ခြေ ရှိနေသော်လည်း ထိုအချက်ကို သဘောတူရန် မိုးကြိုးမြွေ နတ်ဘုရင် ရည်ရွယ်ထား၏။
ထိုအခိုက်တွင် မိုးကြိုးမြွေ နတ်ဘုရင်က ဆက်လက်၍
“ကောင်းပြီ... ခင်ဗျားတို့ ဂိုဏ်းချုပ် နတ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးဖို့ ကျုပ် သဘောတူတယ်... ဒီတော့ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ခင်ဗျားတို့ ဂိုဏ်းချုပ်ကို မိုးကြိုးမြွေဂိုဏ်းဆီ ကိုယ်တိုင် လာခိုင်းလိုက်ပါ... အဲ့ဒီအခါကျမှပဲ ပေါင်းစည်းမယ့် ကိစ္စကို ဆက်ပြီး ဆွေးနွေးကြတာပေါ့။”
နတ်ဘုရင်ခံ စစ်ယန်က
“ကျုပ်တို့ ဂိုဏ်းချုပ်ဆီကို အခုပဲ သတင်းပို့လိုက်ပါ့မယ်။”
မိုးကြိုးမြွေ နတ်ဘုရင်က
“နတ်ဘုရင်ခံ သဲရှင် ရောက်လာမယ့်အချိန်ကို ကျုပ် စောင့်နေပါ့မယ်။”
အစည်းအဝေးခန်းမမှ ထွက်လာပြီးနောက် နတ်ဘုရင်ခံ စစ်ယန်သည် ရက်အနည်းငယ်အတွင်း မိုးကြိုးမြွေဂိုဏ်းသို့ လာရောက်ရန် နတ်ဘုရင်ခံ သဲရှင်ထံသို့ ချက်ချင်း သတင်းပို့လိုက်၏။
နတ်ဘုရင်ခံ စစ်ယန်ဆီမှ ဤသတင်းစကားကို လက်ခံရရှိလျှင် နတ်ဘုရင်ခံ သဲရှင်လည်း တွေဝေမနေတော့ပဲ မိုးကြိုးမြွေဂိုဏ်းသို့ ချက်ချင်းပင် ထွက်ခွာခဲ့တော့၏။
နတ်ဘုရင်ခံ သဲရှင် ရောက်ရှိလာခြင်းနှင့်အတူ မိုးကြိုးမြွေဂိုဏ်းနှင့် သဲရှင်ဂိုဏ်းတို့ ပေါင်းစည်းရေး အတည်ဖြစ်သွားခဲ့တော့၏။
ယခု အချိန်မှစ၍ သူတို့၏ အဓိက လုပ်ဆောင်ရမည့် တာဝန်မှာ နတ်ဘုရင်ခံ သဲရှင်ကို နတ်ဘုရင် ဖြစ်လာစေရန် ကူညီပေးဖို့ဖြစ်သည်။
သူတို့၏ နည်းလမ်းက ရိုးရှင်းလှ၏။
ယင်းမှာ သဲရှင်ဂိုဏ်းကို နယ်မြေများ ဆက်လက် ချဲ့ထွင်ခွင့်ပေးပြီး ဂိုဏ်း၏ ကံစွမ်းအားများ ပိုမိုရရှိစေခြင်း ဖြစ်၏။
ဂိုဏ်း၏ ကံစွမ်းအား ပိုများလေလေ နတ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည့် အောင်မြင်နိုင်ခြေ ပိုမိုမြင့်မားလာလေလေ ဖြစ်ပြီး ကောင်းကင်ဘုံ ဘေးဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်သည့် အလားအလာလည်း လျော့နည်းသွားမည် ဖြစ်၏။
မိုးကြိုးမြွေဂိုဏ်းက များပြားလှသည့် သူတို့၏ နယ်မြေများကို သဲရှင်ဂိုဏ်းထံသို့ အသာတကြည် ခွဲဝေပေးခဲ့၏။
နောက်ဆုံးတွင် သဲရှင်ဂိုဏ်းနှင့် မိုးကြိုးမြွေဂိုဏ်းတို့ ပေါင်းစည်းသွားသည်နှင့် ထိုနယ်မြေများ ပြန်လည် ရရှိလာမည် ဖြစ်သလို နယ်မြေအသစ်များကိုပါ ထပ်မံ ရရှိလာနိုင်သောကြောင့် ဖြစ်၏။
မိုးကြိုးမြွေဂိုဏ်းနှင့် သဲရှင်ဂိုဏ်းတို့ လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်နေကြသော်လည်း သူတို့၏ လှုပ်ရှားမှုများကို လုချန်းနှင့် သူ၏ အဖွဲ့ သတိထားမိသွားခဲ့၏။
