← Chapters

အခန်း ၁၈၀၉

Vol. 121 Ch. 1809

အခန်း ၁၈၀၉

Vol. 121 Ch. 1809

အခန်း (၁၈၀၉)

သဲရှင်ဂိုဏ်းချုပ် အဆင့်တက်ခြင်း

နတ်ဘုရင် ချင်းယွမ်က သူနှင့် အမြင်တူသော အနီးရှိ နတ်ဘုရင်ကို တစ်ချက်ကြည့်လိုက်၏။

ထို့နောက် သူက ဆက်လက်၍

“အဲ့ဒီ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက နတ်ဂိုဏ်းတစ်ခုလုံးကို ရွှေ့ပြောင်းနိုင်တယ်ဆိုရင်တောင် နတ်အငွေ့အသက်နဲ့ နတ်စွမ်းအား ကန့်သတ်ချက်တွေကြောင့် အဝေးဆုံး တောင်ပိုင်းနယ်နဲ့ နီးစပ်တဲ့ နယ်မြေတစ်ခုခုကိုပဲ ရွှေ့ပြောင်းနိုင်မှာပါ။”

“အနောက်ပိုင်းနယ်က နတ်အငွေ့အသက် ရှားပါးတဲ့ အရိုင်းနယ်မြေပဲ။ သူတို့ နတ်ဂိုဏ်းကို ပြန်လည် ထူထောင်ချင်တယ်ဆိုရင် အဲ့ဒီလို အရိုင်းနယ်မြေကို ရွေးချယ်မှာ မဟုတ်ဘူး။ ပြီးတော့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို သစ္စာဖောက်ခဲ့တဲ့ ယွမ်ယုတိကလည်း လျှို့ဝှက်လဝန်း ကျောင်းတော် ထိန်းချုပ်ထားတဲ့ အလယ်ပိုင်းနယ်ကို ပြန်သွားမှာ မဟုတ်တာ ထင်ရှားပါတယ်။”

“ဒါကြောင့် သူတို့ ရွေးချယ်နိုင်တဲ့ တစ်ခုတည်းသော နေရာက အရှေ့ပိုင်းနယ်ပဲ ဖြစ်လိမ့်မယ်။ အရှေ့ပိုင်းနယ်ကို လူအင်အား ပိုလွှတ်ပြီး ရှာဖွေမယ်ဆိုရင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ခြေရာလက်ရာတချို့ကို တွေ့နိုင်မှာပါ။”

နတ်ဘုရင် ချင်းယွမ်၏ ဆန်းစစ်ချက်ကို ကြားလျှင် အခြားနတ်ဘုရင်များလည်း အကျိုးကြောင်းဆီလျော်သည်ဟု ယူဆကြ၏။ ထို့နောက် မကြာမီမှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ သဲလွန်စများကို ရှာဖွေရန်အတွက် အရှေ့ပိုင်းနယ်သို့ တပည့်အမြောက်အမြားကို စေလွှတ်လိုက်ကြတော့သည်။

အရိုင်းနယ်မြေနှင့် အလယ်ပိုင်းနယ်တို့ကိုတော့ သူတို့ လုံးဝ အာရုံမစိုက်ကြပေ။

…..

မိုးကြိုးမြွေဂိုဏ်း။

ခန်းမကြီးအတွင်း၌။

နတ်ဘုရင်ခံ စစ်ယန်၏ စကားကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင် မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ ထို့နောက် သူက မေးခွန်းထုတ်လိုက်သည်။

“သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းမှာ သစ္စာခံထားတဲ့ကိစ္စကို လျှို့ဝှက်လဝန်းနန်းတော် သိသွားပြီလို့ ခင်ဗျား ပြောချင်တာလား။”

နတ်ဘုရင်ခံ စစ်ယန်က

“သူတို့ သံသယရှိနေတာပဲ ဖြစ်နိုင်ပါတယ်။ လောလောဆယ်တော့ သက်သေ မရှိသေးပါဘူး။”

နတ်ဘုရင်ခံ စစ်ယန်၏ စကားကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင် အတွေးထဲ နစ်မြောသွား၏။ ခဏအကြာတွင် မိုးကြိုးမြွေ နတ်ဘုရင်က

