ဝေလငါးစီးအင်မော်တယ်
Vol. 19 Ch. 181
ချူလျန်က ပင်လယ်ပြင်ထက်ရှိ အထီးကျန်ကျွန်းငယ်လေးတစ်ခုပေါ်တွင် ရပ်ကာ ခေါင်းပေါ်ရှိလမင်းကြီးကို ကြည့်ရင်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိ၏။
လွန်ခဲ့သောခဏလေးကတင် သူသည် တောင်ပိုင်းဒေသရှိ အင်မော်တယ်စိမ့်မြေတောတွင် ရှိနေခဲ့ခြင်းပင် ဖြစ်သည်။
ဧရာမမီးအိမ်ငါးကြီးတစ်ကောင်၏ ဗိုက်ထဲသို့ အမှတ်မထင် ရောက်သွားခဲ့ပြီး ဖန်သားနန်းတော်တစ်ခုထဲ ဝင်ရောက်ကာ အင်မော်တယ်ဖြစ်မြက်ပင်တစ်ပင်ကို လှည့်စားရယူနိုင်ခဲ့လေသည်။
ထိုအချိန်လေးအတွင်းမှာပင် ဧရာမငါးကြီး၏ ဗိုက်ထဲတွင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်မတတ်ဖြစ်သွားပြီး ပင်လယ်ရေများ ဝင်ရောက်လာချိန်၌ ချူလျန်က အမြန်ပျံသန်းထွက်ခွာလာခဲ့၏။
ဖူး...
သို့သော် ငါးကြီး၏ပါးစပ်ထဲမှ ထွက်လာကာ နက်ရှိုင်းတိတ်ဆိတ်နေသော ရေပြင်ကိုဖြတ်၍ လေပေါ်သို့ ပျံတက်လာချိန်တွင်မူ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ ရုတ်တရက် အံ့သြမှင်တက်သွားရလေသည်။
သူသည် အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်ကြီးတစ်ခုထက်သို့ ရောက်ရှိနေခဲ့ခြင်းပင်။
လမင်းကြီးကလည်း ကောင်းကင်ထက်တွင် ထိန်လင်းစွာ သာယာနေ၏။
သူ၏အရှေ့ဘက်တွင်မူ ထူးဆန်းသော ကျောက်ဆောင်များ ပြည့်နှက်နေသည့် ကျွန်းတစ်ကျွန်းရှိနေပြီး ထိုကျွန်း၏အစွန်းတွင် ဝါးခမောက်ဆောင်းကာ ခြုံလွှာဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ငါးမျှားနေလေသည်။
သူ၏လက်ထဲတွင် အဖြူရောင်သစ်သားငါးမျှားတံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ငါးမျှားကြိုးက ရွှေရောင်လွှမ်းနေကာ ဝိညာဉ်အလင်းတန်းများ တလက်လက် တောက်ပနေသည့်အတွက် သာမန်ပစ္စည်းမဟုတ်မှန်း သိသာလှပေသည်။
သူ မျှားမိထားသော အရာသည်ကား ထိုဧရာမမီးအိမ်ငါးကြီးပင် ဖြစ်ချေ၏။
လှိုင်းလုံးကြီးများက ကောင်းကင်အထိ ထိုးတက်သွားပြီး ပင်လယ်ပြင်ထက်တွင် ရေလုံးကြီးများ ပန်းထွက်လာကာ ထိုဧရာမငါးကြီး၏ ကိုယ်လုံးကို ဆွဲတင်လိုက်လေသည်။
သို့တိုင်အောင် ထိုငါးမျှားတံနှင့် ငါးမျှားကြိုးက ထိုမျှလေးလံသော အလေးချိန်ကို ခံနိုင်ရည်ရှိနေပြီး အနည်းငယ်မျှပင် အားစိုက်ရသည့်ပုံ မပေါ်ပေ။
အမျိုးသားက လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဆွဲတင်လိုက်ရုံဖြင့် ငါးကြီးကို လွယ်ကူစွာပင် ကုန်းပေါ်သို့ ဆွဲတင်လိုက်နိုင်လေသည်။
