အခန်း ၂၆၄
Vol. 27 Ch. 264
အခန်း (၂၆၄)
မစွမ်းဆောင်နိုင်သူတို့၏ နေရာတွင် အလကားလူတို့သာ နေရာယူထားကြခြင်း
ယွမ်တစ်သိန်းကျော်ကို အရင်းအနှီးပြုကာ "အယ်လာမာ"သည် ငွေကြေးအကျအဆုံး များလှသည့် စစ်ပွဲကို ဆက်လက်ဆင်နွှဲနေခဲ့လေသည်။ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်၏ နောက်ကွယ်တွင် ပုန်းကွယ် နေသော လျန်ထျန်းမှာလည်း တုံ့ပြန်မှုများ ပြုလုပ်ကာ ပိုမိုပြင်းထန်လာစေသည်။
အရင်းအနှီးအုပ်စုနှစ်ခုကြားမှ စီးပွားရေးစစ်ပွဲမှာ ပိုမိုပြင်းထန်လာလေလေ၊ ပို့ဆောင်ရေးသမားများ၊ ဝယ်ယူသူ များနှင့် ကုန်သည်များအတွက် အကျိုးကျေးဇူး ပိုများလာလေပင်။ ဤအတောအတွင်း၌ လျန်ထျန်းသည် "အယ် လာမာ"၏ ပို့ဆောင်ရေးသမား တစ်ဦးအနေဖြင့် ငွေပိုမိုရှာဖွေနိုင်ပြီး သူ၏ ပို့ဆောင်ခမှာ ငွေကြေးကျဆင်းမှု၏ ရိုက်ခတ်မှုကို မခံရပေ။
လျန်ထျန်းသည် အစားအသောက် ပို့ဆောင်၍ ရရှိလာသည့်ငွေများကို "အယ်လာမာ"နှင့် ဈေးနှုန်းစစ်ပွဲ ဆင်နွှဲရန် အတွက် အသုံးပြုနေခြင်း ဖြစ်သည်ဟု ဆိုရမည်။ ဤအချက်သည် ပို့ဆောင်ရေးသမားများ၏ အကျိုးခံစားခွင့်ကို မြှင့်တင်ပေးလိုက်သကဲ့သို့ ရှိပြီး ၎င်းတို့အနေဖြင့် ငွေပိုမိုရှာဖွေကာ လက်ရှိဖြစ်ပွားနေသော ငွေကြေးအကျအဆုံး များလှသည့် စစ်ပွဲအတွင်းသို့ ပြန်လည် ရင်းနှီးမြှုပ်နှံစေသည်မှာ အပြန်အလှန် ကျေးဇူးပြုနေသော စက်ဝန်းတစ် ခု ဖြစ်နေတော့သည်။
သူတို့မှာ အမှန်တကယ်ပင် မရှုံးနိမ့်နိုင်တော့ပေ။
ယခုအခါ ပို့ဆောင်ရေးသမား အများစုမှာ ရံဖန်ရံခါတွင် အားလပ်ချိန်လေး၌ အတူတကွ စုဝေးကာ စကားစမြည် ပြောဆိုလေ့ ရှိကြသည်။
"ဟေ့... မင်းတို့ ဒီရက်ပိုင်း ဘယ်လိုနေကြလဲ။ ငါဆိုရင် ဒီနေ့ မနက်တစ်ခုတည်းနဲ့တင် အော်ဒါ (၃၀) ကျော် ပို့ လိုက်ရတယ်...။"
"သြော်...၊ ဒါများလာကြွားနေသေးတယ်…။ အကုန်လုံးလည်း ပို့နေကြတာပါပဲ။ ငါဆိုရင် မနက်က (၃၅) ခု ပို့ပြီးပြီ ။ အဓိကကတော့ တစ်ခုချင်းစီတိုင်းကို (၆) လီထက် ပိုရနေတာပဲ...။"
"အရင်ကဆိုရင် (၆) မီလီနဲ့ အထက် အော်ဒါမျိုးက ရှားပေမဲ့ အခုတော့ (၇) မီလီ၊ (၈) မီလီ အော်ဒါတွေက သာမန် ဖြစ်နေပြီ။ တချို့ဆိုရင် ဝေးတဲ့နေရာတွေအတွက် (၁၀) မီလီတောင် ရသေးတယ်...။"
"ဟုတ်တယ်... အဲဒီ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ် ပေါ်လာကတည်းက ကျွန်တော်တို့တွေ အစား အသောက် ပို့ရတာ ငွေပြန်ရလာပြီ။ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်း စတင်တုန်းကလိုမျိုး ခံစားရ တယ်...။"
