အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း (၂၆၇)
အစမှ အဆုံးတိုင်အောင် ငါ လုံးဝ အကစားခံလိုက်ရတာပဲ
ထိုနေ့တွင် ဟန်းဂရီအုပ်စုသည် အဆင့်မြင့် အစည်းအဝေးတစ်ခုကို ထပ်မံ ကျင်းပခဲ့ပြန်လေသည်။ ရှယ်ယာရှင် ကြီးနှင့် စီအီးအိုဖြစ်သူ ရှန်းဝမ်မှာ ထူးထူးခြားခြားပင် ပြုံးရွှင်လျက် ဆိုလိုက်သည်။
"မကြာသေးမီက ကျွန်တော်တို့ ဈေးကွက်ဝေစုတွေကို ပိုမို ရရှိလာခဲ့ပါပြီ…။ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီအသစ်တွေလည်း တဖြည်းဖြည်း ကျဆင်းလာတာကို တွေ့ရပါတယ်...။"
"ဒါပေမဲ့ သူတို့က သူတို့ရဲ့ နယ်ပယ်ကို ကျုံ့ထားပြီး အပြီးတိုင် အရှုံးပေးဖို့ နောက်ဆုံးအကြိမ် ကြိုးစားနေဆဲပါ…။ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် လိုအပ်နေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်...။"
ခေတ္တမျှ ရပ်လိုက်ပြီးနောက် ရှန်းဝမ်က ဆက်၍ ဆိုပြန်သည်။
"မစ္စတာဝမ် အကြံပေးခဲ့တဲ့ နည်းလမ်းကိုပဲ ကျွန်တော်တို့ ထပ်သုံးရပါမယ်…။ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်က အဆင့်မြင့် အရာရှိတွေရဲ့ စိတ်ကို သိမ်းပိုက်ဖို့ ရှယ်ယာတွေကို ထပ်ပြီး ဖြန့်ကျက် ရပါမယ်...။"
"ပြီးခဲ့တဲ့တစ်ခါ (၅) ရာခိုင်နှုန်းပဲ ပေးခဲ့တာ နည်းနည်း နည်းသွားပါတယ်…။ ဒီတစ်ခါတော့ အကုန်လုံး ရဲရဲဝံ့ဝံ့နဲ့ ရှယ်ယာ (၂၀) ရာခိုင်နှုန်းအထိ ဖြန့်ကျက်လိုက်ကြရအောင်…။ ဒါဆိုရင် သူတို့ကို အပြီးတိုင် သိမ်းပိုက်နိုင်မှာ အသေအချာပါပဲ...။"
နောက်တစ်ကြိမ် ရပ်လိုက်ပြီးနောက် ရှန်းဝမ်က အထွေထွေမန်နေဂျာဝမ်ထံ လှည့်၍ ဆိုပြန်လေသည်။
"အရင်ကတော့ ဒီအလုပ်အားလုံးကို မစ္စတာဝမ် တစ်ယောက်တည်း လုပ်ခဲ့ရလို့ အရမ်း ပင်ပန်းခဲ့မှာပါ။ ဒါကြောင့် ဒီတစ်ခါတော့ ကျွန်တော် ကိုယ်တိုင်ပဲ တာဝန်ယူလိုက်ပါတော့မယ်။ မစ္စတာဝမ် အေးအေးဆေးဆေး နားလိုက်ပါ တော့၊ ကျန်တာကို ကျွန်တော့်ဆီ လွှဲထားလိုက်ပါ...။"
ရှန်းဝမ်၏ စကားများတွင် သူ၏ စစ်မှန်သော ရည်ရွယ်ချက်များမှာ နေသာသည့်နေ့ကဲ့သို့ပင် ကြည်လင်ပြတ်သား နေခဲ့လေသည်။ သူ၏ ယခင် သဘောထားကိုသာ ပြန်တွေးကြည့်ပါ။ မစ္စတာဝမ်က သူ့ကို လာပြောစဉ်က ရှယ်ယာ တစ်ရာခိုင်နှုန်းပင် ပေးရန် ဝန်လေးနေခဲ့သူ မဟုတ်ပါလား။
ထိုညက မစ္စတာဝမ်၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို နားထောင်ပြီးနောက်တွင်မူ သူ၏ သဘောထားမှာ အကြီး အကျယ် ပြောင်းလဲသွားခဲ့ပေသည်။ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်၏ အရာရှိများအား မည်သူက ရှယ်ယာပေးသည်ကို သူ သိသွားပြီဖြစ်ရာ၊ ရှယ်ယာပေးသူ၏ ဘက်သို့သာ အလိုလို ပါသွားတော့မည်မှာ အသေ အချာပင်။
