ယင်အသေးစား
Vol. 19 Ch. 182
ချူလျန် ရောက်လာရခြင်းမှာ သဘာဝကျကျပင် ကိစ္စရှိနေသောကြောင့် ဖြစ်သည်။
သူသည် ပြန်ရောက်ပြီးနောက် အနည်းငယ် အနားယူလိုက်သော်လည်း လုပ်စရာကိစ္စများ ပုံနေသေးကြောင်း သတိရသွားသဖြင့် အိပ်ရာမှ ပြန်ထလာခဲ့ရခြင်းဖြစ်သည်။
ပထမဆုံးအနေဖြင့် စီနီယာအစ်မကျန်းထံ ပေးရန်ရှိသော ပစ္စည်းကိစ္စဖြစ်လေသည်။
သူက ကျန်းယွဲ့ပိုင်ထံ စက္ကူကြိုးကြာငှက်တစ်ကောင် အရင်ဆုံး လွှတ်လိုက်သော်လည်း အကြောင်းပြန်စာ မရသေးပေ။
ထို့နောက် ရွှေအမြုတေ ဖွဲ့စည်းရေးကိစ္စအတွက် ပြင်ပအမြုတေတစ်လုံး ဖော်စပ်ရန် လိုအပ်လေသည်။
ရွှေအမြုတေ ဖွဲ့စည်းရန် ပါဝင်ပစ္စည်း နှစ်စုံကို သူ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။
ယင်းတို့တွင် အဆင့်မြင့်ရွှေအမြုတေအတွက် လိုအပ်သော ကမ္ဘာမြေရတနာ နှစ်ခုနှင့် အကောင်းဆုံးအဆင့် ရွှေအမြုတေအတွက် လိုအပ်သော အင်မော်တယ်တက်လှမ်းမြက်ပင် တစ်ပင်တို့လည်း ပါဝင်ပေသည်။
သို့သော် ထိုအရာများကို ပြင်ဆင်ပြီးမှသာ သူ့တွင် စတုတ္ထအဆင့်အတွက် ကျင့်စဉ် မရှိသေးကြောင်း သတိရသွားခဲ့သည်။
ရွှေအမြုတေဖွဲ့စည်းရာတွင် အသုံးပြုရမည့် အသေးစိတ်ချီလှည့်ပတ်မှု နည်းလမ်းများက ထိုကျင့်စဉ်ထဲတွင် ပါဝင်လေရာ ကိစ္စကြုံလာမှသာ သူ သတိရသွားခြင်း ဖြစ်၏။
ကိုးသွယ်ကောင်းကင် နက်ရှိုင်းနှလုံးသားကျင့်စဉ်၏ အဆင့်တစ်ခုချင်းစီအတွက် အခြေခံကျင့်စဉ်များကို တပည့်များထံ ကြိုတင်ပေးထားလေ့ မရှိပေ။
ပုံမှန်အားဖြင့် နောက်တစ်ဆင့်သို့ ရောက်ရှိသွားမှသာ ကျင့်စဉ်အသစ်ကို ပေးအပ်လေ့ရှိသည်။
ဤအရာက ပိုက်ဆံပေးဝယ်ရန် မလိုဘဲ တောင်ထွတ်သခင်များအားလုံး၏ လက်ထဲတွင် ရှိတတ်သည်။
ချူလျန်က ဆရာသခင်ထံမှ တောင်းရန် မေ့သွားခဲ့သဖြင့် ယခုမှ ပြန်ပြေးလာခဲ့ရခြင်း ဖြစ်လေသည်။
သို့သော် အဝေးမှနေ၍ သူ့နာမည်အား အော်ဟစ်ငိုယိုနေသော တိနွီဖုန့်၏ အသံကို ကြားလိုက်ရလေသည်။
သူ့အတွက် နာရေးလုပ်ပေးနေသကဲ့သို့ ဖြစ်နေသဖြင့် ဘာတွေဖြစ်နေသလဲဆိုသည်ကို ကြည့်ရန် သူ အမြန်ဝင်လာခဲ့ရ၏။
အခန်းထဲသို့ ဝင်ဝင်ချင်းပင် ဝမ်ရွှမ်လင်နှင့် ရွှီဇီယန်တို့ လန့်သွားကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးက ကျင့်ကြံသူများ ဖြစ်နေ၍ လူလား၊ သရဲလားဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိမြင်နိုင်ကြသည်။
သို့မဟုတ်ပါက သူ၏ ဝိညာဉ် ပြန်ရောက်လာသည်ဟု ထင်သွားနိုင်ပေသည်။
