အားကောင်းပြီး တည်မြဲခြင်း
Vol. 19 Ch. 185
“အမှိုက်”
“အသုံးမကျတဲ့ကောင်”
“မင်းကို ဘာအတွက် သုံးစားရမလဲ”
“...”
တိတ်ဆိတ်သော အခန်းငယ်အတွင်း အမည်းရောင်ပုံရိပ်နှင့် ဝတ်စုံဖြူဝတ်ဆင်ထားသူတို့ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
ဓားနှစ်လက်သမားမှာမူ အူကြောင်ကြောင်ဖြင့် ခန်းမအလယ်တွင် ရပ်နေရပြီး ရောက်ရောက်ချင်းမှာပင် အမည်းရောင်ပုံရိပ်၏ ဆဲဆိုကြိမ်းမောင်းမှုကို ခံလိုက်ရလေသည်။
ဓားနှစ်လက်သမားက နားမလည်နိုင်သလို မေးလိုက်၏။
“ကျုပ်... ကျုပ် ဘာလုပ်မိလို့လဲ”
အမည်းရောင်ပုံရိပ်က ဝတ်စုံဖြူဝတ်ဆင်ထားသူဘက်သို့ မေးစေ့အသာလှုပ်ကာ အချက်ပြလိုက်သည်။
“သူ့ကို ပြောပြလိုက်စမ်း”
ဝတ်စုံဖြူဝတ်ဆင်ထားသူက မျက်နှာပျက်ပျက်ဖြင့် ဆိုလာသည်။
“ရှုတောင်မှာ အဲဒီချူလျန်ဆိုတဲ့ကောင်ကို ငါ ထပ်တွေ့ခဲ့တယ်… သူက ဘာဒဏ်ရာမှ မရခဲ့တဲ့အပြင် အင်မော်တယ်တက်လှမ်းမြက် တစ်ပင်ကိုတောင် ရသွားသေးတယ်”
“ အဂ္ဂိရတ်ခန်းမကို သွားပြီး အဆင့်မြင့်ဆုံး ရွှေအမြုတေကိုတောင် ဖော်စပ်လိုက်ပြီ သိပ်မကြာခင်မှာပဲ သူက အန္တရာယ်ရှိတဲ့ အခြေအနေအထိ ရောက်လာတော့မှာ သေချာတယ်”
အမည်းရောင်ပုံရိပ်က ဆက်လက်၍ ကဲ့ရဲ့လိုက်၏။
“ဝိညာဉ်အသိအမြင်အဆင့်ပဲ ရှိတဲ့ကောင်ကို အကြိမ်ကြိမ်သတ်တာတောင် မသေဘူး”
“ ဒီလိုဖြစ်နေတာကိုများ လုပ်ကြံသတ်ဖြတ်သူလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဝံ့သေးတယ်ပေါ့”
အမည်းရောင်ပုံရိပ်က ဆက်ပြော၏။
“ဒီကိစ္စကို ကျုပ်က ခေါင်းဆောင်ကြီးဆီ အစအဆုံး အစီရင်ခံမယ်..”
“ အဲဒီအချိန်ကျရင် ခေါင်းဆောင်ကြီးက ဘယ်လိုပြောမလဲဆိုတာ ကြည့်ရသေးတာပေါ့”
ဓားနှစ်လက်သမား၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
သူက ဆက်၍ ပြောလိုက်လေ၏။
“ကျုပ်ကိုယ်တိုင် သူ့ကို သတ်ခဲ့တာလေ… ဒီတစ်ခါဆိုရင် အသားစလေးတွေ ဖြစ်သွားတဲ့အထိ ခုတ်ထစ်ခဲ့တာကို ခင်ဗျားလည်း ကိုယ်တိုင် မြင်ရဲ့သားနဲ့”
အမည်းရောင်ပုံရိပ်က အင်္ကျီလက်စကို ခါလိုက်ပြီး တာဝန်အားလုံးကို အပြတ်အသတ် ငြင်းဆိုလိုက်သည်။
“ကျုပ်အပေါ် လွှဲချဖို့ မကြိုးစားနဲ့… ကျုပ်က အခြေအနေကို စုံစမ်းဖို့အတွက် မှော်ကျီးကန်းတစ်ကောင်ကိုပဲ လွှတ်ခဲ့တာ”
“ အသေးစိတ် အခြေအနေကိုတော့ မသိဘူး”
ဓားနှစ်လက်သမားက ဒေါသတကြီးဖြင့် ပြောလိုက်၏။
“အဲဒီတုန်းက ခင်ဗျား ဒီလိုပြောတာ မဟုတ်ဘူးလေ”
သူက ဒေါသကို မထိန်းနိုင်ဘဲ ဆက်ပြောပြန်သည်။
“သူသာ မသေရင် ကျုပ်နာမည်ကို ခင်ဗျားရဲ့ မျိုးရိုးနာမည်အတိုင်း ပြောင်းမယ်လို့ ခင်ဗျား ပြောခဲ့တယ်မဟုတ်လား”
အမည်းရောင်ပုံရိပ်က အေးအေးဆေးဆေးပင် မေးလိုက်၏။
“မင်းနာမည်က ဘာလဲ”
ဓားနှစ်လက်သမားက ဖြေလိုက်သည်။
“လုရှာ”
အမည်းရောင်ပုံရိပ်က ထပ်မေးပြန်၏။
“ဒါဆို ကျုပ်နာမည်ကရော ဘာလဲ..”
