မင်းက ကျုပ်ရဲ့ ညီအစ်ကိုရင်းပဲ
Vol. 19 Ch. 183
လူသားနယ်ပယ်မှ ကမ္ဘာမြေနယ်ပယ်သို့ အဆင့်တက်လှမ်းရန်နှင့် ဝိညာဉ်အသိအမြင်အဆင့်မှ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန်အတွက် မိမိ၏ ကျင့်ကြံခြင်းအခြေခံအဖြစ် ရွှေအမြုတေတစ်လုံး လိုအပ်ပေသည်။
ရွှေအမြုတေ ကျင့်ကြံခြင်းနည်းလမ်းမှာ ရှေးဦးစွာ မိမိကျင့်ကြံသော ကျင့်စဉ်နှင့် ကိုက်ညီသည့် ဆေးဖော်စပ်မှု အရင်းအမြစ်များကို ပေါင်းစပ်ကာ ဝိညာဉ်စွမ်းအင် ပြည့်ဝနေသော ပြင်ပအမြုတေတစ်လုံးကို ဖော်စပ်ရခြင်းပင်။
ကျင့်ကြံသူက ထိုပြင်ပအမြုတေကို မျိုချလိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ ချီပင်လယ်ဝိညာဉ်မီးလျှံဖြင့် အရည်ပျော်စေကာ ဆေးစွမ်းများကို တန်ထျန်းအတွင်းသို့ ပြန့်နှံ့စေရ၏။
ထိုအရာကို အထောက်အကူပြု၍ အတွင်းအမြုတေတစ်လုံးကို စုစည်းရခြင်း ဖြစ်လေသည်။
ချန်စုက အဂ္ဂိရတ်မီးဖိုကို ပြင်ဆင်လိုက်ပြီး ချူလျန်အတွက် ပြင်ပအမြုတေ ဖော်စပ်ပေးရန် ပြင်ဆင်လိုက်၏။
သူမ၏ မီးဖိုမှာ သိပ်မကြီးမားလှဘဲ ပတ်ပတ်လည်တွင် အပြာနှင့် အနီရောင် ပန်းနွယ်ပုံစံများ၊ ပန်းနှင့် ငှက်ပုံများ ရေးဆွဲထားလေသည်။
ပူပြင်းသော အရှိန်အဝါမျိုး မရှိဘဲ ကျော့ရှင်းသော အသွင်အပြင် ရှိနေကာ ကြည့်လိုက်သည်နှင့် မိန်းကလေးများ သီးသန့်အသုံးပြုသော ပစ္စည်းဖြစ်ကြောင်း သိသာနေပေသည်။
ထို့နောက် မီးဖို၏ အောက်ခြေတွင် မီးဝိညာဉ်အဆီခဲ လေးတုံးကို ချထားလိုက်၏။
ဤပစ္စည်းက နတ်ဘုရားမီးလျှံ အမျိုးအစားများကို ပြင်းထန်စွာ လောင်ကျွမ်းစေရန် ထောက်ပံ့ပေးနိုင်ပြီး ဈေးနှုန်းသက်သာကာ အဂ္ဂိရတ်ပညာရှင်များ အသုံးအများ လောင်စာတစ်ခု ဖြစ်လေသည်။
ချူလျန်သည် ဆေးဖော်စပ်ခြင်းကို ပထမဆုံးအကြိမ် လေ့လာဖူးခြင်းဖြစ်ရာ ဤအခွင့်အရေးကို ဆုပ်ကိုင်၍ လေ့လာသင်ယူရန် ပြင်လိုက်သည်။
အကယ်၍ မိမိကိုယ်တိုင် ဆေးဖော်စပ်သည့် နည်းစနစ်များကို တတ်မြောက်သွားပါက အကောင်းဆုံးပင် ဖြစ်ပေမည်။
ချန်စုက ဆေးဘက်ဝင်ပစ္စည်း အနည်းငယ်ကို ကျွမ်းကျင်စွာဖြင့် ဘေးတွင် ချထားလိုက်ပြီး စင်ပေါ်ရှိ ရွှေလင်ဗန်းတစ်ခုပေါ်တွင် သီးသန့် ထည့်ထားလိုက်သည်။
ထို့နောက် မီးဖို၏ အောက်ခြေတွင် ဝိညာဉ်ငါးပါး နတ်ဘုရားမီးလျှံကို ထွန်းညှိလိုက်၏။
ဤနတ်ဘုရားမီးလျှံ၏ အပူချိန်မှာ အမြင့်ဆုံးမဟုတ်သော်လည်း အတည်ငြိမ်ဆုံးဖြစ်ပြီး ပြင်ပအမြုတေ ဖော်စပ်ရာတွင် ဤမီးလျှံကိုသာ အသုံးပြုကြလေသည်။
