အခန်း ၁၈၁၀
Vol. 121 Ch. 1810
အခန်း (၁၈၁၀)
ဧကရီတင်မြှောက်မည်
မိုးကြိုးမြွေ နတ်ဘုရင်၏ ဂုဏ်ပြုစကားများကို နတ်ဘုရင်ခံ သဲရှင်က ခပ်အေးအေးသာ တုံ့ပြန်၏။ သူ၏ မျက်နှာထက်တွင် ဝမ်းသာရိပ် အလျဉ်းမရှိပဲ ကြီးမားသော အရေး တစ်ခုခု ဖြစ်ပျက်နေသကဲ့သို့ အလွန်တရာ တည်ကြည်လေးနက်နေသည်။
နတ်ဘုရင်ခံ သဲရှင်၏ မသာယာသော မျက်နှာကို မိုးကြိုးမြွေ နတ်ဘုရင် မြင်လျှင်
“နတ်ဘုရင်ခံ သဲရှင် ဘာလို့ ဒီလောက်တောင် စိတ်မချမ်းမသာ ဖြစ်နေရတာလဲ။”
နတ်ဘုရင်ခံ သဲရှင်က
“ကျုပ် အဆင့်တက်နိုင်ခဲ့ပေမဲ့ အဲ့ဒီအချိန်မှာပဲ သဲရှင်ဂိုဏ်းရဲ့ ကံစွမ်းအားက အနိမ့်ဆုံးအထိ ထိုးကျသွားတယ်။ လျှို့ဝှက်လဝန်းနန်းတော်က သဲရှင်ဂိုဏ်းနဲ့ မိုးကြိုးမြွေဂိုဏ်း ပူးပေါင်းနေတဲ့ သက်သေအထောက်အထားကို ရှာတွေ့သွားပြီ ထင်တယ်။ သိပ်မကြာခင်မှာ လျှို့ဝှက်လဝန်းနန်းတော်က သဲရှင်ဂိုဏ်းကို လာတိုက်တော့မှာ အသေအချာပဲ။”
ထိုအရာကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင်က ဂရုမစိုက်ဟန်ဖြင့်
“ဪ ကျုပ်က ကိစ္စကြီး တစ်ခုလို့ ထင်နေတာ။ အခု နတ်ဘုရင်ခံ သဲရှင်လည်း အဆင့်တက်သွားပြီဆိုတော့ လျှို့ဝှက်လဝန်းနန်းတော်ကို ကြောက်နေစရာ အကြောင်း မရှိတော့ဘူး။”
“လျှို့ဝှက်လဝန်းနန်းတော်နဲ့ လမ်းခွဲကြောင်း အခုပဲ ချက်ချင်း ကြေညာလိုက်ပါ။ ခင်ဗျားတို့ မိုးကြိုးမြွေဂိုဏ်းနဲ့ ပူးပေါင်းလိုက်တာကို သူတို့ သိသွားရင် သဲရှင်ဂိုဏ်းကို ဘာမှ လုပ်ရဲမှာ မဟုတ်တော့ဘူး။”
နတ်ဘုရင် သဲရှင်က
“ကောင်းပါပြီ။ သဲရှင်ဂိုဏ်းဟာ လျှို့ဝှက်လဝန်းနန်းတော်ကနေ တရားဝင် ခွဲထွက်ပြီး မိုးကြိုးမြွေဂိုဏ်းနဲ့ ပူးပေါင်းကြောင်း ကျုပ် ကြေညာလိုက်ပါ့မယ်။”
ထိုသို့ ပြောပြီးနောက်တွင် နတ်ဘုရင် သဲရှင်က ထိုသတင်းစကားကို သဲရှင်ဂိုဏ်းတစ်ဂိုဏ်းလုံးထံသို့ ပေးပို့လိုက်၏။
“ဒီနေ့ကစပြီး သဲရှင်ဂိုဏ်းဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်ခံ မဟုတ်တော့ဘူး။ ကျုပ်တို့ မိုးကြိုးမြွေဂိုဏ်းနဲ့ ပူးပေါင်းလိုက်ပြီ။”
ထိုအသံကို ကြားလျှင် သဲရှင်ဂိုဏ်းဝင် တပည့်များအားလုံး မှင်တက်သွားကြသည်။
တပည့်အများစုမှာ မိုးကြိုးမြွေဂိုဏ်းနှင့် ပူးပေါင်းမည့် အစီအစဉ်ကို ကြိုတင်သိရှိထားခြင်း မရှိကြသဖြင့် ဂိုဏ်းချုပ်၏ ရုတ်တရက် ကြေညာချက်ကြောင့် အလွန်အံ့ဩသွားကြ၏။