“ခင်ဗျားတို့ သဲရှင်ဂိုဏ်းကို နတ်အငွေ့အသက်နဲ့ လူဦးရေ ကြွယ်ဝတဲ့ မြို့ဆယ်မြို့ ထပ်ပေးမယ်။ အကယ်၍ ဒါတောင် ခင်ဗျားတို့ ဂိုဏ်းချုပ်က အဆင့်မတက်နိုင်သေးဘူးဆိုရင်တော့ သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းထဲကိုပဲ ပေါင်းစည်းလိုက်တော့။”

လျှို့ဝှက်လဝန်းနန်းတော်က သဲရှင်ဂိုဏ်းကို သံသယဝင်နေပြီ ဖြစ်ရာ ချက်ချင်း စုံစမ်းစစ်ဆေးရန် လူလွှတ်မည်မှာ ဧကန်မုချ ဖြစ်သည်။ သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းထံ သစ္စာခံထားသည့် သက်သေကို လျှို့ဝှက်လဝန်းနန်းတော်က ရှာတွေ့ရန် အချိန်အများကြီး မကြာနိုင်ပေ။

မိုးကြိုးမြွေဂိုဏ်းက သဲရှင်ဂိုဏ်းကို မြို့အမြောက်အမြား ပေးအပ်ထားပြီး ဖြစ်ရာ ယခု မြို့ဆယ်မြို့ ထပ်မံ ပေးအပ်ဦးမည် ဆိုပါက လျှို့ဝှက်လဝန်းနန်းတော်မှ လူအများပင် ပြဿနာရှိနေကြောင်း မြင်နိုင်ကြပေလိမ့်မည်။ ထို့ကြောင့် သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားရမည် ဖြစ်၏။

နတ်ဘုရင်ခံ သဲရှင် တကယ် အဆင့်မတက်နိုင်လျှင် မိုးကြိုးမြွေဂိုဏ်းသို့ ပေါင်းစည်းပြီး မိုးကြိုးမြွေဂိုဏ်း၏ ကံစွမ်းအားကို အမှီပြုကာ အဆင့်တက်ရန် ကြိုးစားရုံသာ ရှိတော့သည်။ မိုးကြိုးမြွေဂိုဏ်းသို့ ပေါင်းစည်းပြီးနောက် နတ်ဘုရင်ခံ သဲရှင် နတ်ဘုရင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်ပေလိမ့်မည်။

နတ်ဘုရင်ခံ စစ်ယန်က မိုးကြိုးမြွေ နတ်ဘုရင်ကို

“ကျုပ် ပြန်ပြီး ဂိုဏ်းချုပ်ထံ အကြောင်းကြားလိုက်ပါ့မယ်။”

မိုးကြိုးမြွေ နတ်ဘုရင်က ဘာမှ ထပ်မပြောတော့သဖြင့် နတ်ဘုရင်ခံ စစ်ယန်လည်း ဂါရဝပြုကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ခန်းမကြီးအတွင်းမှ ထွက်ခွာသွား၏။

နတ်ဘုရင်ခံ စစ်ယန် ထွက်ခွာသွားသည်နှင့် မိုးကြိုးမြွေဂိုဏ်း၏ အကြီးအကဲ တစ်ဦး ခန်းမအတွင်း ပေါ်လာပြီး

“နတ်ဘုရင်ခံ သဲရှင် အဆင့်မတက်နိုင်ရင်တောင် ဂိုဏ်းချုပ်က သဲရှင်ဂိုဏ်းကို လက်ခံဖို့ တကယ်ပဲ စိတ်ကူးထားတာလား။”

သဲရှင်ဂိုဏ်းကို လက်ခံရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နတ်ဘုရင်တစ်ပါး အပို ရရှိရန်အတွက် ဖြစ်သည်။ နတ်ဘုရင်ခံ သဲရှင် နတ်ဘုရင် ဖြစ်မလာခဲ့လျှင် သဲရှင်ဂိုဏ်းက တန်ဖိုး မရှိတော့ပေ။