အရောင်ငါးမျိုးရှိသော နတ်ဘုရားမီးလျှံ လောင်ကျွမ်းလာသည်နှင့်အမျှ မီးဖို၏ အရောင်မှာလည်း ချက်ချင်းဆိုသလို တောက်ပလာခဲ့၏။
ဘေးပတ်လည်ရှိ ပန်းချီကားများက ဝိညာဉ်အလင်းတန်းများ တောက်ပလာပြီး ပွင့်လန်းနေသော ပန်းများနှင့် ပျံသန်းနေသော ငှက်များမှာ လှည့်ပတ်နေသော မီးပုံးတစ်ခုအလား လှုပ်ရှားလာတော့သည်။
မီးတောက်များ ဟုန်းခနဲ တောက်လောင်လာချိန်တွင် ချန်စုကလည်း အာရုံစူးစိုက်သွားကာ ဆေးဘက်ဝင်ပစ္စည်းများကို သွက်လက်သော လက်ဟန်များဖြင့် ကိုင်တွယ်ဖြေရှင်းလိုက်၏။
အသင့်တော်ဆုံး မီးအပူချိန် အောက်တွင် ပစ္စည်းများကို မီးဖိုအတွင်းသို့ အစီအစဉ်အတိုင်း ထည့်သွင်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် ချီစွမ်းအင်ကို ဆွဲငင်ကာ ဆေးပင်များ၏ နေရာနှင့် လားရာကို အခါအားလျော်စွာ ပြောင်းလဲပေးနေလေသည်။
နောက်ဆုံးတွင် အနေတော်ဖြစ်သွားသည်ကို မြင်သောအခါ မီးဖိုအဖုံးကို ပြန်ပိတ်လိုက်သည်။
ချန်စုက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။
"ဟူး... နောက်ဆုံးအဆင့်လေးပဲ ကျန်တော့တယ်"
လက်ချောင်းများကို လှုပ်ရှားကာ မန္တန်လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ မီးဖိုအောက်ရှိ မီးတောက်များက ရုတ်တရက် ထက်ဝက်ခန့် ပိုမိုမြင့်တက်လာပြီး ဆက်တိုက် လောင်ကျွမ်းနေတော့သည်။
တစ်မဟုတ်ချင်း အချိန်တစ်ခုအထိ တိကျစွာ စောင့်ဆိုင်းပြီးနောက် ချန်စုက ချက်ချင်း လက်ရပ်လိုက်ကာ မီးတောက်များကို ရုပ်သိမ်းလိုက်၏။
ရောင်စုံတောက်ပနေသော မီးဖိုကြီးမှာ ချက်ချင်းပင် အလင်းရောင်များ ပျောက်ကွယ်သွားကာ မူလအတိုင်း ငြိမ်သက်သွားတော့သည်။
"ပြီးသွားပြီလား"
ချူလျန်က ချက်ချင်း ထရပ်လိုက်ရာ အချိန်ကြာမြင့်စွာ စောင့်စားနေခဲ့သည့်ပုံ ပေါက်နေလေသည်။
"ခဏလေး စောင့်ပါဦး"
ချန်စုက လက်ကိုမြှောက်ကာ မလောရန် အချက်ပြလိုက်၏။
"ခဏလောက် အားဖြည့်ပေးဖို့ လိုသေးတယ်"
"အင်း"
ချူလျန်က ခေါင်းညိတ်လိုက်သည်။
သူသည် ဆေးဖော်စပ်ခြင်းကို နားမလည်သော်လည်း ထမင်းချက်ဖူးသောကြောင့် ယုတ္တိရှိသည်ဟု ထင်လိုက်မိ၏။
ဤသို့ဖြင့် အချိန်အနည်းငယ် ကြာပြီးနောက် ချန်စုက မီးဖိုအဖုံးကို ဖွင့်လိုက်ရာ ချက်ချင်းပင် ဆေးရနံ့များ လွင့်ပျံ့လာတော့သည်။
ချူလျန်၏ စိတ်ထဲတွင် တုန်ခနဲ အသံများ အလိုအလျောက် ထွက်ပေါ်လာပြီး အရောင်ငါးမျိုးရှိသော အလင်းတန်းများက နဂါးမျက်လုံးအရွယ်အစားရှိ ရွှေအမြုတေတစ်လုံးကို ပင့်တင်လာခဲ့လေသည်။