ဓားနှစ်လက်သမားက ပြန်ပြောလိုက်သည်။
“လုထုံလေ”
အမည်းရောင်ပုံရိပ်က ခေါင်းယမ်းလိုက်၏။
“အဲဒါကြောင့် အဲဒီစကားက ဘာကို ဆိုလိုတာလဲ…”
သူက ဆက်လက်၍ ဆိုလေသည်။
“စကားတွေ အများကြီး ပြောမနေနဲ့တော့… ကျုပ်က ဒီကိစ္စကို ခေါင်းဆောင်ကြီးဆီ အရှိကို အရှိအတိုင်းပဲ တင်ပြမယ်”
“ မင်းရဲ့ အသုံးမကျမှုကို ပိုပိုသာသာတွေ ထည့်ပြောမှာ မဟုတ်ဘူး… ဒါပေမဲ့ ရှုတောင်ရဲ့ အဓိကတပည့်ကို လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စက တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးနေတာဆိုတော့ ခေါင်းဆောင်ကြီးက သေချာပေါက် စိတ်ဆိုးမှာပဲ”
“ အဲဒီအချိန်ကျရင် တစ်ယောက်ယောက်ကတော့ တာဝန်ယူရလိမ့်မယ်….”
ဘေးတွင် ငြိမ်နေသော ဝတ်စုံဖြူဝတ်ဆင်ထားသူမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် မိမိကိုယ်မိမိ မြားချက်ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်၏။
“ငါကတော့ တစ်ကြိမ်ပဲ ရှုံးသေးတာနော်…”
အမည်းရောင်ပုံရိပ်က သူ့ကို လက်ကာပြလိုက်သည်။
“မင်းကတော့ စိတ်ပူစရာ မလိုပါဘူး..”
အမည်းရောင်ပုံရိပ်က ဆက်ပြောလေသည်။
“မင်းက ရှုတောင်မှာ သူလျှိုလုပ်နေတာ ဆယ်စုနှစ်နဲ့ချီနေပြီပဲလေ… မင်းရဲ့ အကျိုးဆောင်မှုတွေက အများကြီးပဲ”
“ ခေါင်းဆောင်ကြီးက မင်းကို ချီးမြှောက်ဖို့တောင် အချိန်မလောက်ဘူး ဘယ်လိုလုပ်ပြီး အပြစ်ပေးမှာလဲ…”
ဓားနှစ်လက်သမားက ပြောလိုက်၏။
“ကျုပ်ကို အခွင့်အရေးတစ်ခု ထပ်ပေးပါ…”
သူက ပြတ်သားစွာ ထပ်ဆိုသည်။
“သူသာ ရှုတောင်ကနေ ထပ်ထွက်လာမယ်ဆိုရင် ကျုပ် ချက်ချင်းသွားသတ်မယ်… ဒီတစ်ခါတော့ ဝိညာဉ်ကို သိမ်းဆည်းနိုင်တဲ့ မှော်ဝင်ပစ္စည်းပါ ယူသွားမယ်…”
“သူ့ဝိညာဉ်ပါ လွင့်စင်သွားအောင် မသတ်နိုင်သရွေ့ ကျုပ် လုံးဝ ပြန်မလာတော့ဘူး”
အမည်းရောင်ပုံရိပ်က သူ့ကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ပြောလိုက်၏။
“ကောင်းပြီလေ… ဒါဆို မင်းအတွက် အခွင့်အရေးတစ်ခု ကျုပ် ထပ်တောင်းပေးမယ်”
အမည်းရောင်ပုံရိပ်က လေသံကို နှိမ့်ကာ ဆက်ပြောသည်။
“ခေါင်းဆောင်ကြီးက ဒီရက်ပိုင်းမှာ အီရှာတောင်မှာ အလုပ်ကိစ္စရှိနေတယ်… မိုးကြိုးခံတပ်ရဲ့ အကြီးဆုံးတပည့်နဲ့ သွားတွေ့မယ်လို့လည်း ကြားတယ်”
“ ဒီကိစ္စတွေ ပြီးရင် သူ ပြန်လာလိမ့်မယ်… သူ မပြန်လာခင်အထိ ဒီကိစ္စကို ကျုပ် တင်ပြဦးမှာ မဟုတ်ဘူး”
“ အဲဒီမတိုင်ခင် ချူလျန် ရှုတောင်ကနေ ဆင်းလာပါစေလို့ပဲ မင်း ဆုတောင်းထားလိုက်တော့”
ဓားနှစ်လက်သမားက အံကို တင်းတင်းကြိတ်ကာ ဝတ်စုံဖြူဝတ်ဆင်ထားသူကို ကြည့်လိုက်ပြီး တောင်းဆိုသည့် လေသံဖြင့် ပြောလိုက်လေသည်။
“ခင်ဗျား နည်းလမ်းတစ်ခုလောက် စဉ်းစားပေးလို့ ရမလား…”
ဝတ်စုံဖြူဝတ်ဆင်ထားသူက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ငါ မင်းကို ဒီတစ်ကြိမ်ပဲ ကူညီမယ်”
ဓားနှစ်လက်သမားက ကျေးဇူးတင်စကား ဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ် ခင်ဗျာ”
ဓားနှစ်လက်သမား၏ လေသံမှာ အက်ကွဲပြီး ဒေါသများဖြင့် ပြည့်နှက်နေသည်။
“သူက တကယ်ပဲ ဘယ်လိုသတ်သတ် မသေနိုင်တာလားဆိုတာ ကျုပ် ကြည့်ရသေးတာပေါ့...”