လုချန်းနှင့် သူ၏ အဖွဲ့သည် နောက်ထပ် တစ်နှစ်အကြာတွင် မိုးကြိုးမြွေဂိုဏ်းကို တိုက်ခိုက်ရန် စိီစဉ်ထားပြီး ဖြစ်ရာ ထိုဂိုဏ်းကို အမြဲမပြတ် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်၏။
မိုးကြိုးမြွေဂိုဏ်းက ဤကဲ့သို့ နယ်မြေအမြောက်အမြားကို ရုတ်တရက် စွန့်လွှတ်လိုက်ခြင်းမှာ လုချန်း၏ လူများ သတိမပြုမိပဲ မနေနိုင်သည့် ကိစ္စပင်။
……
ပိဟိုင်နတ်မြို့။
ပလ္လင်ပေါ်တွင် ထိုင်နေသည့် လုချန်းသည် ကျောက်စိမ်းစာလိပ်အတွင်းရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ကြည့်လိုက်ပြီးနောက်
“စိတ်ဝင်စားစရာပဲ”
ဟု ရေရွတ်လိုက်သည်။
ထိုအခိုက်တွင် လုကျန့်ကျီက
“မိုးကြိုးမြွေဂိုဏ်းက တစ်ခုခုကို သတိထားမိသွားလို့ အဲ့ဒီမြို့တွေကို အလိုအလျောက် စွန့်လွှတ်လိုက်တာများလား။”
မကြာသေးမီက မိုးကြိုးမြွေဂိုဏ်းက မြို့အမြောက်အမြားကို စွန့်လွှတ်ခဲ့ရာ ယင်းမြို့များသည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်ထဲသို့ ကျရောက်လာခဲ့၏။
သူတို့၏ လူများ ဤသတင်းအချက်အလက်ကို ရရှိလျှင် မိုးကြိုးမြွေဂိုဏ်းသည် သူတို့၏ အစီအစဉ်ကို ရိပ်မိသွားပြီး နောက်တစ်နှစ်အကြာတွင် ဖြစ်ပွားမည့် ပဋိပက္ခအတွက် အင်အားစုဆောင်းရန် စစ်မျက်နှာပြင်ကို ကျုံ့လိုက်ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြ၏။
အရိုင်းနယ်မြေသည် လွန်စွာ ကျယ်ပြောလှ၏။ ထို့ကြောင့် မိုးကြိုးမြွေဂိုဏ်း ပိုင်ဆိုင်သော နယ်မြေက အလွန် ကျယ်ဝန်းသော်လည်း ဂိုဏ်းတစ်ဂိုဏ်း၏ အင်အားက ကန့်သတ်ချက် ရှိနေ၏။
စစ်ပွဲဖြစ်ပွားလာပါက မြို့တိုင်းကို ကာကွယ်နိုင်ရန် မဖြစ်နိုင်ပေ။
မိုးကြိုးမြွေဂိုဏ်းအတွက်တော့ အစွန်အဖျား မြို့များကို စွန့်လွှတ်လိုက်ခြင်းမှာ တကယ်ပင် အကျိုးရှိ၏။
ယင်းအချက်က ကာကွယ်ရေး ဖိအားကို လျော့နည်းစေပြီး ရန်သူကို ခုခံရန်အတွက် အဓိက အင်အားစုများကို အရေးကြီးသည့် မြို့များတွင်သာ အာရုံစိုက်ထားနိုင်စေသောကြောင့် ဖြစ်၏။
လုချန်းက
“တန်ဖိုးမရှိတဲ့ မြို့တချို့ကို စွန့်လွှတ်တာက ကျုပ်တို့ကို ခုခံဖို့ဆိုရင်တော့ ဒါက တကယ့်ကို ပညာရှိတဲ့ ဆုံးဖြတ်ချက်ပဲ။”
လုချန်းက
“ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ကာကွယ်ဖို့ မဟုတ်ဘူးလို့ ကျုပ် ခံစားနေရတယ်။”
ပထမအချက်မှာ သူတို့၏ နတ်ဘုရား နိုင်ငံ တည်ထောင်မည့် အစီအစဉ်ကို လူအနည်းငယ်သာ သိရှိကြခြင်းဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌ပင် သိသူ အလွန်နည်းပါး၏။
ထိုသို့ဆိုလျှင် မိုးကြိုးမြွေဂိုဏ်းက သူတို့ တိုက်ခိုက်မည်ကို မည်သို့ သိနိုင်ပါမည်နည်း။
မိုးကြိုးမြွေဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သတိထားနေခြင်းကြောင့် နယ်စပ်ရှိ မြို့များကို စွန့်လွှတ်လိုက်ခြင်းလည်း ဖြစ်နိုင်၏။