ငါးကြီးမှာ ကျွန်းအစွန်းသို့ ဆွဲတင်ခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ဝက်က ကုန်းပေါ်တွင်ရှိနေကာ ကျန်တစ်ဝက်က ရေထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး ရုန်းကန်ချင်နေသေးပုံရသည်။
သို့သော် အမျိုးသားက မတ်တတ်ရပ်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ ခြေတစ်ဖက်ဖြင့် နင်းချလိုက်ရာ အထပ်ပေါင်းများစွာ မြင့်မားသော ထိုဧရာမငါးကြီးမှာ သူ၏ခြေတစ်ဖက်အောက်တွင် ပြားပြားဝပ်သွားပြီး ထပ်မံလှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
"ထွက်ခဲ့စမ်း"
သူက ငါးမျှားတံကို သိမ်းလိုက်ပြီး အတွင်းဘက်သို့ လှမ်းအော်လိုက်၏။
အချိန်ခဏအကြာတွင်မှ မိန်းကလေးငယ်က စိုးရိမ်တကြီးဖြင့် တွားသွားထွက်လာပြီး ကျွန်းပေါ်သို့ ခုန်ဆင်းလိုက်ကာ နက်မှောင်နေသော မျက်လုံးအစုံဖြင့် အမျိုးသားကို စိုက်ကြည့်နေလေသည်။
အနည်းငယ် ကြမ်းတမ်းသည့်ပုံလည်းပေါ်နေသည်။
အနည်းငယ်လည်း ကြောင်အမ်းအမ်း ဖြစ်နေသေး၏။
"တကယ်ပဲ ကလေးလေးတစ်ယောက် ဖြစ်နေတာကိုး..."
အမျိုးသားက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်ကာ မိန်းကလေးငယ်၏ရှေ့သို့ လျှောက်သွားလိုက်ချေသည်။
မိန်းကလေးငယ်က သတိထားနေသော်လည်း အမျိုးသား အနားကပ်လာချိန်တွင် အနည်းငယ် ပြေလျော့သွားပုံရပြီး နောက်ဆုံးတွင်တော့ အမျိုးသား၏လက်ကြီးဖြင့် သူမ၏ခေါင်းကို ပွတ်သပ်ခြင်းကို ခံလိုက်ရသည်။
"ဒီခံစားချက်က တော်တော်လေး ထူးဆန်းတာပဲ..."
အမျိုးသားက မိမိကိုယ်ကို လှောင်ပြောင်သကဲ့သို့ ပြုံးလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒုက္ခအကြီးကြီး မပေးခင် ဖမ်းမိလိုက်တာ ကံကောင်းသွားတယ်”
“ အခုမှဆို သိပ်မနောက်ကျသေးပါဘူး… နောက်ဆိုရင် ငါတို့ဘာသာ သီးသန့်စီ နေကြတာပေါ့"
မိန်းကလေးငယ်က သူပြောသည့်စကားများကို နားမလည်သော်လည်း အမျိုးသား၏ကိုယ်မှ အငွေ့အသက်ကို ရှူရှိုက်လိုက်ပြီးနောက် ငြိမ်သက်သွားလေတော့သည်။
ချူလျန်က မျက်မှောက်မှ မြင်ကွင်းကို ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်နေမိသော်လည်း သူ နားလည်ရန်လည်း မလိုအပ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ရှေ့မှလူများက သူနှင့် အဆင့်အတန်းချင်း ကွာခြားလွန်းလှကြောင်း သိသာလှသည်။
သူက လှည့်ထွက်ကာ တိတ်တဆိတ် လစ်ထွက်သွားရန် ပြင်လိုက်သည်။
"ဟိုက ညီလေး"
အမျိုးသားက ရုတ်တရက် အသံထွက်ကာ သူ့ကို လှမ်းခေါ်လိုက်၏။
"ဒီတိုင်း ထွက်သွားတော့မလို့လား…"
"ဟီးဟီး..."