သူက သေမင်းတမန်ကဲ့သို့ ထပ်ပြောလေ၏။
“ဒီတစ်ခါတော့ သူ မသေရင် ကျုပ် သေရလိမ့်မယ်…”
...
“ရွှီး….”
စူးရှသော အော်မြည်သံနှင့်အတူ လေထုကို ခွဲထွက်သွားသည့် အသံများ ထွက်ပေါ်လာသည်။
မီးခိုးရောင် ရိပ်ယောင်တစ်ခုက မြင့်မားသော တောင်ထိပ်ပေါ်မှ ဖြတ်ကျော်သွားရာ လခြမ်းပုံသဏ္ဌာန်မျှသာ မြင်တွေ့လိုက်ရချေသည်။
ထိုပုံရိပ် ခဏမျှ ပေါ်လာပြီးနောက် ရှေးဟောင်းတောင်ကြားတစ်ခုအတွင်းသို့ ရှည်လျားသော လူရိပ်တစ်ခု လေထဲမှ ပေါ်ထွက်လာ၏။
ထိုသူသည် အရပ်အလွန်ရှည်သော အမျိုးသားတစ်ဦးဖြစ်ပြီး အသားအရည်က မည်းနက်နေကာ ခြေလက်များမှာ မျောက်ဝံကဲ့သို့ ရှည်လျားလှပေသည်။
သူ၏ ပုံပန်းသဏ္ဌာန်မှာ သာမန်လူများနှင့် လုံးဝမတူဘဲ ထူးခြားနေသည်။
သူသည် စိမ်းလန်းစိုပြည်သော တောင်ကြားအတွင်း လမ်းလျှောက်လာပြီးနောက် ခဏအကြာတွင် အသစ်စက်စက် ဆောက်လုပ်ထားသော ဇရပ်တစ်ခုကို တွေ့လိုက်ရ၏။
ဇရပ်အတွင်း၌ ပညာတတ်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေသည်။
သူ၏ မျက်နှာက ဖြူဝင်းနေပြီး မုတ်ဆိတ်ကျင်စွယ် မရှိဘဲ တည်ငြိမ်သော အရှိန်အဝါရှိသည်။
ထိုလူလတ်ပိုင်း အမျိုးသားသည် ဇရပ်အတွင်း လက်ဖက်ရည် ဖျော်နေလေသည်။
အရပ်ရှည်ရှည်နှင့် အမျိုးသား လမ်းလျှောက်လာသည်ကို မြင်သောအခါ သူက အသာအယာ ပြုံးလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ဒီပုဂ္ဂိုလ်က မိုးကြိုးခံတပ်ရဲ့ နံပါတ်တစ် ပါရမီရှင် တုဝူဟန့် ဖြစ်လိမ့်မယ်ထင်တယ်… မိုးကြိုးခံတပ်ရဲ့ ထိပ်တန်းပါရမီရှင်ဆိုတဲ့အတိုင်း ထူးခြားတဲ့ ရုပ်ရည်ရှိတာပဲ”
တုဝူဟန့်ဟု ခေါ်သော အရပ်ရှည်ရှည် အမျိုးသားက သတိထားသည့် အမူအရာဖြင့် မေးလိုက်သည်။
“လုချန်ချိုလား…”
လုချန်ချိုဟု အမည်ရသော လူလတ်ပိုင်း အမျိုးသားက ပြုံးလျက် ထိုင်ရန် လက်ဟန်ပြလိုက်လေသည်။
“တုသခင်လေးက ကျုပ်ကို ချိုရှန်းသခင်လို့ပဲဖြစ်ဖြစ်၊ ဆရာလုလို့ပဲဖြစ်ဖြစ် ခေါ်နိုင်ပါတယ်..”
