← Chapters

အခန်း ၁၈၁၁

Vol. 121 Ch. 1811

အခန်း ၁၈၁၁

Vol. 121 Ch. 1811

အခန်း (၁၈၁၁)

ချင်နိုင်ငံ၏ အရှင်သခင်

ယွမ်ယုတိ၏ ဒေါသတကြီးဖြစ်နေပုံကို ကြည့်ကာ လုချန်း ခပ်ဖွဖွ ပြုံးလိုက်၏။ ထို့နောက် လှည့်ထွက်ခဲ့ပြီး နှင်းခဲနန်းတော်မှ ထွက်ခွာသွားသည်။

လုချန်း၏ ကျောပြင်ကို ကြည့်နေရင်း ယွမ်ယုတိ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ မျက်နှာအမူအရာသည်လည်း အေးစက်ခက်ထန်သွား၏။

လုချန်း၏ စကားများသည် နောက်ပြောင်နေခြင်း မဟုတ်ဟု သူမ အလေးအနက် သံသယဝင်နေမိသည်။ ထိုလူညစ်သည် နတ်ဘုရားနိုင်ငံကို တည်ထောင်ပြီးပါက သူမအား ဧကရီအဖြစ် တကယ်ပင် တင်မြှောက်ရန် စဉ်းစားနေခြင်း ဖြစ်နိုင်သည်။

သူမ လုချန်း၏ ဧကရီ မဖြစ်လိုသည်မှာတော့ အမှန်ပင်။ သူနှင့် တိတ်တဆိတ် စုံတွဲကျင့်စဉ် ကျင့်ခဲ့ရခြင်းကပင် သူမ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။

သူမနှင့် လုချန်းတို့၏ ဆက်ဆံရေးကို ယဲ့ချူယောင် သိသွားပါက သူမအား မည်သို့ မြင်မည်နည်း။

တကယ်တော့ ယဲ့ချူယောင်၏ အမြင်က ဒုတိယသာ ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ လုချန်းကို စတင်ခေါ်ဆောင်လာစဉ်ကပင် သူမ၏ တပည့်ရင်းအဖြစ် လက်ခံခဲ့ခြင်း ဖြစ်၏။

နန်းတော်သခင်နှင့် တပည့်ဖြစ်သူတို့၏ ထိုကဲ့သို့သော ဆက်ဆံရေးကို လျှို့ဝှက်လဝန်းနန်းတော်ရှိ တပည့်များ သိသွားပါက နန်းတော်၏ အနာဂတ် ပရမ်းပတာ ဖြစ်သွားမှာ မလွဲဧကန်ပင်။

လုချန်း၏ သရုပ်မှန် သိခဲ့ရပြီးနောက် ဆရာတပည့် ဆက်ဆံရေးကို စိတ်ထဲမှ အသိအမှတ်မပြုတော့သော်လည်း နန်းတော်တပည့်များကတော့ သူတို့အား ဆရာနှင့် တပည့်ဟုသာ မှတ်ယူထားကြဆဲ ဖြစ်သည်။

အကြောင်းမှာ လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များသည် လုချန်း၏ သရုပ်မှန်ကို မသိကြသောကြောင့်ပင်။

နန်းတော်သခင်ဖြစ်သည့် သူမကိုယ်တိုင်ကပင် ထိုသို့ စံနမူနာပြခဲ့လျှင် နောင်တစ်ချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်၌ မသန့်ရှင်းသော ဆရာတပည့် ဆက်ဆံရေးများစွာ ပေါ်ပေါက်လာမည်မှာ ဧကန်မုချပင်။

ဆရာနှင့် တပည့်ကြား တကယ် ချစ်မြတ်နိုးကြလျှင်‌တော့ ကိစ္စမရှိပေ။ သူမ စိုးရိမ်သည်က အချို့သော အကြီးအကဲများ သို့မဟုတ် ရာထူးအဆင့်အတန်း မြင့်မားသူများက ၎င်းတို့၏ အရှိန်အဝါကို အသုံးချကာ တပည့်များကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ သဘောထားလာကြမည်ကို ဖြစ်သည်။

ထျန်းရန်နတ်ဘုရားနယ်မြေတွင် ယင်းကဲ့သို့သော အဖြစ်အပျက်များမှာ မရှိသည်တော့ မဟုတ်ပေ။ အထူးသဖြင့် ကျင့်ဝတ်ပျက်ပြားသော အချို့သော နတ်ဂိုဏ်းများတွင် ပိုဆိုး၏။ နောင်တစ်ချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်၌လည်း ထိုကဲ့သို့ ကိစ္စရပ်များ ဖြစ်ပွားလာမည်ကို ယွမ်ယုတိ အလွန်စိုးရိမ်မိသည်။