"ဒါက အဆင့်မြင့်ဆုံး ရွှေအမြုတေပဲလား"
ချန်စုကလည်း လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသူတစ်ဦးအလား အံ့သြတကြီး ရေရွတ်လိုက်၏။
"ငါ အဆင့်မြင့်ဆုံး ရွှေအမြုတေကို ဖော်စပ်နိုင်တာ ပထမဆုံးအကြိမ်ပဲ... နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တယ်"
သူမက ပိုးကြိုးချည်သေတ္တာ တစ်လုံးကို ထုတ်ယူကာ ရွှေအမြုတေကို သေချာစွာ ထည့်သွင်းလိုက်ပြီး ချူလျန်ထံသို့ ကမ်းပေးလိုက်သည်။
"အင်မော်တယ်တက်လှမ်းမြက်ပင် ပါဝင်တဲ့အတွက် ရွှေအမြုတေရဲ့ တည်ငြိမ်မှုက အများကြီး မြင့်မားသွားပြီး အမြုတေဖြစ်တည်နိုင်စွမ်းကလည်း အလွန်မြင့်မားသွားပြီ”
“ ဒီနေရာကနေပဲ ဂျူနီယာမောင်လေးချူ လောကမှာ ရှားပါးလှတဲ့ အဆင့်မြင့်ဆုံး ရွှေအမြုတေကို ရရှိသွားတဲ့အတွက် ကြိုတင် ဂုဏ်ပြုလိုက်ပါတယ်"
အင်မော်တယ်တက်လှမ်းမြက်ပင်က အမြုတေဖြစ်တည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ခြင်းမှာ ယုတ္တိရှိပေသည်။
ထိုသို့မဟုတ်ပါက ပုံမှန်အမြုတေ ဖြစ်တည်ရာတွင် ကျရှုံးနိုင်ခြေ အလွန်မြင့်မားသဖြင့် ဤကဲ့သို့ ရှားပါးလှသော ပစ္စည်းများကို တစ်ကြိမ်သာ စမ်းသပ်နိုင်ပြီး နှစ်ထောင်ပေါင်းများစွာ ကြာမှသာ အဆင့်မြင့်ဆုံး ရွှေအမြုတေတစ်ခု ထွက်ပေါ်လာနိုင်ပေလိမ့်မည်။
"အကယ်လို့ အောင်မြင်သွားမယ်ဆိုရင်လည်း စီနီယာအစ်မချန်ရဲ့ မြင့်မားတဲ့ အဂ္ဂိရတ်ပညာရပ်တွေကြောင့်ပါပဲ"
ချူလျန်က ပြုံး၍ တုံ့ပြန်လိုက်၏။
ချန်စု၏ အဂ္ဂိရတ်ခန်းမှ ထွက်လာစဉ် မျက်နှာချင်းဆိုင်မှ ဝတ်ရုံဖြူဝတ်ဆင်ထားသော အရပ်မြင့်မြင့် အမျိုးသားတစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူ၏ ရုပ်ရည်မှာ သာမန်သာဖြစ်ပြီး မျက်နှာအသွင်အပြင်မှာလည်း ထူးခြားမှု မရှိပေ။
မူလက ချူလျန်သည် ထိုသူကို မသိသောကြောင့် ပခုံးချင်းပွတ်တိုက်ကာ ကျော်ဖြတ်သွားရန် ရည်ရွယ်ထား၏။
သို့သော် ဝတ်ရုံဖြူအမျိုးသားသည် သူ့ကိုမြင်လိုက်ချိန်တွင် မျက်ဆံများ ရုတ်တရက် ကျဉ်းမြောင်းသွားကာ အလွန်တုန်လှုပ်သွားပုံရကြောင်း သူ သတိထားမိလိုက်သည်။
သို့သော် ထိုသူက မည်သည့်စကားမှ မဆိုဘဲ သူ၏ ခံစားချက်များကို ချက်ချင်း ဖုံးကွယ်သွားလေသည်။
နောက်မှ ချူလျန်ကို လိုက်ပို့သော ချန်စုက အသံပြုလိုက်၏။
"စီနီယာအစ်ကိုလု"
"အင်း"
အမျိုးသားက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆက်လက် ထွက်ခွာသွားတော့သည်။
