← Chapters

အခန်း ၁၈၁၅

Vol. 121 Ch. 1815

အခန်း ၁၈၁၅

Vol. 121 Ch. 1815

အခန်း (၁၈၁၅)

မိတ်ဆွေ... ခင်ဗျားက

လျှို့ဝှက်လဝန်းနန်းတော် အပြင်စည်း အကြီးအကဲများ ရှေ့သို့ အလုံးအရင်းနှင့် တိုးထွက်သွားသည်ကို မြင်လျှင် လက်အောက်ခံ အင်အားစုများမှ နတ်ဘုရင်ခံများလည်း အံကြိတ်ကာ နောက်မှ လိုက်ပါသွားကြသည်။ ထို့နောက် သူတို့သည် မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်ခံများနှင့် တိုက်ခိုက်ကာ တန်ခိုးစွမ်းအားများ အပြန်အလှန် ယှဉ်ပြိုင်ကြတော့၏။

တစ်ခဏချင်းမှာပင် သဲရှင်မြို့ပြင်၌ ဖုန်မှုန့်နှင့် သဲများသည် ကောင်းကင်ယံအထိ ပြည့်နှက်သွားကာ ထူးခြားဆန်းပြားသော နတ်မျက်လှည့် ပုံရိပ်များလည်း ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ ဂိုဏ်းများမှ နတ်ဘုရင်ခံများကတော့ အပြင်စည်း အကြီးအကဲများကဲ့သို့ အရည်အချင်းပြလိုသည့် ပြင်းပြသော ဆန္ဒမျိုး မရှိကြပေ။ သူတို့အထဲမှ အများစုသည် လုချန်း၏ အစွမ်းကို ကိုယ်တိုင် မမြင်ဖူးကြသလို လျှို့ဝှက်လဝန်းနန်းတော်ဘက်မှလည်း လုချန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပိတ်ပင်ထားသဖြင့် နဂါးနယ်မြေအတွင်းရှိ အင်အားစု အနည်းငယ်သာလျှင် ဤပုန်းကွယ်နေသော ‘နတ်ဘုရင်’ အကြောင်းကို ရိပ်ဖမ်းသံဖမ်းသိကြသည်။

လုချန်းကို လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းနှင့် အတွင်းစည်း အကြီးအကဲတစ်ဦးဟုသာ သူတို့ သိထားကြ၏။ လုချန်း၏ အစွမ်းကို မမြင်ဖူးကြသဖြင့် နန်းတော်သခင် ကိုယ်တိုင် ကြွမလာပါက ဤစစ်ပွဲတွင် အနိုင်ရရန် အခွင့်အရေး မရှိဟု လက်အောက်ခံ အင်အားစုများမှ နတ်ဘုရင်ခံများက တွေးတောနေကြသည်။

သို့သော် နန်းတော်သခင် ကိုယ်တိုင် ရောက်လာလျှင်ပင် မိုးကြိုးမြွေဂိုဏ်းဘက်၌လည်း နတ်ဘုရင် တစ်ပါး ရှိနေသေးသည်မဟုတ်ပါလား။

မကြာမီမှာပင် အချို့သော အင်အားစုများမှ နတ်ဘုရင်ခံများ စတင် နောက်ဆုတ်လာကြ၏။

ထိုအရာကို မြင်သော်လည်း လုချန်းက တစ်ခွန်းမှ မပြောပေ။

ထိုနတ်ဘုရင်ခံများ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်မထားခဲ့ပေ။

လောလောဆယ်တွင် လုချန်း၏ အကြည့်များသည် သဲရှင်မြို့ဆီသို့ ရောက်ရှိနေပြီး မိုးကြိုးမြွေဂိုဏ်းချုပ် ယခုအချိန်အထိ ဘာကြောင့် မလှုပ်ရှားသေးပဲ သည်းခံနိုင်ရသနည်းဟု စဉ်းစားနေ၏။

ရှေ့တန်းစစ်မြေပြင်တွင် မဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်သည် မိုးကြိုးမြွေဂိုဏ်းထက် နိမ့်ပါးနေသော်လည်း နတ်ဘုရင်များ၏ တိုက်ပွဲတွင်တော့ နတ်ဘုရင် သဲရှင်သည် နတ်ဘုရင် လင်ရင်၏ ဖိနှိပ်ခြင်းကို ခံနေရပြီဖြစ်၏။