သို့သော်လည်း မိုးကြိုးမြွေဂိုဏ်းအနေနှင့် ဤသို့ လုပ်ဆောင်ရန် အကြောင်းပြချက်က ပို၍ပင် နည်းပါး၏။
ထိုမြို့များကို စွန့်လွှတ်လိုက်ခြင်းကြောင့် စစ်ဗျူဟာအရ အသာစီးရမှုကိုပါ ဆုံးရှုံးသွားစေခြင်း ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော်က လက်အောက်ခံ အင်အားစုများကို နယ်မြေမချဲ့ရန် နတ်အမိန့် ထုတ်ပြန်ထားပြီး ဖြစ်ရာ မိုးကြိုးမြွေဂိုဏ်းအနေနှင့် ထိုမြို့များကို စွန့်လွှတ်ရန် မလိုအပ်ပေ။
စစ်ဖြစ်ပွားနေသည့် ကာလမျိုးတွင် တန်ဖိုးမရှိသည့် မြို့များကို စွန့်လွှတ်ခြင်းမှာ လက်ခံနိုင်ဖွယ် ရှိသော်လည်း ယခုအချိန်က ထိုသို့ မဟုတ်ပေ။
ထိုမြို့များကို ဆက်လက် ထိန်းသိမ်းထားခြင်းက လျှို့ဝှက်လဝန်းနန်းတော်၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်စေမည် ဖြစ်၏။
ဤရှုထောင့်မှ ကြည့်လျှင် မိုးကြိုးမြွေဂိုဏ်း၏ မြို့များကို စွန့်လွှတ်လိုက်သည့် လုပ်ရပ်က အတော်လေး ထူးဆန်းနေသည်။
ထို့ပြင် အထူးဆန်းဆုံး အချက်မှာ လျှို့ဝှက်လဝန်းနန်းတော်က လက်အောက်ခံ အင်အားစုများကို ထပ်မံ နယ်မြေမချဲ့ရန် နတ်အမိန့် ထုတ်ပြန်ထားသော်လည်း မိုးကြိုးမြွေဂိုဏ်း စွန့်လွှတ်လိုက်သည့် နယ်မြေအားလုံးကို သဲရှင်ဂိုဏ်းက သိမ်းပိုက်လိုက်ခြင်း ဖြစ်၏။
အရေးကြီးဆုံး အချက်မှာ မိုးကြိုးမြွေဂိုဏ်းက မြို့တစ်မြို့ကို စွန့်လွှတ်လိုက်တိုင်း ထိုမြို့မှာ ချက်ချင်းပင် သဲရှင်ဂိုဏ်း၏ မြို့ ဖြစ်လာခြင်း ဖြစ်၏။
မိုးကြိုးမြွေဂိုဏ်း စွန့်လွှတ်လိုက်သည့် မြို့များကို အခြား အင်အားစု တစ်ခုမှ ဝင်ရောက် သိမ်းပိုက်ခြင်း မရှိပေ။
ယင်းမှာ မိုးကြိုးမြွေဂိုဏ်းက သဲရှင်ဂိုဏ်းကို ထိုမြို့များအား ရည်ရွယ်ချက်ရှိရှိ ကြိုတင် ပေးအပ်လိုက်သကဲ့သို့ ဖြစ်နေ၏။
အကယ်၍ မိုးကြိုးမြွေဂိုဏ်းက မြို့များကို အစီအစဉ်မရှိပဲ စွန့်လွှတ်လိုက်ခြင်းသာ ဆိုလျှင် အခြား အင်အားစုများက အနည်းဆုံး မြို့တစ်မြို့ သို့မဟုတ် နှစ်မြို့လောက်တော့ သိမ်းပိုက်နိုင်ကြရမည် ဖြစ်၏။
အဖွဲ့အစည်းတိုင်းသည် နယ်မြေချဲ့ထွင်ရန် မျှော်လင့်နေကြ၏။ ထိုမြို့အားလုံး သဲရှင်ဂိုဏ်း၏ လက်ထဲသို့ ကျရောက်သွားခြင်းမှာ မိုးကြိုးမြွေဂိုဏ်းက သဲရှင်ဂိုဏ်းထံသို့ တိုက်ရိုက် ပေးအပ်လိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။
သို့ဆိုလျှင် မေးစရာ ရှိသည်မှာ မိုးကြိုးမြွေဂိုဏ်းက သူတို့၏ မြို့များနှင့် နယ်မြေများကို သဲရှင်ဂိုဏ်းအား အဘယ်ကြောင့် ခွဲဝေပေးရသနည်းဟူသော မေးခွန်းပင်။
ယင်းက မည်ကဲ့သို့သော ရည်ရွယ်ချက် ရှိနေသနည်း။
ထိုစဉ် ကျောက်စိမ်းလိပ် တစ်ခုကို လုချန်း ထုတ်လိုက်၏။