ချူလျန်က ထိုစိတ်ခံစားမှု ပြောင်းလဲသွားသည်ကို ဖမ်းဆုပ်မိသွားကာ မျက်မှောင်ကြုတ်ရင်း တစ်စုံတစ်ခုကို တွေးတောလိုက်မိ၏။
ခဏမျှ စဉ်းစားပြီးနောက် ချန်စုဘက်သို့ လှည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။
"စီနီယာအစ်မချန်... ဒီစီနီယာအစ်ကိုက ဘယ်သူလဲ"
"သူက အဂ္ဂိရတ်အကြီးအကဲရဲ့ နံပါတ်ကိုး တိုက်ရိုက်တပည့် စီနီယာအစ်ကိုလုရွှင်လေ သူက အစ်မတို့ အဂ္ဂိရတ်ခန်းမမှာ ရာထူးအတော်လေး မြင့်တယ်"
ချန်စုက ရှင်းပြလိုက်၏။
"အို..."
ချူလျန်က အဝေးသို့ ရောက်သွားသော ကျောပြင်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးမှသာ အဂ္ဂိရတ်ခန်းမမှ ထွက်ခွာလာခဲ့လေသည်။
...
အဂ္ဂိရတ်ခန်းမမှ ထွက်လာပြီး ကောင်းကင်တက်လှမ်းတောင်ထွတ်၏ ကွင်းပြင်သို့ ရောက်လာချိန်တွင် နောက်ကျောဘက်မှ အံ့သြတကြီး ခေါ်သံတစ်ခု ထွက်ပေါ်လာ၏။
"အစ်ကိုကြီး"
အနောက်သို့ လှည့်ကြည့်လိုက်ရာ ရှန်ဇီလျန်နှင့် သူ၏ နောက်လိုက်နှစ်ယောက်တို့ ဓားလဲလှယ်ရေးခန်းမမှ ထွက်လာစဉ် ချူလျန်ကို အမှတ်မထင် တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ရှန်ဇီလျန်က မျက်လုံးများ ပြူးကျယ်သွားကာ အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြေးလာတော့သည်။
သူ၏ ခါးမှာ အားမပါသေးကြောင်း သိသာနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက အရှေ့မှ ပြေးနေသော်လည်း အောက်ပိုင်းက အနောက်တွင် တွဲလွဲခိုနေသည့်ပုံစံ ဖြစ်နေလေသည်။
ပြေးလာသော လမ်းတစ်လျှောက်တွင်လည်း သူက အဆက်မပြတ် အော်ဟစ်လာ၏။
"အစ်ကိုကြီး... ခင်ဗျား ဘာမှမဖြစ်လို့ တော်ပါသေးတယ်… အစ်ကိုကြီး"
"ဟင်"
ချူလျန်က ဇဝေဇဝါ ဖြစ်သွားပြီး ရှန်ဇီလျန် ရောက်လာကာ သူ၏ လက်ကို လာကိုင်လိုက်ချိန်မှသာ မိမိကို ခေါ်နေခြင်းဖြစ်ကြောင်း သေချာသွားလေသည်။
"စီနီယာအစ်ကိုရှန်... ခင်ဗျား ကျုပ်ကို ဘယ်လိုခေါ်လိုက်တာလဲ"
"အစ်ကိုကြီးလေ"
ရှန်ဇီလျန်က မျက်ရည်များ ဝဲနေလျက် ပြောလိုက်၏။
"ခင်ဗျားရဲ့ အသက်ကယ် ခြေကန်ချက်သာ မပါခဲ့ရင်…. ခင်ဗျားကိုယ့်ကိုယ်ကိုယ် အင်မော်တယ် စိမ့်မြေတောထဲမှာ ချန်ထားရစ်ပြီး ကျုပ်ကို ရွှေတောင်ပံလင်းယုန်ပေါ် ကန်မတင်ပေးခဲ့ဘူးဆိုရင် ကျုပ် အဲ့ဒီမှာတင် သေနေလောက်ပြီ”
“ ခင်ဗျားက ကျုပ်ရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ နောက်ဆို ခင်ဗျားက ကျုပ်ရဲ့ အစ်ကိုကြီးပဲ… ရွှီဇီချင်က ကျုပ်ရဲ့ မရီးပဲ”
“ ကျုပ် ခင်ဗျားနဲ့ ဘယ်တော့မှ ပြိုင်မလုတော့ပါဘူး..."
