← Chapters

အခန်း ၁၈၀၆

Vol. 121 Ch. 1806

အခန်း ၁၈၀၆

Vol. 121 Ch. 1806

အခန်း( ၁၈၀၆ )

နတ်ဘုရင်၏ အရိပ်အယောင်

မိုးကြိုးမြွေဂိုဏ်းက သူတို့ပိုင်ဆိုင်သည့် မြို့အချို့ကို နတ်ဘုရင်ခံ သဲရှင်ထံ အဘယ်ကြောင့် အသိမ်းခံလိုက်သည်ကို လုချန်း ခဏခန့် စဉ်းစားသော်လည်း အဖြေရှာမရ ဖြစ်နေ၏။

ထိုအခိုက်အတန့်တွင် လုကျန့်ကျီက

“ကျုပ်တို့တွေ အများကြီး တွေးနေမိတာလား။ မိုးကြိုးမြွေဂိုဏ်းက ဒီမြို့တွေကို အသုံးမဝင်တော့ဘူးလို့ ယူဆပြီး စွန့်လွှတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ။ တခြား လက်အောက်ခံအင်အားစုတွေကတော့ နတ်အမိန့်ကြောင့် ဒီမြို့တွေကို မသိမ်းပိုက်ကြတာလေ။”

လုကျန့်ကျီက ဆက်လက်၍

“နတ်ဘုရင်ခံ သဲရှင်ကတော့ နတ်အမိန့်ကို မကြောက်ပဲ ဒီမြို့တွေကို ပိုင်ရှင်မဲ့မြေတွေလို့ ထင်နေတာ ဧကန်မုချပဲ။ သူတို့ သိမ်းလိုက်ရင်တောင် လျှို့ဝှက်လဝန်းနန်းတော်က ပြဿနာရှာမှာ မဟုတ်ဘူးလို့ တွေးပြီး ကျုပ်တို့နယ်မြေထဲကို ရဲရဲတင်းတင်း ထည့်သွင်းလိုက်တာ နေမှာပါ။”

လုချန်းက လုကျန့်ကျီကို

“ဒီလိုဖြစ်နိုင်ခြေကိုလည်း ချန်ထားလို့ မရဘူး။ ဒါပေမဲ့ မိုးကြိုးမြွေဂိုဏ်းက စွန့်လွှတ်လိုက်တယ်ဆိုဦးတော့... အရင်က သူတို့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တာလေ။ ခွင့်ပြုချက်မရှိပဲ နယ်မြေချဲ့ထွင်တာကို တားမြစ်ထားတယ်လို့ လျှို့ဝှက်လဝန်းနန်းတော်က အတိအလင်း ထုတ်ပြန်ထားတာပဲ။”

လုချန်းက ဆက်လက်၍

“တကယ်တော့ အဲဒီပိုင်ရှင်မဲ့မြေတွေဟာ မိုးကြိုးမြွေဂိုဏ်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကြားက ကြားခံနယ်မြေတွေ ဖြစ်သင့်တာ။ နတ်ဘုရင်ခံ သဲရှင်က ခွင့်ပြုချက်မရှိပဲ နယ်မြေချဲ့လိုက်တော့ မိုးကြိုးမြွေဂိုဏ်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်က နယ်နိမိတ်ချင်း ထိစပ်သွားပြီ။ ဒါဟာ မိုးကြိုးမြွေဂိုဏ်းကို နန်းတော်အပေါ် မကျေမနပ် ဖြစ်လာအောင် တွန်းပို့သလို ဖြစ်နေတယ်။”

အစက မိုးကြိုးမြွေဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်အပေါ် စိတ်ရင်းမှန် ပြလိုသဖြင့် ငြိမ်းချမ်းရေးအတွက် ကြားခံနယ်မြေတစ်ခု ဖန်တီးကာ မြို့အချို့ကို သူတို့ ဆန္ဒအလျောက် စွန့်လွှတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။ သို့သော် မိုးကြိုးမြွေဂိုဏ်းက မြို့တစ်မြို့ကို စွန့်လွှတ်လိုက်တိုင်း နတ်ဘုရင်ခံ သဲရှင်က ဝင်ရောက်သိမ်းပိုက်မြဲ ဖြစ်၏။