တန်ဖိုး မရှိသည့်အပြင် သဲရှင်ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစု ဖြစ်နေသောကြောင့် မိုးကြိုးမြွေဂိုဏ်းအတွက် ပြဿနာတစ်ခုသာ ဖြစ်လာပေလိမ့်မည်။ မိုးကြိုးမြွေဂိုဏ်းက သဲရှင်ဂိုဏ်းကို လက်ခံလိုက်မည်ဆိုလျှင် လျှို့ဝှက်လဝန်းနန်းတော်ကို ဆန့်ကျင်ရာ ရောက်သွားလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်က ထိုအချက်ကို အကြောင်းပြကာ မိုးကြိုးမြွေဂိုဏ်းကို တိုက်ခိုက်လာလျှင် မိုးကြိုးမြွေဂိုဏ်း အနေနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

မိုးကြိုးမြွေ နတ်ဘုရင်သည်လည်း ထိုအချက်များကို သဘာဝကျကျပင် နားလည်ထား၏။

မိုးကြိုးမြွေ နတ်ဘုရင်က အကြီးအကဲကို

“နတ်ဘုရင်ခံ သဲရှင် မိုးကြိုးမြွေဂိုဏ်းရဲ့ ကံစွမ်းအားကို သုံးပြီး အဆင့်တက်နိုင်မလားဆိုတာပဲ ကျုပ် သိချင်တာ။”

“အဆင့်တက်နိုင်ရင်တော့ ဘာပြဿနာမှ မရှိဘူး။ အကယ်၍ သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းထဲ ပေါင်းစည်းပြီးတာတောင် သူ နတ်ဘုရင်အဆင့်ကို မတက်နိုင်ဘူးဆိုရင် လျှို့ဝှက်လဝန်းနန်းတော်က အကြောင်းပြချက် မပေးနိုင်အောင် သူ့ကို ကျုပ်ကိုယ်တိုင် သုတ်သင်ပစ်မယ်။”

မိုးကြိုးမြွေ နတ်ဘုရင်သညိ လူအ မဟုတ်ပေ။ ထိုသို့ ပြုလုပ်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်ကို ထိပါးစော်ကားရာ ရောက်နိုင်ကြောင်း သူ ကောင်းကောင်းသိ၏။ လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားက တကယ်ကို ကြီးမားလွန်းသည်။

လျှို့ဝှက်လဝန်းနန်းတော်ကို ယှဉ်ပြိုင်နိုင်ရန်အတွက် မိုးကြိုးမြွေဂိုဏ်း၌ နောက်ထပ် နတ်ဘုရင်တစ်ပါး လိုအပ်သည်။ လက်ရှိတွင် မိုးကြိုးမြွေဂိုဏ်းရှိ မည်သည့် နတ်ဘုရင်ခံမှ အဆင့်တက်မည့် အရိပ်အယောင် မပြသေးရာ နတ်ဘုရင်ခံ သဲရှင်ထံတွင်သာ မျှော်လင့်ချက် ရှိတော့သည်။

အကယ်၍ နတ်ဘုရင်ခံ သဲရှင် အဆင့်တက်သွားပါက မိုးကြိုးမြွေဂိုဏ်း၏ အကြပ်အတည်းလည်း ခဏခန့် ပြေလည်သွားပေလိမ့်မည်။

သို့သော် အဆင့်တက်ခြင်း ကျရှုံးခဲ့လျှင်တော့ နတ်ဘုရင်ခံ သဲရှင်နှင့် သဲရှင်ဂိုဏ်းသည် စတေးခံ နယ်ရုပ်များသာ ဖြစ်သွားကြလိမ့်မည်။ လျှို့ဝှက်လဝန်းနန်းတော်က မိုးကြိုးမြွေဂိုဏ်း၏ ရှင်းပြချက်ကို လက်ခံမလား ဆိုတာကတော့ နောက်မှ စဉ်းစားရမည့် ကိစ္စ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် မိုးကြိုးမြွေ နတ်ဘုရင်က ရှေ့တွင်ရှိသော နတ်ဘုရင်ခံ တုန်းလျန်ကို ကြည့်ကာ

“ခင်ဗျားကို ကျုပ် ခိုင်းထားတဲ့ ကိစ္စ ဘယ်လိုလဲ”