ထိုအခါမှသာ ချူလျန်က ပြန်လှည့်လာပြီး ပြုံးကာ ပြောလိုက်သည်။
"စီနီယာက ကိစ္စရှိနေတာဆိုတော့ ကျုပ်က ဝင်မနှောင့်ယှက်ရဲလို့ပါ"
အမျိုးသားက မော့ကြည့်လိုက်ရာ ဝါးခမောက်အောက်မှ မျက်နှာ ပေါ်လွင်လာသည်။
သူ၏မျက်နှာက ပန်းပုရုပ်တစ်ခုကဲ့သို့ ခန့်ညားလှသော်လည်း လောကဓံကို အတော်လေး ကြုံတွေ့ထားရဟန်တူကာ လေဒဏ်မိုးဒဏ်ခံထားရသည့် လက္ခဏာများ ရှိနေပေသည်။
မုတ်ဆိတ်မွေးကြမ်းများ ရှိနေပြီး ညာဘက်မျက်လုံးတွင် မျက်ခုံးမှ ပါးပြင်အထိ ရှည်လျားသော အမာရွတ်တစ်ခု ရှိနေသည်။
"မင်းက ဘယ်အင်မော်တယ်ဂိုဏ်းကလဲ"
သူက မေးလိုက်၏။
"ကျုပ်က ရှုတောင်ဂိုဏ်းကပါ"
ချူလျန်က အမှန်အတိုင်း ပြန်ဖြေလိုက်လေ၏။
တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မသိရသော်လည်း ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။
ထို့ပြင် တစ်ဖက်လူ၏ အရှိန်အဝါကို ကြည့်ရသည်မှာ လူဆိုးတစ်ယောက်နှင့် မတူလှချေ။
"ရှုတောင်"
အမျိုးသားက မျက်တောင်ခတ်လိုက်ပြီး သူ၏မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
ချူလျန်၏ မျက်လုံးအိမ်များလည်း ကျဉ်းမြောင်းသွားလေတော့သည်။
'ရှုတောင်က ဘာဖြစ်လို့လဲ...'
"မင်း ကျန်းယွဲ့ပိုင်ကို သိလား"
အမျိုးသားက ရုတ်တရက် မေးလိုက်လေ၏။
"ကျုပ်..."
ချူလျန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြုံးကာ ဖြေလိုက်၏။
"ရှုတောင်ဂိုဏ်း တစ်ဂိုဏ်းလုံးမှာ စီနီယာအစ်မကျန်းကို မသိတဲ့ တပည့်မှ မရှိတာပဲလေ…သူက ကျုပ်တို့ ရှုတောင်ရဲ့ ဂုဏ်ယူစရာပဲကို"
"သူ အခု ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလဲ"
အမျိုးသားက ထပ်မေးလိုက်၏။
"စတုတ္ထနယ်ပယ်ရဲ့ အထွတ်အထိပ်လောက်နေမှာပေါ့…”
“ကွာရင်လည်း သိပ်အများကြီး ကွာမှာ မဟုတ်ပါဘူးလေ…"
ချူလျန်က ပြန်ဖြေလိုက်၏။
ထို့နောက် အမျိုးသားက ရင်ဘတ်ထဲမှ ကြွေပုလင်းတစ်လုံးကို ထုတ်ယူကာ ချူလျန်ထံသို့ လှမ်းပစ်ပေးလိုက်သည်။
"မင်း ငါ့ကိုယ်စား ဒါလေးကို သူ့ဆီ ပေးပေးပါ"
"ဒါက..."
ချူလျန်က ဖမ်းယူလိုက်ပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွား၏။
"သူ့အတွက် အသုံးဝင်မယ့် ပစ္စည်းပါ…စိတ်ချပါ"
အမျိုးသားက လက်ကာပြလိုက်သည်။
"မင်းကို အကူအညီတောင်းပါတယ်ကွာ…”
“ငါ မင်းကို ဆက်မခေါ်ထားတော့ဘူး…အခု ငါ ဒီဘိုးဘေးလေးကို အရင်ဆုံး ကိုင်တွယ်ရဦးမယ်"
"စီနီယာ..."