မိုးကြိုးမြွေဂိုဏ်းက ကြားခံနယ်မြေတစ်ခု တည်ဆောက်ရန် တကယ် ရည်ရွယ်ခဲ့လျှင် နတ်ဘုရင်ခံ သဲရှင်၏ လုပ်ရပ်ကို ကြည့်ကာ လျှို့ဝှက်လဝန်းနန်းတော်က သူတို့ကို ပို၍ ဖိအားပေးနေသည်ဟု ခံစားရမည်မှာ မလွဲပင်။

တစ်ဖက်က ကြားခံနယ်မြေအဖြစ် မြို့နှင့် နယ်မြေများကို ကြိုတင်စွန့်လွှတ်နေသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ကတော့ ရှေ့သို့သာ တိုးလာနေသဖြင့် မိုးကြိုးမြွေဂိုဏ်း အမျက်ထွက်တာ မဆန်းပေ။ သို့သော် ယနေ့တိုင်အောင်ပင် မိုးကြိုးမြွေဂိုဏ်းက ဤကိစ္စကို ဆွေးနွေးရန် လျှို့ဝှက်လဝန်းနန်းတော်ထံ မည်သည့်သံတမန်ကိုမှ စေလွှတ်ခြင်း မရှိသေးပေ။

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက

“မိုးကြိုးမြွေဂိုဏ်းနဲ့ နတ်ဘုရင်ခံ သဲရှင်ကို ဆက်ပြီး စောင့်ကြည့်ရအောင်။ နတ်ဘုရင်ခံ သဲရှင်ဆီကို လူလွှတ်ပြီး သူတို့ နောက်ဆုံး ဘာတွေ လှုပ်ရှားနေလဲဆိုတာ စုံစမ်းကြည့်ဦး။”

လုချန်းက ဆက်လက်၍

“ကျုပ် နန်းတော်သခင်ကို သွားမေးကြည့်ပြီး သူတို့ ဘာပြောမလဲဆိုတာ ကြည့်လိုက်ဦးမယ်။”

ထိုစကားများနှင့်အတူ ရပ်နေသည့် နေရာမှ လုချန်း၏ ကိုယ်ထည် ချက်ချင်း ပျောက်ကွယ်သွား၏။

မကြာမီ ယွမ်ယုတိ၏ ရေခဲနန်းဆောင်အတွင်းသို့ လုချန်း ရောက်ရှိသွားသည်။ ထိုစဉ် ယွမ်ယုတိသည် လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ကာ ရေခဲကုလားထိုင်ပေါ်တွင် ခပ်စောင်းစောင်း ထိုင်နေ၏။ သူမ အနားယူနေသည့် ပုံရ၏။

လုချန်း၏ အငွေ့အသက်ကို ခံစားမိသည်နှင့် သူမ၏ လှပသော မျက်ဝန်းအစုံ ချက်ချင်း ပွင့်လာကာ လုချန်းကို စိုက်ကြည့်လိုက်၏။

လုချန်း ရောက်လာတိုင်း သူမ အမြဲ သတိ ထားမြဲ ဖြစ်သည်။ ဤလူယုတ်မာက သူမအပေါ် တစ်ခုခု ကြံစည်နေသည်ဟု အမြဲ ခံစားနေရ၍ ဖြစ်၏။

ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သူမကို ဒုက္ခပေးခဲ့သော ဤလူယုတ်မာသည် သူမကို မြင်လျှင် အခြားအကြံအစည် မရှိဟု သူမ နည်းနည်းမှ မယုံကြည်ပေ။

ယွမ်ယုတိက လုချန်းကို အေးစက်စွာဖြင့်

“ဘာကိစ္စရှိလို့လဲ”

လုချန်းက

“နတ်ဘုရင်ခံ သဲရှင်ရဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကို ခင်ဗျား သိထားလား။”

ယွမ်ယုတိက

“ဘာတွေ ထူးဆန်းလို့လဲ”

လုချန်းနှင့် မတူသည်က ယွမ်ယုတိသည် လက်အောက်ခံ အင်အားစုများအပေါ် အာရုံစိုက်လေ့ မရှိခြင်း ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် အလှမ်းဝေးလှသော နတ်ဘုရင်ခံ သဲရှင်ဆိုလျှင် ပို၍ပင် ဂရုမစိုက်ပေ။