နတ်ဘုရင်ခံက တုန်းလျန် မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်၏။ ထို့နောက် သူက

“အဲ့ဒီလူတွေရဲ့ ခြေရာကို အခုထိ ရှာမတွေ့သေးပါဘူး။”

နတ်ဘုရင်ခံ တုန်းလျန်၏ အဖြေကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင် ခဏခန့် တိတ်ဆိတ်သွား၏။

ထို့နောက် သူက

“ဆက်ရှာပါ... တစ်ချိန်ကျရင် သူတို့ရဲ့ ခြေရာကို တွေ့မှာပါ။”

အရိုင်းနယ်မြေတွင် နတ်သခင်အဆင့်ရှိသူများ ပိုင်ဆိုင်သည်ဟု ကောလာဟလ ထွက်နေသော ‘လကွယ်ဂိုဏ်း’ ဟု အမည်ရသည့် အင်အားစုတစ်ခု ရှိ၏။ ထို့ကြောင့် လကွယ်ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ပါက သူတို့ အကာအကွယ် ရရှိနိုင်သည်။

သို့သော် လကွယ်ဂိုဏ်း မည်သည့်နေရာတွင် ရှိနေမှန်း မည်သူမှ မသိကြပေ။ အရေးကြီးဆုံးအချက်မှာ လကွယ်ဂိုဏ်းထဲသို့ ဝင်ရောက်ထားသော အင်အားစုများကလည်း သူတို့ကိုယ်သူတို့ လကွယ်ဂိုဏ်း၏ အဖွဲ့ဝင်အဖြစ် ထုတ်ဖော် မပြောတတ်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် အခြားအင်အားစုများ အနေနှင့် လကွယ်ဂိုဏ်းသို့ ဝင်ရောက်ရန် အလွန်ခက်ခဲနေ၏။ မိုးကြိုးမြွေဂိုဏ်းအတွက်ကတော့ လကွယ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခြင်းက နောက်ဆုတ်ရန် လမ်းကြောင်းတစ်ခု ဖြစ်သည်။

မိုးကြိုးမြွေဂိုဏ်း လကွယ်ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင် တစ်နေ့ နေ့တွင် လျှို့ဝှက်လဝန်းနန်းတော်က သူတို့ကို တိုက်ခိုက်လာပါက လကွယ်ဂိုဏ်း အနေနှင့် ငြိမ်သက်နေမည် မဟုတ်တာ ထင်ရှားသည်။ လကွယ်ဂိုဏ်း၏ ကျောထောက်နောက်ခံ ရှိနေပါက လျှို့ဝှက်လဝန်းနန်းတော်လည်း သူတို့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

အရေးကြီးဆုံးမှာ လျှို့ဝှက်လဝန်းနန်းတော်သည် ပြင်ပအင်အားစုတစ်စုသာ တစ်ခု ဖြစ်နေခြင်းပင်။

အရိုင်းနယ်မြေတွင် ပုန်းကွယ်နေသော ထိပ်သီးအင်အားစုကြီး ဖြစ်သည့် လကွယ်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော် ပိုမို အင်အားကြီးလာသည်ကို အလိုရှိမည် မဟုတ်ပေ။

ဟုတ်ပါသည်...

လကွယ်ဂိုဏ်းကို ရှာမတွေ့မီနှင့် ဂိုဏ်းထဲသို့ မဝင်ရောက်နိုင်မီတွင်တော့ ထိုအခြေအနေများမှာ စိတ်ကူးယဉ်မှုများသာ ဖြစ်နေလိမ့်မည်။ ထို့ပြင် လကွယ်ဂိုဏ်းကို ရှာတွေ့လျှင်ပင် ဝင်ရောက်နိုင်ရန်မှာ မလွယ်ကူကြောင်း မိုးကြိုးမြွေ နတ်ဘုရင် သိထား၏။

……

မိုးကြိုးမြွေဂိုဏ်းက မြို့ဆယ်မြို့ကို သဲရှင်ဂိုဏ်းထံ ထပ်မံ လွှဲပြောင်းပေးလိုက်ပြီးနောက် သဲရှင်ဂိုဏ်းသည် အစက ဆုံးရှုံးခဲ့သော ဂိုဏ်း၏ ကံစွမ်းအားကို လျင်မြန်စွာ ပြန်လည် ရရှိလာကာ ကံစွမ်းအားများ ပိုမိုခိုင်မာလာတော့သည်။