နတ်ဘုရင် လင်ရင်သည် နတ်ဘုရင် သဲရှင်ထက် အရင် အဆင့်တက်ခဲ့သူ ဖြစ်သလို လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံထားခဲ့သဖြင့် သူမ၏ အစွမ်းက သာမန်နတ်ဘုရင်များထက် များစွာ သာလွန်နေသည်မှာ ကြာပြီဖြစ်သည်။

နတ်ဘုရင် လင်ရင်၏ အစွမ်း သူ့ထက် များစွာသာလွန်နေသည်ကို နတ်ဘုရင် သဲရှင် သိမြင်သွားကာ တိုက်ပွဲထဲသို့ ဝင်ရောက်ကူညီရန် မိုးကြိုးမြွေ နတ်ဘုရင်ထံသို့ ချက်ချင်းပင် အကြောင်းကြားလိုက်သည်။

……

ထိုစဉ်။

သဲရှင်မြို့ အထက်ကောင်းကင်ယံရှိ စစ်နတ်လှေ တစ်စင်းအတွင်း၌။

မိုးကြိုးမြွေ နတ်ဘုရင်သည် တိုက်ပွဲ နှစ်ပွဲလုံးကို တိတ်တဆိတ် စောင့်ကြည့်နေ၏။ ချင်နိုင်ငံမှ ဖွဲ့စည်းထားသော အပြစ်ပေးတပ်ဖွဲ့သည် မိုးကြိုးမြွေဂိုဏ်းအတွက် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်၏ စွမ်းအားကတော့ အတော်ပင် ပြင်းထန်လှသည်။

လျှို့ဝှက်လဝန်းနန်းတော်သည် ယခုအချိန်အထိ နတ်ဘုရင် တစ်ပါးသာ ထုတ်ပြထားသေးပြီး ကျန်တစ်ပါးမှာ အမှောင်ထဲတွင် ပုန်းကွယ်နေဆဲဟု သူ ခန့်မှန်းထားသည်။ အကယ်၍ သူ ယခုနေ လှုပ်ရှားလိုက်လျှင် လျှို့ဝှက်လဝန်းနန်းတော်မှ ကျန်ရှိနေသော နတ်ဘုရင်က ရုတ်တရက် ချောင်းမြောင်း တိုက်ခိုက်လာပါက သူ အထိနာသွားနိုင်၏။

သို့သော် သူ မလှုပ်ရှားပဲ ဆက်နေပါက နတ်ဘုရင် သဲရှင် ရှုံးနိမ့်သွားသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်သည် မိုးကြိုးမြွေဂိုဏ်း၏ နတ်ဘုရင်ခံများကို ပစ်မှတ်ထားလာမည်မှာ သေချာလှသဖြင့် နောက်ဆုံးတွင် သူ လှုပ်ရှားရမည်သာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ အနှေးနှင့်အမြန် လှုပ်ရှားရမည်ဖြစ်ရာ အချိန်ဆွဲနေခြင်းက အကျိုးမရှိပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ ကျန်နေသော နတ်ဘုရင် ထွက်လာအောင် လုပ်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။

တစ်ဖက်လူ၏ အစွမ်းကို သူ ခန့်မှန်းကြည့်မည်ဖြစ်ပြီး စွမ်းအားကွာခြားချက် ကြီးမားလွန်းပါက နည်းဗျူဟာပုံစံကြီးကို အသုံးပြုကာ ခံစစ်ဖြင့်သာ နောက်ဆုတ်သွားမည်ဖြစ်၏။ အကယ်၍ စွမ်းအားချင်း မကွာခြားလှပါက သူ လှုပ်ရှားလိုက်ခြင်းဖြင့် တစ်ဖက်လူကို ခြောက်လှန့်နိုင်ပေလိမ့်မည်။