……

ထိုအချိန်တွင်။

ပိဟိုင်နတ်မြို့။

မြို့တော်ဝန် စံအိမ်၌။

ပင်မဆောင်အတွင်းသို့ နတ်ဘုရင်ခံ ဆယ်ဦးကျော် ရောက်ရှိနေကြပြီ ဖြစ်၏။ ထိုနတ်ဘုရင်ခံများထဲတွင် လျှို့ဝှက်လဝန်းနန်းတော်မှ အပြင်စည်း အကြီးအကဲများသာမက လက်အောက်ခံ အဖွဲ့အစည်းများမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများလည်း ပါဝင်ကြသည်။

သူတို့အားလုံးသည် လုချန်း၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး လုချန်းက အစည်းအဝေး ခေါ်ယူလိုက်ကြောင်း ကြားလျှင် ကြားချင်း မြို့တော်ဝန် စံအိမ်ရှိ အစည်းအဝေးခန်းမသို့ ချက်ချင်းဆိုသလို ရောက်ရှိလာကြခြင်း ဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်မှ အပြင်စည်း အကြီးအကဲတစ်ဦးက

“အကြီးအကဲချန်း... ဘယ်လိုကိစ္စကြောင့် ကျုပ်တို့ကို ခေါ်ယူလိုက်တာပါလဲ။”

လုချန်းက

“သဲရှင်ဂိုဏ်း ဂိုဏ်းချုပ် အဆင့်တက်သွားပြီလို့ သတင်းရထားတယ်။ ပြီးတော့သူက လျှို့ဝှက်လဝန်း နန်းတော်ကို သစ္စာဖောက်ပြီး သဲရှင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို မိုးကြိုးမြွေဂိုဏ်းထဲ ခေါ်သွားခဲ့ပြီ။”

ထိုစကားကို ကြားလျှင် ရောက်ရှိနေသူအားလုံး မှင်တက်သွားကြသည်။ သတိပြန်ဝင်လာလျှင် အကြီးအကဲတစ်ဦးက

“အကြီးအကဲချန်း ပြောတာ တကယ်ပဲလား”

လက်အောက်ခံဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်တစ်ဦးကလည်း

“ဒီသတင်းကို အကြီးအကဲချန်း ဘယ်ကနေ ရခဲ့တာလဲ သိခွင့်ရှိမလား။”

လုချန်းက

“ဒီသတင်းကို နန်းတော်သခင်ကိုယ်တိုင် ပြောပြခဲ့တာပါ။ သဲရှင်ဂိုဏ်း လျှို့ဝှက်လဝန်းနန်းတော်ကနေ ခွဲထွက်သွားပြီးနောက် နန်းတော်ရဲ့ ကံစွမ်းအားတွေ သိသိသာသာ လျော့နည်းသွားတာကို နန်းတော်သခင်က ခံစားမိလိုက်တယ်။”

လုချန်း၏ စကားကို ကြားလျှင် လူတိုင်း အချင်းချင်း ကြည့်လိုက်ကြသည်။ နန်းတော်သခင်ထံမှ လာသော သတင်းဖြစ်သောကြောင့် အမှန်ဖြစ်နိုင်ခြေ များလှ၏။

အပြင်စည်း အကြီးအကဲတစ်ဦးက

“ထူးဆန်းလိုက်တာ... ဒီလို ကြီးမားတဲ့ ဖြစ်ရပ်မျိုး ဖြစ်တာတောင် နန်းတော်သခင်က ဘာလို့ ကျုပ်တို့ကို အစည်းအဝေး မခေါ်တာလဲ။”

လက်အောက်ခံဂိုဏ်းများ၏ သစ္စာဖောက်မှုမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ အထူးသဖြင့် လုချန်း ပြောသကဲ့သို့ သဲရှင်ဂိုဏ်းချုပ်သည် နတ်ဘုရင် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ရင်ဆိုင်ရန် မလွယ်ကူတော့ပေ။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်သည်လည်း အနည်းဆုံးတော့ နတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ လက်အောက်ခံဂိုဏ်းများ၏ သစ္စာဖောက်မှုကို လျစ်လျူရှုထားပါက နောင်တွင် သစ္စာဖောက်မည့်သူများ ပိုများလာပေလိမ့်မည်။

ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်ကိုယ်တိုင်က ပြင်ပအဖွဲ့အစည်းတစ်ခု ဖြစ်နေပြီး အရိုင်းနယ်မြေတွင် အခြေခိုင်ရန် ကြိုးစားနေရဆဲ ဖြစ်၏။ ထိုသို့သော အချိန်မျိုးတွင် သစ္စာဖောက်များကို ထိရောက်စွာ နှိမ်နင်းပြရန် ပိုမိုပြင်းထန်သော နည်းလမ်းများကို အသုံးပြုရန် လိုအပ်လှသည်။

