← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း (၂၆၃)

ဂိုဂျီသီးများ ပန်းထွက်သွားသည်အထိ ထိတ်လန့်သွားခြင်း

မစ္စတာဝမ်၏ စကားများမှာ တက်ရောက်လာသူ အချို့ကို အမှန်တကယ်ပင် ယုံကြည်သွားစေခဲ့လေသည်။ အထူး သဖြင့် ရှန်းဝမ်မှာ မြို့ငယ်လေးများမှ လုပ်ငန်းရှင်များကို အစဉ်အမြဲ အထင်သေးလေ့ရှိပြီး ထိုသူတို့မှာ အမြင် ကျဉ်းမြောင်းသည်ဟု ယုံကြည်ထားသူ ဖြစ်သည်။

ထို့ကြောင့် သူသည် သူဌေးဝမ်ကို အစဉ်တစိုက် အထင်သေးခဲ့ရာ မစ္စတာဝမ်က သူသည် နာမည်ဂုဏ်သတင်းကို သာ ဂရုစိုက်သည်ဟု ပြောလိုက်သောအခါ ရှန်းဝမ်မှာ အမှန်တကယ်ပင် ယုံကြည်သွားတော့သည်။ သူသည် စိတ်ထဲမှပင် ကဲ့ရဲ့လိုက်မိသေးသည်။

*မြို့ငယ်လေးကလူဆိုတော့လည်း ဒီလောက်ပဲပေါ့…။ မြို့မှာ အချမ်းသာဆုံး ဖြစ်လာရင်ရော ဘာဖြစ်မလဲ…။ မသန့်ရှင်းတဲ့ နည်းလမ်းတွေနဲ့ ပိုက်ဆံရှာထားတာ…၊ ဒါပဲရှိမှာပေါ့။*

စကားနည်းသော်လည်း ပို၍ ပို၍ ပရိယာယ်ကြွယ်သော ဒုတိယမြောက် ရှယ်ယာရှင်ကြီးမှာမူ သူဌေးဝမ်ကို အခြေအနေမှ လွတ်မြောက်စေရန် ဝင်ပြောပေးလိုက်ခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်မူ နောက်ကွယ်မှ အကြံအစည်များ ရှိနေသည်။ သူသည်လည်း မစ္စတာဝမ်၏ စကားကို ယုံကြည်လိုက်သည်။

သို့သော် နောက်ပိုင်းတွင် မစ္စတာဝမ်ကို မိမိဘက်သို့ ဆွဲခေါ်နိုင်ရန်အတွက် ပိုမိုကြီးမားသော ဂုဏ်သတင်းများကို အသုံးပြု၍ ဆွဲဆောင်ရန် စီစဉ်ထားသည်။ ဤအကြံအစည် ရှိလျှင်တော့ အခြေခံအုတ်မြစ်ကို အရင်ချထားရပေ မည်။ အပြန်အလှန် ရရှိလိုပါက အရင်ဦးဆုံး ပေးဆပ်ရမည် မဟုတ်ပါလား။

သူတို့သည် မစ္စတာဝမ်၏ လက်ထဲတွင် ရှယ်ယာများ ပိုများနေခြင်းမှာ အနာဂတ်အတွက် အကျိုးရှိလိမ့်မည်ဟုပင် တွေးတောနေခဲ့ကြသည်။ အကျဉ်းချုပ်ရလျှင် ရှယ်ယာရှင်ကြီး နှစ်ဦးလုံးတွင် ကိုယ်ပိုင် အကြံအစည်များရှိနေကြ သော်လည်း အချက်တစ်ချက်တွင်မူ တူညီနေကြသည်။ ၎င်းမှာ မစ္စတာဝမ်ကို မည်သူမျှ အထင်မကြီးခြင်းပင်။

ဤသည်မှာလည်း သူတို့အမြင်တွင် မစ္စတာဝမ်သည် အမည်ခံ တတိယအကြီးဆုံး ရှယ်ယာရှင်သာ ဖြစ်ပြီး လက် ရှိတွင် (၁၅) ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ရှယ်ယာများကို တိုးချဲ့ပြီးနောက်တွင် သူ အမှန် တကယ် ဘယ်လောက်အထိ ထပ်ဝယ်နိုင်ပါ့မည်နည်း။

