အခန်း ၁၈၁၃
Vol. 121 Ch. 1813
အခန်း (၁၈၁၃)
စစ်ပွဲစတင်ခြင်း
သဲရှင်မြို့၏ အပြင်ဘက်တွင် ဝါကျင်သော သဲများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထား၏။ ကောင်းကင်ယံထက်တွင် စစ်နတ်လှေတန်းကြီးများက စီတန်းလျက် လေထဲ၌ ဝဲပျံနေကြသည်။
ထိုအခိုက်အတန့်တွင် စစ်နတ်လှေများပေါ်ရှိ လူများသည် အဝေးတစ်နေရာ၌ နည်းဗျူဟာပုံစံဖြင့် ဝန်းရံထားသော သဲရှင်မြို့ကို အံ့အားသင့်စွာ ငေးကြည့်နေကြ၏။
လုချန်း၏ ဘေးနားရှိ နတ်ဘုရင်ခံတစ်ဦးက တွေဝေစွာဖြင့်
“ကျုပ်တို့... ရောက်သွားပြီလား”
လွန်ခဲ့သော နှစ်နာရီခန့်ကမှ သူတို့သည် ပိဟိုင်နတ်မြို့၌ ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုတော့ နာရီဝက်ပင် မပြည့်မီ သဲရှင်မြို့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အရိုင်းနယ်မြေမှာ ကျယ်ပြောလှသဖြင့် နတ်များအတွက်ပင် စစ်နတ်လှေများကို အသုံးပြု၍ ပိဟိုင်နတ်မြို့မှ သဲရှင်မြို့သို့ သွားလာရန် နေ့ရက်များစွာ ကြာမြင့်လိမ့်မည်။
နတ်ဘုရင် သို့မဟုတ် နတ်သခင် အဆင့်ရှိသူတစ်ဦးက အာကာသကို တိုက်ရိုက် ခွဲထွက်သွားမှသာ ဤမှ မြန်ဆန်နိုင်မည် ဖြစ်၏။
သို့သော် ချင်နိုင်ငံ၏ မဟာမိတ်တပ်ဖွဲ့များထဲတွင် အင်အားအကြီးဆုံးမှာ နတ်ဘုရင်ခံအဆင့်သာ ဖြစ်သည်။ သူတို့အား နတ်ဘုရင် သို့မဟုတ် နတ်သခင်တစ်ဦး၏ ပို့ဆောင်ပေးမှုကြောင့် မဟုတ်ပဲ လုချန်းက အထူးတည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို အသုံးပြုကာ တိုက်ရိုက် ပို့ဆောင်ပေးခဲ့ခြင်းပင် ဖြစ်သည်။
လုချန်းက
“စစ်တပ်ကို ဖြန့်ကျက်လိုက်ကြ။ သဲရှင်မြို့ကို သိမ်းပိုက်ပြီးတာနဲ့ နောက်ဘက်က မြို့တွေက ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ဘူး။”
သဲရှင်မြို့သည် အစက သဲရှင်ဂိုဏ်း တည်ရှိရာနေရာဖြစ်ပြီး ယခုအခါ မိုးကြိုးမြွေဂိုဏ်း၏ ဒုတိယအရေးအကြီးဆုံး မြို့ဖြစ်နေသည်။ သဲရှင်မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြင့် မိုးကြိုးမြွေဂိုဏ်းနှင့် အခြားသဲရှင်ဂိုဏ်းမြို့များအကြား ဆက်သွယ်ရေးကို ဖြတ်တောက်နိုင်မည်ဖြစ်ပြီး ထိုမြို့များ၏ ခုခံနိုင်စွမ်းကိုလည်း ကျဆင်းသွားစေမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ချင်နိုင်ငံ အနေနှင့် အစသဲရှင်ဂိုဏ်းပိုင် မြို့အားလုံးကို သိမ်းပိုက်ရန် ပိုလွယ်ကူသွားမည်ဖြစ်ကာ စစ်စွမ်းအား အမြောက်အမြား မသုံးရပဲ ထိုမြို့များသည် ချင်နိုင်ငံထံ အညံ့ခံလာကြပေလိမ့်မည်။ လုချန်း၏ ဆုံးဖြတ်ချက်မှာ သူ့ကိုယ်သူ ယုံကြည်မှုအပေါ် အခြေခံထားခြင်း ဖြစ်သလို ယခုတစ်ကြိမ်တွင် နတ်ဘုရင် လင်ရင်လည်း ပါဝင်နေသောကြောင့် မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်နှစ်ပါးစလုံး သဲရှင်မြို့သို့ ရောက်ရှိလာလျှင်ပင် သူတို့အား တားဆီးနိုင်မည် မဟုတ်ပေ။