ထိုအတွေးနှင့်အတူ မိုးကြိုးမြွေ နတ်ဘုရင်သည် သူ၏ အငွေ့အသက်ကို ဆက်လက်၍ ဖုံးကွယ်မထားတော့ပေ။ နောက်တစ်ခဏ၌ သူ၏ နတ်ဘုရင်၏ ဖိအားကို တိုက်ရိုက်ပင် ထုတ်လွှတ်လိုက်တော့၏။

သဲရှင်မြို့အတွင်းမှ အသစ်ပေါ်ထွက်လာသော နတ်ဘုရင်၏ ဖိအားကို လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ခံများ ခံစားလိုက်ရလျှင် သူတို့၏ မျက်နှာများ ချက်ချင်းပင် ဖြူဖျော့သွားကြ၏။

ထိုအခိုက်တွင် နတ်ဘုရင်ခံ အမြောက်အမြား စိတ်ထဲ၌ ဝေခွဲမရ ဖြစ်လာကြပြန်သည်။ သူတို့သည် မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်ခံများကိုပင် မယှဉ်နိုင်သေးပေ။

ယခု မိုးကြိုးမြွေဂိုဏ်းမှ နောက်ထပ် နတ်ဘုရင် တစ်ပါး ရောက်လာပြီဖြစ်ရာ အနိုင်ရရန်က ပို၍ မဖြစ်နိုင်တော့ပေ။ ဤနေရာ၌သာ ဆက်နေပါက သူတို့၏ အသက်များ ကြွေလွင့်သွားလိမ့်မည်ဟု ကြောက်ရွံ့နေကြသည်။

သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ ရှေ့မှောက်၌ အရည်အချင်းပြရန်သာ လာကြခြင်းဖြစ်ပြီး အသက်ကိုတော့ အဆုံးရှုံးမခံလိုကြပေ။

လုချန်းက အမိန့်တစ်ခုခု မပေးရသေးမီမှာပင် ထိုနတ်ဘုရင်ခံများ ချက်ချင်းပင် နောက်တန်းသို့ ဆုတ်ခွာသွားကြတော့သည်။ ချင်မဟာမိတ်တပ်ဖွဲ့မှ နတ်ဘုရင်ခံများ ဆုတ်ခွာသွားသည်ကို မြင်လျှင် မိုးကြိုးမြွေဂိုဏ်းမှ နတ်ဘုရင်ခံများ ပို၍ပင် စိတ်လှုပ်ရှားလာကြပြီး တပည့်များနှင့် အကြီးအကဲများလည်း ယုံကြည်မှုများ ပြည့်နှက်လာကြ၏။

လျှို့ဝှက်လဝန်းနန်းတော်သည် ပြောသလောက် မဟုတ်‌ကြောင်း ယခု သူတို့မြင်လာကြသည်။ သူတို့၏ ဂိုဏ်းချုပ်က အငွေ့အသက်ကို ထုတ်ပြလိုက်ရုံနှင့်ပင် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ခံများသည် ကြောက်အားလန့်အားနှင့် ဆုတ်ခွာသွားကြရပေပြီ။

ထွက်ပြေးရန် ကြိုးစားနေသော နတ်ဘုရင်ခံများကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင်က နှာခေါင်းရှုံ့လိုက်၏။ နောက်တစ်ခဏတွင် ကောင်းကင်၌ တိမ်မည်းများ အုံ့မှိုင်းလာကာ တစ်ခဏချင်းမှာပင် တစ်နယ်မြေလုံး၌ လျှပ်စစ်စီးကြောင်းများ အလိပ်လိုက် ထွက်ပေါ်လာပြီး ရှိနေသူအားလုံးအား လျှပ်စစ်လှောင်အိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်သွားတော့သည်။

ထိုလျှပ်စီးတန်းများထံမှ ထွက်ပေါ်လာသော ဖိအားကို ခံစားလိုက်ရလျှင် ချင်မဟာမိတ်တပ်ဖွဲ့မှ နတ်ဘုရင်ခံများလည်း မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မျက်နှာများ ပြာနှမ်းသွားကြ၏။

မဟာမိတ် အင်အားစုများမှ နတ်ဘုရင်ခံများက

“ပြီးပြီ... အကုန်လုံး ပြီးပြီ... ဒါ မိုးကြိုးမြွေ နတ်ဘုရင်ရဲ့ မိုးကြိုးနယ်ပယ်ပဲ။”