အစည်းအဝေးတွင် ရှယ်ယာ (၂၀) ရာခိုင်နှုန်း ဖြန့်ကျက်ရန် အဆိုပြုခဲ့ပြီး ထိုသို့ရရှိလာသည့် အမြတ်ကို ကုမ္ပဏီ အသစ်၏ အရာရှိများကို စည်းရုံးရန် သုံးစွဲမည်ဖြစ်သည်။ ထို့ပြင် ရှန်းဝမ် ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ရခြင်း မှာလည်း ဖြန့်ကျက်လိုက်သော ရှယ်ယာအားလုံးကို သူ၏ အုပ်စုအတွင်းသို့သာ သိမ်းသွင်းလိုသောကြောင့် ဖြစ် ချေသည်။ ရှယ်ယာများ ဖြန့်ကျက်လိုက်ချိန်တွင် လူတိုင်းက အချိုးကျ ပါဝင်ကြရမည်ဖြစ်သော်လည်း၊ နောက် ဆုံးတွင် မိမိဘက်သို့ သိမ်းသွင်းနိုင်သူမှာ မိမိသာ ဖြစ်လာမည် မဟုတ်ပါလော။
ရှန်းဝမ်က ဆုံးဖြတ်ချက် ချပြီးသည်နှင့် တစ်ပြိုင်နက် ဒုတိယမြောက် ရှယ်ယာရှင်ကြီးက ဝင်ရောက် ပြောဆို လိုက်လေသည်။
"ရှယ်ယာ (၂၀) ရာခိုင်နှုန်း ဖြန့်ကျက်ပြီး လူတွေကို စည်းရုံးဖို့ ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး…။ ဒါပေမဲ့ အခြေအနေ တစ်ရပ်တော့ ရှိပါတယ်…၊ ဘာလို့ ခင်ဗျား မစ္စတာရှန်း ကိုယ်တိုင် ဝင်ပါနေရတာလဲ...။"
"ကျွန်တော်တို့ရဲ့ အဓိက ကျောရိုး ဖြစ်တဲ့အတွက် ခင်ဗျားက အလယ်မှာ ထိုင်ပြီး အခြေအနေကို ထိန်းချုပ်ပေးဖို့ လိုပါတယ်။ စိတ်ရောကိုယ်ပါ ပင်ပန်းတဲ့ ဒီအလုပ်မျိုးကိုတော့ ကျွန်တော့်ကို လုပ်ခွင့်ပေးပါ...။"
သူတို့ ပြောဆိုပြီးနောက်တွင် အပြန်အလှန် ကြည့်လိုက်ကြရာ မျက်လုံးချင်းဆုံရာ၌ မီးပွားများ ထွက်လာသည် အထိ ပြင်းထန်နေပြီး သူတို့၏ အတွေးများမှာလည်း ထုတ်မပြောဘဲ ပေါ်လွင်နေခဲ့လေသည်။ မကြာမီတွင် နှစ်ဖက် စလုံးမှ အရာရှိများနှင့် ရှယ်ယာရှင်များမှာလည်း ငြင်းခုန်ကြတော့သည်။
"ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ရှယ်ယာရှင်ကြီးနဲ့ စီအီးအို ဖြစ်တဲ့ မစ္စတာရှန်း ကိုယ်တိုင်ပဲ ကိုင်တွယ်သင့် တာပေါ့…။"
"ကုမ္ပဏီအဖွဲ့ပေါင်းတစ်ရာ စစ်ပွဲနောက်ပိုင်း ဥက္ကဋ္ဌရှန်းက လက်တွေ့ လုပ်ငန်းတွေမှာ မပါဝင်တာ ကြာပါပြီ…။ ဒုတိယမြောက် ရှယ်ယာရှင်က ပိုသင့်တော်ပါတယ်…။"
"ဘာတွေ လျှောက်ပြောနေတာလဲ…။ ဥက္ကဋ္ဌရှန်းက လက်တွေ့ကိစ္စတွေမှာ မပါဝင်ဘူးလို့ ဘယ်သူပြောလဲ…။ ပြီးတော့ ကျွန်တော်တို့ ဥက္ကဋ္ဌရှန်းရဲ့ ဆုံးဖြတ်ချက်က ပြတ်သားပြီး အံ့ဩစရာ ကောင်းတယ်ဆိုတာ အားလုံး အသိပဲ…။"
"အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်တဲ့နေရာမှာ တည်ငြိမ်ဖို့ လိုတယ်၊ ဟန်ပြ လုပ်ဖို့ မဟုတ်ဘူး…။ ကြောက်စရာကောင်းအောင် မလုပ်မိဖို့လဲ သတိထားဦး...။"
