အခန်း ၁၈၁၄
Vol. 121 Ch. 1814
အခန်း (၁၈၁၄)
နတ်ဘုရင် လှုပ်ရှားခြင်း
အပြင်ဘက်ရှိ နတ်ဘုရင်ခံများ၏ မညှာမတာ တိုက်ခိုက်နေမှုကို မြင်တွေ့ရလျှင်
အစီအစဉ်တစ်ခုကို နတ်ဘုရင်ခံ စစ်ယန် တွေးလိုက်၏။ ထိုအစီအစဉ်က သဲရှင်မြို့၏ နည်းဗျူဟာပုံစံကို အသုံးပြု၍ ထိုနတ်ဘုရင်ခံများ၏ စွမ်းအားများကို တိုက်စားသွားစေရန်ဖြစ်ပြီး ၎င်းတို့၏စွမ်းအားများ ကုန်ခန်းလုနီးပါးဖြစ်လာမှ နည်းဗျူဟာကို ပိတ်ကာ အမိအရ ပြန်လည်တိုက်စစ်ဆင်ရန် ဖြစ်သည်။
အပြင်ဘက်ရှိ လူအုပ်ကြီးသည် ၎င်းတို့၏ စွမ်းအားကို ချွေတာရမည်မှန်း မသိကြပေ။ သူတို့ဘက်မှ ပြန်လည်တိုက်စစ်ဆင်လာသည့်အခါ ထိုသူများသည် ခုခံနိုင်စွမ်းမရှိပဲ ဟာကွက်များ ဖြစ်ပေါ်နေမည်မှာ ဧကန်မုချပင်။
ထို့နောက် သဲရှင်မြို့ပြင်ရှိ စစ်နတ်လှေများကို မနားတမ်း ဖျက်ဆီးပစ်ရန်အတွက် နတ်ဘုရင်ခံ စစ်ယန်သည် မိုးတိမ်ကြယ်တာရာ နည်းဗျူဟာပုံစံကို ဆက်လက်ထိန်းချုပ် မောင်းနှင်နေ၏။ စစ်နတ်လှေ အရေအတွက် လျော့နည်းလာသည်နှင့်အမျှ အပြစ်ပေးတပ်ဖွဲ့ရှိ အချို့သောသူများ တဖြည်းဖြည်းနှင့် စိတ်ဓာတ်ကျကာ နောက်တွန့်လာကြတော့သည်။
အဆုံးတွင်တော့ သူတို့သည် မတူညီသော အင်အားစုများမှ လာကြသူများဖြစ်ရာ စည်းလုံးညီညွတ်မှု မရှိကြပေ။ အထိနာနေသည်ကို မြင်ရလျှင် အချို့သူများ၏ စိတ်ထဲ ဝေခွဲမရဖြစ်ကာ နောက်ဆုတ်လိုသော ဆန္ဒများ ပေါ်ပေါက်လာ၏။
ထိုခဏတွင် လုချန်းထံသို့ လျှို့ဝှက်လဝန်းနန်းတော် အပြင်စည်း အကြီးအကဲ တစ်ဦး ချဉ်းကပ်လာကာ တိုးတိုးလေး ပြောလိုက်သည်။
“အကြီးအကဲချန်း... ဒီအတိုင်းဆို အဆင်မပြေနိုင်ဘူး။ လူအချို့ကတော့ နောက်ဆုတ်ဖို့ ပြင်နေကြပြီ။”
လျှို့ဝှက်လဝန်းနန်းတော် အပြင်စည်း အကြီးအကဲများသည် လုချန်းဘက်တွင်သာ ရပ်တည်သူဖြစ်၏။ လုချန်းက နောက်ဆုတ်ရန် အမိန့်မပေးပါက သူတို့ ဆုတ်ခွာမည်မဟုတ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများအတွက်ကတော့ ထိုသို့မဟုတ်ပေ။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက တိုက်ရိုက်အမိန့်ပေးလိုက်၏။
“လောလောဆယ် နောက်ဆုတ်ကြ”
လုချန်း၏ အမိန့်ပေးသံကို ကြားလျှင် ထိုလက်အောက်ခံ အင်အားစုများလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။ ထို့နောက် စစ်နတ်လှေများသည် မိုးတိမ်ကြယ်တာရာ နည်းဗျူဟာ၏ တိုက်ခိုက်မှု အတိုင်းအတာအတွင်းမှ လွတ်ကင်းအောင် သဲရှင်မြို့နှင့် အဝေးသို့ လျင်မြန်စွာ ဆုတ်ခွာသွားကြ၏။ ထို့နောက် သဲရှင်မြို့၏ ကာကွယ်ရေး အကာအကွယ်ကို တိုက်ခိုက်နေသည့် နတ်ဘုရင်ခံများလည်း ဆုတ်ခွာသွားကြသည်။
