← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း (၂၆၈)

ခင်ဗျားတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျွန်တော် ဂရုမစိုက်ပါဘူး

လျန်ထျန်း၏ ရည်မှန်းချက်မှာ ဤအခိုက်အတန့်တွင် အထမြောက်ခဲ့လေပြီ။ သူသည် ယခုအခါ ကုမ္ပဏီအုပ်စု၏ ရှယ်ယာ (၆၀) ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်းနီးပါးအထိ ပိုင်ဆိုင်ထားပြီးဖြစ်ရာ တုန်လှုပ်၍ မရနိုင်သော ရှယ်ယာ ရှင်ကြီး တစ်ဦး ဖြစ်လာခဲ့သည်။

အဘယ်ကြောင့် "တုန်လှုပ်၍ မရနိုင်" ဟု ဆိုရသနည်း။ ရှယ်ယာ (၅၀) ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ အခြားမည်သူမျှ သူ့ထက် ပိုမို ပိုင်ဆိုင်နိုင်စရာ အကြောင်းမရှိတော့သောကြောင့်ပင်။ ယခင် ရှယ်ယာရှင်ကြီးနှင့် စီအီးအို ဖြစ်သူ ရှန်းဝမ်တို့မှာ ရှယ်ယာများ တဖြည်းဖြည်း လျော့ကျသွားကာ (၁၀) ရာခိုင်နှုန်းကျော်သာ ကျန်ရှိ တော့သည်။

ဒုတိယမြောက် ရှယ်ယာရှင်မှာလည်း အလားတူပင် ရှယ်ယာ (၁၀) ရာခိုင်နှုန်းခန့်သာ ရှိတော့သဖြင့် ယခင်ကနှင့် နှိုင်းယှဉ်ပါက အကြီးအကျယ် လျော့ကျသွားခဲ့သည်။ ကျန်ရှိနေသော ရှယ်ယာရာခိုင်နှုန်း အနည်းငယ်မှာလည်း နှစ်ဖက်စလုံးမှ အစုရှယ်ယာရှင်ငယ်လေးများထံတွင်သာ ပြန့်ကျဲနေခဲ့လေသည်။ ယခုအချိန်၌ ထိုအုပ်စုနှစ်ခု၏ ရှယ်ယာများကို ပေါင်းလိုက်လျှင်ပင် (၃၀) ရာခိုင်နှုန်းကျော်သာ ရှိသဖြင့် လျန်ထျန်းအတွက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိတော့ပေ။

ထို့ပြင် ရှယ်ယာရှင်ကြီးအဖြစ် တာဝန်ယူသည့် ပထမဆုံးနေ့မှာပင် လျန်ထျန်းက သူတို့အား လေးနက်စွာ ပြော လိုက်လေသည်။

"အနာဂတ်မှာ ဟန်းဂရီအုပ်စုကနေ အမြတ်အများကြီး ရဖို့ ကျွန်တော် မမျှော်လင့်ပါဘူး…။"

"ဒီကုမ္ပဏီရဲ့ အဓိပ္ပာယ်ဟာ လူ့အဖွဲ့အစည်းအတွက် ပိုမိုကြီးမားတဲ့ တန်ဖိုးတွေကို ပေးစွမ်းဖို့နဲ့ ဒီလုပ်ငန်းနယ်ပယ် ထဲက လူတိုင်း ငြိမ်းချမ်းစွာနဲ့ စိတ်ကျေနပ်မှုရှိရှိ အလုပ်လုပ်ကိုင်နိုင်မယ့် ပလက်ဖောင်းတစ်ခု ဖြစ်လာဖို့ပါပဲ…။"

"ဒါကြောင့် လက်ရှိ လုပ်ငန်းပုံစံကို ပြောင်းလဲဖို့ အစီအစဉ် မရှိသလို အနာဂတ်မှာလည်း ပြောင်းလဲမှာ မဟုတ်ပါ ဘူး…။"