ရှန်းဝမ်က မေးခွန်းထုတ်လိုက်သည်။

"ဒါဆို ခင်ဗျားရဲ့ စုဆောင်းငွေထဲက ဘယ်လောက် ထည့်ဝင်ဖို့ ပြင်ထားတာလဲ၊ ရှယ်ယာ ဘယ်လောက် ဝယ်ဖို့ စီစဉ်ထားတာလဲ...။"

ပြောပြီးသည်နှင့် ရှန်းဝမ်သည် သူ၏ ရေနွေးအိုးကို ဖွင့်ကာ ရေအနည်းငယ် သောက်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် အဖြေကို စောင့်မျှော်နေသည်။ မစ္စတာဝမ်သည် သူ၏ ကြင်နာတတ်သော အပြုံးကို ထိန်းသိမ်းထားရင်း နှိမ့်ချစွာ ပြောလိုက်လေသည်။

"သိပ်များများစားစားတော့ မဟုတ်ပါဘူး…။ တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံက နှစ်သိန်း၊ သုံးသိန်း လောက်ပဲ ရှိပါတယ်။ ကျွန်တော်က အဲ့ဒီထဲက အနည်းငယ်ဖြစ်တဲ့ ယွမ်တစ်သိန်းလောက်ကို သုံးပြီး ရှယ်ယာ (၁၀) ရာခိုင်နှုန်းလောက် ဝယ်ဖို့ စီစဉ်ထားတာပါ၊ အဆင်ပြေပါ့မလား...။"

ထိုစကားကို ကြားသောအခါ ရှန်းဝမ်မှာ သောက်နေသော ရေကိုပင် သီးသွားတော့သည်။

"ဖူး...၊ အဟွတ်၊ အဟွတ်၊ အဟွတ်...။"

ပန်းထုတ်လိုက်သော ရေများမှာ သူ၏ ဘယ်ဘက်တွင် ထိုင်နေသော အမှုဆောင်တစ်ဦး၏ မျက်နှာပေါ်သို့ တည့် တည့် ကျရောက်သွားသည်။ သူသည် ယခင်က ရှန်းဝမ်၏ သဘောထားကို ထောက်ခံပြီး သူဌေးဝမ်ကို အခက် တွေ့အောင် ကူညီပေးခဲ့သူ ဖြစ်သည်။ မျက်နှာပေါ်သို့ ဂိုဂျီသီးများ ပန်းထွက်လာခြင်း ခံလိုက်ရသော ထို အမှု ဆောင်မှာ ဆဲဆိုလိုသော်လည်း မျက်နှာပူပူဖြင့်ပင် ပြုံးပြနေရပေသည်။

"မစ္စတာရှန်း စိမ်ထားတဲ့ ဂိုဂျီသီးတွေက အရည်အသွေး ကောင်းသားပဲဗျ။ မျက်နှာပေါ်ကို ပန်းထွက်လာတော့ အသားအရေတောင် ပိုစိုပြေသွားသလိုပဲ...။"

သို့သော် ရှန်းဝမ်မှာ ထိုသူ၏ အချွဲအလျော့များကို နားထောင်နေချိန် မရှိတော့ပေ။ သူသည် ထိုသူကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး မစ္စတာဝမ်ကို အံ့အားသင့်စွာ စိုက်ကြည့်ကာ မေးလိုက်သည်။

"နှစ်သိန်း၊ သုံးသိန်း ဟုတ်လား။ ခင်ဗျားတို့လို မြို့ငယ်လေးက ကုမ္ပဏီတစ်ခုမှာ အဲ့ဒီလောက် အရင်းအနှီးတွေ ဘယ်ကရလာတာလဲ။ ပြီးတော့ အစပျိုးကတည်းက ယွမ်တစ်သိန်းကျော်နဲ့ ရှယ်ယာ (၁၀) ရာခိုင်နှုန်းကျော်ကို ဝယ်ဖို့ ပြင်ထားတာလား။ မြို့ငယ်လေးတွေက အဲ့ဒီလောက်အထိ အမြတ်ရနေတာလား...။ သူတို့ရဲ့ ငွေသားစီး ဆင်းမှုက ကုမ္ပဏီကြီးအချို့နဲ့တောင် ယှဉ်နိုင်နေပြီပဲ...။"

