ကိစ္စမရှိဘူး၊ ကျုပ်ဆီမှာ ရှိသေးတယ်
Vol. 19 Ch. 184
ကျန်းယွဲ့ပိုင်ထံ ပေးပို့ထားသော စက္ကူကြိုးကြာငှက်မှာ ယခုတိုင် အကြောင်းပြန်စာ မရသေးသဖြင့် သူမထံ ရုတ်တရက် သွားရှာရန်မှာလည်း မကောင်းပေ။
သူမ အကြောင်းမပြန်ခြင်းမှာ ကိစ္စတစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။ အားလပ်သွားချိန်တွင် အလိုလို အကြောင်းပြန်လာလိမ့်မည်...
ချူလျန်က ဤသို့ တွေးလိုက်မိသည်။
လက်ရှိတွင် အရေးအကြီးဆုံးကိစ္စမှာ ဂိုဏ်းတူအစ်မကျန်းအား ပေးရန် ပစ္စည်းများအပြင် အပြင်ဘက်တွင် စိုက်ပျိုးထားသော အင်မော်တယ်တက်လှမ်းမြက်ပင် ဖြစ်၏။
သူက သွားရောက်ကြည့်ရှုပြီးနောက် ပြန်လာပါက ရွှေအမြုတေဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို စတင်ရန် ရည်ရွယ်ထားသည်။
ထိုလိုဏ်ဂူဆီသို့ အရှိန်အဟုန်ဖြင့် သွားနေစဉ် ချူလျန်၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေမိသည်။
အင်မော်တယ်စိမ့်မြေမှ အင်မော်တယ်တက်လှမ်းမြက်၏ အရင်းအမြစ်ကို သိရှိပြီးကတည်းက ဤနေရာတွင် စိုက်ပျိုးထားသော အစေ့အဆန်များ အမှန်တကယ် အသီးအပွင့် ရလာမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
သို့သော် တကယ်လို့များ ဆိုရင်ရော...
လိုဏ်ဂူထဲသို့ ခြေလှမ်းဝင်လိုက်သည်နှင့် သူ၏ ပထမဆုံး မြင်လိုက်ရသည်မှာ ထိုမြေကွက်လပ်တွင် ဟာလာဟင်းလင်း ဖြစ်နေခြင်းပင်။
'ဟူး...'
ချူလျန်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ တကယ်ကို မရှိတော့ပေ။
နေဦး...
သူ၏ အကြည့်က ရုတ်တရက် ပြောင်းလဲသွားပြီး အနည်းငယ် ပုံမှန်မဟုတ်သည်ကို သတိပြုမိသွား၏။
အနီးသို့ ကပ်သွားရာ အရိုးများမြှုပ်နှံထားသော နေရာသည် ညီညာသော မြေပြင်မဟုတ်ဘဲ မြေကြီးပေါ်တွင် ကျင်းငယ်လေးတစ်ခု ရှိနေကာ အထဲရှိ အစေ့များမှာ ပျောက်ဆုံးနေကြောင်း မြင်တွေ့လိုက်ရသည်။
သူခိုးရှိနေတာလား... မဖြစ်နိုင်ဘူး...
ချူလျန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဝိညာဉ်အာရုံကို ချက်ချင်း ဖြန့်ကြက်ကာ သူ၏ခန္ဓာကိုယ်ကို အပြင်သို့ ပျံသန်းထွက်ခွာစေလိုက်သည်။
လိုဏ်ဂူပတ်လည်တွင် တစ်ပတ်လှည့်ပတ် ရှာဖွေပြီးနောက် နောက်ဆုံးတွင် သစ်ပင်ကြီးတစ်ပင်အောက်၌ ပုတိုတို ပျိုးပင်လေးတစ်ပင်ကို တွေ့ရှိသွားလေသည်။
ရွှေရောင် သစ်ရွက်ကြောများ သွေးကဲ့သို့ အကြောအမျှင်များ... ရှင်းလင်းစွာပင် အင်မော်တယ်တက်လှမ်းမြက် ဖြစ်နေချေပြီ။
ကောင်စုတ်လေးက ထွက်ပြေးချင်နေသေးတယ်ပေါ့...