"ဟေ့ ဟေ့ ဟေ့"
ချူလျန်က အမြန် လက်ကာပြပြီး သူ့ကို တားလိုက်ရသည်။
'သောက်ကျိုးနည်း... ပြောလေကဲလေပဲဟ'
ချူလျန်က စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
အနီးအနားတွင် ရွှီဇီယန် မရှိ၍ တော်သေးသည်။ ထိုသို့မဟုတ်လျှင် ရှင်းပြရန် လမ်းစရှိမည် မဟုတ်ချေ။
"စီနီယာအစ်ကိုရှန်... ဒီလောက်ထိ လုပ်စရာ မလိုပါဘူး"
ချူလျန်က အမြန် ရုန်းထွက်လိုက်ပြီး ရှင်းပြလိုက်၏။
"အဲ့ဒီတုန်းက ကျုပ် ခင်ဗျားကို ကယ်ခဲ့တာ ဂိုဏ်းတူအချင်းချင်း သံယောဇဉ်ကြောင့် သက်သက်ပါ…ပြီးတော့ ကျုပ်ဆီမှာ အသက်ဘေးက လွတ်မြောက်နိုင်မယ့် နည်းလမ်းတချို့ ရှိနေလို့ပါ”
“ ဒီလောက်ကြီး ကျေးဇူးတင်နေစရာ မလိုပါဘူး…အဲ့ဒီလို အခြေအနေမျိုးမှာ ခင်ဗျားသာ ကျုပ် အန္တရာယ်ကြုံနေတာကို မြင်ရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်..."
"ကျုပ် ကြည့်နေမှာပဲ"
ရှန်ဇီလျန်က ရုတ်တရက် ခေါင်းညိတ်လိုက်လေသည်။
"..."
ချူလျန်၏ ရှင်းပြချက်များမှာ ချက်ချင်း ရပ်တန့်သွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။
"ကျုပ် အရင်က ခင်ဗျားကို ရန်သူလို သဘောထားပြီး ဂျူနီယာညီမလေး ဇီချင်ရဲ့ မေတ္တာကို အပြိုင်လုချင်ခဲ့တာ… ပြီးတော့ ခင်ဗျားကို ဒုက္ခရောက်အောင် တိတ်တဆိတ် လှည့်ကွက်တွေတောင် သုံးခဲ့သေးတယ်..."
ရှန်ဇီလျန်က မျက်ရည်များ ဝဲနေလျက် ဆက်ပြောလေသည်။
"အဲ့ဒီတုန်းက ခင်ဗျား ကျုပ်ကို ကန်လိုက်တဲ့အချိန်မှာ ခင်ဗျား ဒေါသထွက်ပြီး လုပ်လိုက်တာလို့ တစ်ခဏလောက် ထင်လိုက်မိသေးတယ်…. နောက်မှ ခင်ဗျားက ကျုပ်ကို ကယ်နေတာမှန်း ရုတ်တရက် သဘောပေါက်သွားတာ..."