တုဝူဟန့်က အနည်းငယ် ခေါင်းညိတ်ပြပြီး သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
“ဆရာလု”
လုချန်ချိုက နူးညံ့စွာ ပြောလိုက်သည်။
“တုသခင်လေးက မိုးကြိုးခံတပ်ကို ပြန်လည် ထွန်းကားအောင် လုပ်ချင်နေတယ်ဆိုတာ ကျုပ် သိပါတယ်”
“ အခုတော့ အခွင့်အရေးကောင်းတစ်ခုက မင်းရှေ့ကို ရောက်နေပြီ.. ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား”
တုဝူဟန့်က ပြောလိုက်၏။
“ဆရာလုက ခင်ဗျားရဲ့ နောက်ခံကို ရှင်းရှင်းလင်းလင်း မပြောရသေးဘူးလေ… ခင်ဗျားက သူတော်စင်လား၊ မိစ္ဆာလား မသိရဘဲနဲ့ ကျုပ်က ဘယ်လိုမျိုး ပူးပေါင်းရမှာလဲ…”
လုချန်ချိုက ပြန်လည် မေးခွန်းထုတ်လိုက်သည်။
“သူတော်စင်လား၊ မိစ္ဆာလား ဆိုတာက အဲဒီလောက် အရေးကြီးလို့လား…”
“ ကျုပ် သိတာကတော့ မိုးကြိုးခံတပ်ဟာ အခုအချိန်မှာ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းထဲမှာ အင်အားအကြီးဆုံးပဲ… ခင်ဗျားတို့က နောက်ထပ် အဆင့်တက်ချင်တယ်ဆိုရင် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းထဲကို ဝင်ဖို့ပဲ ရှိတော့တယ်”
“ မင်းက ကျုပ်ကို အကူအညီလေး တစ်ခုပဲ ပေးမယ်ဆိုရင် ရှုတောင်ဂိုဏ်းကို ရာထူးကနေ ဆွဲချနိုင်မယ့် အခွင့်အရေးရှိတယ်… ဒီကိစ္စက ခင်ဗျားတို့ အလိုချင်ဆုံးအရာ မဟုတ်ဘူးလား”
တုဝူဟန့်က ခေါင်းယမ်းလိုက်၏။
“ဆရာလုက နောက်ပြောင်နေတာပဲ… ရှုတောင်နဲ့ ကျုပ်ရဲ့ မိုးကြိုးခံတပ်က သူတော်စင်ဂိုဏ်းတွေပဲလေ”
“ ဘယ်လိုလုပ်ပြီး တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေကြမှာလဲ…”
လုချန်ချိုက ကိုယ်ကို အရှေ့သို့ အနည်းငယ်ကိုင်းလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။
“ခင်ဗျားရဲ့ စိတ်ထဲက မပါတာတွေကို ပြောမနေပါနဲ့တော့… ဒီကို မလာခင်ကတည်းက ခင်ဗျားတို့ရဲ့ အကြောင်းကို ကျုပ် စုံစမ်းပြီးသားပါ”
“ မိုးကြိုးခံတပ်ရဲ့ အဓိကတပည့်တွေထဲမှာ မင်းကပဲ အလုပ်ကြီးအကိုင်ကြီးတွေကို လုပ်နိုင်မယ့်သူမို့လို့ ကျုပ်က မင်းကို ရွေးချယ်ပြီး လာတွေ့တာ…”
သူက ဆက်၍ ဆိုသည်။
“ဟိုးအရင်တုန်းက မိစ္ဆာဂိုဏ်းဖြစ်တဲ့ သားရဲဂိုဏ်းဟာ ကောင်းကင်မဏ္ဍိုင်မျှော်စင်ရဲ့ သုတ်သင်ခြင်းကို ခံခဲ့ရတယ်… သူတို့ရဲ့ အမွေအနှစ်တွေ အားလုံးက ခင်ဗျားတို့ မိုးကြိုးခံတပ်လက်ထဲကို ရောက်ခဲ့တာပဲ”
“ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာအတွင်းမှာ မိုးကြိုးခံတပ် အရှိန်အဟုန်နဲ့ တိုးတက်လာတာဟာ အဲဒီအမွေအနှစ်တွေကြောင့်ဆိုတာ ငြင်းလို့မရဘူးလေ”
“ အဲဒီထဲမှာ ရှေးဟောင်းသားရဲတွေကို ထိန်းချုပ်နိုင်တဲ့ ကျမ်းစာတစ်စောင် ပါတယ်ဆိုတာ ကျုပ် သိပါတယ်… မင်းက အဲဒီထဲက ‘ထောင်းဝူ’ အခန်းကိုပဲ ကျုပ်ကို ပေးလိုက်ပါ”
