← Chapters

အခန်း ၁၈၁၂

Vol. 121 Ch. 1812

အခန်း ၁၈၁၂

Vol. 121 Ch. 1812

အခန်း (၁၈၁၂)

လျှပ်တစ်ပြက် ထိုးစစ်

သစ္စာဖောက် သဲရှင်ဂိုဏ်းကို လျှို့ဝှက်လဝန်းနန်းတော်က မည်သို့ ကိုင်တွယ်မည်ကို နဂါးနယ်မြေရှိ အင်အားစုများက သိလိုနေကြ၏။ သဲရှင်ဂိုဏ်းသည် လက်ရှိတွင် မိုးကြိုးမြွေဂိုဏ်းနှင့် မဟာမိတ်ပြုထားပြီး နတ်ဘုရင် သဲရှင်သည်လည်း ၎င်းတို့နှင့် ပူးပေါင်းသွားပြီဖြစ်ရာ မိုးကြိုးမြွေဂိုဏ်း၌ နတ်ဘုရင်နှစ်ပါး ရှိလာခဲ့ပြီ ဖြစ်သည်။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် မည်သည့်အရာမှ မလုပ်ဆောင်ပဲ နေပါက မျက်နှာပျက်စရာ ဖြစ်လာပေလိမ့်မည်။ လက်အောက်ခံ အဖွဲ့အစည်းများက ပင်မဂိုဏ်းကို သစ္စာဖောက်နေချိန်တွင် ပင်မဂိုဏ်းက ဘာမှမလုပ်ပဲ ကြည့်နေခြင်းက အလွန်ပင် ရှက်ဖွယ်ကောင်းလှသည်။

အထူးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ လှုပ်ရှားမှုများကို ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများက အထူးတလည် အာရုံစိုက်နေကြ၏။ သို့သော် သူတို့ကို အံ့ဩသွားစေသည်က နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ မည်သည့် လှုပ်ရှားမှုမှ မရှိလာခဲ့‌ပေ။

သို့သော် မည်သူမှ မထင်မှတ်ထားသည်က မည်သည့်နေရာမှ ရောက်လာမှန်း မသိသော ချင်နိုင်ငံဟူသည့် အင်အားစုတစ်ခုကတော့ နေရာအနှံ့တွင် စစ်သားများကို စုဆောင်းနေသည်။ သူတို့က လျှို့ဝှက်လဝန်းနန်းတော်အတွက် သဲရှင်ဂိုဏ်းကို ပြန်လည်တိုက်ခိုက်ပေးမည်ဟု ကြွေးကြော်နေကြ၏။

အစပိုင်းတွင် နဂါးနယ်မြေရှိ အင်အားစုများသည် ချင်နိုင်ငံအကြောင်းကို ကြားလျှင် ထိုချင်နိုင်ငံသည် လျှို့ဝှက်လဝန်းနန်းတော်၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးစားနေရုံသာဟု ထင်မှတ်ခဲ့ကြ၏။ သို့သော် ချင်နိုင်ငံက လက်အောက်ခံ အဖွဲ့အစည်းများကို ပို၍ပို၍ စုစည်းလာနိုင်လျှင် တစ်ခုခု မှားယွင်းနေကြောင်း အားလုံး စတင် ခံစားမိလာကြသည်။

နတ်ဘုရားနိုင်ငံပင် မဟုတ်သော နိုင်ငံတစ်ခုက လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အဖွဲ့အစည်း အမြောက်အမြားကို မည်သို့ စည်းရုံးနိုင်မည်နည်း။

ဤနိုင်ငံသည် သူတို့ ထင်မှတ်ထားသကဲ့သို့ ကျင့်ကြံသူများ တည်ထောင်ထားသည့် သာမန်နိုင်ငံတစ်ခု မဟုတ်တာတော့ ဧကန်မုချပင်။

ချင်နိုင်ငံ၏ သတင်းသည် မိုးကြိုးမြွေဂိုဏ်းထံသို့လည်း မကြာမီပင် ရောက်ရှိသွားတော့သည်။

လက်ရှိတွင် သဲရှင်ဂိုဏ်းနှင့် မိုးကြိုးမြွေဂိုဏ်းတို့ ပူးပေါင်းမှု ပြီးဆုံးသွားပြီဖြစ်ရာ နတ်ဘုရင် သဲရှင်သည်လည်း မိုးကြိုးမြွေဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်အဖြစ် တရားဝင် ဖြစ်လာခဲ့ပြီ ဖြစ်၏။

…..