ချူလျန်သည် ယခင်က အပင်ဝိညာဉ်ဆေး အမြောက်အမြားကို ဖြန်းထားသောကြောင့် ဝိညာဉ်စွမ်းအင် လုံလောက်ပြီး အခြေအနေပေးပါက အပင်များ၏ ပင်စည်၊ အရွက်နှင့် အကိုင်းအခက်များကဲ့သို့သော ပြင်ပအစိတ်အပိုင်းများကို အလွယ်တကူ လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်မည် ဖြစ်၏။
ပြင်ပအင်အားဖြင့် ဖြည့်ဆည်းရန် အခက်ခဲဆုံး တစ်ခုတည်းသောအရာမှာ ဝိညာဉ်စွမ်းအင်ပင် ဖြစ်သည်။
သို့သော် ထိုအချက်ကို ရွှေရောင်အရိုးစုက ဖြည့်ဆည်းပေးပြီး ဖြစ်လေသည်။
ဤအင်မော်တယ်တက်လှမ်းမြက် ပျိုးပင်သည် လုံလောက်သော ဝိညာဉ်စွမ်းအင်ကို စုဆောင်းမိပြီး လူသားများ၏ အငွေ့အသက် အမြောက်အမြားကို အာရုံခံမိသောကြောင့်သာ ဤမျှငယ်ရွယ်စဉ်မှာပင် မူလနေရာကိုစွန့်ခွာကာ လူစည်ကားရာ အရပ်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ရမည်။
ချူလျန် စောစောစီးစီး တွေ့ရှိသွား၍သာ တော်တော့သည်။ အကယ်၍ အနည်းငယ် နောက်ကျသွားပါက မည်သည့်နေရာသို့ ထွက်ပြေးသွားမည်ကိုပင် မသိနိုင်တော့ချေ။
အင်မော်တယ်တက်လှမ်းမြက် နှစ်ပင်က ဘာကိုဆိုလိုသနည်း။
ရွှေအမြုတေ နှစ်ခု….။
အကောင်းဆုံး ရွှေအမြုတေ နှစ်ခုပင် ဖြစ်ချေသည်။
အလွန်အမင်း စိတ်လှုပ်ရှားဖွယ် ကောင်းသော ရိတ်သိမ်းမှုက မျက်စိရှေ့တွင် ရှိနေသော်လည်း ချူလျန်၏ အမူအရာမှာ ပို၍ပင် တည်ငြိမ်နေလေသည်။
သူက ကြိုးနီတစ်ချောင်းကို ထုတ်ယူကာ ဤပျိုးပင်လေး၏ ပင်စည်ကို ဘေးရှိ သစ်ပင်ကြီးတွင် ညင်သာစွာ ချည်နှောင်လိုက်၏။ ထို့နောက် အပင်ဝိညာဉ်ဆေး တစ်ထုပ်ကို ထပ်မံဖြန်းပက်ကာ ဤပျိုးပင်လေးအား မြေသြဇာ ဖြည့်တင်းပေးလိုက်သည်။
အချိန်တစ်နာရီခန့် ကြာပြီးနောက် ထိုအချိန်အတွင်း ချူလျန်က ဘေးတွင်ထိုင်ကာ ရွှေအမြုတေဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ရှိ ကျင့်စဉ်များအကြောင်း အသေးစိတ် လေ့လာနေခဲ့သည်။
နောက်ဆုံးတွင် ထိုပျိုးပင်လေးသည် ရင့်ကျက်သော အင်မော်တယ်တက်လှမ်းမြက် အဖြစ်သို့ ကြီးထွားလာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက်မှသာ ဤအင်မော်တယ်တက်လှမ်းမြက်ကိုလည်း ဆွဲနှုတ်ယူကာ ငွေဓားတောင်ထွတ်သို့ ယူဆောင်သွားလေတော့သည်။
...
"ရွှေမွေးဟူ... မင်း ဒီတံခါးကို စောင့်ပေးထား”
“ကျုပ် အပြင်မထွက်လာမချင်း ဘယ်သူ့ကိုမှ ဝင်ပြီး အနှောင့်အယှက်ပေးခွင့် မပြုရဘူး… ကြားလား.."