လုချန်း၏ စကားကို ကြားလျှင် လူတိုင်း သတိပြန်ဝင်လာကြပြီး ဂိုဏ်းအသီးသီးမှ အကြီးအကဲများလည်း တိုက်ပွဲအတွက် ပြင်ဆင်ရန် သူတို့၏ တပည့်များကို ချက်ချင်း ဦးဆောင်လိုက်ကြသည်။
……
ထိုအတောအတွင်း။
သဲရှင်မြို့၏ အတွင်း၌။
နတ်ဘုရင်ခံ စစ်ယန်သည် မြို့ပြင်မှ မြင်ကွင်းကို မျက်နှာပျက်ပျက်ဖြင့် စိုက်ကြည့်နေမိ၏။ ထိုစစ်နတ်လှေများသည် ကြိုတင်သတိပေးချက် မရှိပဲ ရုတ်တရက် ပေါ်လာခြင်းဖြစ်ရာ တိုက်ရိုက် ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
သို့သော် သဲရှင်မြို့ အပြင်ဘက်တွင် ဤမှ အဆင့်မြင့်သော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံများ ရှိပုံမရပေ။
စစ်နတ်လှေ အမြောက်အမြား ဤနေရာသို့ မည်သို့ ရုတ်တရက် ရောက်လာသနည်း။
ဤအချက်က နတ်ဘုရင်ခံ စစ်ယန်ကို များစွာ ဇဝေဇဝါ ဖြစ်သွားစေသည်။ တစ်စုံတစ်ဦးက ယနေ့အတွက် ရည်ရွယ်ပြီး သဲရှင်မြို့ အပြင်ဘက်တွင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံ တစ်ခုကို ကြိုတင် ပြင်ဆင်ထားခဲ့ခြင်းများလား။
သဲရှင်မြို့ထဲတွင် သစ္စာဖောက် ရှိနေသလား။
သဲရှင်မြို့ထဲမှ မည်သူက သစ္စာဖောက်ဖြစ်နိုင်သနည်းဟု နတ်ဘုရင်ခံ စစ်ယန် စဉ်းစားနေစဉ် အပြင်ဘက်ရှိ စစ်နတ်လှေများသည် တိုက်ခိုက်ရေး နည်းဗျူဟာပုံစံများကို စတင် အသက်သွင်းနေကြပြီ ဖြစ်သည်။
ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာသော နည်းဗျူဟာပုံစံများကို မြင်လိုက်ရလျှင် နတ်ဘုရင်ခံ စစ်ယန်လည်း သူ၏ အတွေးများကို ချက်ချင်း လက်စသတ်လိုက်၏။
ယခုအချိန်သည် သစ္စာဖောက် ရှာရမည့် အချိန်မဟုတ်ပေ။ ရန်သူ၏ တိုက်ခိုက်မှုကို ပြန်လည် တွန်းလှန်ရန်သာ အရေးကြီးဆုံး ဖြစ်သည်။ နတ်ဘုရင်ခံ စစ်ယန်က သဲရှင်မြို့ကို စောင့်ကြပ်နေသော အကြီးအကဲများထံသို့ အသံလှိုင်းဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဂိုဏ်းစောင့် နည်းဗျူဟာပုံစံကို ချက်ချင်း အသက်သွင်းကြ။”
နတ်ဘုရင်ခံ စစ်ယန်၏ အမိန့်အောက်တွင် သဲရှင်မြို့မှ အကြီးအကဲများ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး နတ်စွမ်းအားများကို စုစည်းလိုက်ကြသည်။ နောက်တစ်ခဏတွင် တောက်ပနေသော ကောင်းကင်ကြီး ချက်ချင်း မှောင်အတိ ကျသွားပြီး ကောင်းကင်ယံ၌ ကြီးမားသော အနက်ရောင် ဝဲဂယက်ကြီးတစ်ခု ပေါ်လာကာ ဝဲဂယက်အတွင်းမှ တောက်ပသော ကြယ်တာရာများ ထွက်ပေါ်လာခဲ့သည်။
နတ်ဘုရင်ခံ စစ်ယန်က ကောင်းကင်သို့ ပျံတက်သွားပြီး
“မိုးတိမ်ကြယ်တာရာ နည်းဗျူဟာပုံစံ... စတင်စေ”
ဟု ဟစ်အော်လိုက်သည်။
သူ၏ အမိန့်အဆုံးတွင် နည်းဗျူဟာပုံစံကြီး အပြည့်အဝ ပေါ်ပေါက်လာပြီး အနက်ရောင် ဝဲဂယက်အတွင်းမှ ကြယ်များသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ သဲရှင်မြို့ အပြင်ဘက်ရှိ စစ်နတ်လှေများဆီသို့ ပစ်ခတ်လေတော့သည်။
သဲရှင်မြို့ဘက်မှ စတင် တိုက်ခိုက်လာသည်ကို မြင်လျှင် လုချန်းက