ငြင်းခုံမှုမှာ ပြင်းထန်လွန်းလှပြီး နှစ်ဖက်စလုံးမှာ နောက်မဆုတ်ကြပေ။ ယခုတစ်ကြိမ်တွင် ဦးဆောင်မှုကို ရရှိသူ မှာ ဟန်းဂရီအုပ်စု တစ်ခုလုံးကို အပြီးတိုင် ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း လူတိုင်း နားလည်ထားကြသည်။ အာဏာကို သိမ်းယူခံလိုက်ရသည့် မစ္စတာဝမ် တစ်ဦးသာ တိတ်ဆိတ်စွာ ရှိနေခဲ့လေသည်။
သို့သော် မည်သူမျှ မသိလိုက်သည်မှာ မစ္စတာဝမ်၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာသည့် လျင်မြန်သော အပြုံးတစ် ချက်ပင်...။
ငြင်းခုံမှုမှာ အဆုံးအထိ ပြင်းထန်နေသဖြင့် နှစ်ဖက်စလုံး အသာစီးမရကြပေ။ ထို့ကြောင့် သူတို့သည် ကိုယ်ပိုင် ရှယ်ယာများကို လျှို့ဝှက်စွာ ဖြန့်ကျက်၍ ကုမ္ပဏီသစ်၏ ရှယ်ယာရှင်များကို စည်းရုံးရန် ကြိုးပမ်းကြတော့သည်။ ဤအချက်က ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေပြီး အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်၏ ရှယ်ယာရှင်များကို ဈေးနှုန်းနှိုင်းယှဉ်၍ ညှိနှိုင်းနိုင်သည့် အခွင့်အရေးကို ပေးလိုက်ခြင်း ဖြစ်သည်။ လျန်ထျန်းနှင့် မစ္စတာဝမ် အလို အရှိဆုံး မြင်ကွင်းမှာ ဤသည်ပင်။
မူလအစီအစဉ်မှာ ရှယ်ယာ (၂၀) ရာခိုင်နှုန်းသာ ဖြန့်ကျက်ရန် ဖြစ်သော်လည်း နောက်ဆုံးတွင် သူတို့အချင်းချင်း လုယက်ကြရင်း တစ်လ၊ နှစ်လအတွင်းမှာပင် စုစုပေါင်း ရှယ်ယာ (၃၀) ရာခိုင်နှုန်းကျော်အထိ ဖြန့်ကျက်လိုက်မိ ခဲ့ကြလေသည်။
ဤနေရာသို့ ရောက်သောအခါ နှစ်ဖက်စလုံးမှာ မိမိတို့ အလွန်အမင်း စောဒကတက်ခဲ့မိကြောင်း သဘောပေါက် သွားပြီး စိတ်ကို အေးဆေးထားရန် ကြိုးစားကြသည်။ သို့သော် ဤအချိန်တွင် မစ္စတာဝမ်က ရှေ့သို့ ထွက်လာ ကာ ဤ "တိုက်ပွဲ" တွင် ဆီထပ်လောင်းလိုက်ပြန်လေသည်။
သုံးပွင့်ဆိုင် အာဏာလုပွဲ ဖြစ်ပွားချိန်တွင် အရှုပ်ထွေးဆုံး ဖြစ်လေ့ရှိပြီး ရှန်းဝမ်နှင့် ဒုတိယမြောက် ရှယ်ယာရှင်တို့ မှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ နောက်ဆုံးတွင် အုပ်စုသုံးခုစလုံးက ရှယ်ယာ (၅၀) ရာခိုင်နှုန်းနီးပါး ပေးအပ်လိုက်ရပြီးနောက် စစ်ပွဲမှာ အဆုံးသတ်သွားတော့သည်။
ရှယ်ယာ ထက်ဝက်နီးပါး ရင်းနှီးမြှုပ်နှံပြီးဖြစ်ရာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ ကုမ္ပဏီ၏ ထိန်းချုပ်ခွင့်ကို စွန့်လွှတ်လိုက်ခြင်းနှင့် တူညီသည်။ လူမိုက်ပင်လျှင် ဤသို့ မလုပ်နိုင်ပေ၊ လည်လွန်းသည့် စီးပွားရေးသမားများ အတွက်ဆိုလျှင် ပို၍ပင် မပြောပါနှင့်။
