← Chapters

အခန်း ၁၈၀၇

Vol. 121 Ch. 1807

အခန်း ၁၈၀၇

Vol. 121 Ch. 1807

အခန်း (၁၈၀၇)

တောင်ပိုင်းနယ်ကနေ ထွက်သွားကြတာလည်း ဖြစ်နိုင်ပါတယ်

သဲရှင်ဂိုဏ်း၏ ကံစွမ်းအားများ အရှိန်အဟုန်ဖြင့် စုစည်းလာနေ၏။ သို့သော် နတ်ဘုရင်အဆင့်သို့ တက်လှမ်းရန် နတ်ဘုရင်ခံ သဲရှင် ပြင်ဆင်နေစဉ်မှာပင် သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသကဲ့သို့ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို စိတ်နှလုံးထဲ၌ ရုတ်တရက် ခံစားလိုက်ရ၏။

……

ထိုအခိုက်အတန့်တွင်။

သဲရှင်ဂိုဏ်း၏ တားမြစ်နယ်မြေအတွင်း၌။

နတ်ဘုရင်ခံ သဲရှင်သည် အရည်ပျော်နေသော နတ်အငွေ့အသက်များရှိရာ နတ်ရေကန်ထက်တွင် တင်ပျဉ်ခွေလျက် လွင့်မျောနေ၏။ ရေကန်ထက်၌ နတ်အငွေ့အသက်များ အိပ်မက်တစ်ခုကဲ့သို့ ဝေ့ဝဲနေ၏။

နတ်ဘုရင်ခံ သဲရှင် သူ၏ မျက်လုံးများကို ရုတ်ခြည်းဖွင့်လိုက်သည်။ သူ၏မျက်နှာထက်တွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

သူ၏ ရင်ဘတ်ကို ဖိထားရင်း ဇဝေဇဝါဖြင့်

“ဘာတွေဖြစ်နေတာလဲ။ ဂိုဏ်းရဲ့ ကံစွမ်းအားတွေ ဘာလို့ ဒီလောက်အထိ ရုတ်တရက် ကျဆင်းသွားရတာလဲ။”

အဆင့်တက်ရန် ပြင်ဆင်နေစဉ်မှာပင် ဂိုဏ်း၏ ကံစွမ်းအားများ ထိုးဆင်းသွားခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူက တိုက်ရိုက် အဆင့်မတက်မိခဲ့ပေ။

အကယ်၍ အဆင့်သာ တက်နေခဲ့လျှင် ဂိုဏ်း၏ ကံစွမ်းအား တုံ့ပြန်မှုကို ခံစားရပြီး အဆင့်တက်ခြင်း မအောင်မြင်ပဲ ဖြစ်သွားလိမ့်မည်။ အဆင့်တက်ရန် မအောင်မြင်ခြင်းက အရေးမကြီးလှသော်လည်း ကံစွမ်းအား ရုတ်တရက် ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် တန်ပြန်မှုက သူ့ကို အစွမ်းမဲ့သွားအောင် လုပ်နိုင်စွမ်းရှိ၏။

ထိုအကြောင်းကို တွေးမိသည်နှင့် နတ်ဘုရင်ခံ သဲရှင်၏ နဖူးထက်တွင် ချွေးစေးများ ပေါ်လာ၏။ စိတ်ကို ပြန်ထိန်းလိုက်ပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားချက်ကို နတ်ဘုရင်ခံ သဲရှင် ရုတ်တရက် ထပ်မံ ခံစားလိုက်ရပြန်သည်။

နတ်ဘုရင်ခံ သဲရှင်လည်း ထိုအရာကို အကြာကြီး တွေးမနေတော့ပေ။ စောင့်ကြည့်ခံနေရသည့် ခံစားချက်ထက် ဂိုဏ်း၏ ကံစွမ်းအားများ အဘယ်ကြောင့် ဤမျှမြန်မြန် ကျဆင်းသွားရသနည်းဆိုသည်ကို သိလိုစိတ်က ပို၍ပြင်းပြနေ၏။

“မိုးကြိုးမြွေဂိုဏ်းက ကတိဖျက်ပြီး ပေးထားတဲ့ မြို့တွေကို ပြန်သိမ်းသွားတာလား”

ထိုသို့ တွေးမိသည်နှင့် နတ်ဘုရင်ခံ စစ်ယန်ကို တားမြစ်နယ်မြေသို့ လာရန် ချက်ချင်း အကြောင်းကြားလိုက်၏။

နတ်ဘုရင်ခံ သဲရှင်၏ ဖြူဖျော့နေသော မျက်နှာကို မြင်လျှင် နတ်ဘုရင်ခံ စစ်ယန် ခေတ္တမှင်တက်သွားကာ

