အခန်း ၂၆၆
Vol. 27 Ch. 266
အခန်း (၂၆၆)
ငါသိတယ်၊ မင်း အလျင်စလိုဖြစ်နေတာကို၊ ဒါပေမဲ့ အဲ့လောက်တော့ မလောပါနဲ့ဦး
ဟန်းဂရီအုပ်စု နှင့် အစည်းအဝေးပြီးဆုံးသည့်နောက်တွင် အထွေထွေမန်နေဂျာဝမ်သည် ညတွင်းချင်း လေယာဉ် ဖြင့် အယ်လ်မြို့တော် သို့ ပြန်လာခဲ့သည်။ လေယာဉ်ဆိပ်မှ ဆင်းသည်နှင့် ကားပေါ်တက်လိုက်ရာ လျန်ထျန်းမှာ စောင့်ဆိုင်းနေနှင့်ပြီးဖြစ်သည်။
"အစ်ကိုဝမ်... ဘယ်လိုလဲ...။"
မစ္စတာဝမ်သည် ခေါင်းကို အနည်းငယ် ငြိမ့်လိုက်ပြီးနောက် ချက်ချင်းပင် ခါယမ်းလိုက်ပြန်သည်။ နောက်ဆုံး၌ သူသည် သက်ပြင်းကို ခပ်ဖွဖွ ချလိုက်၏။
"သူတို့က ရှယ်ယာတွေကို သုံးပြီး လူတွေကို စည်းရုံးဖို့ သဘောတူလိုက်ပါတယ်…။ ဒါပေမဲ့ ဒီတစ်ခါတော့ အရင် တစ်ခေါက်ထက် ပိုပြီး သတိထားနေပုံရတယ်၊ စမ်းသပ်တဲ့အနေနဲ့ (၅) ရာခိုင်နှုန်းပဲ ပေးတယ်...။"
"ဒါပေမဲ့ အခုလက်ရှိ ကျွန်တော်တို့လက်ထဲမှာရှိတဲ့ ရှယ်ယာတွေနဲ့ ဒီ (၅) ရာခိုင်နှုန်းကို ပေါင်းရင်တောင် လုံ လောက်ဖို့ ဝေးပါသေးတယ်။ ကျွန်တော် တစ်ခုခု ပြောချင်ပေမဲ့ အများကြီး ပြောမိရင် သူတို့ သံသယဝင်သွားမှာ ကြောက်ရတယ်...။"
ထိုစကားကို ကြားသော် လျန်ထျန်းသည် မစ္စတာဝမ်၏ ပခုံးကို ပုတ်၍ နှစ်သိမ့်လိုက်သည်။
"အစ်ကိုဝမ်...၊ အစ်ကို တကယ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ စိတ်မပူပါနဲ့၊ သူတို့သာ သဘောတူ တယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့အစပျိုးမှု တစ်ခုပါပဲ...။"
"ဒီ ရှယ်ယာ (၅) ရာခိုင်နှုန်း ကို အရင်ယူထားလိုက်ပါ…။ ပြီးရင် သူတို့ကို အမြတ်အစွန်းလေး နည်းနည်းပြပေး လိုက်ရင် သူတို့ တဖြည်းဖြည်းနဲ့ အလိုလို ပါလာလိမ့်မယ်…။ သူတို့ ဘယရုန်းနိုင်ပါ့မလဲ...။"
ရက်အနည်းငယ် အကြာတွင်...
အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်များ၏ "ထိုးစစ်" မှာ သိသာစွာပင် လျော့ကျသွားခဲ့ပြီး၊ ယခင်က ချဲ့ထွင်နေသော လမ်းကြောင်းမှာလည်း မည်သည့်အရိပ်အယောင်မျှ မရှိဘဲ တဖြည်းဖြည်း ကျုံ့ဝင်သွားတော့ သည်။ အဆင့်မြင့် အရာရှိများအကြား အတွင်းရေး ပဋိပက္ခများ ဖြစ်ပွားနေကြောင်း သတင်းများ ပျံ့နှံ့လာပြီး၊ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်မှာ ပြိုလဲလုနီးပါး ဖြစ်နေကာ အနာဂတ်မှာ မရေမရာ ဖြစ်နေကြောင်း လူအများက ပြောဆိုနေကြလေတော့သည်။
ကြာရှည်စွာ အနားယူထားခဲ့ရသည့် အယ်လာမာ သည် ပထမဆုံးအကြိမ်အဖြစ် တန်ပြန်တိုက်စစ် ဆင်နွှဲနိုင်ခဲ့ပြီး ဈေးကွက်ဝေစု အမြောက်အမြားကို ပြန်လည် ရရှိလိုက်သည်။ ရှယ်ယာရှင်ကြီးနှင့် စီအီးအိုဖြစ်သူ ရှန်းဝမ်မှာ ဝမ်းသာလွန်းသဖြင့် အယ်လာမာ၏ အမှုဆောင်အရာရှိများနှင့် ရှယ်ယာရှင်များအားလုံးကို ဖိတ်ကြား၍ ပွဲလမ်းသဘင် ကျင်းပပေးခဲ့လေ သည်။
ပွဲ၏ အထွတ်အထိပ်တွင် ဤအဖြေကို ပေးခဲ့သည့် ဥက္ကဋ္ဌအား လူသိရှင်ကြား ချီးကျူးဂုဏ်ပြုခဲ့ပြီး "နှစ်၏ အကောင်းဆုံး ပံ့ပိုးပေးသူ" ဆုတံဆိပ်ကို ချီးမြှင့်ခဲ့သည်။ ပုဂ္ဂိုလ်ရေးအရ ပြောဆိုရာ၌ သူကနောင်တတရား များဖြင့် ပြောခဲ့လေ၏။
"မစ္စတာဝမ်... အရင်က ကျွန်တော်တို့အကြား နားလည်မှုလွဲတာတွေ ရှိခဲ့တယ်။ ဒါဟာ ခင်ဗျားအပေါ် ကျွန်တော် နားလည်မှု မရှိခဲ့လို့၊ ယုံကြည်မှု မပေးနိုင်ခဲ့လို့ပါ...။"
"ဒါပေမဲ့ အခုတော့ ခင်ဗျားက ကုမ္ပဏီအတွက် လုပ်ဆောင်ပေးခဲ့သမျှ အောင်မြင်မှုတွေကို မြင်ရတော့မှ ကျွန်တော့်ရဲ့ အတိတ်က အမှားတွေကို သဘောပေါက်လာမိတယ်…။ ဒါကြောင့် ခင်ဗျားရဲ့ နားလည်မှုကို တောင်းဆိုချင်ပါတယ်…၊ အနာဂတ်မှာ ကျွန်တော်တို့ လက်တွဲပြီး အောင်မြင်မှုတွေ ပိုမို ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်...။"
ထို့နောက် သူသည် လှပသော စကားလုံးများစွာဖြင့် အနာဂတ်အတွက် ပုံဖော်ထားသော ကြီးမားသည့် ပန်းချီ ကားတစ်ချပ်ကဲ့သို့ စကားလုံးများ တရစပ် ပြောဆိုသွားလေသည်။ တစ်လျှောက်လုံးတွင် မစ္စတာဝမ်ကမူ ခပ်ပြုံး ပြုံးဖြင့်သာ တုံ့ပြန်နေပြီး စကားပြောခွင့် ရသည်နှင့် တစ်ပြိုင်နက်...၊
"မစ္စတာရှန်း... (၅) ရာခိုင်နှုန်း ရှယ်ယာက တစ်ဖက်လူရဲ့ အဆင့်မြင့် အရာရှိတွေရဲ့ တစ်ဝက်လောက်ကိုတောင် မစည်းရုံးနိုင်ခဲ့ပါဘူး…။ ကျွန်တော်တို့ နောက်ထပ် ရှေ့ဆက်ပြီး ပြိုင်ဘက်ကို အပြီးတိုင် ချေမှုန်းချင်ရင်တော့ ရှယ်ယာပိုပေးဖို့ ဝန်မလေးသင့်ပါဘူး၊ ဒီကိစ္စကို ဘယ်လိုမြင်လဲ...။"
သို့သော် မစ္စတာဝမ် စကားမဆုံးခင်မှာပင် ရှန်းဝမ်က ဖြတ်ပြောလိုက်သည်။ အရက်လွန်၍လား၊ သို့မဟုတ် အသာစီးရသွား၍ မောက်မာသွားသည်လားတော့ မသိပေ။