“အစွမ်းကုန် တိုက်ခိုက်ကြ”
ဟု အမိန့်ပေးလိုက်သည်။
လုချန်း၏ အမိန့်နှင့်အတူ စစ်နတ်လှေများပေါ်တွင် ပြင်ဆင်ထားသော တိုက်ခိုက်ရေး နည်းဗျူဟာပုံစံများမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာ၏။ ထို့နောက် ရောင်စုံအလင်းတန်းများသည် သဲရှင်မြို့၏ ကာကွယ်ရေး နည်းဗျူဟာပုံစံဆီသို့ တိုးဝင်သွားကြသည်။
သဲရှင်မြို့၏ နည်းဗျူဟာပုံစံများမှာ သဲရှင်ဂိုဏ်း၏ ဂိုဏ်းစောင့် နည်းဗျူဟာပုံစံများ ဖြစ်သည်။ စစ်နတ်လှေများမှ တိုက်ခိုက်မှုများသည် နည်းဗျူဟာပုံစံကို များစွာ ထိခိုက်မှု မရှိစေသော်လည်း နည်းဗျူဟာပုံစံရှိ နတ်အငွေ့အသက် အမြောက်အမြားကိုတော့ ကုန်ခမ်းသွားစေ၏။
သို့သော် ထိုအချိန်တွင် သဲရှင်မြို့အတွင်းရှိ အကြီးအကဲများသည် တိုက်ခိုက်ရေး နည်းဗျူဟာပုံစံများကို အသက်သွင်းပြီး ဖြစ်နေခဲ့ပြီ။
သဲရှင်မြို့၏ ကာကွယ်ရေး နည်းဗျူဟာပုံစံကို အမြန် မဖျက်ဆီးနိုင်ပါက အထက်ရှိ မိုးတိမ်ကြယ်တာရာ နည်းဗျူဟာပုံစံကြောင့် ချင်နိုင်ငံ မဟာမိတ်တပ်ဖွဲ့များဘက်မှ အသေအပျောက် များလာလိမ့်မည်။
ထိုအချိန်တွင် နတ်ဘုရင် လင်ရင်ကို လှုပ်ရှားခိုင်းရန် လုချန်း စဉ်းစားလိုက်သော်လည်း ထိုအတွေးကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်၏။ မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်များ ပေါ်မလာသေးပါက သူ၏ဘက်မှ နတ်ဘုရင်မှာလည်း လောတကြီး မလှုပ်ရှားသင့်သေးပေ။
ယခုအချိန်တွင် လှုပ်ရှားလိုက်ပြီး နတ်စွမ်းအားများ ကုန်ခမ်းသွားပါက နောင်တွင် မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်နှစ်ပါးကို ရင်ဆိုင်ရန် ခက်ခဲသွားနိုင်သောကြောင့် ဖြစ်သည်။
လုချန်းက
“နတ်ဘုရင်ခံတွေ အားလုံး... တစ်နေရာတည်းကို စုပြီး အစွမ်းကုန် တိုက်ခိုက်ကြ။”
သူ၏ စကားနှင့်အတူ နီရဲသော ဓားအငွေ့အသက်တစ်ခုကို လုချန်း ထုတ်လွှတ်လိုက်၏။ ထိုဓားအငွေ့အသက်သည် သဲရှင်မြို့၏ ဂိုဏ်းစောင့် နည်းဗျူဟာပုံစံ အတားအဆီးကို ချက်ချင်း ထိမှန်သွားသော်လည်း ထိမှန်သည့် အခိုက်အတန့်တွင်ပင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် သူ၏ ဓားအငွေ့အသက်က နည်းဗျူဟာပုံစံကို ဖျက်ဆီးနိုင်မည်ဟု လုချန်း မျှော်လင့်ထားခြင်းတော့ မဟုတ်ပေ။ အခြားသော နတ်ဘုရင်ခံများကို သူ၏ ဓားအငွေ့အသက် ထိမှန်သည့် နေရာသို့ တိုက်ခိုက်ရန် လမ်းညွှန်ပြသရုံသာ ဖြစ်၏။
လုချန်း၏ ဓားအငွေ့အသက်နောက်တွင် အင်အားစုအသီးသီးမှ နတ်ဘုရင်ခံများလည်း ထိုနေရာကိုပင် ထပ်ခါတလဲလဲ စုပေါင်း တိုက်ခိုက်ကြလေတော့သည်။ ခဏအကြာတွင် နတ်ဘုရင်ခံများ၏ စုပေါင်းတိုက်ခိုက်မှုမှာ ထိရောက်လာခဲ့ပြီး သဲရှင်မြို့၏ အတားအဆီးပေါ်တွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ပေါ်လာကာ တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအက်ကြောင်းကို မြင်လျှင် နတ်ဘုရင်ခံ စစ်ယန် ချက်ချင်း မျက်နှာပျက်သွား၏။ နိုင်ငံတစ်နိုင်ငံက ဤမျှများပြားသော နတ်ဘုရင်ခံများကို မည်သို့ စုစည်းနိုင်သနည်းဟု သူ ဇဝေဇဝါ ဖြစ်နေမိသည်။