ချူလျန်က ခေါင်းကြီးကို သေချာစွာ တံခါးစောင့်ခိုင်းပြီးနောက်မှ သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စတင်လုပ်ဆောင်လိုက်လေသည်။
ရွှေအမြုတေဖွဲ့စည်းခြင်းပင်။
'ကိုးသွယ်ကောင်းကင် နက်ရှိုင်းနှလုံးသားကျင့်စဉ်၏ ရွှေအမြုတေအခန်း' လမ်းညွှန်ချက်အရ။
သူက ပြင်ပအမြုတေကို ထုတ်ယူကာ သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် မော့၍ မျိုချလိုက်လေသည်။
ချက်ချင်းပင် ရင်ဘတ်နှင့် ဝမ်းဗိုက်အတွင်း၌ ကြီးမားလှသော ဝိညာဉ်စွမ်းအားများ ပြည့်နှက်သွားသည်ကို ခံစားလိုက်ရ၏။
ချက်ချင်းဆိုသလိုပင် နင်သွားသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။
"အွတ်..."
သူက ညစ်ညမ်းသော လေတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် ချက်ချင်းပင် လက်ချောင်းများဖြင့် မန္တန်ပြုကာ ချီလှည့်ပတ်မှုကို လည်ပတ်စေလိုက်သည်။
ခန္ဓာကိုယ်အတွင်းရှိ ချီပင်လယ်မှ လေဆင်နှာမောင်းတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်မီးတောက်တစ်ခုကို လှုံ့ဆော်ပေးလိုက်၏။
ဝိညာဉ်မီးတောက်က ပြင်ပအမြုတေကို လောင်ကျွမ်းစေကာ ကြီးမားကျယ်ပြန့်သော ဝိညာဉ်စွမ်းအားများကို တဖြည်းဖြည်း လောင်ကျွမ်းအရည်ပျော်စေပြီး ချီပင်လယ်အတွင်းသို့ ပျံ့နှံ့သွားစေသည်။
ထို့နောက် အတော်လေး ကျယ်ဝန်းနေပြီဖြစ်သော ချီပင်လယ်ကို ရုတ်တရက် ဖောင်းကားလာစေ၏။
ချက်ချင်းပင် ပြည့်ကျပ်သွားလေတော့သည်။
လမ်းညွှန်ချက်များစွာကို စောစီးစွာ ဖတ်ဖူးသော်လည်း ဤရွှေအမြုတေ ဝိညာဉ်စွမ်းအား အရည်ပျော်သွားပြီးနောက် ဤမျှ ကြီးမားလာလိမ့်မည်ဟု ချူလျန် အမှန်တကယ် စိတ်ကူးမယဉ်မိခဲ့ပေ။
အကယ်၍သာ ရုတ်တရက် ကာကွယ်နိုင်စွမ်း မရှိဘဲ ဤမျှ ကျယ်ပြန့်လာပါက ချီပင်လယ် ပေါက်ကွဲသွားနိုင်သည့် အန္တရာယ်ပင် ရှိနေသည်။
သူမသိသောအရာမှာ အထက်တန်း၊ အလယ်တန်းနှင့် အောက်တန်းစား ရွှေအမြုတေများတွင် ပါဝင်သော ဝိညာဉ်စွမ်းအားများသည် လုံးဝ ကွာခြားပြီး အကောင်းဆုံး ရွှေအမြုတေ၏ ဝိညာဉ်စွမ်းအင်သည် ပို၍ပင် အကြွင်းမဲ့ အစွမ်းထက်နေခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ချီပင်လယ် ဝိညာဉ်မီးတောက်ကို အသုံးပြုကာ ရပ်တန့်ခြင်းမရှိဘဲ သန့်စင်နေရုံသာ ရှိတော့သည်။
တစ်ချိန်တည်းမှာပင် အစစ်အမှန်ချီများကို အသုံးပြု၍ ပတ်လည်မှ ဖိအားပေးကာ မရပ်မနား ဖိသိပ်ထားရ၏။