"နောက်ထပ် ရှယ်ယာတွေ အလကား မဖြုန်းပါနဲ့တော့…။ သူတို့က စည်းလုံးမှု မရှိတော့ဘူး၊ ရှုံးနိမ့်သွားတဲ့ စစ်သည်တွေပဲ၊ အခုဆို ကျွန်တော်တို့ အသာလေး ချေမှုန်းနိုင်ပါတယ်။ အပိုတွေ ပြောမနေပါနဲ့တော့...။"
"ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်လုံးမှာ ရှယ်ယာတွေ ရှိနေတာပဲ မဟုတ်လား။ အဲ့ဒီ ရှယ်ယာတွေ တန်ဖိုး ဘယ်လောက်ရှိမလဲ တွက်ကြည့်ပါဦး၊ နှမြောဖို့ မကောင်းဘူးလား...။"
"အခု ကျွန်တော့်အလှည့်ပဲ၊ ကျွန်တော် အရှိန်မြှင့်ပြီး သူတို့ကို တစ်ခါတည်း အပြီးတိုင် ပိတ်ပစ်လိုက်မယ်…။ အဲ့ဒီ ကုမ္ပဏီအဖွဲ့ပေါင်းတစ်ရာ စစ်ပွဲတုန်းက ပြိုင်ဘက်တွေလိုမျိုးပေါ့...။"
ထိုစကားကို ကြားသောအခါ မစ္စတာဝမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်း ပင် တည်ငြိမ်သွားပြီး ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ခေတ္တအကြာတွင် ရှန်းဝမ်မှာ အရက်သောက်ရန် ထွက်သွားပြီး မစ္စတာဝမ်ထံသို့ ဒုတိယမြောက် ရှယ်ယာရှင်က ချဉ်းကပ်လာပြန်လေသည်။
ဒုတိယမြောက် ရှယ်ယာရှင်မှာ မစ္စတာဝမ်အား သူ၏ အုပ်စုထဲသို့ အမြဲတမ်း ဆွဲခေါ်လိုသူဖြစ်၍ အခွင့်ကောင်းယူ ကာ ဖန်ခွက်ကို မြှောက်၍ ပြောလိုက်လေသည်။
"မစ္စတာဝမ်... ခင်ဗျား တကယ်တော်တာပဲ…။"
"အခုဆိုရင် ကျွန်တော်တို့ရဲ့ ရှယ်ယာတွေက အရမ်း နီးကပ်နေပြီ၊ ပေါင်းလိုက်ရင် ရှန်းမိသားစုထက်တောင် အများကြီး ပိုများနေပြီ။ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်ကိစ္စ ပြီးသွားရင် ကျွန်တော်နဲ့ လက်တွဲဖို့ စိတ်ဝင်စားလား...။"
မစ္စတာဝမ်က သူ့ရှေ့မှ လည်လွန်းသည့် ဒုတိယမြောက် ရှယ်ယာရှင်ကို ကြည့်ကာ ဖန်ခွက်ကို မြှောက်၍ ခပ်ပြုံးပြုံးဖြင့် တိုက်လိုက်လေသည်။
"အလျင်မလိုပါနဲ့..၊ အလျင်မလိုပါနဲ့…။ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်ကိစ္စ အပြီးတိုင် ဖြေရှင်းပြီး သွားတဲ့အထိ စောင့်ကြည့်ကြတာပေါ့…၊ ပြီးမှပဲ စကားပြောကြတာပေါ့...။"
ဒုတိယ ရှယ်ယာရှင် ထွက်သွားပြီးနောက် မစ္စတာဝမ်သည် ဝိုင်ခွက်ကို ကိုင်ကာ နှုတ်ခမ်းကို စူ၍ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်လေသည်။
*ကြည့်ရတာ...၊ ညီလေးလျန် ပြောသလိုပဲ၊ ငါတို့က ငါးမျှားတံကို လွှတ်ပေးပြီးမှ ပြန်ဆွဲရမှာပဲ…။*
ပွဲပြီးဆုံးပြီးနောက်တွင် မစ္စတာဝမ်သည် အယ်လ်မြို့တော်သို့ အမြန်ပြန်ကာ လျန်ထျန်းနှင့် တိုင်ပင်ခဲ့လေသည်။ မစ္စတာဝမ် ဤမျှ လှည့်ပတ် သွားလာနေရခြင်းမှာ အလွန် သတိထားရသောကြောင့် ဖြစ်ပြီး၊ အိမ်မှ အဝေးတွင် ရှိနေစဉ် တစ်စုံတစ်ယောက်က ချောင်းနားထောင်နေမည်ကို အမြဲ စိုးရိမ်နေရသောကြောင့် ဖြစ်သည်။