အမှန်စင်စစ် လုချန်း၏ လူစုသည်လည်း မိုးကြိုးမြွေဂိုဏ်းကို တိုက်ခိုက်ကာ နတ်ဘုရားနိုင်ငံ မြို့တော်အဖြစ် ပြုလုပ်ရန် ရည်ရွယ်ချက် မရှိခဲ့လျှင် နတ်ဘုရင်ခံ သဲရှင်၏ လှုပ်ရှားမှုလေးများကို ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။

လုချန်းက ယွမ်ယုတိကို တိုက်ရိုက်ပင်

“မကြာသေးခင်က မိုးကြိုးမြွေဂိုဏ်းက မြို့တွေကို ပိုပြီး စွန့်လွှတ်လာတယ်။ ဒါပေမဲ့ အဲဒီမြို့တွေကို နတ်ဘုရင်ခံ သဲရှင်က အကုန် ဝင်သိမ်းနေတယ်။”

ထိုအရာကို ကြားလျှင် ယွမ်ယုတိ ခဏခန့် တိတ်ဆိတ်သွားသော်လည်း သူမ၏ မျက်နှာတွင် မည်သည့်ခံစားချက်မှ မပေါ်လွင်ပေ။

လုချန်းက ဆက်လက်၍

“သိပ်မကြာခင်ကမှ လျှို့ဝှက်လဝန်းနန်းတော်က လက်အောက်ခံ အင်အားစုတွေအနေနှင့် ခွင့်ပြုချက်မရှိပဲ နယ်မြေမချဲ့ဖို့ နတ်အမိန့် ထုတ်ထားတာလေ။ ဒါပေမဲ့ နတ်ဘုရင်ခံ သဲရှင်ကတော့ ဒီအမိန့်ကို လျစ်လျူရှုနေတယ်။ သူတို့မှာ တခြား ရည်ရွယ်ချက်ရှိပုံ ရတယ်။”

ယွမ်ယုတိ ဘာမှ ပြန်မပြောသေးပေ။ ယခု သူမသည် နတ်သခင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူမ၏ စွမ်းအားနှင့်ဆိုလျှင် နတ်အာရုံတစ်ခုတည်းဖြင့်ပင် လျှို့ဝှက်လဝန်းနန်းတော် ထိန်းချုပ်ထားသော နယ်မြေအတွင်း ဖြစ်ပျက်သမျှကို သိမြင်နိုင်သည်။

ထိုအခိုက်အတန့်တွင် သဲရှင်ဂိုဏ်း တစ်ဂိုဏ်းလုံးကို နတ်အာရုံဖြင့် ယွမ်ယုတိ စစ်ဆေးကြည့်လိုက်၏။ ထိုဂိုဏ်း၏ ကံစွမ်းအားများ သိသိသာသာ ထူထပ်လာသည်ကို သူမ ချက်ချင်း သိလိုက်ရသည်။

ထို့ပြင် သဲရှင်ဂိုဏ်း၏ အထက်တွင် နတ်ဘုရင်တစ်ပါး၏ အငွေ့အသက် မှိန်ဖျဖျ ရှိနေသည်ကိုလည်း တွေ့လိုက်ရသဖြင့် ဖြစ်ပျက်နေသည့်အရာကို ယွမ်ယုတိ ချက်ချင်း နားလည်သွားတော့သည်။

နတ်ဘုရင်ခံတစ်ဦး နတ်ဘုရင်အဆင့်သို့ အဆင့်တက်ခါနီးလျှင် နတ်သခင်များ တိုက်ရိုက် ခံစားနိုင်သော နိမိတ်လက္ခဏာအချို့ ရှိစမြဲ ဖြစ်၏။ သဲရှင်ဂိုဏ်းထဲမှ တစ်စုံတစ်ဦး နတ်ဘုရင်အဆင့်သို့ တက်လှမ်းတော့မှာ ထင်ရှားသည်။

ထို့ကြောင့် နတ်ဘုရင်၏ ကောင်းကင်ဘုံ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ရန် ဂိုဏ်း၏ ကံစွမ်းအားများကို စုဆောင်းရန်အတွက် နယ်မြေများကို ဆက်တိုက် ချဲ့ထွင်နေခြင်း ဖြစ်သည်။ သဲရှင်ဂိုဏ်းထဲမှ တစ်စုံတစ်ဦးက နတ်ဘုရင် ဖြစ်တော့မည်ဆိုလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်အမိန့်ကို လျစ်လျူရှုပြီး နယ်မြေဆက်ချဲ့ခြင်းက မဆန်းတော့ပေ။