မိုးကြိုးမြွေဂိုဏ်း၏ အစည်းအဝေးခန်းမအတွင်း၌။

လျှို့ဝှက်လဝန်းနန်းတော်၏ မကြာသေးမီက လှုပ်ရှားမှုများနှင့် ပတ်သက်၍ လူတိုင်း ဆွေးနွေးနေကြသည်။

ထိုအခိုက်အတန့်တွင် အကြီးအကဲတစ်ဦးက

“ဒါက တကယ်ကို ထူးဆန်းတယ်။ သဲရှင်ဂိုဏ်းနဲ့ မိုးကြိုးမြွေဂိုဏ်း ပူးပေါင်းတာ ဒီလောက်ကြာနေပြီကို လျှို့ဝှက်လဝန်းနန်းတော်ဘက်က ဘာမှမလုပ်သေးဘူး။ တိုက်ခိုက်လို့ ဘာမှအကျိုးမရှိဘူးလို့ သူတို့ထင်နေပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး နေနေတာလားမသိဘူး။”

မိုးကြိုးမြွေဂိုဏ်းနှင့် သဲရှင်ဂိုဏ်းတို့ ပူးပေါင်းပြီးကတည်းက သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်ကို စောင့်ကြည့်နေခဲ့ကြ၏။ လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် အကျိုးအမြတ် မရှိဟု ထင်မြင်လျှင်ပင် တစ်စုံတစ်ရာ လှုပ်ရှားမှုတော့ ရှိသင့်သည်ဟု သူတို့ ယုံကြည်ထားကြသည်။

အကြောင်းမှာ လက်အောက်ခံဂိုဏ်း၏ သစ္စာဖောက်မှုက ပင်မဂိုဏ်းအပေါ် များစွာ သက်ရောက်မှု ရှိသောကြောင့်ပင်။

လျှို့ဝှက်လဝန်းနန်းတော်က ဘာမှမလုပ်ပဲ နေပါက နောင်တွင် အခြားသော လက်အောက်ခံဂိုဏ်းများကို မည်သို့ ခြိမ်းခြောက်နိုင်တော့မည်နည်း။

လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်းများကလည်း နောင်တွင် အမိန့်များကို နာခံတော့မည် မဟုတ်ပေ။

လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် မိုးကြိုးမြွေဂိုဏ်းကို တကယ် မတိုက်ခိုက်နိုင်လျှင်ပင် တစ်စုံတစ်ရာ ထုတ်ပြန်ချက်တော့ ရှိသင့်သည်။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်ကတော့ ဘာမှမလုပ်ခဲ့ပေ။

ထိုကဲ့သို့ တိတ်ဆိတ်နေခြင်းကပင် တစ်ခုခု မှားယွင်းနေသည်ဟု လူတို့အား ခံစားရစေ၏။

နတ်ဘုရင် သဲရှင်က

“သူတို့ စစ်တပ်လွှတ်ပြီး အပြစ်ပေးရင်တောင် ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်နေတာ ဖြစ်နိုင်တယ်။ နဂါးနယ်မြေက အင်အားစုတွေရှေ့မှာ သူတို့၏ အင်အားမရှိတာကို ပြသမိသလို ဖြစ်မှာစိုးလို့ လျစ်လျူရှုထားတာပဲ ဖြစ်ရမယ်။”