ဒုတိယမြောက် ရှယ်ယာရှင်အပါအဝင် အရင်းအနှီး ပမာဏကို နားလည်ထားသော အမှုဆောင်များနှင့် ရှယ်ယာ ရှင်များမှာလည်း အံ့အားသင့်သွားကြသည်။ ယနေ့ခေတ် ယွမ်နှစ်သိန်း၊ သုံးသိန်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်ဈေး နှုန်းများ အဆတစ်သန်း မကျဆင်းခင်က ယွမ်ဘီလီယံ (၂၀၀) မှ (၃၀၀) နှင့် ညီမျှကြောင်း သတိပြုရန် လိုသည်။ ဤသည်မှာ ငွေကြေးပမာဏနှင့် ငွေသားစီးဆင်းမှုကို ရည်ညွှန်းခြင်း ဖြစ်သည်။

အယ်လာမာ ကဲ့သို့ စျေးကွက်တန်ဖိုး ယွမ်တစ်သန်းကျော်ရှိသော ယူနီကွန်း ကုမ္ပဏီတစ်ခုအတွက်ပင် ပုံမှန် လည်ပတ်ငွေမှာ ထိုပမာဏထက် မကျော်လွန်ပေ။ ထို့ကြောင့် ရှန်းဝမ်မှာ ထိုစကားကို ကြားပြီးနောက် ဂိုဂျီသီး များပင် ပန်းထွက်သွားသည်အထိ ထိတ်လန့်သွားရခြင်း ဖြစ်ပေသည်။

လူတိုင်း၏ အံ့အားသင့်မှုကို ရင်ဆိုင်ရချိန်တွင် မစ္စတာဝမ်က ရယ်မောလျက် ပြောလိုက်သည်။

"ကျွန်တော်က ပညာရေးလည်း မမြင့်မားပါဘူး၊ အတွေ့အကြုံလည်း နည်းပါတယ်… ။ ငယ်ငယ်ကတည်းက မိသားစုကို လုပ်ကျွေးဖို့ စက်ဘီးဆွဲခဲ့ရတာပါ။ နောက်တော့ ကုမ္ပဏီတစ်ခု စထောင်တယ်၊ ပိုက်ဆံရဖို့ပဲ စဉ်းစား ခဲ့တာ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်သက်လုံး ကုန်သွားခဲ့ပြီး ဒီလောက်အထိ စုမိသွားတာပါ။ အားလုံးကို တောင်းပန်ပါတယ်...။"

မစ္စတာဝမ်၏ နောက်ဆုံးစကားမှာ ရယ်စရာ ဖြစ်လာစေရန် ရည်ရွယ်သော်လည်း မည်သူမျှ မရယ်နိုင်ကြပေ။ ဤအခြေအနေမှာ ကျောင်းတွင် စာသင်နေစဉ်၊ "ငါတို့မိသားစုက ကျောင်းလခပေးဖို့ နွားတစ်ကောင် ရောင်းလိုက် ရတယ်...။" ဟု ညည်းတွားတတ်သော အတန်းဖော်နှင့် တူသည်။ အချို့က သနားကြသော်လည်း အချို့က အထင် သေးကြကာ မေးခွန်းထုတ်ကြသည်။

"တကယ်လား၊ နွားကုန်သွားပြီပေါ့။ နောက်နှစ်ကျရင် ဘာလုပ်မှာလဲ၊ ကျောင်းလခက နှစ်တိုင်း ပေးရမှာလေ...။"

ထိုအခါ ထိုအတန်းဖော်က ပြန်ပြောသည်။

"နောက်ထပ် နွားတွေ ထပ်ရောင်းရမှာပေါ့...။"