အခြားသူများက

“နန်းတော်သခင် ဘယ်မှာလဲ... ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ။”

တစ်ယောက်က

“နန်းတော်သခင်... မြန်မြန် လုပ်ပေးပါဦး... မဟုတ်ရင် ကျုပ်တို့အားလုံး အသက်ပျောက်ကုန်တော့မယ်။”

လျှို့ဝှက်လဝန်းနန်းတော် အပြင်စည်း အကြီးအကဲများမှလွဲ၍ လက်အောက်ခံ အင်အားစုများမှ နတ်များနှင့် ကျင့်ကြံသူများထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်၏။ အပြင်စည်း အကြီးအကဲများကတော့ လုချန်း မကြာမီ လှုပ်ရှားလိမ့်မည်ဟု ယုံကြည်ထားကြသဖြင့် မဆုတ်မနစ် ကြိုးစား ခုခံနေကြဆဲပင်။

ထိုအချိန်တွင် မိုးကြိုးမြွေ နတ်ဘုရင်ပင်လျှင် လျှို့ဝှက်လဝန်းနန်းတော်မှ ကျန်ရှိနေသော နတ်ဘုရင် ဘာကြောင့် အခုထိ မလှုပ်ရှားသေးသနည်းဟု ဇဝေဇဝါ ဖြစ်လာသည်။

သူ၏ နယ်ပယ်ကိုပင် ဖြန့်ကျက်ထားပြီး ဖြစ်ပါလျက်နှင့် တစ်ဖက်လူက ဘာကြောင့် မလှုပ်ရှားသေးရသနည်း။

ဤနတ်ဘုရင်ခံ အားလုံးကို သူ သတ်ပစ်မည်ကို လျှို့ဝှက်လဝန်းနန်းတော်က မစိုးရိမ်ဘူးလား။

ထိုနတ်ဘုရင်ခံ အများစုမှာ လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများမှ ဖြစ်သော်လည်း သူတို့ကို အသတ်ခံနေရသည်ကိုသာ လျှို့ဝှက်လဝန်းနန်းတော်က ကြည့်နေပါက ထိုအင်အားစုများသည် နန်းတော်အပေါ် နာကျည်းသွားကြမည်မှာ အမှန်ပင်။

ခဏတာ စဉ်းစားပြီးနောက် မိုးကြိုးမြွေ နတ်ဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

မိုးကြိုးမြွေ နတ်ဘုရင်က

“ကောင်းပြီ... ခင်ဗျားက အခုထိ မလှုပ်ရှားသေးဘူးဆိုမှတော့ ကျုပ်လည်း ညှာတာနေမှာ မဟုတ်ဘူး”

လက်အောက်ခံ အင်အားစုများမှ နတ်ဘုရင်ခံများကို သူ သတ်ဖြတ်လိုက်ပါက လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား များစွာ ယုတ်လျော့သွားမည် ဖြစ်သည်။ ထိုသို့တွေးရင်း မိုးကြိုးမြွေ နတ်ဘုရင်လည်း သူ၏စွမ်း အားအကုန်ကို ထုတ်ဖော်လိုက်တော့၏။

တစ်ခဏ အတွင်းမှာပင် ကောင်းကင်ယံမှ မရေမတွက်နိုင်သော လျှပ်စီးတန်းများ မိုးရွာသကဲ့သို့ ကျဆင်းလာကာ ကမ္ဘာပျက်ကိန်း ဆိုက်နေသကဲ့သို့ ထင်မှတ်ရလာသည်။

သို့သော် ထိုအခိုက်အတန့်၌ပင် အခြားသော နတ်ဘုရင်တစ်ဦး၏ ဖိအားတစ်ခု စစ်မြေပြင်တွင် ပေါ်ထွက်လာ၏။ ဤနတ်ဘုရင်၏ အငွေ့အသက်က ချင်နိုင်ငံ၏ စစ်နတ်လှေထံမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