ဤလုပ်ငန်းစဉ်သည် အလွန်အမင်း နာကျင်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးသည် ချီပင်လယ် အတွင်း၌ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်ပြီး ကျင့်ကြံသူတစ်ဦး၏ အားအနည်းဆုံး နေရာဟု ဆိုလျှင်လည်း မမှားပေ။
ဝိညာဉ်မီးတောက် လောင်ကျွမ်းခြင်းဖြစ်စေ အစစ်အမှန်ချီများ တိုက်မိခြင်းဖြစ်စေ ပြင်းထန်သော နာကျင်မှုကို ဖြစ်ပေါ်စေသည်။
မကြာမီ ပဲစေ့အရွယ်ခန့် ချွေးသီးချွေးပေါက်များ ကျဆင်းလာတော့၏။
ဤဝိညာဉ်စွမ်းအားသည် အလွန် ကြီးမားလွန်းသောကြောင့် တုံ့ပြန်မှုမှာလည်း အလွန်ပြင်းထန်သည်။ အကယ်၍ အနီးသို့ ကပ်နိုင်ပါက ထစ်ခြုန်းမြည်ဟည်းနေသော မုန်တိုင်းသံများကို ကြားရနိုင်ပေမည်။
ချူလျန်သည် ခိုင်မာသော စိတ်ဆန္ဒကိုသာ အားကိုးလျက် ချီလှည့်ပတ်မှုကို အတင်းအကြပ် လုပ်ဆောင်ကာ ဝိညာဉ်မီးတောက်အတွက် အဆက်မပြတ် ဖြည့်တင်းပေးနေရသည်။
မည်မျှကြာအောင် အံကြိတ်ကာ တောင့်ခံနေခဲ့သည်ကို မသိတော့ပေ။ ပြတင်းပေါက် အပြင်ဘက်မှ ကျဆင်းလာသော နေရောင်ခြည်သည် ရွှေအိုရောင်ပြောင်းသွားချိန် ရောက်မှသာ သူ၏ မျက်ခုံးများ ပြေလျော့သွားတော့သည်။
ဝိညာဉ်အာရုံဖြင့် အတွင်းပိုင်းကို ကြည့်ရှုလိုက်ရာ ယခုအချိန်တွင် ချီပင်လယ်သည် နှိုင်းယှဉ်၍မရနိုင်အောင် ကျယ်ပြန့်သော နေရာတစ်ခုအဖြစ်သို့ ပွင့်လင်းလာခဲ့ပြီဖြစ်ပြီး ယနေ့မှသာ အစစ်အမှန် ပင်လယ်တစ်ခုဟု ခေါ်ဆိုနိုင်ပေမည်။
ထို့ပြင် ချီပင်လယ်၏ ဗဟိုချက်တွင် ရွှေအိုရောင်အလင်းတန်းများ ပေါ်လွင့်နေသော နေရာတစ်ခု ရှိနေကာ အနီးသို့ကပ်ကြည့်ပါက ၎င်းအလယ်တွင် ချိတ်ဆွဲထားသော ရွှေဖြူရောင် စက်လုံးတစ်လုံးကို မြင်တွေ့နိုင်လေသည်။
ယနေ့မှသာ ချီပင်လယ်သည် အစစ်အမှန်ချီပင်လယ်ဟု ခေါ်ဆိုနိုင်တော့မည် ဖြစ်၏။
အမြုတေ ဖွဲ့စည်းခြင်းအောင်မြင်သွားချေပြီ။
လုပ်ငန်းစဉ်မှာ နာကျင်ရသော်လည်း ယေဘုယျအားဖြင့်မူ တည်ငြိမ်နေသေးသည်။
အင်မော်တယ်တက်လှမ်းမြက် ရှိနေခြင်းကြောင့် ဤဝိညာဉ်စွမ်းအား၏ တည်ငြိမ်မှုကို တိုးမြင့်စေပြီး ရွှေအမြုတေဖွဲ့စည်းခြင်း၏ အခက်အခဲကို များစွာ လျော့ကျသွားစေခြင်း ဖြစ်သင့်ပေသည်။
ရွှေအမြုတေ တစ်ပတ်လည်သွားသည်နှင့် မြေပြန့်တွင် လှိုင်းလုံးများ ထကြွလာသကဲ့သို့ပင်။
ချက်ချင်းပင် နှိုင်းယှဉ်၍မရနိုင်သော ဧရာမရေဝဲကြီးတစ်ခုက ဟစ်အော်မြည်ဟည်းလာပြီး မျက်စိတစ်မှိတ်အတွင်း တစ်ခုလုံးရှိ ချီပင်လယ်ကို လှုပ်ခတ်သွားစေလေသည်။
အလွန်အမင်း အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။
ဝုန်း... ဝုန်း...