ဤနေရာသို့ ရောက်သောအခါ ပို့ဆောင်ရေးသမား အများစုမှာ သက်ပြင်းချလိုက်ကြသည်။
"ဟုတ်တယ်...၊ အဲဒီတုန်းက အခုလိုမျိုးပဲ။ ထောက်ပံ့ကြေးတွေ၊ အားပေးမှုတွေ အများကြီး ရှိခဲ့တာဆိုတော့ ကျွန်တော်တို့လည်း ပိုကြိုးစားရတာ တန်တာပေါ့...။"
"ဘယ်သူ ငြင်းနိုင်မလဲ။ ပြီးတော့ ပလက်ဖောင်း ထောက်ပံ့ကြေးတွေ ရှိတဲ့အခါ ဝယ်သူတွေလည်း အဆင်ပြေ တယ်၊ ကုန်သည်တွေလည်း အမြတ် ရကြတယ်။ အကုန်လုံး ပျော်ရွှင်ရတာပေါ့...။"
"အဲဒါတော့ ဟုတ်တယ်။ အရင်က ကုန်သည်တွေ အမြတ်မရတဲ့အခါ ကျွန်တော်တို့ အစားအသောက်သွားယူရင် သူတို့ သက်ပြင်းချပြီး နေ့တိုင်း အလုပ်ရှုပ်နေတာ ပလက်ဖောင်းအတွက်ပဲ လုပ်ပေးနေရပြီး ကိုယ့်အတွက် တစ်ပြားမှ မကျန်ဘူးလို့ ပြောတာ ခဏခဏ ကြားဖူးတယ်...။ "
"အခုတော့ စီးပွားရေး လုပ်ငန်းတွေမှာ အမြတ်ရလာတော့ ကျွန်တော်တို့ အစားအသောက် သွားယူတဲ့အခါ သူတို့ က ပြုံးပြီး ကြိုဆိုကြတယ်။ ဒါကြောင့် အစားအသောက် အရည်အသွေးလည်း ပိုကောင်းလာတယ်၊ ဝယ်သူတွေ လည်း ကျေနပ်ကြတယ်၊ ကျွန်တော်တို့ကို ဆက်ဆံတဲ့ အနေအထားလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ ကြတယ်...။"
"တကယ်ပါပဲ၊ ဝယ်သူတွေက အခုဆို ပိုကောင်းတဲ့ အရည်အသွေးနဲ့ အစားအသောက်တွေကို ဈေးလျှော့ပြီး စားသုံးနိုင်ပြီ။ သူတို့ရဲ့ အနေအထားလည်း ပြောင်းလဲသွားတယ်။ အဆိုးမြင် မှတ်ချက်တွေ အများကြီး လျော့ကျ သွားပြီး တိုင်ကြားမှုတွေဆိုတာလည်း မရှိသလောက်ကို ရှားသွားပြီ...။ "
"ကျွန်တော်တို့ အခုလို အခြေအနေနဲ့ ဆက်ဆံရေးမျိုး ရနေတာက အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ် ကြောင့်ဆိုတာ ကျေးဇူးတင်ရမှာပါ။ ဒါပေမဲ့... ကုမ္ပဏီသစ်က "အယ်လာမာ"နဲ့ ယှဉ်ပြိုင်ရာမှာ ဘယ်လောက်ကြာ ကြာ ခံနိုင်မလဲဆိုတာပဲ...။"
ဤအကြောင်းအရာ ရောက်လာသောအခါ ပို့ဆောင်ရေးသမားများမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး မျက်နှာပေါ် ရှိ အပြုံးများမှာလည်း မှိန်ဖျော့သွားသည်။ အသက်အရွယ်ကြီးသော ပို့ဆောင်ရေးသမား တစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စကားစလာသည်။
"အဲဒါကတော့ ကျွန်တော်တို့ စိတ်ပူစရာ မလိုပါဘူး။ ဘာပဲ ကြုံလာပါစေ၊ လက်ရှိအချိန်မှာ အကောင်းဆုံး ကြိုးစားဖို့ပဲ အာရုံစိုက်ကြရအောင်...။"