"မင်း ဘာမှမဖြစ်ဘူးလား"
ဝမ်ရွှမ်လင်က အရင်ဆုံး သတိဝင်လာကာ မေးလိုက်၏။
ချူလျန်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအချို့ ရထားသော်လည်း ရွှီဇီယန်နှင့် ယှဉ်လျှင် အများကြီး သက်သာနေသေးရာ ကြီးမားသော ပြဿနာဟု မဆိုသာပေ။
ရွှီဇီယန်ကလည်း မေးလိုက်သည်။
"ဂိုဏ်းတူညီလေးချူလျန် မင်း အင်မော်တယ်စိမ့်မြေထဲက ဘယ်အချိန်ကတည်းက ထွက်လာခဲ့တာလဲ"
တိနွီဖုန့်၏ ငိုသံမှာလည်း ရုတ်တရက် ရပ်တန့်သွားချေပြီ။
လေထုက အနည်းငယ် အနေရခက်သွား၏။ ချူလျန်က ဉာဏ်ပြေးသွားကာ အခြေအနေမဟန်ကြောင်း ရိပ်မိလိုက်သဖြင့် အမြန်ပြောလိုက်သည်။
"ဝမ်စီနီယာဦးလေး၊ ဆရာသခင်၊ ဂိုဏ်းတူအစ်ကိုရွှီ... ကျုပ် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တချို့ ကြုံလိုက်ရလို့ ခုလေးတင် ရှုတောင်ကို ပြန်ရောက်တာပါ"
"ခုလေးတင် ဟုတ်လား"
ဝမ်ရွှမ်လင်က တိနွီဖုန့်အား တစ်ချက်စောင်းကြည့်လိုက်ပြီးနောက် စိတ်ထဲမှ ချက်ချင်း သဘောပေါက်သွားလေသည်။
ချူလျန်တစ်ယောက် စောစောကတည်းက ပြန်ရောက်နေခြင်း ဖြစ်နိုင်ပေသည်။
သို့မဟုတ်ပါက တိနွီဖုန့်က မည်ကဲ့သို့ ဤမျှ တည်ငြိမ်နေမည်နည်း။ ပြီးတော့ ဤအချက်ကို အသုံးချကာ လိမ်လည်လှည့်စားရန် ကြိုးစားနေသေး၏။
တကယ်ကို အရှက်မရှိ ယုတ်မာလွန်းလှပေသည်။
"ဟုတ်ပါရဲ့ တပည့်လေး... မင်း ဘယ်လိုများ ပြန်ရောက်လာတာလဲ”
“ အားလုံးကို မြန်မြန် ပြောပြပါဦး ဆရာသခင်ကတော့ မင်းအတွက် စိတ်ပူလိုက်ရတာ သေမတတ်ပဲ"
တိနွီဖုန့်က အမြန် ဝင်ပြောလိုက်သည်။
"အာ..."
ချူလျန်ကလည်း စကားထောက်လိုက်သည်။
"ကျုပ် ဆရာသခင်ဆီ သတင်းပို့စရာ ကိစ္စလေးတွေ ရှိနေတာပါ”
“ ဝမ်စီနီယာဦးလေးလည်း ရှိနေတော့ အတူတူ နားထောင်ပေးပါဦး"
စကားအဆုံးတွင် သူသည် စောစောက တိနွီဖုန့်ကို ပြောပြခဲ့သည့် အဖြစ်အပျက်များအားလုံးကို နောက်တစ်ခေါက် ထပ်ပြောပြလိုက်လေသည်။
ရှင်းပြနေသည့် တစ်လျှောက်လုံးတွင် တိနွီဖုန့်သည် ပထမဆုံးအကြိမ် နားထောင်ရသကဲ့သို့ ဟန်ဆောင်နေ၏။
ထို့အပြင် ပို၍ပင် အပိုလုပ်နေသေးကာ "အင်း"၊ "အာ"၊ "အိုး"၊ "သောက်ကျိုးနည်း" စသဖြင့် အလျဉ်းသင့်သလို ဝင်၍ အသံပြုပေးနေသေးသည်။
ထိုအဖြစ်အပျက်များကို နားထောင်လိုက်ရသောအခါ ဝမ်ရွှမ်လင်၏ ရင်ထဲတွင် ခုဏလေးတင် ဖြစ်တည်လာခဲ့သော ဒေါသများပင် ပြေလျော့သွားချေပြီ။
"ကောင်းကင်မူလဂူဗိမာန်... ကျန်းခွေး..."