“ဂိုဏ်းချုပ်... အဆင်ပြေရဲ့လား”

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ဂိုဏ်းချုပ်သည် နတ်ဘုရင်အဆင့်သို့ တက်လှမ်းရန် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်တော့မည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ယခု ရက်အနည်းငယ်အတွင်းမှာပင် တားမြစ်နယ်မြေသို့ ဆင့်ခေါ်ခြင်းက တစ်ခုခု ဖြစ်ပျက်နေကြောင်း ထင်ရှားလှ၏။

ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ စစ်ယန် စိုးရိမ်ပူပန်သွား၏။

နတ်ဘုရင်ခံ သဲရှင်က

“ကျုပ် အဆင်ပြေပါတယ်။ ဂိုဏ်းရဲ့ ကံစွမ်းအားတွေ ရုတ်တရက် ထိုးကျသွားလို့ ဂိုဏ်းထဲမှာ တစ်ခုခု ဖြစ်ပျက်နေသလားဆိုတာ လူလွှတ်ပြီး စုံစမ်းကြည့်ဦး။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ စစ်ယန် သက်ပြင်းချနိုင်သွား၏။ ဂိုဏ်းချုပ်၏ အဆင့်တက်မှု မအောင်မြင်ခြင်းမျိုး မဟုတ်ပါက အဆင်ပြေသေး၏။

မဟုတ်ပါက မိုးကြိုးမြွေဂိုဏ်းနှင့် ပူးပေါင်းသောအခါ သူတို့၏ အဆင့်အတန်းကို ကျဆင်းသွား‌‌ စေလိမ့်မည်။

နတ်ဘုရင်ခံ စစ်ယန်က

“ကျုပ် အခုပဲ သွားစုံစမ်းလိုက်ပါ့မယ်”

ထိုစကားများနှင့်အတူ နတ်ဘုရင်ခံ စစ်ယန်၏ ကိုယ်ထည်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တားမြစ်နယ်မြေမှ ထွက်ခွာသွား၏။

နတ်ဘုရင်ခံ စစ်ယန်သည်လဝက်ခန့် စုံစမ်းသော်လည်း မည်သည့် ပြဿနာကိုမှ ရှာမတွေ့ခဲ့ပေ။

……

သဲရှင်ဂိုဏ်း။

အစည်းအဝေးခန်းမ။

ခန်းမ၏ အထက်ပိုင်းတွင် နတ်ဘုရင်ခံ သဲရှင် ထိုင်နေပြီး အောက်ဘက်ရှိ နတ်ဘုရင်ခံ စစ်ယန်၏ အစီရင်ခံမှုကို ဇဝေဇဝါ မျက်နှာထားဖြင့် နားထောင်နေ၏။

ထို့နောက် သူက

“မကြာသေးခင်က ဂိုဏ်းထဲမှာ ဘာမှ ထူးထူးခြားခြား မရှိဘူးလို့ ပြောချင်တာလား။”

နတ်ဘုရင်ခံ သဲရှင် ပြင်းထန်စွာ မျက်မှောင် ကြုတ်လိုက်မိသည်။ ဘာမှ မဖြစ်ခဲ့လျှင် ဂိုဏ်း၏ ကံစွမ်းအားများက ဘာကြောင့် ဤမျှလောက်အထိ ရုတ်တရက် ကျဆင်းသွားရသနည်း။

မိုးကြိုးမြွေဂိုဏ်းက နောင်တရပြီး မြို့တွေကို ပြန်သိမ်းသွားတာကြောင့် ကံစွမ်းအားတွေ ကျဆင်းသွားတာဟု အစက သူ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မိုးကြိုးမြွေဂိုဏ်းက မြို့တွေကို ပြန်မသိမ်းသည့်အပြင် မြို့အသစ်တွေကိုပင် ထပ်ပေးခဲ့ကြောင်း နတ်ဘုရင်ခံ စစ်ယန်က သူ့ကို ပြောပြ၏။

ဤအခြေအနေမျိုးတွင် ကံစွမ်းအားများ တိုးပွားလာရမည် ဖြစ်သော်လည်း အဘယ်ကြောင့် ကျဆင်းသွားရသနည်း။

“တစ်ခုခုများ ဖြစ်နိုင်မလား...”