ဤကိစ္စကို ခပ်အေးအေး ကိုင်တွယ်ရန် ရွေးချယ်လိုက်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပြီး နောင်တွင် လက်အောက်ခံ အဖွဲ့အစည်းများက အမိန့်ကို မနာခံပဲ နေလာကြပေလိမ့်မည်။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်က တကယ် စစ်ကြေညာပြီး မအောင်မြင်ခဲ့ပါက ပို၍ပင် ဒုက္ခရောက်သွားလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်က တကယ်တမ်း မိုးကြိုးမြွေဂိုဏ်းကို မနှိမ်နင်းနိုင်သည်ကို မြင်လျှင် လျှို့ဝှက်လဝန်းနန်းတော်ကို ကြောက်ရွံ့နေကြဆဲဖြစ်သော အင်အားစုများတွင် အခြားသော အကြံအစည်များ ပေါ်လာနိုင်သောကြောင့် ဖြစ်၏။ စစ်ပွဲ မစမချင်း လျှို့ဝှက်လဝန်းနန်းတော်၏ အင်အား အစစ်အမှန်ကို မည်သူမှ မသိနိုင်ရာ လက်အောက်ခံဂိုဏ်းများသည်လည်း ဆက်လက်၍ စိုးရိမ်ထိတ်လန့်နေကြပေလိမ့်မည်။

နတ်ဘုရင် သဲရှင်၏ စကားကို ကြားလျှင် လူတိုင်းက အလွန်ပင် ကျိုးကြောင်းဆီလျော်သည်ဟု ယူဆကြ၏။ ထိုအခိုက်အတန့်တွင် အကြီးအကဲတစ်ဦးက

“လျှို့ဝှက်လဝန်းနန်းတော်က ဘာလှုပ်ရှားမှုမှ မပြပေမယ့် ချင်နိုင်ငံလို့ခေါ်တဲ့ အင်အားစုတစ်ခုက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်ခံဂိုဏ်း အတော်များများကို စုစည်းပြီး မဟာမိတ်တပ်ဖွဲ့ တစ်ခုအနေနှင့် ကျုပ်တို့ဂိုဏ်းကို အပြစ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်။”

ပလ္လင်ပေါ်တွင် ထိုင်နေသော နတ်ဘုရင် မိုးကြိုးမြွေက ထိုအရာကို ကြားလျှင် ခပ်အေးအေးပင်

“အင်ပါယာတစ်ခုပဲဟာ။ သူတို့က လျှို့ဝှက်လဝန်းနန်းတော်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေတာပဲ ဖြစ်မှာပါ။ ကြောက်စရာ မလိုပါဘူး။”

နိုင်ငံတစ်ခုသည် နတ်များ ပါဝင်နေလျှင်ပင် အင်အားကြီးလှသည် မဟုတ်သဖြင့် နတ်ဘုရင်ခံ အနည်းငယ်ကိုသာ စည်းရုံးနိုင်မည် ဟု နတ်ဘုရင် မိုးကြိုးမြွေ မြင်၏။ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်များသာ ပါဝင်မလာပါက လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အဖွဲ့အစည်းအားလုံး ပူးပေါင်းလျှင်ပင် မိုးကြိုးမြွေဂိုဏ်းအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။

သို့သော် နတ်ဘုရင် မိုးကြိုးမြွေ၏ စကား အဆုံးသတ်သွားသည်နှင့် နတ်ဘုရင် သဲရှင်က တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး အခြားသော အမြင်တစ်ခုကို တင်ပြလိုက်၏။

နတ်ဘုရင် သဲရှင်က

“ကျုပ်ကတော့ တစ်ခုခု မှားနေသလို ခံစားရတယ်။ အင်ပါယာတစ်ခုက ဂိုဏ်းပေါင်းများစွာကို ဘယ်လိုများ စုစည်းနိုင်မှာလဲ။ ဒီချင်နိုင်ငံဟာ သာမန်နိုင်ငံတစ်ခုတော့ မဟုတ်တာ ကျိန်းသေတယ်။”