ဝမ်ရွှမ်လင်က ထိုအမည်ကို ကြားပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်၏။
"လူ့လောကက ကျန်းမျိုးရိုးနဲ့ အဋ္ဌမအဆင့် ကောင်းကင်မူလ ကျင့်ကြံသူဆိုရင် သေချာပေါက် မိသားစုကြီးသုံးခုထဲက ကျန်းမိသားစုကပဲ ဖြစ်ရမယ်”
“ ပြီးတော့ အရေအတွက်ကလည်း သိပ်များနိုင်မှာ မဟုတ်ဘူး”
“ နှစ်ပေါင်းတစ်သောင်းအတွင်းက မှတ်တမ်းတွေကို ပြန်ရှာကြည့်လိုက်ရင် စီနီယာကျန်းခွေးရဲ့ ဘဝမှတ်တမ်းကို သေချာပေါက် ရှာတွေ့နိုင်မှာပါ"
"ကပ်ဘေးဖုတ်ကောင်က သူ့ကြောင့် ဖြစ်လာတာဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲဆိုတာတော့ မသိဘူး…ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို စတေးပြီး အင်မော်တယ်တက်လှမ်းမြက်ပင် ရှင်သန်အောင် လုပ်ပေးခဲ့တာနဲ့တင် နောင်လာနောက်သား လူသားပါရမီရှင်တွေအတွက် ကူညီပေးခဲ့တဲ့ ကျေးဇူးက အတိုင်းမသိ ကြီးမားလွန်းတယ်”
“ အကောင်းဆုံးအဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တဲ့ လူသားပါရမီရှင်တွေ ဒီနှစ်တွေအတွင်းမှာ ဖန်တီးခဲ့တဲ့ အောင်မြင်မှုတွေကလည်း သူ့ကျေးဇူးတွေ ပါဝင်နေမှာ သေချာတယ်"
"ဟုတ်ပါတယ်"
ချူလျန်က ခေါင်းညိတ် ထောက်ခံလိုက်၏။
"ဟိုကောင်မလေးကတော့ တကယ်ကို ဆန်းကြယ်လွန်းတယ်… အင်မော်တယ်စိမ့်မြေထဲက ကပ်ဘေးပါဖုတ်ကောင်ဆိုတာ သူမကိုယ်တိုင် ဖြစ်နေနိုင်ခြေလည်း ရှိတယ်”
“ မြေအောက်ရေကြောကနေ တောင်ပိုင်းပင်လယ်ကို တိုက်ရိုက် ဆက်သွယ်ထားတာကိုး... ဘာမှ ရှာမတွေ့ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး"
ဝမ်ရွှမ်လင်က ဆက်၍ သုံးသပ်လိုက်လေသည်။
ပါကွရှစ်ပါး တန်းခိုးရှင်ကြေးမုံက အင်မော်တယ်စိမ့်မြေကို ပိတ်ဆို့လိုက်ချိန်တွင် ထိုငါးကြီးသည် စောစောကတည်းက ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်နိုင်ပေသည်။
ပုံမှန်အားဖြင့် ကပ်ဘေးပါဖုတ်ကောင်များ အင်မော်တယ်ရွှံ့ညွန်အိုင်မှ ထွက်ခွာသွားပြီဆိုပါက ကမ္ဘာမြေကို တုန်လှုပ်စေသော သဘာဝဘေးအန္တရာယ်များလည်း တစ်ပါတည်း ကျရောက်လာတတ်လေသည်။
ထို့ကြောင့် သီးခြားဒေသတစ်ခုဆီသို့ သွားရောက်ရှာဖွေရန်သာ လိုအပ်ပြီး ခြေရာဖျောက်ထားရန်ဟူသည်မှာ အမြဲတမ်း ခက်ခဲသောကိစ္စ ဖြစ်သည်။