'ဒီလို ကိစ္စမျိုးလည်း ရှိသေးတာကိုး'
ချူလျန်က တွေးလိုက်မိ၏။
ဤကောင်က မိမိကို အချစ်ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ဒုက္ခပေးဖူးကြောင်း ချူလျန် ယခုမှသာ သိလိုက်ရပေသည်။
သူ အာရုံမခံနိုင်ခဲ့သည်မှာလည်း အပြစ်မဆိုသာပေ။ အဓိကအားဖြင့် ရှန်ဇီလျန်၏ လှည့်ကွက်တိုင်းက နောက်ဆုံးတွင် သူကိုယ်တိုင်သာ အထိနာခဲ့ပြီး ချူလျန်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိခဲ့သောကြောင့်ပင်။
ပထမအကြိမ်က ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့ကို ရင်းနှီးသွားစေခဲ့ပြီး ဒုတိယအကြိမ်က ချူလျန်နှင့် တီနွီဖုန့်တို့ကို ဓားဒင်္ဂါး အမြောက်အမြား ခြိမ်းခြောက်တောင်းယူခွင့် ရသွားစေခဲ့လေသည်။
နာမည်အရ ခြေထိုးခံခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင်မူ နွေးထွေးမှု လာပေးခြင်းသာ ဖြစ်နေပေသည်။
မျက်ရည်ပေါက်ကြီးပေါက်ငယ်ကျကာ အမှားများကို ဝန်ခံနေသော ရှန်ဇီလျန်ကို ကြည့်ရင်း ထိုခြေကန်ချက်မှာ ပေါ့သွားသေးကြောင်း ချူလျန်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။
တစ်ကိုယ်လုံး အကြောသေသွားအောင် မကန်လိုက်မိသည်မှာ အတော်လေး နှမြောစရာပင်။
သူ ပြောဆိုပြီးသွားသောအခါ ချူလျန်က ပြောလိုက်သည်။
"ကျုပ် အလေးအနက်ထား ပြောချင်တာ တစ်ချက်တော့ ရှိတယ်… အဲ့ဒါက ကျုပ်နဲ့ ဂျူနီယာညီမလေး ရွှီဇီချင်နဲ့ တကယ်ကို မရင်းနှီးတာပါပဲ”
“ ခင်ဗျား ကျုပ်ကို ဘယ်လိုပြောပြော ရပါတယ်… ဒါပေမဲ့ တခြားမိန်းကလေးရဲ့ ဂုဏ်သိက္ခာကိုတော့ မထိခိုက်ပါစေနဲ့"
"တကယ်လား"
ရှန်ဇီလျန်က ရုတ်တရက် ခေါင်းမော့လာပြီး မျက်ရည်များကြားမှ သူ၏ မျက်လုံးများက တောက်ပနေလေသည်။
"တကယ့်ကို အစစ်အမှန်ပါ"
ချူလျန်က ပြောလိုက်၏။
"အစ်ကိုကြီး... နောက်ဆို ခင်ဗျားက ကျုပ်ရဲ့ အစ်ကိုအရင်းပဲ"
ရှန်ဇီလျန်က ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။
"ဂျူနီယာညီမလေး ဇီချင်ကလည်း... ခင်ဗျားရဲ့ ခယ်မလေးပဲ"
'ဒါဆိုရင်တော့ မင်းလည်း အများကြီး တွေးလွန်းနေပြီ...'
ချူလျန်က စိတ်ထဲမှ တွေးကာ အရှက်ပြေ ရယ်မောလိုက်လေသည်။
ရှန်ဇီလျန်က နောက်လိုက်နှစ်ယောက်ကို လက်ယပ်ခေါ်ကာ ပြောလိုက်၏။
"နောက်ဆို ငါက မင်းတို့ရဲ့အစ်ကိုကြီး…ငါ့အစ်ကိုကြီးက မင်းတို့အစ်ကိုကြီးရဲ့ အစ်ကိုကြီးပဲ မှတ်ထားကြ"
နောက်လိုက်(က) နှင့် နောက်လိုက်(ခ) တို့က တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။
"အစ်ကိုကြီးရဲ့ အစ်ကိုကြီး"
"နေပါဦး နေပါဦး နေပါဦး..."
ချူလျန်က အမြန် လက်ကာပြကာ တားလိုက်ရ၏။ ပိုပိုပြီး ကမ်းကုန်လာပြီ မဟုတ်ပါလော။
"စီနီယာအစ်ကိုရှန် တကယ်ကို အားနာနေစရာ မလိုပါဘူး… နောင်လည်း ကျုပ်တို့ ဂိုဏ်းတူညီအစ်ကိုတွေလိုပဲ ဆက်ဆံကြတာပေါ့"
"ဒါဆိုရင်လည်း ကိုယ့်ဟာကိုယ်ပဲ ခေါ်ကြတာပေါ့ ခင်ဗျားက ကျုပ်ကို စီနီယာအစ်ကိုလို့ ခေါ်ပြီး ကျုပ်က ခင်ဗျားကို အစ်ကိုကြီးလို့ ခေါ်မယ်"
ရှန်ဇီလျန်က အလျှော့မပေးဘဲ ပြောလိုက်သည်။
"..."