နတ်ဘုရင် သဲရှင်၏ စကားကို ကြားလျှင် အခြားသူများလည်း ထိုနည်းတူပင် တုံ့ပြန်လာကြ၏။

သာမန်နိုင်ငံများသည် နတ်များပင် မဟုတ်သော ကျင့်ကြံသူများက တည်ထောင်ထားခြင်း ဖြစ်ရာ ဂိုဏ်းပေါင်းများစွာကို စည်းရုံးနိုင်သည့် စွမ်းဆောင်ရည် မရှိနိုင်ကြတာတော့ အမှန်ပင်။ ဤနိုင်ငံကို နတ်များက တည်ထောင်ခဲ့လျှင်ပင် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်းများကို စည်းရုံးနိုင်ရန် ဤနိုင်ငံ၏ ဧကရာဇ်သည် တစ်စုံတစ်ရာ အဆင့်အတန်း ရှိရပေလိမ့်မည်။

နတ်ဘုရင် သဲရှင်က

“ဒါဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တုံ့ပြန်မှု ဖြစ်မှာကို ကျုပ် စိုးရိမ်မိတယ်။”

နတ်ဘုရင် မိုးကြိုးမြွေ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကာ

“ဒီချင်နိုင်ငံကို လျှို့ဝှက်လဝန်းနန်းတော်က ကျောထောက်နောက်ခံ ပေးထားတယ်လို့ ခင်ဗျားပြောချင်တာလား။”

နတ်ဘုရင် သဲရှင်က

“ဒီအချက်ကလွဲရင် အဲ့ဒီလက်အောက်ခံဂိုဏ်းတွေက ဘာလို့ ချင်နိုင်ငံရဲ့ အမိန့်ကို လိုလိုလားလား နာခံနေကြသလဲဆိုတာကို ရှင်းပြစရာ အခြားအကြောင်းပြချက် မရှိတော့ဘူး။”

ထိုအခိုက်အတန့်တွင် တပည့် တစ်ဦး ခန်းမအတွင်းသို့ ဝင်လာကာ

“ဂိုဏ်းချုပ်ကြီးနဲ့ ဒုတိယဂိုဏ်းချုပ်... ချင်နိုင်ငံရဲ့ အပြစ်ပေးတပ်ဖွဲ့ဟာ သဲရှင်မြို့ အပြင်ဘက်ကို ရောက်နေပါပြီ။”

ထိုအရာကို ကြားလျှင် လူတိုင်း အလွန် တုန်လှုပ်သွားကြ၏။

ဘာ့ကြောင့် ဤမှ မြန်ဆန်နေရသနည်း။

ချင်နိုင်ငံသည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်း အမြောက်အမြားကို စုစည်းကာ အပြစ်ပေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းခဲ့သည်ဟု သူတို့ သတင်းရရှိခဲ့တာတောင် မကြာသေးပေ။

သို့သော် ဤမှ တိုတောင်းသော အချိန်အတွင်း၌ ချင်နိုင်ငံ ဦးဆောင်သော ထိုတပ်ဖွဲ့သည် သဲရှင်မြို့ အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သဲရှင်မြို့သည် နဂိုက သဲရှင်ဂိုဏ်း တည်ရှိရာနေရာ ဖြစ်သော်လည်း မိုးကြိုးမြွေဂိုဏ်းနှင့် ပူးပေါင်းပြီးနောက် အမည်ပြောင်းလဲခဲ့ကာ ယခုအခါ မိုးကြိုးမြွေဂိုဏ်း၏ ဒုတိယအရေးအကြီးဆုံး ခံတပ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်၏။ ယုတ္တိဗေဒအရ သဲရှင်မြို့၏ ပတ်ဝန်းကျင်တွင် အခြားသော ခံတပ်များ ရှိနေပြီး ချင်နိုင်ငံ၏ မဟာမိတ်တပ်ဖွဲ့များသည် သဲရှင်မြို့သို့ ချဉ်းကပ်ရန် ထိုခံတပ်များကို အရင်သိမ်းပိုက်ရပေလိမ့်မည်။