ထိုအချက်ကြောင့်ပင် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းမှ လူများကို ကပ်ဘေးပါဖုတ်ကောင်က အင်မော်တယ်စိမ့်မြေထဲတွင် ရှိနေဆဲဖြစ်သည်ဟူသော ပုံသေမှတ်ယူမှုကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။
"ဝေလငါးစီး အင်မော်တယ် ဆိုတာကတော့ ဘယ်က ပုဂ္ဂိုလ်ကြီးလဲ မသိဘူး… ပါဖုတ်ကောင်ရဲ့ အင်အားကို အသုံးချပြီး လူ့လောကကို ဒုက္ခမပေးဖို့ပဲ မျှော်လင့်ရတာပေါ့"
ဝမ်ရွှမ်လင်က နောက်ဆုံးအနေဖြင့် ပြောလိုက်၏။
ဝေလငါးစီးအင်မော်တယ်က စီနီယာအစ်မကျန်းထံ ပစ္စည်းပေးရန် သူ့အား အကူအညီတောင်းခဲ့သည့် ကိစ္စကိုမူ ချူလျန် ထုတ်မပြောခဲ့ပေ။
အကယ်၍သာ ထုတ်ပြောလိုက်ပါက ထိုသူ မည်သူမည်ဝါဖြစ်ကြောင်းကို ပို၍ လွယ်ကူစွာ ဖော်ထုတ်နိုင်မည် ဖြစ်သည်။
သို့သော် ဝမ်ရွှမ်လင်နှင့် ရွှီဇီယန်တို့ထက်စာလျှင် စီနီယာအစ်မကျန်းက မိမိနှင့် ပို၍ ရင်းနှီးကြောင်း ထင်ရှားပေသည်။
စီနီယာအစ်မကျန်းနှင့် အရင် တိုင်ပင်ပြီးမှသာ ဤကိစ္စကို အပြင်လူများထံ ဖွင့်ဟပြောဆိုရန် သူ ရည်ရွယ်ထား၏။
ထိုကိစ္စများအားလုံးကို စဉ်းစားပြီးနောက် ဝမ်ရွှမ်လင်က ချူလျန်အား အဓိပ္ပာယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်သည်။
"မင်းမှာ ထွက်ပြေးဖို့ အခွင့်အရေးရှိခဲ့ပေမဲ့ ဂိုဏ်းတူတွေကို ကယ်တင်ဖို့အတွက် ကိုယ့်သဘောနဲ့ကိုယ် ကျန်ခဲ့တယ်လို့ ကြားတယ်”
“ ဒီတစ်ခေါက် အင်မော်တယ်မြက်ပင်ကို ရခဲ့တာက ထူးဆန်းတဲ့ ကံတရားလို့ ဆိုနိုင်ပေမဲ့ မင်းရဲ့ မေတ္တာတရားနဲ့ သတ္တိတွေကြောင့် ရခဲ့တဲ့ ဆုလာဘ်တစ်ခုလို့လည်း ပြောလို့ရတယ်”
“ ကြိုးကြိုးစားစား ကျင့်ကြံပါ မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ တောက်ပနေမှာပါ"
သူက ရင်ထဲမှလှိုက်လှဲစွာ ချီးကျူးလိုက်လေသည်။ ထို့နောက် တိနွီဖုန့်ကို တစ်ချက် စောင်းကြည့်ကာ ဆက်ပြောလိုက်၏။
"မင်းရဲ့ ဆရာသခင်ဆီက အကျင့်တွေကိုတော့ လိုက်မသင်နဲ့ပေါ့"
"ဟေး..."
တိနွီဖုန့်က မျက်လုံးပြူးကာ ပြောလိုက်သည်။
"ဒီအဘိုးကြီး... ငါ့မျက်နှာရှေ့မှာတင် အတင်းလာတုတ်နေတာလား… ငါ့မှာ ဒေါသမရှိဘူး ထင်နေလား"
"ဟမ့်"
ဝမ်ရွှမ်လင်က အင်္ကျီလက်စကို တစ်ချက်ခါလိုက်ပြီး လှည့်ထွက်သွားကာ ရွှီဇီယန်အား ပြောလိုက်၏။
"သွားကြစို့"
ဆရာနှင့် တပည့်နှစ်ယောက်သည် ငွေဓားတောင်ထွတ်မှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားကြလေသည်။
"ဟူး..."