မေးခွန်းထုတ်သူမှာ ထိတ်လန့်သွားပြီး၊

"အို... နွားတွေ ထပ်ရောင်းမယ် ဟုတ်လား။ မင်းမှာ နွားဘယ်နှစ်ကောင် ရှိလို့လဲ...။"

ထိုသူက ခေါင်းကို စောင်းကာ ခဏစဉ်းစားပြီး၊

"သိပ်မရှိပါဘူး။ နွားငယ်လေးတွေပါ ထည့်တွက်ရင် နှစ်ထောင်၊ သုံးထောင်လောက်ပဲ ရှိပါတယ်။ ငါတို့မိသားစုက နွားခြံ လုပ်တာလေ...။"

ထိုအခိုက်အတန့်တွင် ကျန်ကျောင်းသားများ၏ အထက်စီးဆန်မှုမှာ ပျောက်ကွယ်သွားတော့သည်။

ရှန်းဝမ်၏ မျက်လုံးများမှာ တုန်ယင်နေသည်။ သူ အမြဲတမ်း အထင်သေးခဲ့သော မြို့ငယ်မှ လုပ်ငန်းရှင်မှာ ငွေ သားစီးဆင်းမှု တစ်ခုတည်းဖြင့်ပင် သူထက် သာလွန်နေလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။ ယခင်က ယွမ် (၁၈၀,၀၀၀) ဖြင့် ရှယ်ယာများ ရောင်းရန် ငြင်းဆန်ခဲ့ခြင်းမှာ အကြောင်းရှိသည်၊ သူက ယင်းထက် ပိုများများ ပိုင်ဆိုင်နေခဲ့ခြင်းကြောင့်ဖြစ်ပေသည်။

ဒုတိယမြောက် ရှယ်ယာရှင်၏ အတွေးမှာလည်း ရှန်းဝမ်နှင့် မခြားနားသော်လည်း နောက်ပိုင်းတွင် ထိုသူသည် မိမိဘက်၌ ရှိနေနိုင်သည်ဟု တွေးမိလိုက်သည်။ ဟုတ်သည်၊ ဤသည်မှာ ပို၍ ကောင်းသည်။ ငွေကြေး အရင်း အမြစ် တောင့်တင်းသော အသင်းဖော်မျိုးကို မည်သူက မလိုချင်ပဲရှိပါ့မလဲ။

သို့သော် သူတို့ မသိသည်မှာ မစ္စတာဝမ် ပြောခဲ့သော ပိုက်ဆံများမှာ အမှန်တကယ်တွင် သူ၏ပိုက်ဆံ မဟုတ်ဘဲ နောက်ကွယ်မှ လျန်ထျန်း၏ ကြွယ်ဝမှုသာ ဖြစ်သည်။ ယနေ့တွင် လျန်ထျန်းမှာ စစ်မှန်သော သူဌေးတစ်ဦး ဖြစ် သည်။ သူ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများစွာမှ တစ်လအလိုက အမြတ်ဝေစုများ ခွဲဝေပေးခဲ့လေသည်။ နောက်ဆုံး အမြတ်ဝေစုမှာ နှစ်နှစ်အတွင်း ယွမ် (၃၀၀,၀၀၀) ကျော် ဖြစ်သော်လည်း လျန်ထျန်းက အနာဂတ်တွင် ပိုမိုရရှိနိုင်မည်ဟု ယုံကြည်ကာ ချက်ချင်းပင် ပြန်လည် ရင်းနှီးမြှုပ်နှံခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူ မရှုံးနိမ့်ခဲ့ပေ။ တစ်နှစ်ကျော်အတွင်းတွင် ယွမ် (၃၀၀,၀၀၀) နီးပါး အမြတ်ဝေစု ရရှိခဲ့သည်။ လျန်ထျန်း အစားအသောက် ပို့ဆောင်ရာတွင် သုံးစွဲသည့် ငွေများအပြင် စုဆောင်းငွေများပင် ကျန်ရှိ နေသေးသည်။ လက်ရှိတွင် လျန်ထျန်း၌ ယွမ် (၃၀၀,၀၀၀)​ကျော် ရှိနေပြီး ၎င်းကို အယ်လာမာ ၏ ရှယ်ယာများ ဝယ်ယူရန် သိမ်းဆည်းထားခြင်း ဖြစ်လေသည်။