“ တခြားအကြောင်းတွေကိုတော့ မင်း သိစရာ မလိုဘူး…”
လုချန်ချိုက အေးစက်စက် အပြုံးနှင့် ဆက်ပြော၏။
“အဲဒီနောက်ပိုင်း ဖြစ်လာမယ့်ကိစ္စတွေက သူတော်စင်ကိစ္စပဲဖြစ်ဖြစ်၊ မိစ္ဆာကိစ္စပဲဖြစ်ဖြစ် မင်းနဲ့ မဆိုင်တော့ဘူး…”
“ ကမ္ဘာပေါ်မှာ ဒါကို မင်း ပေါက်ကြားစေခဲ့တယ်လို့ ဘယ်သူမှ သိမှာ မဟုတ်ဘူး”
“ နောက်ပိုင်းမှာ ရှုတောင်က မိုးကြိုးခံတပ်ကို သံသယဝင်လာရင်တောင် မိစ္ဆာဂိုဏ်းတွေအပေါ်ကိုပဲ အပြစ်ပုံချလိုက်လို့ ရတယ်…”
တုဝူဟန့်က စကားမပြောဘဲ မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။
လုချန်ချိုက ဆက်ပြောလိုက်သည်။
“မင်းက ဒီမျိုးဆက်မှာ မိုးကြိုးခံတပ်ရဲ့ အမွေကို ဆက်ခံဖို့ အလားအလာအရှိဆုံး တပည့်ပဲ…”
“ ခင်ဗျားတို့ဂိုဏ်းက ဒီမျိုးဆက် ဂိုဏ်းချုပ်လက်ထက်မှာ အဆင့်တက်သွားနိုင်မယ်ဆိုရင် အနာဂတ်မှာ မင်းက မြင့်မြတ်ဂိုဏ်းတစ်ဂိုဏ်းကို အုပ်ချုပ်ရမယ့်သူ ဖြစ်လာလိမ့်မယ်”
“ တုသခင်လေး... အဲဒီအချိန်ကျရင် မင်းက လူ့လောကမှာ အရှိန်အဝါ အကြီးမားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာမှာပဲ”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တုဝူဟန့်က ပြောလိုက်၏။
“ခင်ဗျားက အဲဒါကို ရသွားရင် ရှုတောင်ကို တိုက်ခိုက်ဖို့အတွက်ပဲ သုံးမယ်လို့ ကျုပ် ဘယ်လို ယုံကြည်ရမလဲ…”
ထိုစကားကို ကြားသောအခါ လုချန်ချို၏ နှုတ်ခမ်းထောင့်တွင် နက်နဲသော အပြုံးတစ်ခု ပေါ်လာလေသည်။
ပုရစ်သံတစ်ခု ထွက်ပေါ်လာပြီး တောင်ကုန်းပေါ်ရှိ ငှက်များမှာ လန့်ဖျန့်ကာ ပျံသန်းသွားကြတော့သည်။
...
“ရော့…”
ပထမတစ်ကြိမ် ပြီးဆုံးသွားချိန်တွင် ဒုတိယတစ်ကြိမ်က ဤမျှမြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ကို ချန်စုတစ်ယောက် အိပ်မက်ပင် မမက်ဖူးချေ။
တစ်နေ့တည်းမှာပင် သူမသည် အဆင့်မြင့်ဆုံး ရွှေအမြုတေ နှစ်လုံးကို ဖော်စပ်ပေးခဲ့ရလေသည်။ ထူးခြားသည်မှာ ထိုအမြုတေနှစ်လုံးလုံးက လူတစ်ယောက်တည်းအတွက် ဖြစ်နေခြင်းပင်။
ချူလျန်က လတ်လတ်ဆတ်ဆတ် ဖော်စပ်ထားသော အဆင့်မြင့်ဆုံး ရှောက်ယန်ရွှေအမြုတေကို လှမ်းယူလိုက်ရင်း ကျေးဇူးတင်စကား ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မချန်…”
ချန်စုက မနေနိုင်ဘဲ ပြောလိုက်သည်။
“မင်း ငါ့ကို တကယ် ကျေးဇူးတင်တယ်ဆိုရင် အမြုတေဖြစ်တည်ခြင်းကို အောင်အောင်မြင်မြင် လုပ်စမ်းပါ… ငါ့ကို အရမ်း စိတ်မထိခိုက်အောင် လုပ်ပါဦး”
ချူလျန်က ပြုံးလျက် ပြန်ပြောလိုက်၏။
“ဒီတစ်ခါတော့ ကျုပ် အစွမ်းကုန် ကြိုးစားမှာပါဗျ”
အမှန်တကယ်တော့ ချန်စုက သူ့အတွက် နှမြောတသဖြစ်နေသည်ကို မြင်ရသောအခါ သူလည်း အားနာမိသော်လည်း အသေးစိတ်ကိုတော့ ရှင်းမပြနိုင်ပေ။