တိနွီဖုန့်က ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်၏။
"ငါ့ရဲ့ ဓားဒင်္ဂါး နှစ်သောင်းကတော့ ဒီလိုပဲ လွင့်ပျံသွားခဲ့ရပြီ"
ချူလျန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။
အရှက်မရှိသည့် ကိစ္စနှင့် ပတ်သက်လျှင်မူ သူသည် ဆရာသခင်ထံမှ အများကြီး သင်ယူရဦးမည်သာ။
...
ကိုးသွယ်ကောင်းကင် နက်ရှိုင်းနှလုံးသားကျင့်စဉ်၏ ရွှေအမြုတေအခန်းကို ရရှိပြီးနောက် ချူလျန်သည် စီနီယာအစ်မချန်စုကို ရှာရန် အဂ္ဂိရတ်ခန်းမဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။
သူ့အတွက် ပြင်ပအမြုတေကို အခမဲ့ ဖော်စပ်ပေးမည်ဟူသော သူမ၏ ကတိစကားကို သူ မှတ်မိနေသေးသည်။
ထင်ထားသည့်အတိုင်းပင် ချန်စုသည် ထိုနေရာ၌ မရှိပေ။
သူမက အင်မော်တယ်စိမ့်မြေမှ ယခုမှ ပြန်ရောက်လာခြင်းဖြစ်ရာ အဂ္ဂိရတ်ခန်းမတွင် တာဝန်လာထမ်းဆောင်နိုင်မည် မဟုတ်သည်မှာ သေချာလှသည်။
အဂ္ဂိရတ်ခန်းမမှ တာဝန်ခံတပည့်တစ်ဦးက ချန်စုထံသို့ လူရှာနေကြောင်း သတင်းစကားပါသော ပျံသန်းစာတစ်စောင်ကို ကူညီ၍ ပို့ပေးလိုက်သည်။
အချိန်အနည်းငယ် ကြာသောအခါ ချန်စု ကပျာကယာ ရောက်လာသည်ကို မြင်လိုက်ရပြီး ချူလျန်ကို မြင်သည်နှင့် သူမ၏ မျက်နှာတွင် အံ့ဩဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လွင်သွားလေသည်။
"ဂိုဏ်းတူမောင်လေးချူ... မင်း ဘာမှမဖြစ်ဘူးပဲ တကယ်ကို တော်ပါသေးတယ်"
ချန်စုက ပြုံးကာ ပြောလိုက်သည်။
"အင်မော်တယ်စိမ့်မြေမှာ ကပ်ဘေးပါဖုတ်ကောင် ပေါ်လာလို့ ကမောက်ကမတွေ ဖြစ်ကုန်တယ် ကြားတယ်”
“ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းက ထိပ်သီးပညာရှင်တွေတောင် အခြေအနေကို ထိန်းချုပ်ဖို့ သွားကြရတယ်ဆိုတော့ ငါတို့က မင်းရဲ့ လုံခြုံရေးအတွက် တစ်ချိန်လုံး စိတ်ပူနေခဲ့တာ"
"ကံကောင်းသွားတယ်ပဲ ဆိုရမှာပေါ့… ဘာမှမဖြစ်တဲ့အပြင် ကံဆိုးမသွားဘဲ ကံကောင်းလာပြီး အင်မော်တယ်တက်လှမ်းမြက်ပင် တစ်ပင်ပါ ရခဲ့သေးတယ်"
ချူလျန်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
"ဘာ... မင်း အင်မော်တယ်တက်လှမ်းမြက်ပင်တောင် ရလာခဲ့တယ်ပေါ့"