"ဟုတ်တယ်...၊ လက်ရှိအချိန်က အရေးအကြီးဆုံးပဲ။ စကားတွေ ဆက်မပြောတော့ဘူး၊ နောက်ထပ် အော်ဒါ တစ်ခု ဝင်လာပြီ။ ရှိတဲ့အချိန်လေးမှာ ပိုက်ဆံ အများကြီး ရအောင် ရှာထားလိုက်ဦးမယ်...။"
"ငါလည်း အော်ဒါလေး နှစ်ခုလောက် ထပ်ယူဦးမယ်။ ကလေးအတွက် နို့မှုန့်ဖိုး ရအောင် ကြိုးစားရဦးမယ်။ လာ... ဆက်ကြိုးစားကြရအောင်...။ "
ဤစကားများမှတစ်ဆင့် ပို့ဆောင်ရေးသမားများမှာ စိတ်အားထက်သန်နေကြသော်လည်း စိုးရိမ်မှုများ ရှိနေသည် ကို သိသာစေသည်။ နောက်ဆုံးတွင် ပို့ဆောင်ရေးသမား အများစုမှာ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်း၏ အစောပိုင်းကာလတွင် ငွေရှာနိုင်ခဲ့သည့် အတွေ့အကြုံ ရှိခဲ့ကြသည်။ နောက်ပိုင်းတွင် အလွန်ပြင်းထန်သော ပြိုင် ဆိုင်မှုများ ရှိသည့် ခေတ်ကို ဖြတ်သန်းခဲ့ရပြီး ဆင်းရဲဒုက္ခ၊ အားကိုးရာမဲ့မှုနှင့် အခက်အခဲ အမျိုးမျိုးကို နားလည် လာခဲ့ကြသည်။
အခုအခါ သူတို့၏ ဆင်းရဲဒုက္ခများမှာ အဆုံးသတ်သွားပြီဟု ထင်ရသော်လည်း ဤကဲ့သို့ အခြေအနေမျိုးမှာ ခေတ္တခဏသာ ဖြစ်လေ့ရှိသည်ကို သူတို့ နားလည်လာကြသည်။ အရင်းအနှီးများက ဤလုပ်သားများကို ဆက်ဆံ ပုံမှာ အတူတူပင် ဖြစ်သည်။ ပထမဆုံးအနေဖြင့် သူတို့ကို ဆွဲဆောင်ရန်အတွက် အချိုသတ်ပေးပြီး သူတို့ ပိတ်မိ သွားသောအခါမှ ရက်စက်စွာ အမြတ်ထုတ်ခြင်းပင် ဖြစ်သည်။
သို့သော်လည်း အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်သည် "အယ်လာမာ"ကို တကယ်တမ်း အနိုင်ယူနိုင် လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြပေ။ သူတို့အနေဖြင့် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်မှာ အနည်း ငယ် ပိုကြာရှည်စွာ တည်ရှိနေစေရန်သာ မျှော်လင့်နေကြပြီး ထိုသို့ဖြင့် အမြတ်အစွန်းရသည့် ကာလကို တတ်နိုင် သမျှ ဆွဲဆန့်ကာ ငွေပိုမို ရှာဖွေနိုင်မည် ဖြစ်သည်။
သူတို့ မသိလိုက်သည်မှာ "ဟန်ဂရီ"အုပ်စု၏ အထက်အရာရှိများမှာ ထိုအချိန်တွင် အမှန်တကယ်ပင် အကျပ် ရိုက်နေကြခြင်း ဖြစ်သည်။ ကျယ်ဝန်းသော ရုံးခန်းအတွင်းတွင် အဓိက အစုရှယ်ယာရှင် ရှန်းဝမ်မှာ အစည်းအ ဝေးကို ထပ်မံ ခေါ်ယူလိုက်ပြီး လေထုမှာ အလွန်ပင် တင်းမာနေသည်။ ဒုတိယ အစုရှယ်ယာရှင်၏ မျက်နှာအမူ အရာမှာလည်း ထူးမခြားနားပင် ဖြစ်ပြီး ဤတစ်ကြိမ်တွင် သူက အရင်ဦးဆုံး စကားပြောလိုက်လေသည်။
"ယွမ်တစ်သိန်းကျော်...။ ဒီတစ်ခါတော့ (၃) လပဲ ခံတယ်ပေါ့…။ တစ်နေ့ကို ပျမ်းမျှ ယွမ် (၁,၀၀၀) ကျော်တာလေ ...၊ မင်းတို့ ငါ့ကို နောက်နေတာလား...။"