ရွှေအမြုတေ လည်ပတ်သွားတိုင်း ပါလာသော စစ်မှန်သောချီများသည် အလွန်အမင်း အစွမ်းထက်နေပြီး ယခင်ကနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေလို ကွာခြားသွားလေပြီ။
နောင်တွင် ချူလျန် ကျပန်း ထုတ်လွှတ်လိုက်သော ဓားချီတစ်ချက်၏ စွမ်းအားသည်ပင်လျှင် ဆယ်ဆထက်မက ပိုကြီးမားလာမည် ဖြစ်၏။
ဒါက အကောင်းဆုံး ရွှေအမြုတေရဲ့ စွမ်းအားများလား...။
သူက မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။ စတုတ္ထအဆင့်သို့ ရောက်ရှိသွားခြင်းမှာ ဤသို့သော ခံစားချက်မျိုးပင် ဖြစ်၏။
ကောင်းကင်နှင့်မြေကြီးကြားမှာ ငါတစ်ယောက်တည်းသာ...
ဒေါက်...
ပြတင်းပေါက်မှ ပဉ္စမအဆင့်ရှိ ခေါင်းကြီးတစ်လုံး ရုတ်တရက် ဝင်လာပြီး မျက်လုံးများထဲတွင် အဆုံးမဲ့ သနားစရာကောင်းသော အမူအရာများ ထင်ဟပ်နေသည်။
ရွှေမွေးဟူမှာ ဤမျှကြာအောင် တံခါးစောင့်ပေးနေရသဖြင့် ဆာလောင်နေပြီ ဖြစ်ပုံရ၏။
စတုတ္ထအဆင့်သို့ ရောက်ခါစ ချူလျန်၏ ကြီးမားလှသော ရည်မှန်းချက်များမှာ ချက်ချင်းပင် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရတော့သည်။
သူက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
"သွားစားတော့… ဒီနေရာမှာ မင်းကို မလိုတော့ဘူး"
"ဟူး... ဟူး..."
ရွှေမွေးဟူလေးက ဝမ်းသာအားရ နှစ်ချက်ခန့် ဟစ်အော်လိုက်ပြီး လှည့်ကာ ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက်ထွက်ခွာသွားလေသည်။
သို့သော် တာဝန်မပြီးဆုံးသေးသဖြင့် ချူလျန် မတ်တတ်မရပ်သေးပေ။
...
သူက ဝိညာဉ်အာရုံကို စေတီတော်ဖြူ နေရာလွတ်အတွင်းသို့ ပြန်လည်နှစ်မြုပ်လိုက်သည်။
ရရှိပြီးကတည်းက တစ်ကြိမ်မျှ အလုပ်မလုပ်ရသေးသော ရွှေအမြုတေ ရုပ်သေးရုပ်သည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေ၏။
ချူလျန်က အနီးသို့ကပ်သွားကာ လက်တစ်ဖက်ဖြင့် ၎င်း၏ခေါင်းကို ဖိလိုက်ပြီး ဝိညာဉ်အာရုံကို လှုပ်ရှားလိုက်ရာ ရွှစ်ခနဲ အလင်းရောင်များ တောက်ပလာတော့သည်။
ရွှေအမြုတေ ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အနှံ့တွင် ရွှေရောင်အကြောအခြင်များ ချက်ချင်း လင်းလက်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်သွားလေသည်။
ထို့နောက် ချူလျန်က ရွှေအမြုတေ လွှဲပြောင်းခြင်း နည်းစနစ်ကို ချက်ချင်း သဘောပေါက်သွားပြီး ရွှေဖြူရောင် အလင်းတန်းတစ်ခုက ထိုအကြောအခြင်များ၏ ချိတ်ဆက်မှုမှတစ်ဆင့် ချူလျန်၏ ခန္ဓာကိုယ်ထဲမှနေ၍ ရွှေအမြုတေ ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း ကူးပြောင်းသွားလေသည်။
ဘန်း...