ချန်စု၏ မျက်လုံးများက တောက်ပသွားကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"မင်းက ကိုယ်ကျိုးစွန့်ပြီး ဂိုဏ်းတူတွေကို ကယ်တင်ခဲ့တာပဲ…အင်မော်တယ်တက်လှမ်းမြက်ပင် ရှိခဲ့ရင် မင်းက ပထမဆုံး ရသင့်တဲ့သူပါပဲ"
နှုတ်ဆက်စကားများ ပြောပြီးနောက်တွင် ချူလျန်က လိုရင်းကို တိုက်ရိုက် ပြောလိုက်၏။
"ဒီတစ်ခေါက် လာရတဲ့ အကြောင်းရင်းကတော့ စီနီယာအစ်မချန်ကို ပြင်ပအမြုတေလေး ဖော်စပ်ပေးဖို့ အကူအညီ လာတောင်းတာပါ"
"ပြဿနာမရှိပါဘူး"
ချန်စုက ပြောလိုက်သည်။
ချူလျန်လည်း သူ ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်လေသည်။
"ငရဲပင်လယ် ရွှေကြာပန်း ဟုတ်လား"
ချန်စုက ထိုကမ္ဘာမြေရတနာကို အံ့ဩတကြီး ကြည့်လိုက်၏။
"ဒါကို ရွှေအမြုတေ ဖွဲ့စည်းဖို့ သုံးတာက တကယ့်ကို ဇိမ်ကျလွန်းနေပြီ... ပြီးတော့ ဒီပုံစံအရ မင်းက နတ်ဘုရားကောင်းကင် ယင်အသေးစား ရွှေအမြုတေကို ကျင့်ကြံမလို့လား"
"ဟုတ်ပါတယ်"
ချူလျန်က ပြောလိုက်သည်။
သူ၏ အစီအစဉ်အရ ပထမဆုံးအကြိမ် ရွှေအမြုတေ ဖွဲ့စည်းရာတွင် လက်စမ်းကြည့်ရန်အတွက်ဖြစ်ပြီး ထိုရွှေအမြုတေကို ရုပ်သေးရုပ်အား ပေးသုံးရန် ရည်ရွယ်ထားသည်။
သူ့ကိုယ်ပိုင်အတွက်မူ ယန်အသေးစား ရွှေအမြုတေကို ချန်ထားခြင်းက ပိုကောင်းမည်မှာ သေချာပေသည်။
"ယောကျ်ားလေးတစ်ယောက်က ယင်အသေးစား ရွှေအမြုတေကို ကျင့်ကြံတာက... တကယ်ကို တွေ့ရခဲတဲ့ ကိစ္စပဲ"
ချန်စုက ပြုံးကာ ပြောလိုက်သည်။
"ဘာဆိုးကျိုးတွေ သက်ရောက်လာမလဲဆိုတာကို မင်း စိုးရိမ်စိတ် မရှိဘူးလား"
"ဆိုးကျိုး သက်ရောက်မှု ဟုတ်လား…"
ချူလျန်က မေးလိုက်၏။
"ဘာတွေများ မကောင်းတဲ့ အချက်တွေ ရှိလို့လဲ"
"ပြင်ပအမြုတေကနေ အတွင်းအမြုတေအဖြစ် ပြောင်းလဲသွားတဲ့အခါ မင်းခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားမှာလေ... ရွှေအမြုတေရဲ့ သဘာဝဓာတ်က လူရဲ့ခန္ဓာကိုယ်အပေါ် သဘာဝကျကျ သက်ရောက်မှု ရှိလာမှာပဲလေ"
ချန်စုက ပြောလိုက်သည်။
"ယောကျ်ားလေးတစ်ယောက်က ယင်အသေးစား ရွှေအမြုတေကို ကျင့်ကြံမယ်ဆိုရင် သူ့ရဲ့ စရိုက်က တဖြည်းဖြည်းနဲ့ အေးတိအေးစက်ဖြစ်လာပြီး၊ မိန်းမလျာဆန်တဲ့ အပြုအမူမျိုးတွေတောင် ရှိလာနိုင်တယ်..."
"အင်း..."