အဘယ်ကြောင့် ယွမ်သိန်းဂဏန်းသာ သုံးပြီး ရှယ်ယာ (၁၀) ရာခိုင်နှုန်းကျော်ကိုသာ ဝယ်ယူသနည်း။ သူတစ်ပါး ၏ "နယ်မြေ" ကို သိမ်းပိုက်ရာတွင် တဖြည်းဖြည်းချင်း လုပ်ဆောင်ရမည် မဟုတ်ပါလား။ သေချာ စဉ်းစားကြည့် ပါ။ အကယ်၍သာ ရှေ့သို့ထွက်လာပြီး ယွမ် (၃၀၀,၀၀၀) ကျော်ဖြင့် ရှယ်ယာ (၃၀) ရာခိုင်နှုန်းကျော်ကို ဝယ်ယူလို ကြောင်း ပြောလျှင် တစ်ဖက်က သဘောတူပါ့မည်လား။ သေချာပေါက် ငြင်းပယ်ခံရမည်သာ ဖြစ်သည်။

၎င်းမှာ သူတို့၏ ရည်မှန်းချက်ကို ပေါ်လွင်စေပြီး ရှန်းဝမ်တို့၏ သတိထားမှုကို နှိုးဆော်သလို ဖြစ်သွားကာ နောင် တွင် ရှယ်ယာများ ဆက်ဝယ်ရန် ခက်ခဲသွားပေလိမ့်မည်။ လက်ရှိ အခြေအနေတွင် ယွမ်သောင်းဂဏန်း သုံးစွဲပြီး ရှယ်ယာ အနည်းငယ် ဝယ်ယူခြင်းမှာ အလုံခြုံဆုံး နည်းလမ်း ဖြစ်သည်။ ၎င်းမှာ အဓိကနှင့် ဒုတိယ ရှယ်ယာရှင် ကြီးများ၏ နေရာကို ခြိမ်းခြောက်ခြင်း မရှိသကဲ့သို့ အလွန်အကျွံ တိုက်ခိုက်သည့်ပုံလည်း မပေါ်စေပေ။

အရာအားလုံးကို ယုတ္တိရှိရှိနှင့် ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်မှသာ ဇာတ်လမ်းကို ဆက်လက် ကပြနိုင် မည်သာဖြစ်ချေသည်။

အခြေအနေများ ပြောင်းလဲသွားပြီးနောက် အယ်လာမာ ၏ ရှယ်ယာ ခွဲဝေမှုမှာ အောက်ပါအတိုင်း ဖြစ်လာသည်။

အဓိက ရှယ်ယာရှင် ရှန်းဝမ်မှာ (၃၆) ရာခိုင်နှုန်းမှ (၃၀.၆) ရာခိုင်နှုန်းသို့ လျော့ကျသွားသည်။ ဒုတိယမြောက် ရှယ်ယာရှင်မှာ (၃၄) ရာခိုင်နှုန်းမှ (၂၈.၉) ရာခိုင်နှုန်းသို့ လျော့ကျသွားသည်။ ကျန်ရှိသော ရှယ်ယာရှင်ငယ်များမှာ (၁၅) ရာခိုင်နှုန်းမှ (၁၂.၇၅) ရာခိုင်နှုန်းသို့ လျော့ကျသွားသည်။ မစ္စတာဝမ် (နောက်ကွယ်မှ လျန်ထျန်း) မှာမူ (၁၅) ရာခိုင်နှုန်းမှ (၂၇.၇၅) ရာခိုင်နှုန်းအထိ တိုးလာခဲ့လေသည်။ လျန်ထျန်းမှာ နောက်ထပ် အစီအစဉ်များ ရှိနေသေးပြီး ဟန်းဂရီးအုပ်စု၏ ရှယ်ယာရှင်များက ကျန်ရှိသော ရှယ်ယာများကို မစွန့်လွှတ်မှာကို သူ စိုးရိမ်မနေတော့ပေ...။

All Chapters