ကံကောင်းထောက်မစွာပင် သူတို့၏ အားထုတ်မှုမှာ အကျိုးရှိခဲ့သည်။ တစ်ဖက်မှ အရာရှိအားလုံးကို လာဘ်ပေး နိုင်ခဲ့ပြီး အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်မှာလည်း အတွင်းနှင့်အပြင် ပူးပေါင်း ကြံစည်မှုကြောင့် ပြို လဲသွားရလေသည်။ ပြိုင်ဘက်များကို အနိုင်ရရှိပြီးနောက် ဟန်းဂရီအုပ်စုမှာ ယူနီကွန်းအဆင့်သို့ ပြန်လည် ရောက်ရှိသွားကာ ကုမ္ပဏီတစ်ခုလုံးမှာ စိတ်လှုပ်ရှားနေခဲ့ကြပေသည်။
အထူးသဖြင့် မစ္စတာရှန်းနှင့် ဒုတိယမြောက် ရှယ်ယာရှင်တို့မှာ များစွာ ရင်းနှီးမြှုပ်နှံထားကြသဖြင့် ရင်းနှီး မြှုပ်နှံမှုများကို ပြန်လည် ရယူရန် အချိန်တန်ပြီဟု ယူဆကာ ပြတ်သားစွာ လုပ်ဆောင်ရမည်ဟု ဆုံးဖြတ် လိုက်ကြလေသည်။
ငွေကြေးဆိုသည်မှာ ဤသို့ မဟုတ်ပါလော။ "ရင်းနှီးမြှုပ်နှံသူများ"ကို ရေလောင်း ပေါင်းသင်ပေးခြင်းမှာ နောက်ဆုံးတွင် အမြတ်ထုတ်ရန်သာ ဖြစ်သည်။ စကားပုံအတိုင်းပင် သိုး၏ အမွေးမှာ သိုး၏ ကိုယ်ပေါ်မှသာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အရင်းအနှီးထံမှ အသာစီး ရနိုင်သူ မရှိသလောက်ပင်၊ အနိုင်ကျင့် မခံရလျှင်ပင် ကျေးဇူးတင်ရပေမည်။
အယ်လာမာ မှာ ယခု တန်ပြန်တိုက်စစ် ဆင်နွှဲရန် အသင့်ဖြစ်နေပြီ၊ ဓားများကို သွေးထားပြီး အကျိုးအမြတ်ကို ရိတ်သိမ်းရန် ပြင်ဆင်နေသည်။ ပို့ဆောင်သူများ၊ ကုန်သည်များနှင့် ဝယ်ယူသူများ မည်သူမျှ မလွတ်မြောက်နိုင် တော့ပေ…။
သို့သော် ပြိုင်ဘက်များကို အနိုင်ရသည့် ဝမ်းမြောက်မှုထဲတွင် နစ်မွန်းနေပြီး အမြတ်အစွန်းများကို အမြန်ဆုံး ပြန်လည် ရယူရန် ပြင်ဆင်နေစဉ်မှာပင်...၊ လုံးဝ မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လာဘ်ပေးခံရသည့် အရာရှိများ ထံတွင် ရှိနေသော ရှယ်ယာများမှာ အစပိုင်းတွင် ပြန့်ကျဲနေသော်လည်း တစ်ချိန် ချိန်တွင် အမြန်ဆုံး ပေါင်းစည်းသွားခဲ့သည်။ မည်သည့်နေရာတွင် ပေါင်းစည်းသွားမည်နည်း။
ဟုတ်ပေသည်၊ ငွေအားလုံးမှာ လျန်ထျန်း၏ လက်ထဲသို့သာ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပေသည်။
ထိုအစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီသစ်၏ အရာရှိများမှာ အမှန်တကယ်တွင် အယ်လ်မြို့ စီးပွားရေး လုပ်ငန်းရှင်များအသင်း၏ အဓိက အဖွဲ့ဝင်များ ဖြစ်ကြပြီး၊ သူတို့၏ ကုမ္ပဏီများနောက်ကွယ်မှ ရှယ်ယာရှင် ကြီးမှာ လျန်ထျန်း ဖြစ်နေသည်ကို သိသွားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ကူညီရန် ဝန်မလေးခဲ့ကြခြင်း ဖြစ်ပြီး လုပ်ငန်းစဉ်အတွင်း မည်သည့်အမှားမျှ မရှိခဲ့ပေ။