မိမိတွင် တခြားသူများထက် အမြုတေတစ်လုံး ပိုနေသည်ဟူသော ကိစ္စကို ထုတ်ပြောခြင်းသည် အန္တရာယ်ရှိနိုင်သည်။ မလိုအပ်သည့် အခြေအနေမျိုးတွင် ဤကဲ့သို့သော ရတနာပိုင်ဆိုင်ထားမှုများကို ဖုံးကွယ်ထားသည်က အကောင်းဆုံးပင်။
ငွေဓားတောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် သူသည် တံခါးကို ထပ်မံ ပိတ်လိုက်ပြန်၏။
နံနက်ပိုင်းတွင် ပထမတစ်လုံး၊ မွန်းလွဲပိုင်းတွင် ဒုတိယတစ်လုံး။
ပထမတစ်ကြိမ် လုပ်ဖူးပြီးသားမို့ ဒုတိယအကြိမ်တွင်မူ အရာရာက ပိုမိုကျွမ်းကျင်နေပြီ ဖြစ်သည်။
ချူလျန်၏ ဝိညာဉ်ချီ ထိန်းချုပ်မှု စွမ်းရည်သည် ထိုအဆင့်ရှိသူများထက် သာလွန်နေသည့်အပြင် အင်မော်တယ်တက်လှမ်းမြက်၏ အထောက်အပံ့လည်း ရှိနေသဖြင့် ဒုတိယအကြိမ် အမြုတေဖွဲ့တည်ခြင်းမှာ အလွန်ပင် ချောမွေ့နေ၏။
ဤတစ်ကြိမ်တွင် အချိန်ပို၍ပင် နည်းသွားလေသည်။ ခဏမျှ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူ၏ ချီပင်လယ်ထက်တွင် ရွှေအိုရောင်အဆင်းရှိသော စက်ဝိုင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာလေသည်။
ထိုအရာသည် ပင်လယ်ပြင်ထက်မှ ထွက်ပေါ်လာသော နေမင်းပမာ တောက်ပနေ၏။
ရွှေအမြုတေ နှစ်လုံးစလုံး တစ်ပြိုင်နက်တည်း တည်ရှိနေချိန်တွင် သိသာထင်ရှားသော ခြားနားချက်ကို ခံစားလိုက်ရသည်။ ၎င်းတို့က ပေးစွမ်းသော ဝိညာဉ်ချီမှာ လုံးဝ မတူညီကြပေ…။
ရှောက်ယင်ရွှေအမြုတေသည် အေးစိမ့်ပြီး ကြမ်းတမ်းသော အရှိန်အဝါရှိကာ လည်ပတ်နေချိန်တွင် ပြင်းထန်ပြီး မြန်ဆန်လှသည်။ ထွက်ပေါ်လာသော ဝိညာဉ်ချီမှာ ဓားသွားကဲ့သို့ပင်။
ရှောက်ယန်ရွှေအမြုတေမှာမူ ပူပြင်းပြီး ဟုန်းဟုန်းတောက်နေကာ လည်ပတ်နေသည့် အရှိန်မှာ နေမင်းကြီး ထွန်းလင်းနေသကဲ့သို့ ရှိ၏။
ရှောက်ယင်ဝိညာဉ်ချီမှာ ခေါင်းကြီးရုပ်သေးရုပ်ထံမှ လာပြီး ရှောက်ယန်ဝိညာဉ်ချီမှာမူ မိမိကိုယ်တိုင်၏ ဒန်ထျန်ချီပင်လယ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုနှစ်မျိုးသည် တစ်နေရာတည်းတွင် ဆုံစည်းသွားကြပြီး အစပိုင်းတွင် ရေနှင့်မီးကဲ့သို့ ပြင်းထန်စွာ ပွတ်တိုက်မှုများ ဖြစ်ပေါ်နေခဲ့သည်။
နောက်ပိုင်းတွင် ချူလျန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထိုဝိညာဉ်ချီ နှစ်မျိုးလုံးကို ရှစ်ကွက်ပုံစံ ယင်နှင့်ယန်ငါးကဲ့သို့ တစ်ပြိုင်နက် လည်ပတ်စေရန် ကြိုးစားလိုက်သည်။
၎င်းတို့သည် တဖြည်းဖြည်းချင်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီးနောက်မှသာ ငြိမ်ကျသွားလေတော့သည်။
သို့သော် ဝိညာဉ်ချီ နှစ်မျိုး ပေါင်းစပ်သည့် လုပ်ငန်းစဉ်အတွင်းတွင် အင်အားအချို့ ဆုံးရှုံးမှုရှိနေသည်ကို သူ သတိပြုမိလိုက်၏။ တစ်အပေါင်းတစ်၏ ရလဒ်မှာ နှစ်ထက် လျော့နည်းနေလေသည်။