ချူလျန်က မေးလိုက်၏။
"ဒါဆို ကျုပ်က ဘယ်သူပေးလိုက်တယ်လို့ ပြောရမလဲ"
ဤရိုးရှင်းသော မေးခွန်းကြောင့် အမျိုးသား၏ ပခုံးများ တောင့်တင်းသွားပြီး ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
"ဝေလငါးစီးအင်မော်တယ်က ပေးလိုက်တာလို့ပဲ ပြောလိုက်ပါ"
"ကောင်းပါပြီ"
ချူလျန်လည်း ထပ်မေးမနေတော့ဘဲ ခေါင်းညိတ်လိုက်ကာ လှည့်၍ မြောက်ဘက် ခပ်ဝေးဝေး ကောင်းကင်ဆီသို့ ပျံသန်းထွက်ခွာသွားတော့၏။
အင်မော်တယ်စိမ့်မြေတောနှင့် အနီးဆုံး ပင်လယ်ပြင်ဆိုလျှင် တောင်ပိုင်းပင်လယ်သာ ဖြစ်ရမည်ဟု သူ ခန့်မှန်းမိသည်။
ဤမီးအိမ်ငါးကြီးက ဤမျှတိုတောင်းသော အချိန်အတွင်း တောင်ပိုင်းပင်လယ်သို့ ကူးခတ်လာနိုင်ခြင်းက အတော်လေး အဓိပ္ပာယ်မရှိလှပေ။
အကယ်၍ အခြားပင်လယ်ပြင်များသာ ဆိုလျှင်တော့ ၎င်းတွင် အင်မော်တယ်မန္တန်နှင့် ဆင်တူသော မဟာနေရာရွှေ့ပြောင်းခြင်း နတ်ဘုရားစွမ်းရည်မျိုး ရှိနေကြောင်းကိုသာ ပြသနေလေသည်။
သိပ်မဝေးလှသော နေရာသို့ ရောက်ချိန်တွင် ကျောဘက်မှ ဆူညံသော လှိုင်းပုတ်သံများကို ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ ကြားလိုက်ရ၏။
ချူလျန်က စပ်စုလိုစိတ်ဖြင့် အနောက်သို့ လှည့်ကြည့်လိုက်မိသည်။
ညအမှောင်အောက်ရှိ မူလက တိတ်ဆိတ်နေသော ပင်လယ်ပြင်ထက်တွင် ပေပေါင်းများစွာ မြင့်မားသော လှိုင်းလုံးကြီးများ ရုတ်တရက် ထကြွလာသည်ကို သူ မြင်လိုက်ရ၏။ အကြောင်းရင်းမှာ ထိုကျွန်းကြီးက အလွန်လျင်မြန်စွာ ရွေ့လျားသွားသောကြောင့်ပင်။
ဝေလငါးစီးအင်မော်တယ် ဟူသော အမည်နာမကို သူ တွေးမိသွား၏။
'ဒီကျွန်းကြီးက...'
'ဧရာမ ဝေလငါးကြီး တစ်ကောင်များလား...'
...
တောင်ပိုင်းပင်လယ်မှ ရှုတောင်အထိ အကွာအဝေးက အတော်လေး ဝေးကွာလှပေသည်။ ချူလျန် ငွေဓားတောင်ထွတ်သို့ ပြန်ရောက်ချိန်တွင် မိုးတောင်လင်းနေချေပြီ။
သူက အခန်းထဲသို့ အရင်မပြန်ဘဲ ဆရာသခင်ထံသို့ ချက်ချင်း သွားရှာလိုက်၏။
တိနွီဖုန့်က အရက်နာကျနေပြန်သည်။
ချူလျန်ရောက်လာသဖြင့် နိုးသွားပြီး ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်လေသည်။
"မင်းက အင်မော်တယ်တက်လှမ်းမြက်ပင် သွားရှာတာ မဟုတ်ဘူးလား”
“ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ"
"တပည့်က အင်မော်တယ်တက်လှမ်းမြက်ပင်ကို ရလာခဲ့ပါပြီ"
ချူလျန်က အမှန်အတိုင်း ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ လမ်းမှာ မျှော်လင့်မထားတာတချို့နဲ့ ထူးဆန်းတဲ့ကိစ္စတချို့ ကြုံခဲ့ရလို့ ဆရာသခင်ကို ရှင်းပြရဦးမယ်"
ထိုမိန်းကလေးငယ်၊ ကောင်းကင်မူလ ဂူဗိမာန်၊ အင်မော်တယ်တက်လှမ်းမြက်ပင်... ထိုအရာများအားလုံးက သူ လက်လှမ်းမမီနိုင်သော အဆင့်တွင် ရှိနေပေ၏။
ဤကိစ္စများကို ဂိုဏ်းမှ လူကြီးများကို တင်ပြလိုက်လျှင် အရေးကြီးသော သတင်းအချက်အလက်များ ရရှိလာနိုင်သောကြောင့် သဘာဝကျကျပင် ဖုံးကွယ်မထားနိုင်ပေ။
"မင်း အင်မော်တယ်တက်လှမ်းမြက်ပင်ကို ရခဲ့တယ်ပေါ့"
ထိုစကားကို ကြားလိုက်ရသဖြင့် တိနွီဖုန့်မှာ ဝမ်းသာသွားပြီး ချက်ချင်းပင် အမူးပြေသွားလေသည်။
"ရှုတောင်ဂိုဏ်းက လူတွေ မရခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ… ငါ့တပည့်ပီသပါပေတယ်"
"ဆရာသခင်ရဲ့ ကျေးဇူးကြောင့်ပါ…"
ချူလျန်က ပြုံးကာ ပြောလိုက်၏။
'ဆရာသာ နည်းနည်းပါးပါး အားကိုးရမယ်ဆိုရင် ကျုပ်က စောစောစီးစီး ရွှေအမြုတေအဆင့်ကို ရောက်နေလောက်ပြီ’
‘ဒီနေ့လိုမျိုး ဒီအခွင့်အရေးတွေနဲ့လည်း ကြုံရမှာ မဟုတ်ဘူး...'