နောက်ဆုံးတွင် တစ်ဖက်မှာ အစားအသောက် ပို့ဆောင်ရေး အုပ်စုငယ်တစ်ခု၏ ရှယ်ယာသာ ဖြစ်ပြီး၊ အခြား တစ်ဖက်မှာ မိမိတို့ ကုမ္ပဏီ၏ အနာဂတ် ဖြစ်နေရာ အပြည့်အဝ စားရမည့်အလုပ်နှင့် ဗိုက်ဝရုံအလုပ်ကို မည်သူမဆို ခွဲခြားနိုင်ကြသည် မဟုတ်ပါလော။
တစ်ခဏချင်းမှာပင် လျန်ထျန်းသည် အယ်လာမာအုပ်စု၏ ရှယ်ယာ (၅၀) ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်နိုင်ခဲ့ပြီး အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့လေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ရှန်းဝမ်နှင့် ဒုတိယမြောက် ရှယ်ယာရှင်တို့မှာ ထိတ်လန့်သွားကြတော့သည်။
ဤနေရာတွင် သူတို့မှာ ထိတ်လန့်ရုံသာ ရှိသေးပြီး အကြီးအကျယ် စိုးရိမ်နေကြခြင်းတော့ မဟုတ်သေးပေ…။ အကြောင်းမှာ ရှယ်ယာ (၅၀) ရာခိုင်နှုန်းမှလွဲ၍ ကျန်ရှိနေသော ရှယ်ယာ (၅၀) ရာခိုင်နှုန်းမှာ "သူတို့" လက်ထဲတွင် ရှိနေသေးသည်ဟု ထင်မှတ်ထားသောကြောင့် ဖြစ်သည်။
သူတို့၏ စိတ်ထဲတွင် သုံးပွင့်ဆိုင် ပြိုင်ဆိုင်မှုမှာ အထွတ်အထိပ်သို့ ရောက်ချိန်၌ သူတို့၏ နောက်ဆုံး အနိုင်ကတ် ကို စွန့်လွှတ်လိုက်မိခြင်း မရှိသေးသည့်အတွက် ဝမ်းသာနေမိကြသည်။
အဖွဲ့သုံးဖွဲ့စလုံးက ယခင်က မကျေနပ်ချက်များကို ဘေးဖယ်ထားပြီး အတူတကွ ပေါင်းစည်းနိုင်ပါက အခြေ အနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်။
သို့သော် ရှန်းဝမ်နှင့် ဒုတိယမြောက် ရှယ်ယာရှင်တို့ သဘောတူညီမှု ရရှိသွားသည့်အချိန်မှာပင် နောက်ထပ် မမျှော်လင့်ထားသည့် အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့ရာ သူတို့ကို လုံးဝ အကူအညီမဲ့သွားစေတော့သည်။
သူတို့ အမြဲတမ်း "အဖွဲ့သုံးဖွဲ့" ဟု ထင်မှတ်ထားခဲ့သည်မှာ အမှန်တကယ်တွင် အဖွဲ့နှစ်ဖွဲ့သာ ဖြစ်နေခဲ့သည်ပင်။ မစ္စတာဝမ်၏ ရှယ်ယာများ ဖြန့်ကျက်ပြီးနောက်တွင်ပင် (၂၀) ရာခိုင်နှုန်းခန့်မှာ လျန်ထျန်း၏ လက်ထဲတွင် ရှိနေခဲ့ သည်။
ယခုအခါ လျန်ထျန်းသည် အယ်လာမာအုပ်စု၏ ရှယ်ယာ (၆၀) မှ (၇၀) ရာခိုင်နှုန်းနီးပါးကို တိုက်ရိုက် ထိန်းချုပ် နိုင်ခဲ့ပြီဖြစ်သည်။ တစ်ချက်လွှတ်ဖြင့် သူသည် ငြင်းဆန်၍ မရနိုင်သော ရှယ်ယာရှင်ကြီး ဖြစ်လာခဲ့လေပြီ။
ရှန်းဝမ်နှင့် ဒုတိယမြောက် ရှယ်ယာရှင်တို့မှာ ထိုအခါမှသာ သူတို့သည် အစမှ အဆုံးတိုင်အောင် လူပြက်များ ကဲ့သို့ အကစားခံလိုက်ရမှန်း သဘောပေါက်သွားခဲ့လေတော့သည်။