အပြစ်ပေးတပ်ဖွဲ့ တကယ်ပင် ဆုတ်ခွာသွားသည်ကို မြင်လျှင် ပြန်လည်တိုက်စစ်ဆင်ရန် အခွင့်အရေး ရောက်ပြီဟု နတ်ဘုရင်ခံ စစ်ယန် ယူဆလိုက်ကာ သဲရှင်မြို့အတွင်းရှိ စစ်သည်များကို ချက်ချင်း အချက်ပေးလိုက်၏။
“သူတို့တော့ သွားပြီ... အခုချက်ချင်း တိုက်ခိုက်ကြ”
နတ်ဘုရင်ခံ စစ်ယန်၏ စကားအဆုံး၌ သဲရှင်မြို့၏ နည်းဗျူဟာပုံစံကြီး ရပ်တန့်သွားကာ အတွင်းမှ နတ်များ လူများ အပြင်သို့ အလုံးအရင်းနှင့် ပြေးထွက်လာကြသည်။ ထိုမြင်ကွင်းကို ကြည့်ကာ လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်၏။
ထိုလူများ တကယ်ပင် အပြင်သို့ ထွက်တိုက်ရဲသည်ကို သူ သိလိုက်ရသည်။
သဲရှင်မြို့မှ နတ်များ၏ ပြန်လည်တိုက်စစ်ဆင်မှုကို ခံရလျှင် မဟာမိတ်တပ်ဖွဲ့များ ခဏခန့် ကစဉ့်ကလျား ဖြစ်သွားကြ၏။ အထူးသဖြင့် သဲရှင်မြို့၏ နည်းဗျူဟာ အကာအကွယ်ကို ဖျက်ဆီးရန် စွမ်းအားအမြောက်အမြား အသုံးပြုထားရသော နတ်ဘုရင်ခံများဆိုလျှင် ပို၍ ဆိုးရွားသည်။ ယခုအခါ မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်ခံများ အားအင်အပြည့်နှင့် လှုပ်ရှားလာပြီဖြစ်ရာ ထိုနတ်ဘုရင်ခံများကို ယှဉ်ပြိုင်နိုင်ရန်က မဖြစ်နိုင်သလောက်ပင်။
ထိုအခိုက်တွင် ချင်နိုင်ငံမှ နတ်ဘုရင်ခံ အားလုံးသည် လုချန်းထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြ၏။
လုချန်း ခေတ္တ စဉ်းစားလိုက်၏။ တစ်ဖက်လူများ အပြင်သို့ ထွက်လာပြီဖြစ်ရာ ဆက်လက် ထိန်းထားရန် အကြောင်းမရှိတော့ပေ။
ထို့ပြင် တစ်ဖက်မှ နတ်ဘုရင်ကလည်း အလားတူပင် စဉ်းစားထားပုံရ၏။ သူတို့ဘက်မှ နတ်ဘုရင် ပေါ်မလာပါက တစ်ဖက်မှ နတ်ဘုရင်လည်း ပုန်းကွယ်နေမည်ဖြစ်ပြီး ချောင်းမြောင်း တိုက်ခိုက်ရန် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေပေလိမ့်မည်။
လုချန်းက နတ်ဘုရင် လင်ရင်ကို
“လင်ရင်... အခုပဲ လှုပ်ရှားလိုက်တော့”
လုချန်း၏ အမိန့်ကို ကြားလျှင် နတ်ဘုရင် လင်ရင်သည် သူမ၏ အငွေ့အသက်ကို မဖုံးကွယ်ထားတော့ပေ။ ထိုအခါ လုချန်းရှိရာ စစ်နတ်လှေထံမှ ထိတ်လန့်ဖွယ်ရာ ဖိအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