သူက စိတ်ထဲမှ တွေးလိုက်မိ၏။ ဤရှုထောင့်မှ ကြည့်လျှင်မူ တိနွီဖုန့်ကို ကျေးဇူးတင်ရပေမည်။
"ဟီးဟီး..."
တိနွီဖုန့်က ရှက်ရွံ့ခြင်းအလျင်းမရှိဘဲ ရယ်မောလိုက်တော့သည်။
"ဆရာ့ရဲ့ လမ်းညွှန်မှုက အရေးကြီးတယ် ဆိုပေမဲ့လည်း မင်းဘက်က ကြိုးစားအားထုတ်မှု နည်းနည်းလေးတော့ ရှိခဲ့လို့ပါလေ…”
“ ဘယ်လို မျှော်လင့်မထားတာတွေ ကြုံခဲ့ရလဲ…ပြောပြစမ်းပါဦး"
ချူလျန်ကလည်း သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအားလုံးကို တိနွီဖုန့်အား အကြမ်းဖျင်း ရှင်းပြလိုက်သည်။
"ဟင်း..."
တိနွီဖုန့်က နားထောင်ပြီးနောက် ခေါင်းကုတ်လိုက်၏။
"ကောင်းကင်မူလ ဂူဗိမာန်ကနေ အင်မော်တယ်တက်လှမ်းမြက်ပင် ထွက်လာတယ်ဆိုတော့... ပြီးတော့ ဟိုထူးဆန်းတဲ့ ကောင်မလေးလည်း ပါသေးတယ်”
“ တကယ် ကိစ္စကြီးပုံပဲ… အတွင်းရေးတွေကိုတော့ ငါလည်း သိပ်နားမလည်ပါဘူးလေ”
“ နောက်ကျရင် ဂိုဏ်းချုပ်ဆီ သွားပြောပြလိုက်ဦးမယ်"
"ကောင်းပါပြီ…ဒါဆို တပည့် အရင်သွားနားလိုက်ပါဦးမယ်"
မည်သို့ပင်ဖြစ်စေ ချူလျန်က သတင်းပို့ပြီးသွားပြီ ဖြစ်သောကြောင့် ပို၍ နက်နဲသော ကိစ္စများကတော့ လူကြီးများ၏ ကိစ္စသာ ဖြစ်ပေ၏။
သူက သဘာဝကျကျပင် ဆက်လက် အာရုံစိုက်နေရန် မလိုတော့ပေ။
"မြန်မြန်ပြန်ပြီး နားလိုက်တော့လေ"
တိနွီဖုန့်က ပြောလိုက်၏။
ချူလျန် ပြန်ထွက်သွားပြီးနောက် တိနွီဖုန့်က အပြင်ဘက်မှ ကောင်းကင်ကို ကြည့်ကာ ပြန်လှဲအိပ်လိုက်ပြန်သည်။
သို့သော် သိပ်မကြာခင်မှာပင် ဖိတ်ခေါ်မထားသော ဧည့်သည်နှစ်ယောက်က သူမ၏ အိပ်မက်ကောင်းကို လာရောက် နှောင့်ယှက်ပြန်လေ၏။
သူမက လူးလဲထကာ အပြင်သို့ ထွက်ကြည့်လိုက်ရာ ဝမ်ရွှမ်လင်နှင့် သူ၏တပည့် ရွှီဇီယန်တို့ ဖြစ်နေ၏။
ဤရန်သူဟောင်းအပေါ် သူမက မျက်နှာကောင်း မပြနိုင်တော့ပေ။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ရန်ငြိုးဟောင်းများနှင့် အိပ်ရာထစ ဒေါသများက သူမ၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေလေ၏။
"ဘာကိစ္စလဲ"
တိနွီဖုန့်က ဒေါသတကြီးဖြင့် မေးလိုက်၏။
သူမ၏ ရိုင်းစိုင်းသော အသံအပေါ် ဝမ်ရွှမ်လင်က အံ့သြစရာကောင်းလောက်အောင် ပြန်လည်မတုံ့ပြန်ဘဲ နှုတ်ခမ်းကို ဖိကိုက်ကာ အင်္ကျီလက်စကို ခါယမ်းလိုက်မိသည်။