ချူလျန်က ခေတ္တမျှ စဉ်းစားလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤရွှေအမြုတေသည် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေမည်ဖြစ်ရာ သူ့အပေါ် သက်ရောက်မှု ရှိလာမည် မဟုတ်ပေ။
ထို့အပြင် အချိန်တန်လျှင် သူ့ထံတွင် ရွှေအမြုတေ နှစ်လုံး ရှိနေမည်ဖြစ်သဖြင့် သက်ရောက်မှု ရှိလာလျှင်ပင် တစ်ခုနှင့်တစ်ခု ခြေဖျက်ပေးနိုင်လောက်ရာ ကြီးမားသော ပြဿနာ မဟုတ်ချေ။
သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်စုက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ မင်းက ဒီငရဲပင်လယ် ရွှေကြာပန်းကို မထင်မှတ်ဘဲ ရလာခဲ့လို့ တခြား ကမ္ဘာမြေရတနာအသစ်ကို ထပ်မရှာချင်တော့တာမျိုးလည်း ဖြစ်နိုင်တာပဲလေ”
“ ဒီလောက် သက်ရောက်မှုလေးကို မင်း ဂရုမစိုက်ဘူးဆိုရင်လည်း မရတာတော့ မဟုတ်ပါဘူး… ယင်အသေးစား ရွှေအမြုတေက ထိုက်ယင်ရွှေအမြုတေမှ မဟုတ်တာ... အဲဒီလောက် ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုတော့ ရှိလာမှာ မဟုတ်ပါဘူး"
"ထိုက်ယင် ရွှေအမြုတေလည်း ရှိသေးတာလား"
ချူလျန်က သူမကို ကြည့်လိုက်၏။ ဤအကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
"သေချာပေါက် ရှိတာပေါ့… ထိုက်ယင်နဲ့ ထိုက်ယန် ရွှေအမြုတေ နှစ်မျိုးက အစွန်းရောက်ဆုံးနဲ့ အစွမ်းအထက်ဆုံးတွေလေ"
ချန်စုက ပြောလိုက်သည်။
"ဒါပေမဲ့ ငါတို့ ရှုတောင်က ဒီရွှေအမြုတေ နှစ်မျိုးလုံးကို ဖျက်သိမ်းပစ်ခဲ့တာ ကြာပါပြီ"
"ဘာဖြစ်လို့လဲ"
ချူလျန်က မေးလိုက်၏။
"ဒီရွှေအမြုတေ နှစ်မျိုးက လူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှု အရမ်းကြီးလွန်းလို့လေ"
ချန်စုက ရှင်းပြလိုက်သည်။
"မိန်းကလေးတစ်ယောက်က ထိုက်ယင်ရွှေအမြုတေကို ကျင့်ကြံရင်တောင် တဖြည်းဖြည်းနဲ့ အုံ့မှိုင်းပြီး အေးစက်တဲ့ သံယောဇဉ်မဲ့လမ်းစဉ်ဆီ ဦးတည်သွားတတ်တယ်….”
“ ယောကျ်ားလေး ကျင့်ကြံမယ်ဆိုရင် ပိုတောင် ကြောက်စရာကောင်းသေးတယ် တစ်ကိုယ်လုံးက တဖြည်းဖြည်းနဲ့ မိန်းမလျာလို ဖြစ်လာတတ်တာ ထိုက်ယန်ရွှေအမြုတေကတော့ ပြောင်းပြန်ပဲ”
“ လူကို ဒေါသကြီးပြီး ရက်စက်ကြမ်းကြုတ်လာစေပြီး တဏှာရာဂ ဖျက်ဆီးခြင်းလမ်းစဉ်ဆီ ရောက်သွားစေတတ်တယ် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းထဲမှာ အထူးခြားဆုံးဖြစ်တဲ့ ထိုက်ယင်ဂိုဏ်းက ထိုက်ယင်ရွှေအမြုတေကိုပဲ သီးသန့် ကျင့်ကြံကြတာလေ ဒါကြောင့် သူတို့က အမြဲတမ်း တခြား အင်မော်တယ်ဂိုဏ်းတွေနဲ့ အဆက်အဆံ ကင်းကွာနေကြတာပေါ့"