"ကျွန်တော်တို့အနေနဲ့ လက်ရှိ ရရှိနေတဲ့ အကျိုးခံစားခွင့်တွေကို ထိန်းသိမ်းထားရပါမယ်။ ဒါမှသာ ပို့ဆောင်ရေး သမားတွေ ငွေရမယ်၊ ကုန်သည်တွေ အမြတ်ရမယ်၊ ဝယ်ယူသူတွေလည်း တကယ့် အကျိုးကျေးဇူးကို ရရှိမှာ ဖြစ်ပါတယ်...။"

ထိုစကားကို ကြားသောအခါ ရှန်းဝမ်နှင့် ဒုတိယမြောက် ရှယ်ယာရှင်တို့မှာ အလွန်တုန်လှုပ်သွားကြသည်။

"မင်းလို လူမိုက်လေး...၊ မင်း အရူးလား...။"

သူတို့ လျန်ထျန်းကို ခေါ်ဝေါ်သည့် ပုံစံမှာပင် သူတို့ မည်မျှ မုန်းတီးကြောင်း သိသာနေသည်။

"ဟုတ်တယ်လေ…၊ မင်း ငါတို့ကို လှည့်စားပြီး ရှယ်ယာတွေ အကုန်လုယူဖို့ လုပ်ခဲ့တာ အမြတ်ရချင်လို့ မဟုတ် ဘူးလား…။"

"အခုတော့ လက်ရှိ လုပ်ငန်းပုံစံကိုပဲ ဆက်ထားမယ်၊ အကျိုးခံစားခွင့်တွေကိုပဲ ပေးမယ်ဆိုတော့ အမြတ်က ဘယ်ကလာမလဲ…။"

"ဟုတ်တယ်၊ သူ အမြတ်မရရင် ဒီနေရာမှာ ပရဟိတ လုပ်နေတာလား။ ငါထင်တာတော့ သူ ငါတို့ကို လှည့်စား နေတာပါ၊ ရယ်စရာကောင်းလိုက်တာ...။"

ဤမေးခွန်းများကို ကြုံရသော်လည်း လျန်ထျန်းမှာ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

"ခင်ဗျားတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျွန်တော် ဂရုမစိုက်ပါဘူး။ မယုံရင်လည်း ဒီမှာ ဆက်နေပြီး ကျွန်တော် နောက်ထပ် ဘာလုပ်မလဲဆိုတာ ကြည့်လိုက်ကြတာပေါ့…။"

"ဒါပေမဲ့ အခုတော့ ခင်ဗျားတို့ သိထားရမှာတစ်ခုက ဟန်းဂရီအုပ်စုဟာ ကျွန်တော့်လက်ထဲမှာ အချို့သူတွေ အမြတ်ထုတ်ဖို့အတွက် ကိရိယာတစ်ခု ဖြစ်တော့မှာ မဟုတ်ဘူးဆိုတာပါပဲ…။"

"ဒါကြောင့် ခင်ဗျားတို့ လက်ထဲမှာ ကျန်နေတဲ့ ရှယ်ယာတွေကို ကျွန်တော့်ဆီ ရောင်းချဖို့ အခွင့်အရေး တစ်ခု ပေးပါတယ်။ ဒါဆိုရင် ခင်ဗျားတို့ ဘာမှ မရဘဲ ပြန်သွားရတဲ့ အဖြစ်မျိုး ကြုံရတော့မှာ မဟုတ်ဘူး…။"

"ဘာပဲဖြစ်ဖြစ် ဒီလောက်ကြီးမားတဲ့ ကုမ္ပဏီတစ်ခုကို တည်ဆောက်ခဲ့တာ၊ လူများစွာအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တာကို ကျွန်တော် လေးစားရဦးမှာပေါ့...။"

ထိုစကားကို ကြားသော် ရှယ်ယာရှင်များက ဟားတိုက်လိုက်ကြလေသည်။

"ငါတို့ ထင်တဲ့အတိုင်းပဲ၊ သူ ငါတို့ကို လှည့်စားနေတာ…။ သူ ကျန်တဲ့ ရှယ်ယာတွေကို အကုန် လိမ်ယူချင်လို့ ဒီစကားတွေ ပြောနေတာပါ…။"