သစ္စာဖောက်များကို ပြတ်ပြတ်သားသား အပြစ်မပေးနိုင်လျှင် လက်အောက်ခံဂိုဏ်းများ၏ အမြင်တွင် လျှို့ဝှက်လဝန်းနန်းတော်သည် ရယ်စရာတစ်ခု ဖြစ်သွားလိမ့်မည်။

ထိုအခါ မည်သူက နန်းတော်၏ စကားကို နားထောင်တော့မည်နည်း။

ယွမ်ယုတိ အဘယ်ကြောင့် အစည်းအဝေး မခေါ်သနည်းဟု ပင်မဆောင်အတွင်းရှိ နတ်ဘုရင်ခံများ ဇဝေဇဝါ ဖြစ်နေကြစဉ် လုချန်းက

“ဒီကိစ္စကို ကျုပ်ဘာသာ ဖြေရှင်းဖို့ နန်းတော်သခင်က ပြောထားတယ်။”

လုချန်းက

“သဲရှင်ဂိုဏ်းနဲ့ မိုးကြိုးမြွေဂိုဏ်းကို သိမ်းပိုက်နိုင်ခဲ့ရင် အဲ့ဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ နယ်မြေတွေက ကျုပ်ပိုင်နက် ဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါ အဲ့ဒီနယ်မြေတွေပေါ်မှာ နတ်ဘုရားနိုင်ငံတစ်ခုကို ကျုပ် တည်ထောင်မယ်။”

ထိုစကားကို ကြားလျှင် နန်းတော်သခင်သည် ကြိုတင်စဉ်းစားထားပြီးဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။

လုကျန့်ကျီက

“သခင်... နန်းတော်သခင်က သခင့်ကို အကူအညီ တစ်စုံတစ်ရာ ပေးမယ်လို့ရော ပြောခဲ့သေးလား။”

လုချန်း

“မပြောဘူး... ဒါပေမဲ့ သဲရှင်ဂိုဏ်းနဲ့ မိုးကြိုးမြွေဂိုဏ်းက နတ်တွေကို တိုက်ခိုက်ရာမှာ ကျုပ်ကို ကူညီချင်တဲ့ လျှို့ဝှက်လဝန်းနန်းတော်လူက ဘယ်သူ့ကိုမဆို သူ တားဆီးမှာ မဟုတ်ဘူး။”

လုချန်း၏ စကားကြောင့် လူအုပ်ကြီး အတွေးထဲ နစ်မြောသွားကြသည်။ နန်းတော်သခင်ကိုယ်တိုင် ဘာကြောင့် မလှုပ်ရှားပဲ လုချန်းကိုသာ ကိုင်တွယ်ခိုင်းရသနည်း။

နန်းတော်သခင်သည် လုချန်းနှင့် အချိန်မရွေး လမ်းခွဲရန် ပြင်ဆင်နေသယောင်ပင်။

နတ်ဘုရားနိုင်ငံ တည်ထောင်မည့် ကိစ္စကြောင့် ဖြစ်နိုင်သလား။

အကြောင်းမှာ နတ်ဘုရားနိုင်ငံတစ်ခုသည် အသိအမှတ်ပြုမှုကို လိုအပ်သောကြောင့် ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်၏ စွမ်းအားကို အသုံးချကာ ဂိုဏ်းနှစ်ဂိုဏ်းကို နှိမ်နင်းခဲ့လျှင် ထိုနယ်မြေရှိ လူများသည် နန်းတော်ကိုသာ အသိအမှတ်ပြုကြမည် ဖြစ်ပြီး လုချန်း၏ နတ်ဘုရားနိုင်ငံကို အသိအမှတ်ပြုကြမည် မဟုတ်ပေ။

လူအများ ရမ်းသန်းစဉ်းစားနေကြစဉ် လုကျန့်ကျီက

“နတ်ဘုရားနိုင်ငံကို မတည်ထောင်ခင်မှာ အင်ပါယာတစ်ခုကို အရင် ဖန်တီးဖို့ လိုအပ်ပါတယ်။ ဒါမှသာ အရိုင်းနယ်မြေက လူတွေဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်မှာ ရှိနေတယ်ဆိုတာကို သိပြီး ကျုပ်တို့ရဲ့ နတ်ဘုရားနိုင်ငံအပေါ် အသိအမှတ်ပြုမှုတွေ ပိုခိုင်မာလာမှာ ဖြစ်တယ်။”

လုကျန့်ကျီက လုချန်းကို ကြည့်ကာ

“အရှင်... နိုင်ငံအမည်ကို ဘယ်လို သတ်မှတ်ဖို့ စဉ်းစားထားပါသလဲ။”

