← Chapters

ကျန်းမျိုးနွယ်၏ ကိစ္စရပ်များ

Vol. 19 Ch. 186

ကျန်းမျိုးနွယ်၏ ကိစ္စရပ်များ

Vol. 19 Ch. 186

"ဒါက အဆင့်မြင့်ရွှေအမြုတေရဲ့ စွမ်းအားလား…"

မှေးမှိန်သော လရောင်အောက်တွင် ကျန်းယွဲ့ပိုင်သည် ခါးစည်းပါသော အဖြူရောင်ပိုးဝတ်စုံကို ဝတ်ဆင်ထားကာ အင်္ကျီလက်စများက လေထဲတွင် လွင့်ပျံနေ၏။

ညလေအေးက သူမ၏ သွယ်လျသော ကိုယ်လုံးလေးပေါ်သို့ တိုးဝှေ့နေပြီး နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရကာ ချူလျန်၏ အနောက်တွင် ပေါ့ပါးစွာ ဆင်းသက်လာသည်။

သူမသည် တရားမှတ်ရာမှ ထွက်လာသည်နှင့် ချူလျန်က အရေးကြီးကိစ္စရှိကြောင်း အကြောင်းကြားစာ ပို့ထားသည်ကို မြင်သောကြောင့် ချက်ချင်း ရောက်ရှိလာခြင်းပင်။

ချူလျန်က တောင်အနောက်ဘက်တွင် ဓားကျင့်နေသည်ကို သူမ မြင်လိုက်ရပြီး ထိုဓားချက်၏ အစွမ်းကိုလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ရပေသည်။

သူမကိုယ်တိုင် ရွှေအမြုတေအဆင့်သို့ စတင်ဝင်ရောက်စဉ်က သူမ၏ ဓားချီစွမ်းအားမှာ ယခုအခြေအနေနှင့် ယှဉ်လျှင် အလွန်ပင် ကွာခြားလှသည်ဟု စိတ်ထဲမှ ဝန်ခံရပေမည်။

တူညီသော အဆင့်၊ တူညီသော နတ်ဘုရားစွမ်းရည် ဖြစ်သော်လည်း ထိုစဉ်က သူမနှင့် ချူလျန်အကြား ကွာခြားချက်မှာ အဆင့်မြင့်ရွှေအမြုတေ တစ်ခုသာ ရှိသဖြင့် ဤမျှလောက်အထိ စွမ်းအားကွာခြားလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။

အဆင့်မြင့်ရွှေအမြုတေက သန်မာကြောင်း ကြိုသိထားသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

"ဟဲဟဲ.."

ချူလျန်က ပြုံးလိုက်၏။

'အမှန်အတိုင်း ပြောရရင် ဒါက အဆင့်မြင့်ရွှေအမြုတေ နှစ်ခုရဲ့စွမ်းအားတွေ'

သူက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် ပြန်မေးလိုက်သည်။

"ဂိုဏ်းတူအစ်မကျန်း အခုလေးတင် ကျင့်ကြံရာက ထွက်လာတာလား…"

"ဟုတ်တယ်"

ကျန်းယွဲ့ပိုင်က ခေါင်းညိတ်ပြသည်။

"မင်းမှာ အရေးကြီးကိစ္စရှိတယ်ဆိုလို့ ငါလာခဲ့တာ"

"ကျင့်စဉ်က တိုးတက်မှုအများကြီး ရှိမှာပေါ့…"

ချူလျန်က ထပ်မေးလိုက်၏။ ဂိုဏ်းတူအစ်မကျန်းသည် ယခင်ကပင် စတုတ္ထအဆင့်၏ အထွတ်အထိပ်တွင် ရှိနေခဲ့ရာ ယခုဆိုလျှင် ပဉ္စမအဆင့်သို့ ရောက်နေလောက်ပြီ မဟုတ်ပါလော။

"မရောက်သေးပါဘူး…"

ကျန်းယွဲ့ပိုင်က ငြင်းဆိုလိုက်သည်။

"မနက်ဖြန်က တောင်စောင့်နတ်ပူဇော်ပွဲအတွက် မေးခွန်းထုတ်မယ့်နေ့ဆိုတော့ ကိုယ်တိုင်သွားပြီး စာရင်းပေးရမှာလေ… ဒါကြောင့် မလွှဲမရှောင်သာဘဲ ကျင့်ကြံရာက ခဏထွက်လာရတာ"

"တောင်စောင့်နတ်ပူဇော်ပွဲ…."