နတ်ဘုရင်ခံ စစ်ယန်သည် မိုးကြိုးမြွေဂိုဏ်း၏ အစည်းအဝေးများကို မတက်ရောက်ခဲ့သဖြင့် ချင်နိုင်ငံ၏ နောက်ကွယ်တွင် လျှို့ဝှက်လဝန်းနန်းတော် ရှိနေသည်ဟု မထင်ခဲ့ဖူးပေ။ သို့သော် ယခင်က မထင်ထားခဲ့လျှင်ပင် ချင်နိုင်ငံ၏ နည်းဗျူဟာများနှင့် စုစည်းထားသော နတ်ဘုရင်ခံများကို မြင်လိုက်ရလျှင် ချင်နိုင်ငံသည် သာမန်နိုင်ငံတစ်ခု မဟုတ်ကြောင်း သူ နားလည်လိုက်ပြီ ဖြစ်သည်။
ယခုအချိန်တွင် မိုးကြိုးမြွေဂိုဏ်း၏ စစ်ကူကိုသာ သူ မျှော်လင့်နိုင်တော့သည်။ မိုးကြိုးမြွေဂိုဏ်းက သတင်းရသည်နှင့် စစ်ကူများကို ချက်ချင်း လွှတ်ပေးမည်ဟု သူ ယုံကြည်ထား၏။
အတားအဆီး အက်ကွဲသွားသည်ကို မြင်လျှင် ချင်နိုင်ငံ၏ နတ်ဘုရင်ခံများသည် နတ်ရတနာမျိုးစုံနှင့် တိုက်ကွက်မျိုးစုံကို အသုံးပြုကာ ပိုမိုအားစိုက် တိုက်ခိုက်လာကြသည်။ နတ်ဘုရင်ခံ အမြောက်အမြား၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် နောက်ဆုံးတွင် သဲရှင်မြို့၏ အတားအဆီး ပြိုလဲတော့မည့် လက္ခဏာများ ပြလာခဲ့သည်။
သို့သော် ထိုအချိန်တွင် သဲရှင်မြို့အတွင်း၌ အားကောင်းသော အရှိန်အဝါ အချို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ နောက်တစ်ခဏတွင် ပြိုလဲလုနီးပါး ဖြစ်နေသော အတားအဆီးမှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သဲရှင်မြို့၏ စစ်ကူများ ရောက်ရှိလာပြီဖြစ်ကြောင်း မဟာမိတ် နတ်ဘုရင်ခံများ နားလည်လိုက်ကြ၏။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံတစ်ဦးက လုချန်း၏ အနားသို့ ချဉ်းကပ်လာကာ
“ ကျုပ်တို့ အခု ဘာလုပ်ကြမလဲ”
သူတို့သည် အတားအဆီးကို အားသွန်စွမ်းအားစိုက် တိုက်ခိုက်ခဲ့ကြသဖြင့် ကိုယ်တွင်းရှိ နတ်စွမ်းအားများစွာ ကုန်ခမ်းနေပြီ ဖြစ်၏။ ဤအတိုင်းသာ ဆက်လက် ကုန်ခမ်းနေပြီး ရန်သူက ပြန်လည် တိုက်ခိုက်လာပါက ဆုတ်ခွာရုံမှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။
လုချန်းက ချက်ချင်း တုံ့ပြန်မပဲ အတားအဆီးကို တစ်ချက် ကြည့်လိုက်ကာ ယခုပဲ လှုပ်ရှားရသင့်သလားဟု စဉ်းစားနေမိသည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်း
“တိုက်ခိုက်မှုကို ဆက်လုပ်ကြ”
လုချန်း၏ အမိန့်ကို ကြားလျှင် ရောက်ရှိနေသော နတ်ဘုရင်ခံများ ခဏခန့် တုံ့ဆိုင်းသွားကြသော်လည်း လုချန်း၏ အဆင့်အတန်းကို ထောက်ထားကာ နောက်ဆုံးတွင် ဆက်လက် တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။
အပြင်ဘက်ရှိ နတ်ဘုရင်ခံများက အတားအဆီးကို မရပ်မနား တိုက်ခိုက်နေကြဆဲဖြစ်သည်ကို မြင်လျှင် နတ်ဘုရင်ခံ စစ်ယန်၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးငယ် တစ်ခု ပေါ်လာခဲ့သည်။
--
…………