ရွှေအမြုတေက ဝမ်းဗိုက်အတွင်း ဝင်ရောက်သွားသည်နှင့် ရွှေအမြုတေ ရုပ်သေးရုပ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။
ခေါင်းကြီးပေါ်တွင် ချူလျန်၏ မျက်နှာအင်္ဂါရပ်များ ထပ်မံပေါ်လာလေသည်။
ဝုန်း...
ရွှေအမြုတေ တစ်ခုကို အစပြု၍ ၎င်း၏ ခန္ဓာကိုယ်အနှံ့ရှိ အကြောအင်များသည် ချီလှည့်ပတ်မှုကို စတင်လည်ပတ်စေလိုက်ရာ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ဝုန်းဒိုင်းကြဲ လည်ပတ်သွားလေတော့သည်။
ချူလျန် ကိုယ်တိုင်မှာ ရွှေအမြုတေကြောင့် ဖြစ်ပေါ်လာသော ပြည့်စုံမှု ခံစားချက်ကို ဆုံးရှုံးသွားသော်လည်း နောက်စက္ကန့်တွင် ရွှေအမြုတေ ရုပ်သေးရုပ်ထံမှ မသိမသာ ချိတ်ဆက်မှု ခံစားချက်တစ်ခု ထွက်ပေါ်လာလေသည်။
ကျင့်ကြံမှု စွမ်းအားများက ရူးသွပ်စွာ ဝင်ရောက်လာ၏။
ချီပင်လယ် ပြည့်မသွားမချင်း အစစ်အမှန်ချီများ တိုးပွားလာမှုသည် ရပ်တန့်သွားမည်မဟုတ်ပေ။
အဆင့်တက်လှမ်းခါစ ကျင့်ကြံမှု စွမ်းအားများ အရှိန်အဟုန်ဖြင့် တိုးတက်လာသော အချိန်ပင် ဖြစ်သည်။
ဘေးရှိ ချီလှည့်ပတ်ခြင်း ရုပ်သေးရုပ်မှာမူ မီးခိုးငွေ့များ ထွက်ပေါ်နေဆဲဖြစ်ကာ အလွန် ကြိုးစားအားထုတ်နေသော်လည်း ရွှေအမြုတေကို အင်ဂျင်အဖြစ် အသုံးပြုထားသော စတုတ္ထအဆင့် ချီလှည့်ပတ်မှုနှင့် နှိုင်းယှဉ်ပါက တတိယအဆင့် ကျင့်စဉ်၏ ချီလှည့်ပတ်မှုသည် အလွန် နောက်ကျကျန်နေသည်ဟု ထင်ရ၏။
ပြီးပြည့်စုံသော ချီလှည့်ပတ်မှုရှိသည့် တတိယအဆင့် ကျင့်စဉ်ဖြစ်သော်ငြားလည်း အကောင်းဆုံး ရွှေအမြုတေ၏ စတုတ္ထအဆင့် ကျင့်စဉ်ထက် အဆင့်တစ်ဆင့်ခန့် အားနည်းနေဆဲပင်။
ဒါပေမဲ့လည်း ကိစ္စမရှိပါဘူးလေ...