'ဪ... ဒီလိုကိုး'
ထိုက်ယင်နှင့် ထိုက်ယန် ရွှေအမြုတေများ အဘယ်ကြောင့် မရှိရသနည်းဆိုသည်ကို ချူလျန် ယခုမှပင် သဘောပေါက်သွားချေပြီ။ ဘေးထွက်ဆိုးကျိုး များလွန်းသဖြင့် ဖယ်ရှားပစ်ခဲ့ခြင်း ဖြစ်ပေသည်။
စဉ်းစားပြီးနောက် သူက ပြောလိုက်၏။
"စီနီယာအစ်မတော်ချန်ပဲ ကျုပ်အတွက် ယင်အသေးစား ရွှေအမြုတေကို ဖော်စပ်ပေးပါဗျာ"
"ကောင်းပါပြီ"
ချန်စုက သူ တင်းခံနေသည်ကို မြင်သောအခါ ထပ်မပြောတော့ဘဲ ဆေးဖော်စပ်ရန် စတင် ပြင်ဆင်လေတော့သည်။
ပြင်ပအမြုတေ ဖော်စပ်ခြင်းသည် ဆေးဖော်စပ်သည့် ပညာရပ်များထဲတွင် အလွယ်ကူဆုံးဟု ဆိုနိုင်သည်။ ဆေးစွမ်းအာနိသင်များကို စုစည်းပေးလိုက်ရုံသာ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ လူက မျိုချပြီးနောက်တွင် တစ်ခုလုံးကို ပြန်လည် အရည်ပျော်စေကာ ပြန်လည်စုစည်းရမည့် လုပ်ငန်းစဉ်ကို ဖြတ်သန်းရဦးမည်သာ ဖြစ်သည်။
သို့သော် ချန်စုသည် ချူလျန် ပေးလာသော ပါဝင်ပစ္စည်းများကို ကြည့်ရင်း ရုတ်တရက် လက်တုန်လာသလို ခံစားလိုက်ရလေသည်။
ငရဲပင်လယ် ရွှေကြာပန်းကို ရွှေအမြုတေ ဖွဲ့စည်းသည့် ပစ္စည်းအဖြစ် အသုံးပြုခြင်းကပင် အလွန် ဇိမ်ကျလွန်းနေပြီ ဖြစ်၏။ ထို့အပြင် အကောင်းဆုံးအဆင့် ရွှေအမြုတေ ဖော်စပ်ရာတွင် သုံးသည့် အင်မော်တယ်မြက်ပင် တစ်ပင်ပါ ပါဝင်နေသေးသည်။
ရှုတောင်ပေါ်ရှိ ဆေးဖော်စပ်သည့် တပည့်များထဲတွင် အင်မော်တယ်တက်လှမ်းမြက်ပင်ကို ထိတွေ့ခွင့်ရသူ မည်မျှများ ရှိမည်နည်း။
ပြင်ပအမြုတေ ဖော်စပ်သည့် လုပ်ငန်းစဉ်တွင် ရွှေအမြုတေ ဖွဲ့စည်းမည့် တပည့်က ဘေးမှနေ၍ ကြည့်ရှုလေ့ရှိသည်။ အချိန်သိပ်မကြာသည့်အပြင် ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန်အတွက် ဖြစ်ပေသည်။
ချူလျန်က ဘေးမှနေ၍ ချန်စု၏ စိုးရိမ်နေသော ပုံစံကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။
"စီနီယာအစ်မချန်... သိပ်အများကြီး တွေးမနေပါနဲ့”
“ ကျုပ်ရဲ့ ရွှေအမြုတေ ပစ္စည်းတွေကို နှစ်စုံ ပြင်ဆင်ထားတာမို့လို့၊ တစ်ခါလောက် ကျရှုံးသွားရင်တောင် ကိစ္စမရှိပါဘူး"
ချန်စုက ပြောလိုက်၏။
"တခြားပစ္စည်းတွေက ပြင်ဆင်ရလွယ်ပါတယ်… ဒါပေမဲ့ တကယ်လို့ ကျရှုံးသွားရင် နောက်ထပ် အင်မော်တယ်တက်လှမ်းမြက်ပင် တစ်ပင်ကို ဘယ်သွားရှာမှာလဲ"
ချူလျန်သည် ထိုစကားကို ကြားသောအခါ ရုတ်တရက် စိတ်ထဲတွင် လှုပ်ရှားသွားလေသည်။
'ဟုတ်သားပဲ'
'ငါ စိုက်ထားတဲ့ အင်မော်တယ်တက်လှမ်းမြက်ပင်လေးကော ဘယ်လို အခြေအနေ ရှိနေပြီလဲ မသိဘူး'