ချူလျန်လည်း သူနှင့် ဆက်ပြီး အချေအတင် ပြောဆိုမနေချင်တော့သဖြင့် ဟုတ်ကဲ့ဟု အပေါ်ယံ ပြောဆိုကာ အမြန်ထွက်ခွာလာခဲ့ပြီး ငွေဓားတောင်ထွတ်သို့ ပြန်လာခဲ့တော့သည်။
ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ရွှီဇီယန်မှာ တောင်ကုန်းငယ်ရှေ့တွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
"စီနီယာအစ်ကိုရွှီ"
ချူလျန်က လှမ်းခေါ်လိုက်သည်။
"မနက်က ဆရာသခင်နဲ့ ထွက်လာတုန်းက မင်းကို ပြောပြဖို့ အချိန်မရလိုက်တဲ့ ကိစ္စလေးတစ်ခု ရှိလို့ပါ"
ရွှီဇီယန်က ပြောလိုက်၏။
"မင်းရဲ့ ဆဋ္ဌမအဆင့် စစ်ပွဲဝိညာဉ်က ဒီမှာရှိတယ်"
ပြောရင်းနှင့် သူက ကျောက်စိမ်းကရားတစ်လုံးကို ကမ်းပေးလာလေသည်။
ရွှီဇီယန်က ဆရာဖေးကို သိမ်းဆည်းထားပေးမည်ဟု ချူလျန် လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူပင် ထိုအဘိုးအိုကို မေ့လုနီးပါး ဖြစ်နေပြီဖြစ်ရာ အမြန်လှမ်းယူလိုက်ပြီး ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုရွှီ"
"ကျေးဇူးတင်စရာ မလိုပါဘူး"
ရွှီဇီယန်က ခပ်ဖျော့ဖျော့ ခေါင်းယမ်းလိုက်ပြီးနောက် ဆက်ပြောလေသည်။
"မင်းရဲ့ စစ်ပွဲဝိညာဉ်က သစ္စာဖောက်ချင်တဲ့ အရိုးခံရှိတယ် သူက ငါ့ကို အမြဲတမ်း သိမ်းသွင်းနေပြီး ငါ့အတွက် အလုပ်လုပ်ပေးချင်လို့တဲ့…”
“ ငါ့ကို ဒီကျောက်စိမ်းကရား ပြန်မပေးဖို့ ပြောနေတယ်"
"ဟ..ဟ"
ချူလျန်က ပြုံးလိုက်ပြီး မအံ့သြမိပေ။
ဆရာဖေး၏ အရိုးပြာများမှာ ဆယ်ပိဿာ အလေးချိန်ရှိပါက ထိုအထဲမှ ကိုးပိဿာရှစ်ဆယ်သားခန့်က သစ္စာဖောက်ချင်သော အရိုးများပင် ဖြစ်ပေလိမ့်မည်။
မိမိအနားတွင် နေရခြင်းက အခမဲ့ အလုပ်သမားဖြစ်နေသဖြင့် သူ ထွက်ပြေးချင်နေမည်မှာ အနည်းငယ်မျှ အံ့သြစရာ မဟုတ်ချေ။
အနည်းဆုံးတော့ ဤတစ်ကြိမ်တွင် သူ တကယ် ကြိုးစားအားထုတ်ပေးခဲ့သည်။ သူသာ မရှိခဲ့ပါက မိမိတွင်လည်း လူကယ်ရန် သတ္တိရှိခဲ့မည် မဟုတ်ပေ။
သူက ရွှီဇီယန်ကို ထပ်မေးလိုက်၏။
"ဒါဆို သူက ခင်ဗျားကို ဝိညာဉ်အမွှေးတိုင် သုံးတိုင် ထွန်းမှ သူ့ကို ခေါ်လို့ရမယ်လို့ ပြောသေးလား"
"သုံးတိုင်လား…"
ရွှီဇီယန်က ခေါင်းယမ်းလိုက်သည်။
"သူက သူ့ကို ခေါ်တဲ့အခါတိုင်း ဝိညာဉ်အမွှေးတိုင် နှစ်တိုင် လိုတယ်လို့ ပြောတာပဲ"
"ဟင်"
ချူလျန် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားတော့သည်။
ရုတ်တရက် အလွန် ဒေါသထွက်လာလေသည်။