အဆုံးတွင်တော့ မည်သူက နတ်ဘုရင် မဖြစ်ချင်ပဲ နေမည်နည်း။

သို့သော် နတ်ဘုရင်ခံ သဲရှင်သည် ဤကိစ္စကို အစီရင်ခံခြင်း မရှိပေ။ လက်အောက်ခံဂိုဏ်းတစ်ခုတွင် နတ်ဘုရင်တစ်ပါး ပေါ်ထွက်လာခြင်းသည် ကြီးကျယ်သော ကိစ္စရပ်ဖြစ်သဖြင့် အကြောင်းကြားရမည် ဖြစ်သည်။

ထိုသို့ အစီရင်ခံခြင်း မရှိခြင်းမှာ သူတို့တွင် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေကြောင်း ပြသနေ၏။ ထို့ပြင် မိုးကြိုးမြွေဂိုဏ်းက မြို့များနှင့် နယ်မြေများကို စွန့်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သဲရှင်ဂိုဏ်းက ဝင်ရောက်ထိန်းချုပ်ကာ ၎င်းတို့၏ ကံစွမ်းအားကို မြှင့်တင်လိုက်ခြင်းက အလွန်ပင် တိုက်ဆိုင်လွန်းလှသည်။

ဤအရာက တိုက်ဆိုင်မှုဟု မဆိုနိုင်ပေ။

နတ်ဘုရင်ခံ သဲရှင်နှင့် မိုးကြိုးမြွေဂိုဏ်းတို့သည် သဘောတူညီမှု တစ်စုံတစ်ရာ ရထားခြင်း ဖြစ်နိုင်သည်။ မိုးကြိုးမြွေဂိုဏ်းက နတ်ဘုရင်ခံ သဲရှင်မှ လူတစ်ဦးကို နတ်ဘုရင်အဆင့် တက်လှမ်းနိုင်ရန် ကူညီပေးပြီး နတ်ဘုရင်ခံ သဲရှင်ကလည်း မိုးကြိုးမြွေဂိုဏ်းအတွက် တစ်ခုခု ပြန်လုပ်ပေးခြင်း ဖြစ်လိမ့်မည်။

ထိုကိစ္စက မည်သို့ပင်ဖြစ်စေ နတ်ဘုရင်ခံ သဲရှင်၏ လုပ်ရပ်သည် လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်လိုက်ခြင်းပင် ဖြစ်သည်။

အခြေအနေကို နားလည်သွားပြီးနောက် ယွမ်ယုတိက

“သဲရှင်ဂိုဏ်းထဲမှာ အဆင့်တက်တော့မယ့် နတ်ဘုရင်ခံတစ်ယောက် ရှိနေတယ်။ သူတို့က ဂိုဏ်းရဲ့ ကံစွမ်းအားကို စုဆောင်းနေတာ။”

ထိုအရာကို ကြားလျှင် လုချန်းက

“ဩော်... ဒါကြောင့်ကိုး”

သဲရှင်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်၏ နတ်အမိန့်ကို လျစ်လျှူရှုပြီး မိုးကြိုးမြွေဂိုဏ်း၏ မြို့များကို အဘယ်ကြောင့် ဝင်သိမ်းရသနည်းဟု သူ တွေးတောနေမိခြင်း ဖြစ်သည်။ ယခု အခြေအနေအရ နှစ်ဖက်စလုံးသည် တစ်ခုခုကို ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်လိမ့်မည်။

လုချန်းက ယွမ်ယုတိကို

“အဲ့ဒါဆိုရင် ခင်ဗျား ဘာလုပ်ဖို့ စိတ်ကူးထားလဲ”

ယွမ်ယုတိက ခပ်အေးအေးပင်

“ကျွန်မ ဝင်မပါဘူး။ ဒါက ရှင့်အတွက် အခွင့်အရေးပဲ။”