သို့သော်လည်း တစ်ထက်တော့ အများကြီး ပိုသာနေသည်မှာ အမှန်ပင်ဖြစ်သည်။
ဤသို့ ဖြစ်ရခြင်းမှာ မိမိအနေဖြင့် ထိုနှစ်ခုကို ပေါင်းစပ်ရန် ပိုမိုကောင်းမွန်သော နည်းလမ်းကို မတွေ့သေးသောကြောင့်ဖြစ်မည်ဟု ချူလျန် ယူဆလိုက်သည်။
ရှောက်ယင်ဝိညာဉ်ချီနှင့် ရှောက်ယန်ဝိညာဉ်ချီတို့ကြားတွင် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနိုင်မည့် ပေါင်းစပ်နည်းလမ်းတစ်မျိုး ရှိရပေမည်။
ထိုနည်းလမ်းမှာ ရှေးယခင်ကတည်းက ရှိခဲ့ပြီး ၎င်းကို ပုံမှန်အားဖြင့်... ‘စုံတွဲကျင့်ကြံခြင်း’ ဟု ခေါ်ဝေါ်ကြသည်။
နောင်တွင် ထိန်းသိမ်းရေးခန်းမသို့ သွားပြီး အစုံလိုက်ကျင့်ကြံခြင်းဆိုင်ရာ ကျင့်စဉ်တစ်ခုကို ရှာဖွေကာ စမ်းသပ်ကြည့်ရမည်ဟု ချူလျန် စဉ်းစားလိုက်၏။
ဖြစ်နိုင်လျှင် မိမိကိုယ်တိုင် ‘အမျိုးသားတစ်ယောက်ကိုယ်တိုင် စုံတွဲကျင့်ကြံခြင်း’ ကို ကျင့်ကြံခြင်းလောကတွင် ပထမဆုံးအကြိမ် ဖော်ဆောင်နိုင်ကာ သမိုင်းဝင် အခိုက်အတန့်ကို ဖန်တီးနိုင်ပေမည်။
ခန္ဓာကိုယ်အတွင်းတွင် ရွှေအမြုတေ နှစ်လုံး တစ်ပြိုင်နက် တည်ရှိနေပြီး ပြည့်စုံသော ပတ်လမ်းရုပ်သေးရုပ်၏ လည်ပတ်မှုလည်း ရှိနေသဖြင့် ထိုသုံးခုမှ ထွက်ပေါ်လာသော ဝိညာဉ်ချီများသည် မြစ်ကြီးများကဲ့သို့ အရှိန်ဟုန်ပြင်းစွာဖြင့် ချူလျန်၏ ချီပင်လယ်ထဲသို့ စီးဝင်နေကြ၏။
ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ တက်လှမ်းချိန်တွင် ချီပင်လယ်ကို အပြည့်ဖြည့်ရန်အတွက် ပထမအကြိမ်တွင် ငါးရက်မှ ခုနစ်ရက်အထိ အချိန်ယူရလေ့ရှိသည်။
သို့သော် အခုတော့ တစ်ရက်ပင် မပြည့်သေးဘဲ ချူလျန်၏ ချီပင်လယ်မှာ ပြည့်လုနီးပါး ဖြစ်နေချေပြီ။
အချိန်အများစုမှာ ဒုတိယမြောက် အဆင့်မြင့်ဆုံး ရွှေအမြုတေ မဖြစ်ပေါ်သေးခင်ကပင် ဖြစ်သည်။
ဤအရှိန်အဟုန်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်…။
ဆိုလိုသည်မှာ တိုက်ပွဲတစ်ခုအတွင်း ချူလျန်သည် အခြားသူများနှင့် ဝိညာဉ်ချီကို တူညီစွာ အသုံးပြုနေသော်လည်း သူ၏ ပြန်လည်၍အပြည့်ဖြည့်နှုန်းမှာ အခြားသူများထက် ဆယ်ဆကျော် သို့မဟုတ် ထိုထက်မက ပိုမြန်နေမည် ဖြစ်သည်။
'ငါက ဝိညာဉ်ချီ အမြောက်အမြား ကုန်ဆုံးစေတဲ့ အစွမ်းထက် နတ်ဘုရားစွမ်းရည်တွေနဲ့ မင်းကို ကြိုက်သလို တိုက်ခိုက်လို့ ရတယ်…’
‘မင်းလည်း ငါ့ကို ပြန်တိုက်နိုင်တာပေါ့… ဒါပေမဲ့ အကြိမ်အနည်းငယ်လောက် အလဲအလှယ် လုပ်ပြီးရင် မင်းရဲ့ ဝိညာဉ်ချီတွေ ကုန်ခမ်းသွားတဲ့ အခြေအနေကို ရင်ဆိုင်ရလိမ့်မယ်’
‘ ငါကတော့ မကုန်ခမ်းနိုင်တဲ့ မြစ်ရေလိုပဲ…'
ဒါကို ထည့်မတွက်ရင်တောင်မှ သူ၏ နတ်ဘုရားစွမ်းရည် အစွမ်းမှာ ထိုအဆင့်ရှိသူများထက် အများကြီး သာလွန်နေသည်။