"ဟုတ်တယ်လေ၊ အချို့သူတွေ အမြတ်ထုတ်ဖို့ ကိရိယာ မဟုတ်တော့ဘူး ဟုတ်လား…။ အခုတော့ လှပတဲ့ စကားတွေ ပြောနေတာပေါ့၊ ရှယ်ယာတွေ အကုန်ရသွားရင် သူ ပြောင်းလဲသွားမှာ သေချာတယ်…။"

"မှန်တယ်၊ ဒီလောကမှာ ငွေမရချင်တဲ့သူ ဘယ်သူရှိမလဲ…။ ငွေရနိုင်လျက်နဲ့ မယူတဲ့သူက လူမိုက်ပဲ…။ ငါတို့သာ သူ့စကားကို ယုံရင် ငါတို့လည်း လူမိုက်တွေ ဖြစ်သွားမှာပဲ…။"

ရှယ်ယာရှင် တစ်ဦးမျှ လျန်ထျန်း၏ စကားကို မယုံကြည်ကြပေ။ ရှန်းဝမ်နှင့် ဒုတိယမြောက် ရှယ်ယာရှင်တို့ပင် ရှယ်ယာကို လက်လွှတ်ပေးရန် ဆန္ဒမရှိကြပါ။ လျန်ထျန်းက သူတို့ကို အတင်းအကျပ် မပြုလုပ်တော့ဘဲ နောက်ဆုံး စကားတစ်ခွန်း ပြောခဲ့လေသည်။

"ဒါဆိုလည်း ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကြောင့် ကျွန်တော့်ရဲ့ လက်ရှိ ဖိအားတွေကို သက်သာသွား စေပါတယ်။"

"နို့မို့လို့သာဆိုရင် အခု ခင်ဗျားတို့ ရှယ်ယာတွေကို ဝယ်ဖို့ ငွေသားနည်းနည်း လိုနေမှာပါ...။"

ဤသို့ဖြင့် အသစ်သော ရှယ်ယာရှင်ကြီး ဖြစ်လာသည့် လျန်ထျန်းသည် ကုမ္ပဏီ၏ လုပ်ငန်းလမ်းကြောင်းနှင့် လုပ်ငန်းပုံစံကို သတ်မှတ်ပိုင်ခွင့် ရှိသွားခဲ့သည်။ အစပိုင်းတွင် ပို့ဆောင်ရေးသမားများနှင့် ကုန်သည်အားလုံးမှာ ကုမ္ပဏီသစ် ပြိုလဲသွားကြောင်း ကြားသိရသည့်အခါ အယ်လာမာ ၏ ကြီးစိုးမှုအောက်သို့ ပြန်ရောက်သွားတော့ မည်ဟု ထင်မှတ်ခဲ့ကြသည်။

လူအများစုမှာလည်း အမြတ်ထုတ်ခံရမှုနှင့် ဝန်ထုပ်ဝန်ပိုးများကို ဆက်လက် သည်းခံရန် စိတ်ပြင်ဆင်ထား နှင့်ကြသည်။ မတတ်နိုင်၊ ဘဝဆိုသည်မှာ ဤသို့ပင် ဖြစ်လေ့ရှိသည်ပင်။

သို့သော် ခေတ္တမျှ ကြာပြီးနောက်တွင် အကျိုးခံစားခွင့်များမှာ လျော့ကျသွားခြင်း မရှိသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားကြသည်။ အယ်လာမာသည် တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ပို့ဆောင်ရေးသမားများ အား အာမခံ၊ လူမှုဖူလုံရေးနှင့် အိမ်ရာစီမံကိန်းဆိုင်ရာ အကျိုးခံစားခွင့်များကို တဖြည်းဖြည်း ပေးအပ်သွား မည်ဟု ဆိုလိုက်သည်။