လုချန်း

“ချင်နိုင်ငံလို့ပဲ ခေါ်ကြတာပေါ့”

လုချန်းက ရောက်ရှိနေသူများကို တစ်ချက်ကြည့်လိုက်ပြီး

“ဒီနေ့ကစပြီး ချင်နိုင်ငံရဲ့ အရှင်သခင်ဟာ ကျုပ်ပဲ။”

ထိုစကားကို ကြားလျှင်ပင် လူတိုင်း ချက်ချင်းဆိုသလို လုချန်းကို ဂါရဝပြုလိုက်ကြသည်။

“ချင်နိုင်ငံရဲ့ အရှင်သခင်ကို ဂါရဝပြုပါတယ်”

သူတို့ ဂါရဝပြုနေကြစဉ် သူ၏ကိုယ်ပေါ်၌ ကံစွမ်းအားများ တိုးပွားလာသည်ကို လုချန်း ခံစားလိုက်ရ၏။ သို့သော် ထိုကံစွမ်းအား အနည်းငယ်မှာ သူ့အတွက်တော့ အရေးတယူ လုပ်စရာ မဟုတ်ပေ။

ဤအရာသည် သာမန်နိုင်ငံတစ်ခု၏ ကံစွမ်းအားသာ ဖြစ်ပြီး နတ်ဘုရားနိုင်ငံ၏ ကံစွမ်းအား မဟုတ်သေးပေ။ အင်ပါယာ နိုင်ငံတစ်ခုမှ နတ်ဘုရားနိုင်ငံအဆင့်သို့ တိုးမြှင့်ရန်အတွက် နတ်များစွာ၏ အသိအမှတ်ပြုမှုကို ရယူရန် လိုအပ်သေးသည်။

လက်ရှိအချိန်တွင် ချင်နိုင်ငံသည် သာမန် ကျင့်ကြံသူများ တည်ထောင်ထားသည့် နိုင်ငံများနှင့် မခြားနားသေးပေ။

လုချန်းက

“ထကြတော့”

လုချန်း

“အင်ပါယာကို တည်ထောင်ပြီးပြီဆိုတော့ နောက်တစ်ဆင့်က အနောက်ဘက်ကို ချီတက်ဖို့ပဲ။ အခု သဲရှင်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်သွားတဲ့ သတင်းကို ပျံ့နှံ့အောင် လုပ်ကြပါ။ ပြီးတော့ တိုက်ပွဲမှာ ပါဝင်မယ့် အင်အားစုတွေကို စုစည်းကြ။”

လူတိုင်းက တစ်ညီတစ်ညွတ်တည်း

“ဘုရင်ကြီးရဲ့ အမိန့်အတိုင်းပါ။”

ထိုသို့ဖြင့် အရိုင်းနယ်မြေတွင် နတ်များ လွှမ်းမိုးထားသော အင်ပါယာတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။ လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်၌ အရှိန်အဝါ တစ်စုံတစ်ရာ ရှိပြီးသား ဖြစ်သလို သူ၏ အစုအဖွဲ့က ထိန်းချုပ်ထားသော ပိဟိုင်နတ်မြို့၏ ကံစွမ်းအားမှာလည်း အခြားသော ကျင့်ကြံသူများ၏ အင်ပါယာများထက် သာလွန်လှ၏။

ထို့ကြောင့် လုချန်း အင်ပါယာ တည်ထောင်ခြင်းကို မည်သည့် အခမ်းအနားမှ မပြုလုပ်ရပဲ ကောင်းကင်ဘုံလမ်းစဉ်က ချက်ချင်းပင် အသိအမှတ်ပြုလိုက်သည်။ အင်ပါယာ တည်ထောင်ပြီးပြီဖြစ်ရာ ကျန်ရှိနေသည်မှာ နယ်မြေများကို ဆက်တိုက် သိမ်းပိုက်ရန်နှင့် နတ်များ၏ အသိအမှတ်ပြုမှုများ ပိုမိုရရှိကာ နတ်ဘုရားနိုင်ငံအဖြစ် အဆင့်မြှင့်တင်ရန် ဖြစ်သည်။

ချင်နိုင်ငံ တည်ထောင်လိုက်ခြင်းနှင့်အတူ သဲရှင်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ကာ မိုးကြိုးမြွေဂိုဏ်းနှင့် ပူးပေါင်းသွားသည့် သတင်းမှာလည်း နဂါးနယ်မြေတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။ သဲရှင်ဂိုဏ်း၏ သစ္စာဖောက်မှုကို ကြားလျှင် နဂါးနယ်မြေရှိ အင်အားစုအားလုံးက လျှို့ဝှက်လဝန်းနန်းတော်၏ တုံ့ပြန်မှုကို စောင့်ကြည့်လာကြသည်။

--

………….

All Chapters