ချင်နိုင်ငံ၏ မဟာမိတ်တပ်ဖွဲ့များ ချီတက်လာလျှင် ထိုနေရာများတွင် ရှိနေသော မိုးကြိုးမြွေဂိုဏ်း၏ တပည့်များက ချင်နိုင်ငံ၏ တိုက်ခိုက်မှုအကြောင်းကို ဂိုဏ်းထံသို့ သတင်းပို့ကြမည်မှာ ဧကန်မုချပင်။

သို့သော် လက်ရှိ အခြေအနေတွင်တော့ ထိုခံတပ်များထံမှ မည်သည့်သတင်းမှ ရောက်မလာပဲ ချင်နိုင်ငံ၏ မဟာမိတ်တပ်ဖွဲ့များသည် သဲရှင်မြို့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဤချင်နိုင်ငံသည် ထိုခံတပ်များကို မည်သို့ ကျော်ဖြတ်လာနိုင်ခဲ့သနည်း။

ဤကဲ့သို့သော စစ်ပွဲမျိုးတွင် နတ်ဘုရင်များ မပါဝင်သဖြင့် ရိက္ခာထောက်ပံ့မှုက အလွန် အရေးကြီးလှ၏။ သူတို့သည် ရိက္ခာလမ်းကြောင်း အဖြတ်ခံရမည်ကိုပင် မစိုးရိမ်ပဲ သဲရှင်မြို့နား မည်သို့ ရုတ်တရက် ပေါ်လာနိုင်သနည်း။

ချင်နိုင်ငံ၏ တပ်ဖွဲ့များ သဲရှင်မြို့သို့ ဤမှ မြန်မြန် ရောက်ရှိနိုင်ရန် သဲရှင်မြို့ အပြင်ဘက်၌ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခု ရှိနေခြင်းများလား။

ခန်းမအတွင်းရှိ အကြီးအကဲများ ဆွေးနွေးနေကြစဉ် မိုးကြိုးမြွေ နတ်ဘုရင်က မျက်နှာပျက်ပျက်နှင့်

“လုံးဝကို မမျှော်လင့်ထားဘူး။ ချင်နိုင်ငံရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်တယ်။ သူတို့ကို ခြိမ်းခြောက်မှု မဟုတ်ဘူးလို့ တွက်နေတုန်းပဲ အခု သဲရှင်မြို့ကို ဒီလောက်မြန်မြန် ရောက်လာကြပြီ။ ဒီချင်နိုင်ငံရဲ့ နောက်ကွယ်မှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကျောထောက်နောက်ခံ ရှိနေတာတော့ အမှန်ပဲ။”

ထိုအချိန်တွင် အကြီးအကဲတစ်ဦးက

“ဂိုဏ်းချုပ်ကြီး... ကျုပ်တို့ အခု ဘာလုပ်ကြမလဲ။”

နတ်ဘုရင် မိုးကြိုးမြွေ ခဏခန့် စဉ်းစားလိုက်ပြီး

“သဲရှင်မြို့ကို စစ်ကူတွေ ချက်ချင်းလွှတ်လိုက်။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အင်အား အစစ်အမှန်က ဘယ်လောက်ရှိမလဲဆိုတာကို ကျုပ် ကြည့်ချင်သေးတယ်။”

နတ်ဘုရင် မိုးကြိုးမြွေ၏ စကား အဆုံးသတ်သွားသည်နှင့် မိုးကြိုးမြွေဂိုဏ်းသည်လည်း ချက်ချင်းပင် လှုပ်ရှားတော့သည်။ ကံကောင်းတာက မိုးကြိုးမြွေဂိုဏ်းနှင့် သဲရှင်မြို့ကြားတွင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခု ရှိနေသောကြောင့် ဂိုဏ်းတပည့်များ သဲရှင်မြို့သို့ လျင်မြန်စွာ ရောက်ရှိနိုင်ခြင်း ဖြစ်သည်။

--

…………

All Chapters