ဤဖိအား ပေါ်ထွက်လာသည်နှင့် ရောက်ရှိနေသူ အားလုံး အသက်ရှူရ ခက်ခဲလာကြပြီး ရင်ဘတ်ပေါ်၌ တောင်ကြီးတစ်လုံးနှင့် ဖိထားသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့၏ နတ်အာရုံ အနက်ရှိုင်းဆုံးမှ ထိတ်လန့်စရာ ကောင်းသော အရာတစ်ခုက လွှမ်းမိုးထားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။

အင်အားနည်းသော နတ်များသာမက မိုးကြိုးမြွေ နတ်ဘုရင်ပင်လျှင် ထိုကဲ့သို့ ခံစားလိုက်ရသည်။ မိုးကြိုးမြွေ နတ်ဘုရင်လည်း စိတ်ထဲတွင် တုန်လှုပ်သွားရ၏။

ဤနတ်ဘုရင်၏ အငွေ့အသက်က ဘာကြောင့် သူ့ကို သေဘေးနီးနေသကဲ့သို့ ခံစားချက်မျိုး ပေးနေရသနည်း။

မိုးကြိုးမြွေ နတ်ဘုရင် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် မူလရှိနေသော မိုးကြိုးနယ်ပယ်သည် သွေးကဲ့သို့ နီရဲသွားကာ နယ်ပယ်တစ်ခုလုံး သွေးပင်လယ်နှင့် အလောင်း တောင်ပုံရာပုံ မြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်း သိမြင်သွားကြသလို မိုးကြိုးမြွေ နတ်ဘုရင်လည်း နားလည်သွားသည်။

ဤအရာက သတ်ဖြတ်ခြင်းနယ်ပယ်ပင် ဖြစ်၏။

လေထုအတွင်းရှိ သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားလိုက်ရလျှင် မိုးကြိုးမြွေ နတ်ဘုရင်၏ မျက်နှာထား ချက်ချင်းပင် တင်းမာသွားကာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် အစားထိုးဝင်ရောက်လာ၏။ သူ၏ နတ်အာရုံ အနက်ရှိုင်းဆုံးတွင် အသက်အန္တရာယ် ရှိနေသည်ဟု ဘာကြောင့် ခံစားခဲ့ရသည်ကို သူ နောက်ဆုံး၌ နားလည်သွားခဲ့သည်။

တစ်ဖက်လူသည် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသော နတ်ဘုရင်တစ်ပါး ဖြစ်နေသောကြောင့်ပင်။

နေပါဦး...

သူတို့ ရရှိထားသော သတင်းအချက်အလက်များအရ လျှို့ဝှက်လဝန်းနန်းတော်မှ ကျန်ရှိနေသော နတ်ဘုရင်သည် ရေခဲစွမ်းအားကို အသုံးပြုသူ ဖြစ်ရမည် မဟုတ်ပါလား။

နတ်ဘုရင် သဲရှင်နှင့် တိုက်ခိုက်နေသော နတ်ဘုရင်သည် ဂီတလမ်းစဉ်ကို ကျင့်ကြံသူဖြစ်ရာ နောက်ထပ် နတ်ဘုရင်မှာ ရေခဲလမ်းစဉ်ကို ကျင့်ကြံသော လျှို့ဝှက်လဝန်းနန်းတော် သခင်သာ ဖြစ်ရပေမည်။

ယခု သတ်ဖြတ်ခြင်းစွမ်းအားကို အသုံးပြုသော နတ်ဘုရင်က ဘယ်ကနေ ရုတ်တရက် ပေါ်လာရသနည်း။

ခဏတာခန့် အတွေးထဲ နစ်မြောသွားသော်လည်း သတ်ဖြတ်ခြင်းနယ်ပယ်အတွင်းရှိ သတ်ဖြတ်ခြင်းစွမ်းအားများ စုစည်းလာသည်ကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင် သတိပြန်ဝင်လာကာ အလျင်အမြန်ပင် ပြောလိုက်၏။

မိုးကြိုးမြွေ နတ်ဘုရင်က

“မိတ်ဆွေ... ခင်ဗျားက လျှို့ဝှက်လဝန်းနန်းတော်က လူ မဟုတ်လောက်ဘူး ထင်တယ်..”

--

All Chapters