နတ်ဘုရင်ခံ သဲရှင် တစ်ခုခုကို ရုတ်တရက် တွေးမိသွားရင်း သူ၏ မျက်နှာလည်း ချက်ချင်းပင် တည်တံ့လေးနက်သွား၏။ ဂိုဏ်းတစ်ဂိုဏ်း၏ ကံစွမ်းအားသည် အတွင်းပိုင်း အခြေအနေကြောင့်သာမက ပြင်ပ လွှမ်းမိုးမှုများကြောင့်လည်း ပြောင်းလဲနိုင်ခြေ ရှိသည်။

ဂိုဏ်းအတွင်း၌ ဘာမှ မဖြစ်ခဲ့လျှင် ဂိုဏ်း၏ ပြင်ပပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲသွားပြီး အန္တရာယ်တစ်ခုခု ကျရောက်တော့မည့် နိမိတ်ကြောင့် ကံစွမ်းအား ကျဆင်းသွားခြင်း ဖြစ်လိမ့်မည်။

အပြင်လောကမှာ တစ်ခုခု ဖြစ်နေပြီလား။

လျှို့ဝှက်လဝန်းနန်းတော်က သဲရှင်ဂိုဏ်းရဲ့ လှုပ်ရှားမှုအချို့ကို သတိထားမိသွားတာများလား။

ထိုသို့ တွေးမိသည်နှင့် နတ်ဘုရင်ခံ သဲရှင်၏ မျက်နှာ ပို၍ပင် တင်းမာသွား၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် စောင့်ကြည့်ခံနေရသည်ဟု သူ ခံစားခဲ့ရသည်။

အစကတော့ သူ့စိတ် ထင်ယောင်ထင်မှား ဖြစ်ခြင်းဟု ယူဆကာ ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုကြည့်ရတာက ထိုအရာ ထင်ယောင်ထင်မှား မဟုတ်နိုင်တော့ပေ။ လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို တကယ်ပင် စောင့်ကြည့်နေခြင်း ဖြစ်လိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် နတ်ဘုရင်ခံ သဲရှင်၏ စိတ်ထဲ ထိတ်လန့်မှုအချို့ ဖြစ်ပေါ်လာ၏။ သူ နတ်ဘုရင်အဆင့်သို့ မရောက်သေးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကသာ ယခုအချိန်တွင် တိုက်ခိုက်လာလျှင် သဲရှင်ဂိုဏ်း မကြာမီပင် ပျက်စီးသွားပေလိမ့်မည်။

သို့သော်လည်း သူတို့၏ လှုပ်ရှားမှုများကို တကယ်ပင် ရှာဖွေတွေ့ရှိသွားပြီး သစ္စာဖောက်မှုအကြောင်းကို လျှို့ဝှက်လဝန်းနန်းတော်က သိသွားခဲ့လျှင် တပ်ဖွဲ့များကို စေလွှတ်ကာ တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။ ယခုတိုင် ဘာလှုပ်ရှားမှုမှ မရှိသေးခြင်းမှာ လျှို့ဝှက်လဝန်းနန်းတော်သည် သံသယရှိနေရုံသာ ဖြစ်ပြီး ခိုင်လုံသော အထောက်အထား မရှိသေးကြောင်း ပြသနေ၏။

အဆုံးတွင်တော့ သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်း ဖြစ်ပြီး ဆန္ဒအလျောက် သစ္စာခံထားသူများ ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်သည် သက်သေ အထောက်အထား မရှိပဲ အရေးယူမည် မဟုတ်ပေ။

ထိုသို့ လုပ်ဆောင်ခြင်းက အခြားလက်အောက်ခံဂိုဏ်းများ စိတ်ထဲ နန်းတော်ကို အာဏာရှင်ဆန်လွန်းသည်ဟု ထင်မြင်သွားစေနိုင်သည်။ ယနေ့တွင် သက်သေအထောက်အထား မရှိပဲ သဲရှင်ဂိုဏ်းကို ဖျက်ဆီးခဲ့လျှင် နောင်တစ်ချိန်တွင်လည်း သူတို့ မနှစ်သက်သူများကို အထောက်အထား မရှိပဲ သုတ်သင်ပေလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သဖြင့် မည်သည့်အရာကိုမဆို မလုပ်ဆောင်မီ နောက်ဆက်တွဲ ရလဒ်များကို ထည့်သွင်းစဉ်းစားလိမ့်မည်။

လက်အောက်ခံ အင်အားစုများ၏ မကျေနပ်ချက်များက သူတို့ကို မိုးကြိုးမြွေဂိုဏ်းဘက်သို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားမည်ဆိုလျှင် လျှို့ဝှက်လဝန်းနန်းတော်အတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။

ထိုသို့ တွေးမိမှ နတ်ဘုရင်ခံ သဲရှင် စိတ်သက်သာရာ ရသွား၏။ လျှို့ဝှက်လဝန်းနန်းတော်က သစ္စာဖောက်မှု အထောက်အထား မတွေ့ရှိမီ အချိန်ဆွဲထားရန်နှင့် နတ်ဘုရင်အဆင့်သို့ အမြန်ဆုံး တက်လှမ်းရန်သာ လိုအပ်သည်။