ယခုတစ်ကြိမ်တွင် ဒုတိယ အစုရှယ်ယာရှင်က အဘယ်ကြောင့် ဤမျှ ပြင်းထန်စွာ တုံ့ပြန်ရသနည်း။ နောက်ဆုံး တွင် ယခုခေတ်၏ ယွမ် (၁,၀၀၀) သည် ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျခြင်း မရှိခင်က ယွမ်တစ် ဘီလီယံနှင့် ညီမျှနေသောကြောင့်ပင်။ နေ့စဉ်နှင့်အမျှ ဘီလီယံနှင့်ချီ၍ ငွေကြေး အကျအဆုံး များလှသည့် စစ်ပွဲ မှာ သမိုင်းတွင် အရူးသွပ်ဆုံး ဖြစ်ပေလိမ့်မည်။
အဓိက အစုရှယ်ယာရှင်ကို ဖားယားတတ်သော အမှုဆောင်အရာရှိမှာ ချက်ချင်းပင် မတ်တပ်ရပ်ကာ ငြင်းဆို လိုက်လေသည်။
"ကျွန်တော်တို့ ဘယ်မှာ အရှုံးပေးလိုက်လို့လဲ…။ ကျွန်တော်တို့ရဲ့ ဈေးကွက်ဝေစုကို ထိန်းသိမ်းထားပြီး ပြိုင်ဘက် တွေကို အဖိုးအခ ပေးဆပ်ခိုင်းနေတာပါ...။"
"ကျွန်တော်တို့ တစ်ထောင် သုံးလိုက်တိုင်း တစ်ဖက်လူက အနည်းဆုံး ငါးရာတော့ သုံးရမှာပဲ။ သူ အခုဆို ပြိုလဲ တော့မယ်လို့ ခံစားမိတယ်...။"
ဤစကားကို ကြားသောအခါ အခြား အစုရှယ်ယာရှင်များနှင့် အမှုဆောင်အရာရှိများမှာ လှောင်ပြောင်လိုက် ကြလေသည်။
"ဥက္ကဋ္ဌရှန်း ပြောတာက လွန်ခဲ့တဲ့ (၃) လလောက်တုန်းက ပြောတဲ့ စကားနဲ့ ဆင်တူနေသလိုပဲ။ ဥက္ကဋ္ဌရှန်းရဲ့ စကားကိုပဲ ပြန်ပြောနေတာက တကယ်ပဲ အဓိပ္ပာယ် ရှိလို့လား...။"
"ဟုတ်တယ်...။ အခု ကျွန်တော်တို့ လိုအပ်နေတာက ဖြေရှင်းချက်နဲ့ အရှုံးကို ရပ်တန့်ဖို့ နည်းလမ်းပဲ။ ဒီအတိုင်း ငွေတွေ ဆက်ဖြုန်းနေရင် ကုမ္ပဏီတစ်ခုလုံး ဒေဝါလီခံရလိမ့်မယ်...။"
"ဥက္ကဋ္ဌရှန်း... တစ်ခုခု ပြောပေးပါဦး။ နောက်တစ်ခု ဘာလုပ်ရမလဲ...။"
ဖိအားများမှာ ရှန်းဝမ်ထံသို့ ရောက်ရှိလာသည်။ သူသည် မျက်မှောင်ကြုတ်ကာ အသံကို တိုး၍ ပြောလိုက်သည်။
"ကျွန်တော်က စီးပွားရေးနဲ့ မဆိုင်တဲ့ နည်းလမ်းတွေကို သုံးဖို့ကို အမြဲတမ်း စိတ်ကူးမယဉ်တတ်ဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ သူက ကျွန်တော့်ကို အတင်းအကျပ် ဖြစ်အောင် လုပ်တာပဲ...။"
ခေတ္တမျှ ရပ်နားပြီးနောက် ရှန်းဝမ်၏ အကြည့်များမှာ ရုတ်တရက် အလွန်ပင် ရက်စက်လာပြီး အသံကို ပိုမို အလေးပေး ပြောဆိုလိုက်သည်။
"ကျွန်တော် အရင်က စစ်ဆေးကြည့်တုန်းက အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်က အီးဂဲလ်နိုင်ငံကလို့ သိရတယ်။ တာဝန်ခံနာမည်က တိုနီ မဟုတ်လား...။"
"နောက်ဆုံးတစ်ခါ ကျွန်တော်တို့ ဝယ်ယူဖို့ ဆွေးနွေးတုန်းက သူ ပျောက်သွားတယ်။ သူ့အကြောင်း ဘာသဲလွန်စမှ ရှာမတွေ့သေးဘူးလား...။"
လျှာပွတ်တတ်သော အမှုဆောင်အရာရှိမှာ အမြန် ပြန်ပြောလိုက်သည်။