နောက်ဆက်တွဲ ဖြစ်ရပ်များက သူတို့၏ သတိထားမှုမှာ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး၊ ထိုအချက်ကို အသုံး ချကာ ဖြစ်စဉ်ကို အကြီးအကျယ် ရှေ့သို့ တိုးနိုင်ခဲ့သည်။ မစ္စတာဝမ်သည် သူကိုယ်တိုင် ကြိုတင်မှာယူထားသည့် ဘီမြို့တော်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုခဲ့လေသည်။
နောက်ပိုင်းတွင် ရှယ်ယာများ ရင်းနှီးမြှုပ်နှံ ဝယ်ယူပြီး နောက် သူသည် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ သစ်၏ ကွဲပြားခြားနားမှုကို အကြံပေးကာ အားထုတ် ပံ့ပိုးပေးခဲ့သည်။
ကုမ္ပဏီ၏ ရှယ်ယာရှင်များနှင့် အရာရှိများသည် စီအီးအိုဝမ်အား ဘီမြို့တော်တွင် ရေရှည် နေထိုင်နိုင်ရန် ကုမ္ပဏီ အမည်ဖြင့် ဗီလာတစ်ခု စီစဉ်ပေးရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ မစ္စတာဝမ်က ဘီမြို့တော်တွင် ရှားရှားပါးပါးသာ နေသော်လည်း အိမ်သန့်ရှင်းရေး၊ လုံခြုံရေး၊ အိမ်စေနှင့် အခြားဝန်ထမ်းများကို စီစဉ်ပေးထား ပြီး အားလုံးမှာ ကုမ္ပဏီက စီစဉ်ပေးခြင်း ဖြစ်သည်။
ဤသည်က အထွေထွေမန်နေဂျာဝမ်ကို ကုမ္ပဏီက ဆုချီးမြှင့်သည့် ပုံစံနှင့် ပြသနေသော်လည်း အမှန်တကယ် တွင်တော့ စောင့်ကြည့်နေခြင်းပင် မဟုတ်ပါလား…။
မစ္စတာဝမ်က ဟိုတယ်မှာ ဆက်မနေနိုင်တော့ပေ၊ အကယ်၍ သူသာ ဟိုတယ်မှာ ဆက်နေရန် ဇွတ်တိုးနေခဲ့ပါက သံသယဝင်စရာ ဖြစ်လာမည်ပင်။ ဤနေရာထိုင်ခင်းကို ကြိုတင် စီစဉ်ထားခြင်း မရှိခဲ့လျင်ပင် ဟိုတယ်၌ တည်းခို ခြင်းက ရာနှုန်းပြည့် လုံခြုံမှု မရှိနိုင်ပေ။
ဥပမာအားဖြင့် တစ်ခေါက်တွင် မစ္စတာဝမ် ဟိုတယ်သို့ ပြန်ရောက်သောအခါ ဟိုတယ် သန့်ရှင်းရေးသမားတစ်ဦး သည် သူ၏ အခန်းထဲတွင် သံသယဖြစ်ဖွယ် လုပ်ဆောင်နေသည်ကို မြင်လိုက်ရသည်။ သူတို့ ဖမ်းမိသွားသော အခါ ဟိုတယ် သန့်ရှင်းရေးဝန်ထမ်းများမှာ အလွန်တုန်လှုပ်သွားပြီး သူဌေးဝမ်၏ ခြိမ်းခြောက်မှုကို ခံရပြီးနောက် တွင် နောက်ဆုံး၌ ဝန်ခံခဲ့လေသည်။
"ကျွန်တော်...၊ ကျွန်တော်က…သာ.. သာမန် အလုပ်သမားပါ...။"
"တစ်ယောက်ယောက်က ကျွန်တော့်ကို ဆက်သွယ်လာပြီး ဒီအခန်းမှာ သန့်ရှင်းရေး လုပ်နေတုန်း ချောင်းနား ထောင်တဲ့ စက်တွေကို တပ်ဆင်ပေးဖို့ တစ်ယွမ် ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ...။"
"ကျွန်တော်လည်း မလုပ်ချင်ပါဘူး…၊ ဒါဟာ မှားမှန်းလည်း သိပါတယ်…၊ ဒါပေမဲ့ ကျွန်တော်တို့လို သာမန်လူ တွေအတွက် တစ်ယွမ်ဆိုတာက အရမ်းများတဲ့ပိုက်ဆံမို့ပါ။ ပြီးတော့ အဲ့ဒီလို ပိုက်ဆံအပေးခံရတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး...။"