မည်သို့ပင်ဆိုစေ ချူလျန်သည် ယုံကြည်ချက်နှင့် ခံစားချက်ရှိသူတစ်ဦး ဖြစ်သည်။ ဝန်ထမ်းဟောင်းသည် အသက်ကြီးလာသော်လည်း သူက အလုပ်ဖြုတ်မည် မဟုတ်ပေ။
နာရီနှစ်ဆယ်လုံး အနားမယူဘဲ အလုပ်လုပ်နိုင်သေးသရွေ့တော့ လူငယ်များနှင့် အတူတူပင် မဟုတ်ပါလော။
ထို့ပြင် ၎င်းက ချီစုစည်းဆေးလုံး သုံးလုံးသာ လိုအပ်သော်လည်း အသစ်ရောက်လာသူကမူ ဝိညာဉ်စုစည်းဆေးလုံး သုံးလုံး လိုအပ်ပေသည်။
ဝန်ထမ်းဟောင်း၏ ပေးဆပ်လိုသော စိတ်ဓာတ်က များစွာ သာလွန်နေသေးသည်ပင်။
သို့သော် နောက်တစ်ကြိမ် ရွှေအမြုတေ ရုပ်သေးရုပ်အား ဝိညာဉ်စုစည်းဆေးလုံး တိုက်ကျွေးသည့်အခါ ချီလှည့်ပတ်ခြင်း ရုပ်သေးရုပ်ကို အနည်းငယ် ပုန်းရှောင်ရမည် ဖြစ်သည်။
လစာလျှို့ဝှက်ချက်ကို သေချာစွာ ထိန်းသိမ်းထားမှသာ ၎င်း၏စိတ်ထဲတွင် မညီမျှမှုများ မဖြစ်ပေါ်နိုင်မည် မဟုတ်လော။
ခေါင်းကြီးရုပ်သေးရုပ် နှစ်ရုပ် အတူတကွ ရူးသွပ်စွာ လည်ပတ်နေပြီး ကျင့်ကြံမှု စွမ်းအားများ ချီပင်လယ်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာသည်ကို ကြည့်ရင်း ချူလျန်၏ စိတ်ထဲတွင် ပြည့်စုံမှု ခံစားချက်တစ်ခု အလိုအလျောက် ပေါ်ပေါက်လာတော့သည်။
ကြိုးစားပြီး လုပ်ကြပါ။
နောက်နှစ်ကျရင် ကိုကြီး မင်းတို့အတွက် မရီးတစ်ယောက် ရှာပေးမယ်…
...
ညနေစောင်းအချိန်တွင် ချူလျန်သည် အဂ္ဂိရတ်ခန်းမသို့ ထပ်မံရောက်ရှိလာခဲ့သည်။
"ဂိုဏ်းတူမောင်လေး ချူ..."
ချန်ဆုက သူ့ကို အံ့သြတကြီး ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
"မင်းက ရွှေအမြုတေ သွားမဖွဲ့စည်းဘဲ ငါ့ဆီကို ဘာလာလုပ်တာလဲ"
"ဖွဲ့စည်းပြီးပြီလေဗျာ"
ချူလျန်က ပြုံး၍ ပြောလိုက်သည်။
"ဖွဲ့စည်းပြီးပြီ..."
ချန်ဆုက ချူလျန်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
မင်းက ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်ရဲ့ အရှိန်အဝါ ရှိနေသေးတာပဲ ဟု သူမ စကားစတင်မည် ပြုစဉ် ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသွားလေသည်။
"မင်း... မင်း မအောင်မြင်တာတော့ မဟုတ်ပါဘူးနော်..."
"ဟုတ်ပါတယ်ဗျာ..."
ချူလျန်က ပြုံး၍ ခေါင်းယမ်းလိုက်ပြီး ဆက်ပြောလိုက်၏။
"ကံ သိပ်မကောင်းလို့ ကျရှုံးသွားတယ်… ဒါကြောင့် ဂိုဏ်းတူအစ်မချန်ကို နောက်ထပ် ပြင်ပအမြုတေတစ်ခု ဖော်စပ်ပေးဖို့ အကူအညီ လာတောင်းတာပါ"
"ငါ..."