ခဏအကြာတွင် ထိုကျောက်စိမ်းလိပ်မှ နဂါးနယ်မြေ၏ မြေပုံတစ်ခု ထွက်ပေါ်လာပြီး မြေပုံကို လုချန်း အသေအချာ ကြည့်ရှုလိုက်သည်။
သဲရှင်ဂိုဏ်းသည် မိုးကြိုးမြွေဂိုဏ်းနှင့် ကပ်လျက်တွင် ရှိနေ၏။
လျှို့ဝှက်လဝန်းနန်းတော်နှင့် အကွာအဝေးကို နှိုင်းယှဉ်လျှင် သဲရှင်ဂိုဏ်းသည် မိုးကြိုးမြွေဂိုဏ်းနှင့် ပို၍ နီးကပ်သည်။
ထိုစဉ် တောင်ပိုင်းနယ်ရှိ ကောင်းကင်ဝံပုလွေမြို့အကြောင်းကို လုချန်း ချက်ချင်းပင် သတိရသွား၏။
ထိုစဉ်က တောင်ပိုင်းနယ်ရှိ ကောင်းကင်ဝံပုလွေမြို့သည် ချီယန်ဂိုဏ်းနှင့် အတော်လေး နီးကပ်နေသောကြောင့် မြို့ခံမိသားစုများက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ကာ ချီယန်ဂိုဏ်းနှင့် ပူးပေါင်းရန် ကြံစည်ခဲ့ဖူး၏။
ဤအခြေအနေက သူတို့နှင့် လွန်စွာ ရင်းနှီးနေသည်။
လုချန်းက ခပ်ဖွဖွ ရယ်လိုက်ရင်း
“ဒါကြောင့်ကိုး”
လုချန်း အတွေးထဲ၌ နစ်မြောနေသည်ကို မြင်လျှင် လုကျန့်ကျီက သိလိုစိတ်ဖြင့်
“သခင်... ဘာကို ရှာဖွေတွေ့ရှိလိုက်လို့လဲ။”
သူ၏စိတ်ကို လုချန်း ပြန်စုစည်းလိုက်ပြီး
“သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းနဲ့ သိပ်ပြီး နီးလွန်းနေတယ်... လျှို့ဝှက်လဝန်းနန်းတော်နဲ့ဆိုရင်တော့ သိပ်ပြီး ဝေးလွန်းနေတာပေါ့။”
ထိုအရာကို ကြားလျှင် လုကျန့်ကျီလည်း လုချန်း ဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး
“သဲရှင်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်လိုက်ပြီလို့ ပြောချင်တာလား... ဒါပေမဲ့ သဲရှင်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သူတို့ ဆန္ဒအလျောက် ဝင်ခဲ့တာ မဟုတ်ဘူးလား... နောက်ပြီး အကယ်၍ သဲရှင်ဂိုဏ်းက သစ္စာဖောက်ခဲ့မယ်ဆိုရင်လည်း သူတို့ရဲ့ မြို့တွေနဲ့ နယ်မြေတွေကို မိုးကြိုးမြွေဂိုဏ်းဆီ ပေးအပ်ရမှာ မဟုတ်ဘူးလား... အခုက ဘာလို့ သူတို့က မိုးကြိုးမြွေဂိုဏ်းရဲ့ နယ်မြေတွေကို သိမ်းပိုက်နေရတာလဲ။”
လုချန်းက
“ဒါကတော့ ကျုပ်လည်း အခုထိ နားမလည်သေးတဲ့ အပိုင်းပဲ။”
အကယ်၍ သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားနေခြင်း ဆိုလျှင် မိုးကြိုးမြွေဂိုဏ်းက သဲရှင်ဂိုဏ်း၏ မြို့များနှင့် နယ်မြေများကို သိမ်းပိုက်ရမည် ဖြစ်၏။
သို့သော် လက်ရှိ အခြေအနေတွင်တော့ သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်း၏ မြို့များကို တောက်လျှောက် သိမ်းပိုက်နေခြင်းသာဖြစ်သည်။
မိုးကြိုးမြွေဂိုဏ်းသည် နတ်ဘုရင် တစ်ပါး ရှိသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏။ သဲရှင်ဂိုဏ်း၏ လုပ်ရပ်က ကောင်းကင်ကို ပြောင်းပြန်လှန်နေသကဲ့သို့ပင် ထင်ရှားလှသည်။
--
………….