ဤသတင်းမှာ တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေသည်။ ဤလုပ်ငန်းနယ်ပယ်တွင် ပို့ဆောင်ရေးသမား၊ အလုပ်ကူ၊ ကုန်စည်ပို့ဆောင်သူ သန်းနှင့်ချီ ရှိနေသည်ကို သတိပြုရမည်။ ထိုသူများအားလုံးအတွက် အာမခံ၊ လူမှုဖူလုံရေး တို့ ဝယ်ယူပေးရမည်ဆိုပါက မည်မျှ ကြီးမားသော ကုန်ကျစရိတ် ဖြစ်မည်နည်း။

ထို့ပြင် အယ်လာမာသည် အကျိုးခံစားခွင့်များကို ပြောင်းလဲခြင်း မရှိသလို ပို့ဆောင်ရေးသမားများ၏ ဝင်ငွေမှာ လည်း လျော့ကျသွားခြင်း မရှိပေ။ စားသောက်ဆိုင်များ၏ ကော်မရှင်ခကိုလည်း မပြောင်းလဲသဖြင့် အမြတ်ရနေ ဆဲ ဖြစ်ကာ အစားအသောက် အရည်အသွေးမှာလည်း အလွန်ကောင်းမွန်နေဆဲ ဖြစ်သည်။ ဝယ်ယူသူများမှာ လည်း ရံဖန်ရံခါ ကူပွန်များ ရရှိနေပြီး အလွန်သင့်တင့်သော ဈေးနှုန်းဖြင့် အရည်အသွေးကောင်းမွန်သည့် အစား အသောက်များကို ရရှိနေကြသည်။

နောက်ဆုံးတွင် အယ်လာမာသည် အစားအသောက် တစ်ခါပို့တိုင်း အမြတ်အလွန်နည်းစွာသာ ရရှိပြီး အရှုံးမ ပေါ်လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။ အမြတ်မရသော ကုမ္ပဏီတစ်ခုကို အပြင်လူများက မည်သို့ မြင်ကြ မည်နည်း။ သို့မဟုတ် ငွေကြေးဈေးကွက်က မည်သို့ မြင်မည်နည်း။

နောက်ပိုင်းကာလ ကြာရှည်သည်အထိ စီးပွားရေး ကျွမ်းကျင်သူများက ထွက်ပေါ်လာပြီး ဟန်းဂရီလုပ်ငန်းအပေါ် အကောင်းမမြင်သော လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများကလည်း အယ်လာမာ ၏ လက်ရှိ ရှယ်ယာရှင်ကြီးကို "ဈေးကွက်ကို အနှောင့်အယှက်ပေးသူ" ဟု ဝေဖန်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ အယ်လာမာ၏ လက်ရှိ လုပ်ငန်းပုံစံကို မည်သူမျှ အကောင်းမမြင်ကြဘဲ ကောလာဟလများသာ ပျံ့နှံ့နေသည်။

"ဟန်းဂရီအုပ်စုရဲ့ ရှယ်ယာရှင်သစ်က ဦးနှောက်မကောင်းဘူးလို့ ကြားတယ်။ ဟန်းဂရီအုပ်စုတော့ ပျက်စီးတော့ မှာပဲ…။"

"ဟုတ်တယ်၊ လူတွေက ခေါင်းဖြတ်ရောင်းရမယ့် အလုပ်ကိုပဲ လုပ်ကြမှာ၊ အရှုံးပေါ်တဲ့ အလုပ်ကို ဘယ်သူမှ မလုပ်ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ဟန်းဂရီအုပ်စု ကြာရှည်မှာ မဟုတ်ဘူး…။"

"စောင့်ကြည့်နေလိုက်ပါ။ ဟန်းဂရီအုပ်စု ပျက်သွားရင် တခြား ထိပ်တန်း အရင်းအနှီးတွေက ဒီဈေးကွက်ကို ဝင်သိမ်းလိမ့်မယ်။ ဒီလောကကြီးက အလွယ်တကူ ပြောင်းလဲမှာ မဟုတ်ဘူး...။"