အဆင့်တူ တိုက်ပွဲများတွင် သူသည် လူလိမ်တစ်ယောက်ကဲ့သို့ အသာစီးရနေမည့် တည်ရှိမှုမျိုးပင်…။
ဒါက အားကောင်းပြီး တည်မြဲခြင်းပဲ။
'ငါ့ရဲ့ အမြုတေက မင်းထက် အစွမ်းထက်ရုံတင်မကဘူး၊ မင်းထက်လည်း ပိုများသေးတယ်… မင်းက ငါ့ကို ဘာနဲ့ လာယှဉ်မလို့လဲ'
ရွှေအမြုတေ နှစ်လုံးမှာ နေနှင့်လကဲ့သို့ ရှိနေပြီး ဖွဲ့စည်းတည်ဆောက်ပြီးနောက် ချူလျန်သည် လေ့ကျင့်မှုအချို့ လုပ်ဆောင်ကာ ခံစားကြည့်လိုက်ပြီးနောက် ငွေဓားတောင်ထွတ်၏ နောက်ဘက်တောင်ကုန်းသို့ မစောင့်နိုင်တော့ဘဲ သွားရောက်ကာ ဝူချန်ဓားကို ဆွဲထုတ်လိုက်၏။
ပထမဆုံးအနေဖြင့် ဝိညာဉ်ချီကို လှုံ့ဆော်ကာ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ရွှစ်….
လခြမ်းသဏ္ဌာန် အဖြူရောင် ဓားအရှိန်အဝါတစ်ခု ချက်ချင်း ထွက်ပေါ်သွားပြီး တောင်ကုန်း၏ နံရံတစ်ခြမ်းမှာ အစိပ်စိပ်အမွှာမွှာ ပြတ်တောက်သွားလုနီးပါး ဖြစ်သွား၏။
ဤသို့ သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည့် ဓားချက်တစ်ခု၏ အစွမ်းမှာပင် ယခင်က သူ အသုံးပြုခဲ့သည့် အဆောင်ဓားသိုင်းထက် ပိုမိုအားကောင်းနေချေပြီ။
အားကောင်းသော စွမ်းအားကို ခံစားလိုက်ရသဖြင့် ချူလျန်၏ မျက်ဝန်းများမှာ တောက်ပသွားပြီးနောက် သူ၏ အစွမ်းအထက်ဆုံး ဓားချက်ကို စမ်းသပ်ရန် ပြင်လိုက်သည်။
ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ၊ လေ၊ မိုးကြိုး၊ လျှပ်စီး...
လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ ဝူချန်ဓားသည် သူ၏ ဦးခေါင်းထက်တွင် ရှစ်မျိုးသော ဓားအရှိန်အဝါ စာလုံးများကို ချက်ချင်း ရေးထွင်းလိုက်ပြီး အရှေ့သို့ ပြင်းထန်စွာ ပျံသန်းသွားလေသည်..။
စတုတ္ထအဆင့် ရွှေအမြုတေသို့ ရောက်ရှိသွားပြီးနောက် သူ တစ်ချက်တည်းနှင့် ရေးထွင်းနိုင်သော စာလုံးအရေအတွက်မှာ ရှစ်လုံးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
ဝုန်း….
ပရမ်းပတာ အရောင်အဆင်းရှိသော ဓားအရှိန်အဝါ နဂါးကြီးတစ်ကောင်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။
ထိုနဂါးကြီးသည် လေထဲတွင် ဝဲပျံနေပြီး ၎င်း၏ အရှိန်အဟုန်မှာ ရေတံခွန်တစ်ခု သို့မဟုတ် မိုးကြိုးတစ်ခု ကျဆင်းလာသကဲ့သို့ ရှိလေသည်။ တောင်တစ်ဝက်မှာ နဂါးစစ်စစ်တစ်ကောင်၏ ဖျက်ဆီးမှုကို ခံလိုက်ရသကဲ့သို့ပင်။
ချူလျန် ဓားကို ပြန်မသိမ်းရသေးခင်မှာပင် သူ၏ နောက်ကျောဘက်မှ အံ့သြတကြီး အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာ၏။
“သိပ်ကို အားကောင်းတဲ့ ဓားအရှိန်အဝါပဲ…”
လှည့်ကြည့်စရာမလိုဘဲ ထိုသူ၏ အသံကို သူ ချက်ချင်း သိလိုက်ရသဖြင့် အနည်းငယ် ပြုံးလိုက်မိသည်။
“ဂိုဏ်းတူအစ်မကျန်းလား…”