ထိုဖိအားကို ခံစားလိုက်ရလျှင် ချင်နိုင်ငံဘက်မှ မဟာမိတ်များ ချက်ချင်းပင် စိတ်လှုပ်ရှား ဝမ်းသာသွားကြ၏။
ဤအငွေ့အသက်က နတ်ဘုရင်တစ်ပါးထံမှ ဖြစ်၏။ သူတို့၏ နတ်ဘုရင် လှုပ်ရှားလာပြီဖြစ်သည်။
နတ်ဘုရင်တစ်ပါး ရှိနေမှတော့ သဲရှင်မြို့ကလေးကို ကြောက်စရာ မရှိတော့ပေ။ ထို့နောက်တွင် မဟာမိတ်တပ်ဖွဲ့သည် တစ်ကျော့ပြန် တိုက်စစ်ဆင်ရန် ပြင်ဆင်လိုက်ကြတော့သည်။
ထိုခဏတွင် နတ်ဘုရင်ခံ စစ်ယန်နှင့် အခြားသူများသည် ရှေ့တည့်တည့်မှ နတ်ဘုရင်၏ ဖိအားကို ခံစားလိုက်ရလျှင် မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြ၏။
နတ်ဘုရင်ခံ စစ်ယန်က
“နောက်ဆုတ်ကြ... အခုချက်ချင်း ပြန်ဆုတ်... နည်းဗျူဟာကို ပြန်ဖွင့်ကြ”
သို့သော် နတ်ဘုရင်ခံ စစ်ယန်၏ စကားမဆုံးမီမှာပင် သဲရှင်မြို့အတွင်းမှ အလားတူ ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မကြာမီမှာပင် သဲရှင်မြို့၏ အထက်ကောင်းကင်ယံ၌ ဧရာမ လူသားပုံသဏ္ဌာန် နိယာမပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
ပေပေါင်းရာချီ မြင့်မားသော ထိုနိယာမပုံရိပ်မှာ သဲစီးကြောင်းများဖြင့် ဖုံးလွှမ်းထားပုံရပြီး သဲရှင်မြို့အပေါ်သို့ ကျရောက်နေသော နေရောင်ကိုပင် ကွယ်သွားစေသည်။
နိယာမပုံရိပ်ကို မြင်လျှင် နတ်ဘုရင်ခံ စစ်ယန်က ဝမ်းသာအားရဖြင့်
“ဒါ... နတ်ဘုရင် သဲရှင်ပဲ... နတ်ဘုရင် သဲရှင် ကြွလာပြီ”
ထိုအခိုက်တွင် သဲရှင်မြို့ဘက်မှ စိတ်ဓာတ်များ အရှိန်အဟုန်ဖြင့် မြင့်တက်သွားတော့သည်။
နတ်ဘုရင် သဲရှင်က ရောက်ရောက်ချင်းပင် နိယာမပုံရိပ်ကို ထုတ်ဖော်လိုက်သည်ကို မြင်လျှင် နတ်ဘုရင် လင်ရင်ကလည်း သူမ၏ နိယာမပုံရိပ်ကို ထုတ်ဖော်လိုက်ရာ ခရမ်းရောင် ပုံရိပ်ကြီးတစ်ခု ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်ပေါက်လာ၏။ နတ်ဘုရင်နှစ်ပါး၏ နိယာမပုံရိပ်များ ပေါ်ထွက်လာသည်နှင့်အတူ ထိတ်လန့်ဖွယ်ရာ ဖိအားနှစ်ခု ထိပ်တိုက်ရင်ဆိုင်မိကြပြီး နှစ်ဖက်စလုံးမှ လူများလည်း ထိုဖိအားများအောက်တွင် ခါးပင် မတ်မတ်မထားနိုင်တော့ပေ။
ဤနေရာ၌ တိုက်ခိုက်ခြင်းက သူ၏လူများကို ထိခိုက်စေနိုင်ကြောင်း သိသဖြင့် နတ်ဘုရင် သဲရှင်က
“မိတ်ဆွေ... ဒီနေရာက ကျုပ်တို့တိုက်ခိုက်ဖို့ မသင့်တော်ဘူး... နေရာပြောင်းရအောင်လား”