သို့သော် စောင့်ကြည့်ခံနေရသည်ဟူသော ခံစားချက်က နတ်ဘုရင်ခံ သဲရှင်၏ စိတ်ထဲတွင် ကျန်ရှိနေဆဲ ဖြစ်ရာ သူ တကယ် စိတ်မအေးနိုင်‌ပေ။ ထို့‌ကြောင့်နတ်ဘုရင်အဆင့်သို့ အမြန်ဆုံး တက်လှမ်းရန်သာ ပို၍ စိတ်အားထက်သန်နေမိ၏။

သဲရှင်ဂိုဏ်း၏ ကံစွမ်းအားများ လုံလောက်စွာ စုစည်းမိလာ သောအခါ နတ်ဘုရင်ခံ သဲရှင်လည်း အချိန်မဖြုန်းတော့ပဲ အဆင့်တက်ရန် တိုက်ရိုက် ရွေးချယ်လိုက်၏။ အစကပင် အဆင့်တက်ရန် နီးစပ်နေပြီဖြစ်ရာ မိုးကြိုးမြွေဂိုဏ်းက ပေးအပ်သော ဂိုဏ်းကံစွမ်းအား အကူအညီဖြင့် နတ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ရန် သေချာသလောက် ရှိလာတော့သည်။

ခဏအတွင်းမှာပင် သူသည် နတ်ဘုရင် ကပ်ဘေးကို ကျော်ဖြတ်ကာ နတ်ဘုရင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။

ချက်ချင်းပင် သဲရှင်ဂိုဏ်းရှိ နတ်များအားလုံးသည် သူတို့အပေါ် ကျရောက်လာသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ဖိအားကြီးကို ခံစားလိုက်ကြရသည်။

ထိုအခါ သူတို့၏ ဂိုဏ်းချုပ် အဆင့်တက်သွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသဖြင့် သဲရှင်ဂိုဏ်းတစ်ဂိုဏ်းလုံး စိတ်လှုပ်ရှား ပျော်ရွှင်သွားကြ၏။

သို့သော် ထိုအချိန်တွင် နတ်ဘုရင် သဲရှင်ကတော့ မည်သည့် ပျော်ရွှင်မှုကိုမှ မခံစားရပေ။ ထူးဆန်းသည်မှာ သူ နတ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်သည်နှင့် တစ်ပြိုင်နက် သဲရှင်ဂိုဏ်း၏ ကံစွမ်းအားသည် ဂိုဏ်းအတွက် ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည့်အလား သိသိသာသာ လျော့နည်းသွားခြင်းဖြစ်သည်။

သူ သစ္စာဖောက်ခဲ့သည့် သက်သေကို လျှို့ဝှက်လဝန်းနန်းတော်က ရှာတွေ့သွားပြီး သဲရှင်ဂိုဏ်းကို တိုက်ခိုက်တော့မှာလားဟု နတ်ဘုရင် သဲရှင် တွေးမိလိုက်၏။ ထိုသို့ ဖြစ်နိုင်ခြေကို စဉ်းစားမိလျှင် နတ်ဘုရင် သဲရှင်လည်း တုံ့ဆိုင်းမနေပဲ ကျောက်စိမ်းစာလိိပ် တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။ ကျောက်စိမ်းလိပ်ကို အသက်သွင်းလိုက်သည်နှင့် မိုးကြိုးမြွေ နတ်ဘုရင်၏ ပုံရိပ် ကျင့်စဉ်ခန်းမအတွင်း ပေါ်လာတော့၏။

နတ်ဘုရင် သဲရှင်၏ ကိုယ်ပေါ်ရှိ ထူထပ်သော နတ်အငွေ့အသက်များကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင် ချက်ချင်းအံ့အားသင့်သွားပြီးနောက် ပြုံးရွှင်စွာဖြင့်

“နတ်ဘုရင်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ် နတ်ဘုရင် သဲရှင်... ။”

--

………

All Chapters