သူသာ နတ်ဘုရင် ဖြစ်လာခဲ့လျှင် လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်သခင် တစ်ပါး ပေါ်ထွန်းနေပြီ ဖြစ်ကြောင်းကို နတ်ဘုရင်ခံ သဲရှင် မသိသေးပေ။ သူ နတ်ဘုရင် ဖြစ်လာခဲ့လျှင် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင် နှစ်ပါးလောက် အစွမ်းမထက်သော်လည်း မိုးကြိုးမြွေ နတ်ဘုရင် လာရောက် ကူညီချိန်အထိ သူ ခံနိုင်ရည် ရှိလိမ့်မည်ဟု မြင်၏။

ထိုသို့ တွေးပြီးနောက် နတ်ဘုရင်ခံ သဲရှင်က နတ်ဘုရင်ခံ စစ်ယန်ကို

“မိုးကြိုးမြွေဂိုဏ်းဆီကို တစ်ခေါက် ထပ်သွားပါ။ မြို့တွေ ထပ်ပေးဖို့ သူတို့ကို ပြောပါ။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ စစ်ယန် တုံ့ဆိုင်းသွား၏။ မိုးကြိုးမြွေဂိုဏ်းက သူတို့ကို မြို့ပေါင်း တစ်ဆယ်ကျော် ပေးထားပြီး ဖြစ်သည်။

ထိုမြို့များသည် သာမန်မြို့များ မဟုတ်ပဲ နတ်အငွေ့အသက်များ ကိန်းဝပ်နေသော မြို့များ ဖြစ်ကြောင်း သတိပြုသင့်သည်။ မြို့များထပ်မံ တောင်းဆိုခြင်းက မိုးကြိုးမြွေ နတ်ဘုရင်ကို အမျက်ထွက်စေနိုင်ခြေ အလွန်ရှိသည်။

နတ်ဘုရင်ခံ စစ်ယန်၏ တုံ့ဆိုင်းနေမှုကို မြင်လျှင် နတ်ဘုရင်ခံ သဲရှင်လည်း သူ၏ စိုးရိမ်မှုကို နားလည်လိုက်ကာ

“မိုးကြိုးမြွေ နတ်ဘုရင်က မေးလာရင် ကျုပ် တို့ရဲ့ လှုပ်ရှားမှုတွေကို လျှို့ဝှက်လဝန်းနန်းတော်က သတိထားမိသွားပြီလို့ ပြောလိုက်ပါ။ လျှို့ဝှက်လဝန်းနန်းတော်က အထောက်အထား မတွေ့ခင်မှာ ကျုပ် နတ်ဘုရင်အဆင့်ကို အောင်မြင်အောင် တက်လှမ်းရမယ်။”

နတ်ဘုရင်ခံ စစ်ယန်က

“ကျုပ် နားလည်ပါပြီ”

ထိုစကားများနှင့်အတူ နတ်ဘုရင်ခံ စစ်ယန်၏ ကိုယ်ထည်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ခန်းမမှ ထွက်ခွာသွား၏။

……

တောင်ပိုင်းနယ်။

ခမ်းနားသော ကောင်းကင်ခန်းမ။

မီတာတစ်ရာခန့် ရှည်လျားသော ခမ်းနားထည်ဝါသည့် ရွှေရောင်နန်းတော်အတွင်း၌။

ဝူယာနတ်သခင်သည် အောက်ဘက်ရှိ သေးငယ်သော လူရိပ်များကို ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများတွင် မကျေနပ်မှုအချို့ ရှိနေသည်။

ဝူယာနတ်သခင်က

“ဒီလောက် နှစ်တွေ အကြာကြီး ကုန်သွားတာတောင် သူ့ရဲ့ သဲလွန်စတစ်ခုတောင် မတွေ့သေးဘူးလား။”

ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်လာသော ဝူယာနတ်သခင်၏ အသံကို ကြားလျှင်

သူ၏ ရင်ဘတ်ကို အားပြင်းသော လက်သီးဖြင့် အထိုးခံလိုက်ရသကဲ့သို့ နတ်ဘုရင် ချင်းယွမ် ခံစားလိုက်ရ၏။ ဝူယာနတ်သခင်၏ ပုံသဏ္ဌာန်မဲ့သော ဖိအားများကို အားတင်းအံတုရင်း နတ်ဘုရင် ချင်းယွမ်က

“သခင်... သူတို့ တောင်ပိုင်းနယ်ကနေ ထွက်သွားကြတာလည်း ဖြစ်နိုင်ပါတယ်...”

--

All Chapters