နတ်ဘုရင်အဆင့် တိုက်ပွဲသည် ကြီးမားလှသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ရာ ဤနေရာတွင် တိုက်ခိုက်ခြင်းသည် ရန်သူ့ကို သတ်ဖို့ထက် ကိုယ့်လူကိုယ် နာကျင်စေမည့် အပြုအမူမျိုးသာ ဖြစ်သွားလိမ့်မည်။
နတ်ဘုရင် သဲရှင်၏ စကားအဆုံး၌
“သဘောတူတယ်”
ဟု အေးစက်သော အသံတစ်ခု ကောင်းကင်ယံမှ ပဲ့တင်ထပ်လာ၏။
နတ်ဘုရင် လင်ရင်၏ စကားအပြီးတွင် ဧရာမ နိယာမပုံရိပ်ကြီး နှစ်ခုသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ အရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးဆီသို့ ပျံသန်းသွားကြတော့သည်။ နတ်ဘုရင်များ၏ ဖိအားများ ကင်းစင်သွားသည်ကို ခံစားလိုက်ရမှ လူအားလုံး သက်ပြင်းချနိုင်ကြတော့သည်။
ထိုအခိုက်တွင် နတ်ဘုရင်ခံ စစ်ယန်က
“တစ်ဖက်က နတ်ဘုရင် မရှိတော့ဘူး... ဒါ ကျုပ်တို့ ပြန်တိုက်ဖို့ အခွင့်အရေးပဲ။”
ထို့နောက် ချက်ချင်းပင် နတ်ဘုရင်ခံ စစ်ယန်သည် သဲရှင်မြို့မှ တပ်ဖွဲ့များကို ဦးဆောင်ကာ ပြန်လည်တိုက်စစ်ဆင်လိုက်၏။
နတ်ဘုရင်ခံ စစ်ယန်နှင့် ထိုသူများ ပြန်လည်တိုက်စစ်ဆင်လာသည်ကို မြင်လျှင် လုချန်းဘက်မှ နတ်ဘုရင်ခံများ၏ စိတ်ထဲ ဝေခွဲမရ ဖြစ်လာကြပြန်သည်။ နတ်ဘုရင်တစ်ပါး၏ အားကိုးရာ ရှိနေသဖြင့် ဤစစ်ပွဲ အနိုင်ရရန် သံသယဖြစ်ဖွယ်မရှိဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း ယခု နတ်ဘုရင် မရှိတော့သဖြင့် ခက်ခဲသော အခြေအနေဆီသို့ ပြန်လည် ကျရောက်သွားသည်။
သဲရှင်မြို့ဘက်မှ နတ်ဘုရင်ခံ နှစ်ဆယ်ကျော်ခန့်သည် အပြင်သို့ အလုံးအရင်းနှင့် ထွက်ပေါ်လာကြ၏။ မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်ခံများ ကူညီရန် ရောက်ရှိလာကြောင်း ထင်ရှားလှသည်။ မဟာမိတ်တပ်ဖွဲ့ဘက်တွင်မူ နတ်ဘုရင်ခံ ဆယ်ဂဏန်းခန့်သာ ရှိပြီး ထိုသူများမှာလည်း အစောပိုင်းက နည်းဗျူဟာကို ဖျက်ဆီးရန် စွမ်းအားအမြောက်အမြား အသုံးပြုထားရပြီး ဖြစ်၏။
ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော် အပြင်စည်း အကြီးအကဲများ လုချန်းထံသို့ လှမ်းကြည့်လိုက်ကြသည်။
မိစ္ဆာနတ်ဘုရင် သုံးပါးကို လုချန်း တစ်ကိုယ်တည်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးကြ၏။
ထို့ကြောင့်ပင် ထိုအပြင်စည်း အကြီးအကဲများသည် လုချန်း၏ ဂိုဏ်းခွဲထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြပြီး သူ၏ နယ်မြေချဲ့ထွင်မှုတွင် ကူညီပေးနေကြခြင်း ဖြစ်သည်။ လုချန်း ရှိနေပါက ထိုနတ်ဘုရင်ခံများသည် သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဟု သူတို့ ယုံကြည်ထားကြ၏။