သို့သော်လည်း တပည့်အများစုအတွက်တော့ အခြားရွေးချယ်စရာ မရှိပေ။ ဂိုဏ်းချုပ်၏ အမိန့်သည် အတည်ပင် ဖြစ်သည်။
နတ်ဘုရင် သဲရှင် မိုးကြိုးမြွေဂိုဏ်းသို့ ဝင်ရောက်ကြောင်း ကြေညာသည်ကို မိုးကြိုးမြွေ နတ်ဘုရင် မြင်လျှင် ပြုံး၍
“ဒီနေ့ကစပြီး နတ်ဘုရင် သဲရှင်ဟာ မိုးကြိုးမြွေဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ် ဖြစ်သွားပြီ။”
နတ်ဘုရင် သဲရှင် ခဏခန့် ဇဝေဇဝါ ဖြစ်သွားပြီးမှ
“ဒါက သိပ်တော့ မသင့်တော်ဘူး ထင်တယ်။ ကျုပ်တို့က အခုမှ မိုးကြိုးမြွေဂိုဏ်းထဲကို ဝင်လာတာလေ။ ကျုပ်ကို လက်ထောက်ဂိုဏ်းချုပ် ခန့်လိုက်ရင် တခြားသူတွေ လက်ခံဖို့ ခက်လိမ့်မယ်။”
မိုးကြိုးမြွေ နတ်ဘုရင်က
“နတ်ဘုရင် တစ်ယောက်က လက်ထောက်ဂိုဏ်းချုပ် မဖြစ်နိုင်ရင် ဘယ်သူက ဖြစ်နိုင်မှာလဲ။”
“နတ်ဘုရင် သဲရှင် စိတ်ချပါ။ ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး ခင်ဗျားနဲ့ ကျုပ် မိုးကြိုးမြွေဂိုဏ်းကို အတူတူ စီမံခန့်ခွဲပြီး ပိုပြီး အင်အားကြီးအောင် လုပ်ကြတာပေါ့။”
လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်လည် တုံ့ပြန်ရန် စွမ်းအား အလုံအလောက် ရှိသွားပြီဟု မိုးကြိုးမြွေ နတ်ဘုရင် တွေးတောနေ၏။ လကွယ်ဂိုဏ်းနှင့် မပူးပေါင်းလျှင်ပင် လျှို့ဝှက်လဝန်းနန်းတော် ရန်ပြုလာမှာကို ပူစရာ မလိုတော့ပေ။
နတ်ဘုရင် နှစ်ပါး၏ စွမ်းအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကို ဧကန်မုချ ဟန့်တားနိုင်မည် ဖြစ်ပြီး သူတို့ အလွယ်တကူ လာမတိုက်ဝံ့အောင် လုပ်နိုင်မည် ဖြစ်သည်။
……
ထိုစဉ်။
လျှို့ဝှက်လဝန်းနန်းတော်၏ နှင်းခဲနန်းဆောင်အတွင်း၌ ယွမ်ယုတိ ရှိနေ၏။
နှင်းခဲကုတင်ပေါ်တွင် တရားထိုင်နေသော ယွမ်ယုတိ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား အနည်းငယ် လျော့နည်းသွားသည်ကို ခံစားမိသည်နှင့် သဲရှင်ဂိုဏ်း ခွဲထွက်သွားပြီဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်သည်။
ထို့နောက် နတ်အာရုံကို သုံး၍ စူးစမ်းကြည့်ရာ သဲရှင်ဂိုဏ်း တည်ရှိရာ နယ်မြေကို ရှာမတွေ့တော့သဖြင့် ဂိုဏ်းချုပ်က တရားဝင် ခွဲထွက်ကြောင်း ကြေညာလိုက်ပြီဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။