"တပည့်လေး… မင်းပဲ ပြောပြလိုက်ပါ…"
ရွှီဇီယန်က ရှေ့သို့ တစ်လှမ်းတက်လာပြီး အံကြိတ်ကာ စကားစလိုက်၏။
"ဆရာ..ကန်တော့…အဒေါ် တိနွီဖုန့်… တကယ့်ကို ကံဆိုးလွန်းလှပါတယ်”
“ ဂျူနီယာညီလေး ချူလျန်က ကျုပ်တို့နဲ့အတူ အင်မော်တယ်စိမ့်မြေတောကို သွားတုန်းက ကပ်ဘေးပါမိစ္ဆာ ပေါ်လာပြီး အင်မော်တယ်စိမ့်မြေတောက ကမောက်ကမ ဖြစ်သွားခဲ့တယ်”
“ ဂျူနီယာညီလေး ချူလျန်က ဂိုဏ်းတူတွေကို ကာကွယ်ပေးဖို့အတွက် မျှော်လင့်မထားတဲ့ အန္တရာယ်တချို့နဲ့ ကြုံတွေ့ခဲ့ရတယ်..."
"အင်း.. ငါ သိတယ်…."
တိနွီဖုန့်က ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
ထိုအကြောင်းအရာများကို ချူလျန်က သူမအား အရင်ဦးဆုံး လာပြောပြထားပြီးဖြစ်သောကြောင့် သူမအနေဖြင့် သိပ်ပြီး တုန်လှုပ်မှု မရှိပေ။
"ဟူး..."
ဝမ်ရွှမ်လင်က သက်ပြင်းချကာ ပြောလိုက်၏။
"မင်းလည်း သတင်းရထားပြီးပြီဆိုတော့ ငါလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်လေ…”
“ မတော်တဆဖြစ်တာကို ဘယ်သူမှ မလိုလားပါဘူး… ငါ့တပည့်လည်း အစွမ်းကုန် ရှာဖွေခဲ့ပါတယ်…”
“ အင်မော်တယ်စိမ့်မြေတောထဲမှာ ဆူပူအုံကြွမှုတွေ ဖြစ်နေတဲ့ကြားက သူ ကိုယ်တိုင် ဒဏ်ရာအပြင်းအထန် ရထားတဲ့တိုင်အောင် ဆက်ပြီး ရှာဖွေနေခဲ့တာပါ”
“ငါ ရောက်သွားတော့လည်း သူနဲ့အတူ တစ်ညလုံး ရှာဖွေခဲ့ကြတာ မိုးလင်းမှပဲ ပြန်လာကြတာ”
“ မင်း... သူ့အပေါ် သိပ်ပြီး အငြိုးမထားပါနဲ့တော့။ မင်းမှာ ဒေါသထွက်စရာတွေ ရှိတယ်ဆိုရင် ဆရာတစ်ယောက်ဖြစ်တဲ့ ငါ့အပေါ်ကိုပဲ ပုံချလိုက်ပါ”
“ ဒီနေ့ ငါ့တပည့်ကိုယ်စား မင်းကို ခေါင်းတစ်ကြိမ် ငုံ့ပေးပါမယ်…”
“.. တိနွီဖုန့်... တောင်းပန်ပါတယ်"
သူ ဤသို့ ခေါင်းငုံ့ရခြင်းမှာလည်း ရွေးချယ်စရာ မရှိသောကြောင့်ပင်။
တိနွီဖုန့်၏ စိတ်ခံစားချက်ကို အမြန်ဆုံး မချော့မြှူနိုင်လျှင် သူမ ဘာတွေများ လုပ်လာမည်ကို မည်သူက သိနိုင်မည်နည်း။
ယခုအချိန်တွင် အင်မော်တယ်စိမ့်မြေတောမှ ကပ်ဘေးပါမိစ္ဆာကို ရှာမတွေ့သေးဘဲ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းမှ လူများလည်း ထိုနေရာတွင် ရှိနေသေးလေ၏။