အပြင်စည်း အကြီးအကဲများက သူ့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်နေသည်ကို မြင်လျှင် လုချန်းက တည်ငြိမ်စွာဖြင့်
“ကျုပ်ကို ဘာလို့ ကြည့်နေကြတာလဲ။ မိုးကြိုးမြွေဂိုဏ်းမှာ နတ်ဘုရင် နှစ်ပါး ရှိတယ်။ တစ်ပါးက ရောက်နေပြီဆိုတော့ ကျန်တဲ့တစ်ပါးက ဒီမှာ မရှိဘူးလို့ ခင်ဗျားတို့ ထင်နေတာလား။”
ထိုအပြင်စည်း အကြီးအကဲများက သူ့ကို လှုပ်ရှားစေချင်နေကြသည်ကို လုချန်း ကောင်းကောင်း သိသည်။
လုချန်း၏ စကားကို ကြားလျှင် အပြင်စည်း အကြီးအကဲများမှာ စိတ်ဓာတ်ကျသွားကြ၏။
ဟုတ်ပါသည်။
မိုးကြိုးမြွေဂိုဏ်းတွင် ယခုအခါ အကြီးအကဲ နှစ်ပါး ရှိနေပြီဖြစ်ပြီး နောက်တစ်ပါးသာ ပေါ်လာပါက သူတို့ကို မထိခိုက်စေရန် တိုက်ပွဲဧရိယာအတွင်းမှ လုချန်း ထွက်ခွာသွားရနိုင်သည်။ ထိုအခါမျိုးတွင် မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်ခံများကို သူတို့ကိုယ်တိုင် ရင်ဆိုင်ရမည်သာ ဖြစ်၏။
ထိုအခိုက်တွင် အပြင်စည်း အကြီးအကဲ တစ်ဦးက
“အကြီးအကဲချန်း... ကျုပ်တို့ အချိန်ဆွဲပေးထားပါ့မယ်။”
တောင်ပိုင်းနယ်၌ မိစ္ဆာနတ်ဘုရင် သုံးပါးကို လုချန်းက တစ်ကိုယ်တည်း ဟန့်တားနိုင်ခဲ့ဖူးသဖြင့် မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင် ပေါ်လာလျှင်ပင် လုချန်းက ခဏချင်း နှိမ်နင်းနိုင်မည်ဟု သူတို့ ယုံကြည်နေကြသည်။
မိစ္ဆာနတ်ဘုရင်များသည် သာမန် နတ်ဘုရင်များထက် ပို၍ အစွမ်းထက်၏။ ထိုမိစ္တာနတ်ဘုရင်သုံးပါးကိုပင် ယှဉ်နိုင်လျှင် သာမန်နတ်ဘုရင်များသည် လုချန်းအတွက် ကြီးမားသော အန္တရာယ် မဟုတ်တော့ပေ။
ထိုအကြီးအကဲ၏ စကားအပြီးတွင် အခြားသော အပြင်စည်း အကြီးအကဲများလည်း မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်ခံများဆီသို့ အပြေးအလွှား ချီတက်သွားကြတော့သည်။ ဤသည်က လုချန်း၏ ရှေ့မှောက်တွင် သူတို့၏ အရည်အချင်းကို ပြသရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
လုချန်း၏ အသိအမှတ်ပြုမှုကို သူတို့ ရရှိခဲ့လျှင် အနာဂတ်တွင် လုချန်းက နန်းတော်သခင်ထံတွင် သူတို့အတွက် ထောက်ခံပေးနိုင်ပြီး အတွင်းစည်း အကြီးအကဲများ ဖြစ်လာရန် မျှော်လင့်ချက် ပိုရှိလာနိုင်ပေသည်။
--
…………