သဲရှင်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်သွားပြီ ဖြစ်သဖြင့် နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များက လွယ်ကူသွားပြီ ဖြစ်သည်။
ယွမ်ယုတိက လုချန်းထံသို့ သတင်းစကား ပေးပို့လိုက်၏။
“သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းနဲ့ ပူးပေါင်းပြီး လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်သွားပြီ။ ဒီနေ့ကစပြီး ဒါကို အကြောင်းပြချက် လုပ်ပြီး သဲရှင်ဂိုဏ်းကို တိုက်ခိုက်လို့ရပြီ။”
အမှန်စင်စစ် သဲရှင်ဂိုဏ်း၏ သစ္စာဖောက်မှုကို လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင် ဖြစ်သော သူမကိုယ်တိုင် ဖြေရှင်းရမည် ဖြစ်သည်။ သို့သော်လည်း လုချန်း၏ နတ်ဘုရားနိုင်ငံ တည်ထောင်လိုသော ရည်မှန်းချက်ကို ထည့်တွက်ကာ ဝင်မစွက်ဖက်ရန် ယွမ်ယုတိ ဆုံးဖြတ်လိုက်ပြီး ထိုကိစ္စကို လုချန်းကိုယ်တိုင် ကိုင်တွယ်စေရန် ချန်ထားပေးလိုက်၏။
ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်မှ လူများက လုချန်းကို နတ်ဘုရားနိုင်ငံ တည်ထောင်ရန် ကူညီပေးမည်ဆိုပါက သူမအနေနှင့် တားဆီးမည် မဟုတ်ကြောင်း အစောကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်သည်။ ၎င်းက အပြင်စည်းတွင် ဩဇာကြီးမားသော လုချန်းကို တစ်ဖက်တစ်လမ်းမှ ကူညီပေးခြင်းပင် ဖြစ်သည်။
သူ၏ စကားတစ်ခွန်းဖြင့်ပင် အပြင်စည်း အကြီးအကဲ အမြောက်အမြားက ဧကန်မုချ လာရောက် ကူညီကြမည် ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ချူယောင်နှင့် အလုပ်ရှုပ်နေသော လုချန်းလည်း ယွမ်ယုတိ၏ သတင်းစကားကို ရရှိလျှင် ခဏခန့် ရပ်တန့်သွား၏။
သဲရှင်ဂိုဏ်း ဤမျှ မြန်မြန် သစ္စာဖောက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော်လည်း ယခုလို အခွင့်အရေးမျိုးကို လက်လွှတ်မခံနိုင်ပေ။ သူ၏ ကိုယ်ပွားတစ်ခုကို ယွမ်ယုတိ၏ နှင်းခဲနန်းဆောင်သို့ စေလွှတ်လိုက်ပြီး နောက်ထပ် ကိုယ်ပွားတစ်ခုကိုတော့ ပိဟိုင်နတ်မြို့ရှိ သူ၏ လူယုံများနှင့် တွေ့ဆုံရန် စေလွှတ်လိုက်၏။
လုချန်း ယွမ်ယုတိ၏ နှင်းခဲနန်းဆောင်သို့ ရောက်လျှင် သူမကပင် ဦးအောင်
“ရှင် သဲရှင်ဂိုဏ်းနဲ့ မိုးကြိုးမြွေဂိုဏ်းကို သိမ်းပိုက်နိုင်ရင် သူတို့ရဲ့ နယ်မြေအားလုံးဟာ ရှင့်အပိုင်ပဲ။”
ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်းက အပြုံးဖြင့်သာ တုံ့ပြန်၏။
ထိုသို့မှ သဘာဝကျမည် မဟုတ်ပါလား။
လုချန်းက ယွမ်ယုတိကို
“ဆရာက ကျုပ်ကို ကူညီဖို့ တကယ် အစီအစဉ် မရှိဘူးလား။”
ယွမ်ယုတိ က အေးစက်စွာပင်
“နဂါးနယ်မြေမှာ နောက်ထပ် နတ်သခင် တစ်ပါးရဲ့ အငွေ့အသက် ရှိနေတယ်။ အဲ့ဒီ နတ်သခင် လှုပ်ရှားမှု မရှိသေးသရွေ့ ကျွန်မ ဝင်မစွက်ဖက်ဘူး။”
ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ နဂါးနယ်မြေတွင် နောက်ထပ် နတ်သခင် တစ်ပါး ရှိနေသည်ဟု ဆိုလိုခြင်းလား။
ထိုနတ်သခင်က မိုးကြိုးမြွေဂိုဏ်း၏ ဘိုးဘေးများ ဖြစ်နေမလား။
ယွမ်ယုတိ နတ်သခင် အဆင့်သို့ ရောက်ရှိပြီးနောက်တွင် အဘယ်ကြောင့် သတိကြီးစွာ ထားနေရသည်ကို ယခုမှ လုချန်း နားလည်သွားသည်။ သူမသည် ပုံးကွယ်နေသော အင်အားစုကို ကြိုတင် သိထားသဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကို ထပ်မံ ချဲ့ထွင်ခြင်း မပြုရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
“ဆရာက ကူညီဖို့ စိတ်မပါဘူးဆိုရင်လည်း ကျုပ် ထပ်မတောင်းဆိုတော့ပါဘူး။ ဒါပေမဲ့ နတ်ဘုရင် လင်ရင်က ကျုပ် ရဲ့ လက်အောက်မှာဆိုတော့ သူ့ကို လှုပ်ရှားခွင့် ပေးမယ်လို့ ထင်ပါတယ်။”
ယွမ်ယုတိ လုချန်း ကို အေးစက်စွာ ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ လုချန်းက သိသာထင်ရှားသော အမှန်တရား တစ်ခုကို ပြောနေခြင်း ဖြစ်သည်။ သူမ သဘောမတူလျှင်ပင် နတ်ဘုရင် လင်ရင်က လုချန်းကို ကူညီရန် ဆုံးဖြတ်ပါက သူမအနေနှင့် တားဆီးရန် နည်းလမ်း မရှိပေ။
နတ်ဘုရင် လင်ရင်ကို နတ်သခင် အဆင့် စွမ်းအားများ သုံး၍ ချိပ်ပိတ်ထားရန်ကလည်း မဖြစ်သင့်ပေ။
ယွမ်ယုတိ တိတ်ဆိတ်နေသည်ကို မြင်လျှင် လုချန်းက
“သဲရှင်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်လိုက်ပြီဆိုတော့ သဲရှင်ဂိုဏ်းချုပ်လည်း နတ်ဘုရင် အဆင့်ကို ရောက်သွားပြီဆိုတာ သေချာတယ်။ ကျုပ် တစ်ယောက်တည်းနဲ့ နတ်ဘုရင် နှစ်ပါးကို ရင်ဆိုင်ဖို့ ခက်လိမ့်မယ်။”
ယွမ်ယုတိ က ခပ်အေးအေးပင်
“မလိုအပ်ပဲနဲ့တော့ ရှင် သူ့ကို လှုပ်ရှားခွင့် မပေးပါနဲ့”