စီးပွားရေးလောက တစ်ခုလုံးတွင် အယ်လာမာ၏ လက်ရှိ လုပ်ဆောင်ချက်မှာ ဒဏ္ဍာရီပုံပြင်တစ်ခုကဲ့သို့ ရယ်စရာ ဖြစ်နေသည်။ သို့သော် သာမန်ပြည်သူများအကြားတွင်မူ အမြင်မှာ လုံးဝ ကွဲပြားခြားနားနေသည်။

ပို့ဆောင်ရေးသမားများက၊

"ပလက်ဖောင်းတွေက အရင်က ငါတို့ကို ငွေရှာတဲ့ ကိရိယာတွေလိုပဲ သဘောထားခဲ့ကြတာ၊ အခုတော့ လူလိုပဲ ဆက်ဆံပေးတယ်။ ငါတို့ အလုပ်ကြုံအောင် လုပ်ပြီး သူတို့ကို ပျက်စီးမသွားအောင် ကာကွယ်ပေးရမယ်…။"

ကုန်သည်များက၊

"ဘယ်အရင်းအနှီးကမှ ငါတို့လို အသေးစား လုပ်ငန်းရှင်တွေကို လျှော့ဈေး ပေးနိုင်စွမ်း မရှိခဲ့ဘူး…။ ဒီလို ကုမ္ပဏီ ကိုမှ မထောက်ခံရင် ဘယ်သူ့ကို ထောက်ခံရမလဲ…။"

ချစ်လှစွာသော ဝယ်ယူသူများက၊

"အရင်တုန်းက အစားအသောက်ပို့ခတွေက ပိုပိုဈေးကြီးလာပြီး အရည်အသွေးတွေကလည်း ကျလာတယ်။ ကုန်သည်တွေက အမြတ်မရဘူး ပြောပေမဲ့ ငါတို့ကတော့ ပိုက်ဆံ ပိုသုံးနေရတယ်…။"

"ပလက်ဖောင်းကပဲ အမြတ်အကုန်ယူပြီး ဆင်းရဲတယ်လို့ ပြောနေတယ်။ ဒါဆို ပိုက်ဆံတွေ အကုန် ဘယ် ရောက်ကုန်တာလဲ…။"

"အမှန်တော့ ပလက်ဖောင်းက အမြတ်မရဘူး ပြောတဲ့အခါ အမြတ်လုံးဝ မရတာ မဟုတ်ဘူး၊ သူတို့ ကျေနပ်တဲ့ ပမာဏအထိ မရောက်တာကို ပြောတာဆိုတာ လူတိုင်း သိပါတယ်…။"

"ဒါပေမဲ့ အခုတော့ အခြေအနေတွေ အများကြီး ကွာခြားသွားပြီ။ ဝယ်ယူသူတွေအနေနဲ့ ပလက်ဖောင်းက အမြတ်ရသလား မရဘူးလား ဆိုတာ မသိဘဲ နေမလား…။"

"အရင်က ဆယ်ဂဏန်းလောက် ပေးရတဲ့ အစားအသောက်တွေက အရည်တွေ၊ အဆီတွေနဲ့ပဲ ဖြစ်နေတာ၊ အခုတော့ အသားတုံးတွေ အစစ်နဲ့ အရသာကလည်း ပိုကောင်းလာတယ်…။"

"ဘဝတစ်လျှောက်လုံး အစားအသောက် အမှာစာ တစ်ခါမှ မတင်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ…။ ငါတို့က ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ စားချင်တာလေ၊ ဒါက မှားလို့လား…။"

"သီလရှိတဲ့ ပလက်ဖောင်းတစ်ခုကို ရှာဖို့ ခက်တယ်၊ ငါတို့ကတော့ ထောက်ခံသွားမှာပဲ၊ ဘယ်တော့မှ ပျက်စီးခွင့် မပေးဘူး…။"

"ဟုတ်တယ်…။ အဲ့ဒီ မကောင်းဆိုးဝါး အရင်းရှင်တွေကို ဒီလောကကြီးထဲက တစ်ခုတည်းသော ကြည်လင်တဲ့ စမ်းရေလို ကုမ္ပဏီကို ရယ်စရာ အဖြစ် မလုပ်ခိုင်းစေနဲ့…။”

All Chapters