ဟန်းဂရီအုပ်စုက သူဌေးဝမ်အား အစကတည်းက သတိထားနေခဲ့ခြင်း ဖြစ်ပေသည်။ သူသည် အစပိုင်းတွင် တတ်နိုင်သမျှ သတိထား၍ နေခဲ့သော်လည်း ဟန်းဂရီအုပ်စုက မွေးထားသည့် သူလျှိုများကို မလွတ်မြောက်နိုင် ခဲ့ပေ။ ဒီတစ်ခါတော့ သူတို့က ဗီလာပေးပြီး ဝန်ထမ်းအများကြီး စီစဉ်ပေးခဲ့ခြင်းက၊ စောင့်ကြည့်မည်ဆိုသော အဓိပ္ပာယ်က ပို၍ ရှင်းလင်းသွားပြီ မဟုတ်ပါလား။
သို့သော် လျန်ထျန်းနှင့် အထွေထွေမန်နေဂျာဝမ်တို့မှာ ဤကိစ္စတွင် အံဝင်ခွင်ကျ ဖြစ်နေကြပြီး တစ်ဖက်လူကို ပြန်၍ ထိုးနှက်မည့် အစီအစဉ်ကို ရေးဆွဲထားလိုက်ကြပြီးဖြစ်သည်။ မစ္စတာဝမ် ဘီမြို့တော်သို့ နောက်တစ်ကြိမ် အစည်းအဝေးသွားသည့်အခါ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုဗီလာသို့ ပြောင်းရွှေ့ နေထိုင်လိုက်လေသည်။
ထိုညတွင် စာကြည့်ခန်းထဲ၌ ဖုန်းမှာ တစ်ညလုံး မရပ်မနား မြည်နေတော့သည်။
"ဒုတိယဥက္ကဋ္ဌ လီ...၊ ခင်ဗျား အခု အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်မှာ အာဏာအရှိဆုံး ဖြစ်နေပြီဆို တာ ကျွန်တော် နားလည်ပါတယ်။ အယ်လာမာက ခင်ဗျားကို ရှယ်ယာတွေ နည်းနည်းပဲ ပေးထားတာလည်း နားလည်ပါတယ်...။"
"အကုန်လုံး ပြီးသွားရင် ကျွန်တော် ခင်ဗျားကို ပိုပေးပါ့မယ်။ အော်... ကျွန်တော့်ကို အသုံးချပြီးမှ စွန့်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ ဟုတ်လား…။ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့ နောက်ထပ် လက်တွဲစရာတွေ ရှိသေးတယ် မ ဟုတ်လား…။"
"ဟုတ်ပါတယ်...၊ ကျွန်တော် ခင်ဗျားအတွက် အကောင်းဆုံး ဖြစ်အောင် တိုက်ယူပေးပါ့မယ်…။ အနာဂတ်မှာ ကျွန်တော်တို့ တစ်ဖက်တည်းမှာ ရှိနေမှာပါ…။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ရှယ်ယာပေးတဲ့သူအတွက် အလုပ်လုပ် ပေးမယ်လို့ ပြောခဲ့တာပဲ…၊ ကျွန်တော် မှတ်မိပါတယ်...။"
"ဟေ့...၊ မန်နေဂျာရွှယ်...။ ငါသိတယ်၊ မင်း အလျင်စလိုဖြစ်နေတာကို၊ ဒါပေမဲ့ ကျေးဇူးပြုပြီး အဲ့လောက်တော့ မလောပါနဲ့ဦး...။"
တစ်ညလုံးတွင် မစ္စတာဝမ်သည် ဖုန်းခေါ်ဆိုမှု ဒါဇင်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့တွင် ဖုန်းခေါ် ဆိုမှု မှတ်တမ်းအားလုံးကို ဤကိစ္စကို စိတ်ဝင်စားနေသူ အချို့၏ ရှေ့မှောက်တွင် ချပြလိုက်လေသည်။
ရှန်းဝမ်၊ "ဒီလူတွေကို အကုန်လိုက်ရှာပေး၊ ပြီးရင် အဆင့်မြင့် အစည်းအဝေးတစ်ခု ခေါ်ဖို့ ကူညီပေးပါ..။"
တစ်ဖက်တွင်လည်း ဒုတိယမြောက် ရှယ်ယာရှင်က...၊
"ငါတို့ဘက်က လူတွေကို အကုန်စုလိုက်၊ တခြားသူတွေထက် အရင်ဦးအောင် ဒီလူတွေကို ဆက်သွယ်လိုက်၊ အထူးသဖြင့် ရှန်းဆိုတဲ့ ကောင်ကို…။"