ချန်ဆု၏ မျက်ဝန်းများမှာ ချက်ချင်းပင် မှင်တက်သွားတော့သည်။
သူမ ရွှေအမြုတေ ဖွဲ့စည်းသည် မဟုတ်သော်လည်း အင်မော်တယ်တက်လှမ်းမြက်ကို ဒုက္ခဆင်းရဲခံကာ ရှာဖွေပြီး အကောင်းဆုံး ရွှေအမြုတေ ဖော်စပ်ခဲ့သော်လည်း ကျရှုံးသွားသည်ဆိုသည့် ကိစ္စကို အနည်းငယ် စဉ်းစားကြည့်လိုက်ရုံဖြင့် သူမ ငိုချင်နေပြီ ဖြစ်သည်။
ထို့ပြင် အင်မော်တယ်တက်လှမ်းမြက် ရှိ၍ ဝိညာဉ်ရေးရာ တည်ငြိမ်နေသော်လည်း ကျရှုံးနိုင်သေးသည် ဖြစ်ရာ 'ငတုံး' ဟူသော စကားလုံး နှစ်လုံးမှာ သူမ၏ နှုတ်ဖျားသို့ပင် ရောက်လုနီးပါး ဖြစ်သွား၏။
ယခုအချိန်တွင် ချူလျန်သည်လည်း သေချာပေါက် အလွန်ဝမ်းနည်းနေမည်ဖြစ်ပြီး ဟန်လုပ်၍ ပြုံးပြနေရုံသာ ဖြစ်မည်ကို သူမ သိထားသဖြင့် ကြမ်းတမ်းစွာ မပြောရက်ပေ။
သို့သော် မိမိကိုယ်တိုင်သာ ဆိုပါက ဤကိစ္စအတွက် ရင်ကွဲမတတ် နာကျင်ခံစားရမည်မှာ မလွဲဧကန်ပင်..။
သူမက အတော်ကြာအောင် စိတ်ကို ငြိမ်သက်စေပြီးနောက် သွားကြိတ်ကာ ပြောလိုက်သည်။
"အဲဒီ ဆေးပစ္စည်းတွေအတွက် တကယ်ကို နှမြောစရာပဲ"
ချူလျန်က တည်ငြိမ်စွာပင် ပြောလိုက်၏။
"ကိစ္စမရှိပါဘူးဗျာ... ကျုပ်ဆီမှာ ရှိပါသေးတယ်"
သူက ဒုတိယမြောက် ရွှေအမြုတေဖွဲ့စည်းခြင်း ဆေးပစ္စည်းများကို တစ်ခုပြီးတစ်ခု ပြန်လည်ထုတ်ယူလာကာ ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ်ဆီမှာ ဓားရွက်ရွှမ်ယန်ပန်း တစ်ပွင့်ပဲ ကျန်တော့တယ်… ရှောင်ယန် ရွှေအမြုတေကိုပဲ ဖော်စပ်လို့ရတော့မယ်"
"ရှောင်ယန် ရွှေအမြုတေက မင်းနဲ့ ပိုသင့်တော်ပါတယ်... ဒါပေမဲ့..."
ချန်ဆုက ဤပစ္စည်းများကို ကြည့်လိုက်သည်။ ယခင်အကြိမ်က မရဏပင်လယ် ရွှေကြာပန်း ဖြစ်ပြီး ဤတစ်ကြိမ်တွင် ဓားရွက်ရွှမ်ယန်ပန်း ဖြစ်နေသဖြင့် သူမ အနည်းငယ် ကြက်သေသေသွား၏။
သူ၏ ဤအထက်တန်း ရွှေအမြုတေ ဆေးပစ္စည်းများမှာ အလွန် ဇိမ်ခံလွန်းလှပြီး ဓာတ်ကြီးငါးပါးအဆင့် ကျင့်ကြံသူတစ်ဦး နှစ်ကြိမ်တိုင်တိုင် အဆင့်တက်ရန်ပင် လုံလောက်နေသည်။
တတိယအဆင့် တပည့်တစ်ယောက်ဖြစ်တဲ့ သူက ဘယ်ကနေများ ရလာတာပါလိမ့်...
ခေတ္တရပ်သွားပြီးနောက် သူမက မနေနိုင်ဘဲ သက်ပြင်းချကာ ပြောလိုက်၏။
"နှမြောစရာပဲ... ဆေးပစ္စည်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း အထက်တန်း ရွှေအမြုတေကိုပဲ ဖော်စပ်လို့ ရတော့မှာလေ….”
“ တွေ့ဖို့ခဲယဉ်းပြီး တောင်းဆိုလို့မရတဲ့ အင်မော်တယ်တက်လှမ်းမြက်ပါသွားတာ အရမ်းကို ကံဆိုးတာပဲ..."
ချက်ချင်းဆိုသလိုပင် ချူလျန်က ရင်းနှီးနေသော ဝိညာဉ်အပင်တစ်ပင်ကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရပြီး သူက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူးဗျာ... ကျုပ်ဆီမှာ ရှိပါသေးတယ်.."