အကယ်၍ သူမသာ သွားပြီး ပြဿနာတစ်ခုခု သွားရှာလိုက်လျှင် ရှုတောင်ဂိုဏ်းလည်း မျက်နှာပျက်ရပေလိမ့်မည်။
တပည့်တစ်ယောက် ဆုံးရှုံးသွားရသော သူမ၏ ဝမ်းနည်းကြေကွဲမှုကို ထည့်တွေးကာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ရန်သူဟောင်း ဖြစ်နေသည့်တိုင် ဝမ်ရွှမ်လင်က သူမကို တောင်းပန်ခဲ့လေသည်။
ဤနှစ်များတစ်လျှောက်လုံး သူ သူတစ်ပါးကို ခေါင်းငုံ့ဖူးသည်မှာ ဤအကြိမ်က ပထမဆုံးအကြိမ်ပင်။
တိနွီဖုန့်က သူ၏စကားများကို ကြားပြီးမှ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများက အရောင်လက်လာတော့၏။
'ဒီလူနှစ်ယောက်က ချူလျန် ပြန်ရောက်နေပြီဆိုတာကို မသိဘဲ ငါ့တပည့်က အင်မော်တယ်စိမ့်မြေတောထဲမှာ သေသွားပြီလို့ ထင်နေကြတာကိုး...'
ချူလျန် ပြောပြခဲ့သော အဖြစ်အပျက်များကို တွေးကြည့်လိုက်ရာ သူက မြေအောက်ရေကြောမှတစ်ဆင့် ပင်လယ်ထဲသို့ ဝင်ကာ ထွက်လာခဲ့ခြင်းဖြစ်သဖြင့် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းမှ လူများ သတိမထားမိခြင်းမှာလည်း အဆန်းမဟုတ်ပေ။
ထို့ကြောင့် တိနွီဖုန့်က မျက်နှာအမူအရာကို အလွန်အမင်း ချဲ့ကားလိုက်ပြီး အော်လိုက်လေ၏။
"ဘာပြောတယ်…"
"ငါ့ရဲ့ တပည့်ကောင်းလေး… ငါ သွေးချွေးတွေ အများကြီး ရင်းပြီး ပျိုးထောင်လာခဲ့ရတဲ့ ငါ့တပည့်ကောင်းလေးက အင်မော်တယ်စိမ့်မြေတောထဲမှာ အဲဒီလိုကြီး သေသွားပြီလား”
“ ဘုရားရေ...။ ငါက ဒီတပည့်လေးကိုပဲ အားကိုးပြီး အိုစာမင်းစာ ရှာခိုင်းမလို့ကို... ဒီနေ့ကျမှ အသက်ကြီးတဲ့လူက အသက်ငယ်တဲ့လူကို လိုက်ပို့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
“ မိုးနတ်မင်းကြီးရေ... အလှတရားရော ဉာဏ်ပညာရော ပြည့်စုံနေတဲ့ အားနွဲ့တဲ့ မိန်းကလေးတစ်ယောက်အပေါ် ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ”
“ မြေကြီးရေ... အနည်းဆုံးတော့ ငါ့တပည့်လေးကို ဘယ်မှာမြှုပ်ထားလဲဆိုတာ ပြောပြပါဦး…သူ့ကို သူစိမ်းတရံသော အရပ်မှာ အရိုးမဆွေးပါစေနဲ့။ အား..."
သူမက အလွန်အကျွံ ငိုယိုအော်ဟစ်နေလေရာ အမှန်တကယ်ပင် နှလုံးသားကွဲကြေမတတ်၊ အူစွတ်မတတ် ဖြစ်နေပြီး မြင်ရသူအဖို့ ဝမ်းနည်းစရာကောင်းကာ ကြားရသူအဖို့ မျက်ရည်ကျချင်စရာ ကောင်းလှပေသည်။
"မင်း ဆက်မငိုပါနဲ့တော့..."