"ဥက္ကဋ္ဌရှန်း...၊ တိုနီလို့ ခေါ်တဲ့ ဒီအီးဂဲလ်က တကယ်ပဲ စွမ်းဆောင်နိုင်ပါတယ်…။"
"ကျွန်တော်တို့ နောက်ဆုံးအကြိမ် ဝယ်ယူဖို့ ဆွေးနွေးတုန်းက သူက သူ့ရှယ်ယာတွေကို တခြားသူဆီ ချက်ချင်း လွှဲပြောင်းပေးလိုက်ပြီး ဘာသဲလွန်စမှ မကျန်အောင် ပျောက်သွားတာပါ…။"
"သူ ကျွန်တော်တို့ဆီကနေ ရှောင်နေတာ သေချာပါတယ်။ ကျွန်တော်တို့က သူ့ကို အနီးကပ် စုံစမ်းနေတာပါ…၊ ဘာမှ မပေါ့ဆပါဘူး…၊ ဒါပေမဲ့ သူက ကောင်းကောင်း ပုန်းကွယ်နေတာကြောင့် ဘာမှ ရှာမတွေ့သေးတာပါ...။"
ဤစကားကို ကြားပြီးနောက် ရှန်းဝမ်မှာ စတင်စဉ်က တည်ငြိမ်နေရာမှ နောက်ဆုံးတွင် အမျက်ဒေါသ ထွက်လာ တော့သည်။
"ရှာမတွေ့ရင် မတွေ့ဘူးလို့ ပြောလိုက်ပေါ့….။ ဘာလို့ အချိန်ကုန်ခံပြီး ဝေ့လည်ကြောင်ပတ်တွေ ပြောနေရတာ လဲ…။"
"နောက်တစ်ခါ ငါ မေးရင် နောက်တစ်ခွန်း ထပ်ပြောကြည့်စမ်း၊ မင်း အလုပ်ဖြုတ်ခံရမယ်…။"
ရှန်းဝမ် ဒေါသထွက်နေသည်ကို မြင်သောအခါ ဖားယားတတ်သော အမှုဆောင်အရာရှိမှာ ပါးစပ်ကို ချက်ချင်း ပိတ်ကာ ခေါင်းကို ငုံ့ထားလိုက်သည်။ အခြားသူများမှာ ခေါင်းခါယမ်းလိုက်ကြပြီး ကိုယ့်ဘာသာ တွေးနေကြ သည်။
*အကုန်လုံးက ရှန်းဝမ်ကြောင့်ပဲ။ ဒီအကြီးအကဲက အလုပ်မရှိရင် ဖားယားတတ်သူတွေကိုပဲ ကြိုက်ပြီး တကယ် စွမ်းဆောင်နိုင်သူတွေကို လျစ်လျူရှုတတ်တယ်…။*
*အခု ပြဿနာ တက်လာတော့ ဒီလို ဖားယားတတ်တဲ့လူက ဘာလုပ်နိုင်မယ်လို့ မျှော်လင့်လို့ ရမလဲ...။*
*ဒါပေမဲ့ တွေးကြည့်ရင်တော့ ဟုတ်တာပေါ့။ ဒီလို အကြီးအကဲမျိုးနဲ့ဆိုရင် တကယ် စွမ်းဆောင်နိုင်သူတွေက အရင်ကတည်းက အလကားလူတွေရဲ့ အနှောင့်အယှက်ကြောင့် ထွက်သွားကြရမှာပေါ့...။*
ရှန်းဝမ် ဒေါသထွက်ပြီးနောက် သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ယခုအချိန်တွင် အားကိုးရမည့် သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုသူများ တွေးနေသည့်အတိုင်း သူလည်း နောင်တ ရနေမိသည်။ ကုမ္ပဏီက ယူနီကွန်း ဖြစ်လာပြီးနောက် ပြိုင်ဆိုင်မှု ဖိအား လျော့နည်းသွားသဖြင့် လူတွေကို စွမ်းရည်အလိုက် ခန့်အပ်ရာမှ ဆွေမျိုးကောင်းစားရေး အရ ခန့်အပ်လာမိသည်ကို သူ နောင်တရနေမိသည်။
အခု တကယ်ပြဿနာ တက်လာမှ အားကိုးရမည့်သူ မရှိတော့ပေ။ ရှန်းဝမ် အလွန်ပင် စိတ်ညစ်နေချိန်တွင် နောက်ဆုံး ရှယ်ယာ ဝယ်ယူမှုအပြီး၌ တိတ်ဆိတ်နေခဲ့သည့် ဝမ်ဥက္ကဋ္ဌက လက်ကို ထပ်မံ မြှောက်လိုက်သည်ကို မြင်လိုက်ရလေသည်။