နတ်အငွေ့အသက်များ ကြွယ်ဝသော နဂါးနယ်မြေ၏ အစိတ်အပိုင်း အများစုကို လျှို့ဝှက်လဝန်းနန်းတော်က ထိန်းချုပ်ထားသည်။ နတ်ဘုရားနိုင်ငံကို တည်ထောင်ရန်အတွက် လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများထံမှ နယ်မြေလုယူရမည် သို့မဟုတ် မိုးကြိုးမြွေဂိုဏ်းကို တိုက်ခိုက်ရမည် ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲ တစ်ဦးဖြစ်သော လုချန်းအဖို့ လက်အောက်ခံ အင်အားစုများထံမှ နယ်မြေလုယူရန်မှာ မဖြစ်နိုင်ပေ။ သို့သော် လက်အောက်ခံ အင်အားစုတစ်ခုက သစ္စာဖောက်ခဲ့လျှင်တော့ ထိုကိစ္စသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်သည်ပင် လုချန်းကို ကူညီရန်အတွက် သစ္စာဖောက်များကို နှိမ်နင်းရာတွင် ပါဝင်နိုင်သည်။

နတ်သခင် တစ်ပါး ဖြစ်လာပြီဖြစ်သော သူမအဖို့ နတ်ဘုရင်တစ်ပါးကို သတ်ဖြတ်ရန် မခက်ခဲပေ။ သဲရှင်ဂိုဏ်းတွင် နတ်ဘုရင်တစ်ပါး ပိုထွက်လာမည်ကို ယွမ်ယုတိ ဂရုမစိုက်ပေ။ နတ်ဘုရင်များစွာ ရှိနေလျှင်ပင် သူမကို ယှဉ်နိုင်မည် မဟုတ်ပေ။

ယွမ်ယုတိ၏ ဆိုလိုရင်းကို လုချန်း ချက်ချင်း နားလည်သွားကာ ပြုံးလျက်

“ကျုပ်က အခု ကောင်းကင်နတ် အဆင့်ပဲ ရှိသေးတာလေ။ နတ်ဘုရင် နှစ်ပါးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

ယွမ်ယုတိက လုချန်းကို အေးစက်သော အကြည့်တစ်ချက်ဖြင့် ကြည့်ကာ ဘာမှ ထပ်မပြောတော့ပေ။ ကောင်းကင်နတ်တစ်ပါးသည် မိစ္ဆာနတ်ဘုရင် သုံးပါးကို တစ်ကိုယ်တည်း မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

လုချန်း ဟန်ဆောင်နေခြင်းသာ ဖြစ်သည်ဟု သူမ ခံစားနေရ၏။

ယွမ်ယုတိ မတုံ့ပြန်သည်ကို မြင်လျှင် လုချန်းက ဆက်လက်၍

“ကျုပ်သာ အန္တရာယ်နှင့် ကြုံရရင် ကျုပ်ရဲ့ လေးစားရတဲ့ ဆရာက မုချ ကူညီမှာ မဟုတ်လား။”

ယွမ်ယုတိက လုချန်း၏ စကားကို ဂရုမစိုက်ပဲ

“တခြားကိစ္စ မရှိတော့ရင်လည်း သွားလို့ရပြီ”

ယွမ်ယုတိက သူ့ကို ချက်ချင်း နှင်ထုတ်သည်ကို မြင်လျှင် လုချန်းက ခပ်တိုးတိုး ရယ်မောကာ

“ကောင်းပါပြီ... ကျုပ် ပြန်တော့မယ်။ ကျုပ်ရဲ့ ဆရာက ကျုပ်ကို ဧကန်မုချ ကူညီမှာပါလို့ ယုံကြည်နေတယ်နော်။”

ထိုသို့ ပြောပြီးနောက် ယွမ်ယုတိ၏ ရေခဲနန်းဆောင်ထဲမှ လုချန်း လှည့်ထွက်သွား၏။ လုချန်း၏ နောက်ကျောကို ကြည့်ရင်း ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါများကို မထိန်းနိုင်အောင် ထုတ်လွှတ်နေမိသည်။

ဤလူယုတ်မာ သူမအပေါ် ကြည့်သည့် အကြည့်များက ပို၍ ရဲတင်းလာလေပြီ။ အစောပိုင်းကပင် သူ့မျက်လုံးများ သူမ၏ ကိုယ်ပေါ်သို့ ဝေ့ဝဲကြည့်သွားပုံက သူမကို အချိန်မရွေး ခုန်အုပ်တော့မည့် အလားပင်။

--

………..

All Chapters