နောက်ဆုံးတွင် ဝမ်ရွှမ်လင်က သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး ပြောလိုက်လေ၏။
"ငါတို့လို ကျင့်ကြံသူတွေ တစ်သက်လုံး မိစ္ဆာတွေကို နှိမ်နင်းပြီး တာအိုကို စောင့်ရှောက်လာတာ။ သေခြင်းရှင်ခြင်းဆိုတာ ဘယ်လိုလုပ် ထူးဆန်းတဲ့ကိစ္စ ဖြစ်နိုင်တော့မှာလဲ”
“ အခု တပည့်ကလည်း ဆုံးသွားပြီဆိုတော့ မင်း ဆက်ပြီး ဝမ်းနည်းနေလို့ရော ဘာထူးမှာလဲ…"
"အနည်းဆုံးတော့ လျော်ကြေးငွေလေး ဘာလေး ပေးသင့်တာပေါ့"
တိနွီဖုန့်၏ မျက်နှာက ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
"..."
ဝမ်ရွှမ်လင်တို့ ဆရာတပည့်နှစ်ယောက်လုံး ဆွံ့အသွားပြီး သူမ၏ မျက်နှာပြောင်းလဲမှု အရှိန်အဟုန်ကြောင့် အံ့သြမှင်တက်သွားကြလေသည်။
"ငါ့အိုစာမင်းစာအတွက် အားထားရမယ့် တစ်ဦးတည်းသော တပည့်လေး မရှိတော့ဘူးဆိုတော့ အနည်းဆုံး ငါ အားကိုးရာလေးတော့ ရှိသင့်တယ်မလား"
တိနွီဖုန့်က သူတို့ အသံမထွက်သည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် နှုတ်ခမ်းကိုစူကာ ငိုယိုအော်ဟစ်လိုက်ပြန်သည်။
"မိုးနတ်မင်းကြီးရေ..."
"ရပြီ ရပြီ ရပြီ"
ဝမ်ရွှမ်လင်က အလျင်အမြန် လက်ကာပြလိုက်၏။
"မင်း ဘယ်လောက်လိုချင်လဲ.."
"ငါ နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့ရတဲ့ ငါ့ရဲ့ တပည့်ကောင်းလေးဆိုတော့ အနည်းဆုံး ဓားဒင်္ဂါး နှစ်သောင်းတော့ ရသင့်တယ်မလား"
တိနွီဖုန့်က ချက်ချင်းပင် အသံတိတ်ကာ ပြောလိုက်လေ၏။
"နှစ်သောင်း..."
ဝမ်ရွှမ်လင်က လေအေးတစ်ချက် ရှူသွင်းလိုက်မိတော့သည်။
သူက တောင်ထွတ်အားလုံး၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ထဲတွင် အရင်းအမြစ် အများဆုံး ရှိနေသော်လည်း သူ၏လက်အောက်တွင် တပည့်အများဆုံး ရှိနေပေ၏။
တစ်ယောက်ချင်းစီကို ဆင်းဆင်းရဲရဲ ကျွေးမွေးမည်ဆိုလျှင်ပင် အကုန်ပေါင်းလိုက်ပါက ကုန်ကျစရိတ် အလွန်ကြီးမားလှပေသည်။
ရှုတောင်ဂိုဏ်းရှိ တောင်ထွတ်သခင်များထဲတွင် လက်တွေ့၌ သူက အကျပ်တည်းဆုံးသူ တစ်ဦးဖြစ်ချေ၏။ (သေချာပေါက် တိနွီဖုန့်မှလွဲ၍ပေါ့လေ)
"ဒါက သိပ်မဈေးကြီးပါဘူး။ အခုခေတ်ကြီးမှာ ငါ့အိမ်အပြင်ဘက်က ဟူသားရဲလေးတောင် တစ်သောင်းကျော် တန်နေပြီ..."
တိနွီဖုန့်က သူ တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရသဖြင့် ထပ်မံ ငိုယိုလိုက်ပြန်သည်။
"ချူလျန်ရေ..."
"ဟင်”
တိုက်တိုက်ဆိုင်ဆိုင် တံခါးအပြင်ဘက်သို့ ရောက်လာသော ချူလျန်က ကြားလိုက်ရသဖြင့် အလျင်အမြန် ဝင်လာခဲ့လေ၏။
"ဆရာသခင်... ကျုပ်ကို ခေါ်လိုက်တာလား…"