နတ်ဘုရင် လင်ရင်သည် လျှို့ဝှက်လဝန်းနန်းတော်၏ ဒုတိယ နန်းတော်သခင် ဖြစ်သည်။ သူမ လှုပ်ရှားပါက လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံး ပါဝင်ပတ်သက်သွားသည့် အဓိပ္ပာယ် ရောက်သွားပေလိမ့်မည်။
နဂါးနယ်မြေအတွင်းရှိ ပုံးကွယ်နေသော နတ်သခင်၏ သရုပ်မှန် အတည်မပြုနိုင်သေးသရွေ့တော့ လျှို့ဝှက်လဝန်းနန်းတော်ကို ဤပဋိပက္ခအတွင်းသို့ လုံးလုံးလျားလျား မဝင်ရောက်စေလိုပေ။
ထို့ပြင် လုချန်းက ထိုနတ်ဘုရင် နှစ်ပါးကို မကိုင်တွယ်နိုင်ဟုလည်း ယွမ်ယုတိ မယုံကြည်ပေ။ လုချန်း တောင်ပိုင်းနယ်တွင် ရှိစဉ်က မိစ္ဆာနတ်ဘုရင် သုံးပါးကို တစ်ဦးတည်းနှင့် ရင်ဆိုင်နိုင်ခဲ့သည် မဟုတ်ပါလား။
သာမန် နတ်ဘုရင်များသည် မိစ္ဆာနတ်ဘုရင်များနှင့် နှိုင်းယှဉ်လျှင် စွမ်းအား အလွန်ကွာခြားလှသည်။ ထို့ပြင် သဲရှင်ဂိုဏ်းချုပ်မှာလည်း နတ်ဘုရင် အဆင့်သို့ အခုမှ တက်လှမ်းနိုင်ခဲ့သူသာ ဖြစ်သည်။
လုချန်း အနေနှင့် ထိုနတ်ဘုရင် နှစ်ပါးကို အသာစီးရရန် အခွင့်အရေး အပြည့်အဝ ရှိသည်။
ထိုခဏတွင် ယွမ်ယုတိ စာလိပ်တစ်လိပ်ကို ထုတ်လိုက်ရာ လုချန်း၏ ရှေ့မှောက်သို့ ချက်ချင်း ပျံသန်းရောက်ရှိလာ၏။
“အကယ်၍ နတ်သခင် တစ်ပါးပါး ဝင်ပါလာရင် အဲ့ဒီ စာလိပ်ကို သုံးလိုက်ပါ။”
သဲရှင်ဂိုဏ်းနှင့် မိုးကြိုးမြွေဂိုဏ်းတို့ဘက်မှ နတ်ဘုရင်များသာ ပါဝင်ပါက လုချန်းနှင့် နတ်ဘုရင် လင်ရင် တို့ဖြင့် လုံလောက်သည်။ သို့သော်လည်း နဂါးနယ်မြေ၌ ပုံးကွယ်နေသော နတ်သခင် ဝင်ရောက် စွက်ဖက်လာပါက လုချန်း အနေနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ထိုအချိန်မှသာ သူမ ဝင်ပါလျှင်လည်း နောက်ကျမည် မဟုတ်ပေ။
လုချန်းက သူ ရှေ့တွင် ဝဲပျံနေသော စာလိပ်ကို ဖမ်းယူလိုက်ရင်း ပြုံးလျက်
“ကျုပ် သိတာပေါ့။ ဆရာက ကျုပ် အပေါ် တကယ် စိတ်ပူပေးတာပဲ။”
ယွမ်ယုတိ၏ မျက်နှာ၌ မည်သည့် ခံစားချက်မျှ မရှိပဲ အေးစက်စွာပင်
“တခြား ကိစ္စမရှိရင်လည်း ရှင် သွားပြီး ပြင်ဆင်တော့”
လုချန်း က ပြုံးလျက်
“ဆရာ...ကျုပ်ရဲ့ သတင်းကောင်းကို စောင့်နေပါ။ ကျုပ် နတ်ဘုရားနိုင်ငံကို တည်ထောင်ပြီးရင် ဆရာ့ကို ဧကရီအဖြစ် တင်မြှောက်မယ်။”
ထိုစကားကို ကြားလျှင် ယွမ်ယုတိ ထံမှ ကြောက်မက်ဖွယ် အေးစက်သော အငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာတော့သည်။
ယွမ်ယုတိက
“ထွက်သွားစမ်း”
--
………..