ချူလျန် ခေတ္တမှိုင်သွားပြီးမှ ထိုနေ့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိရသွားသည်။

ဤသည်မှာ ရှုတောင်ဂိုဏ်းအတွင်း ရှုတောင်စောင့်နတ်မင်းကို အမှတ်ရစေရန် ပြုလုပ်သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

ရှုတောင်ထိပ်သီးညီလာခံ မတိုင်မီ သုံးလအလိုတွင် စတင်လေ့ရှိပြီး ပုံမှန်အားဖြင့် ရတနာရှာဖွေရေး မေးခွန်းတစ်ခု ထုတ်ပေးကာ တပည့်များကို အဖွဲ့လိုက် ရှာဖွေစေခြင်းပင်။

ထိုရတနာကို ရှုတောင်၏ တစ်နေရာရာတွင် ဝှက်ထားမည်ဖြစ်ပြီး ရှုတောင်တပည့်များက ငါးယောက်တစ်ဖွဲ့ဖွဲ့၍ ရှာဖွေရသည်။

ဤသည်မှာ တပည့်များအနေဖြင့် ရတနာရှာဖွေရင်း ရှုတောင်ကို ပိုမိုသိရှိနားလည်စေရန်နှင့် ရှုတောင်အပေါ် သံယောဇဉ် ပိုမိုတိုးပွားစေရန် ရည်ရွယ်လေသည်။

ရှုတောင်ထိပ်သီးညီလာခံ စတင်ချိန်တွင် တောင်စောင့်နတ်ပူဇော်ပွဲ၏ အနိုင်ရရှိသူကို ကြေညာပေးလိမ့်မည်။

ခြုံငုံပြောရလျှင် ဤသည်မှာ ပျော်ပွဲရွှင်ပွဲ အစီအစဥ်တစ်ခုကဲ့သို့ပင်…။

လွန်ခဲ့သော လအနည်းငယ်ကတည်းက ရှုတောင်ထိပ်သီးညီလာခံ သတင်းများ ထွက်ပေါ်လာချိန်တွင် တပည့်များသည် အဖွဲ့ဝင်များကို အသီးသီး ရှာဖွေနေကြပြီ ဖြစ်သည်။

ချူလျန်အနေဖြင့် မည်သည့်သတင်းမှ မရရှိခဲ့ခြင်းမှာ ပုံမှန်အားဖြင့် လူတိုင်းက မိမိတို့၏ တောင်ထွတ်တူသူများကိုသာ ဦးစားပေး အဖွဲ့ဖွဲ့လေ့ရှိသောကြောင့် ဖြစ်၏။

မိမိတောင်ထွတ်တွင် အဖွဲ့ဖွဲ့ရန် လူမလောက်မှသာ အခြားတောင်ထွတ်များသို့ သွားရောက်ရှာဖွေကြခြင်းပင်။

ယခင်က ချူလျန်ကို လာရောက်ခေါ်ယူမည့်သူ တစ်ဦးမှ မရှိခဲ့ပေ။

ကျန်းယွဲ့ပိုင်သည် ချူလျန်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ သူ၏ အခြေအနေကို ချက်ချင်း ရိပ်မိသွားပြီး ပြောလိုက်သည်။

"ဒီလို အဓိပ္ပာယ်မရှိတဲ့ ကစားပွဲတွေကို ငါတော့ စိတ်မဝင်စားပါဘူး… ကျင့်ကြံတာကိုပဲ အနှောင့်အယှက် ဖြစ်စေတယ် လို့ထင်တယ်”

“... ဒါပေမဲ့ ဆရာက အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်ရမယ်လို့ ဆုံးမပြီး တခြားဂိုဏ်းတူတွေနဲ့အတူ သွားခိုင်းလို့သာ သွားရတာ… ငါက အဲဒီမှာ သိပ်ပြီး အားစိုက်မှာ မဟုတ်ဘူး"

"ဂိုဏ်းတူအစ်မကျန်းက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တာ တကယ့်ကို ကျွန်တော်တို့အတွက် စံနမူနာပါပဲ.."

ချူလျန်က ရယ်မောကာ ပြောလိုက်၏။

"ကဲပါ... မင်းငါ့ကို ရှာတာ တကယ်ပဲ ဘာအရေးကြီးကိစ္စရှိလို့လဲ"

ကျန်းယွဲ့ပိုင်က စကားလမ်းကြောင်းကို အသာအယာ လွှဲလိုက်သည်။ ဉာဏ်ရည်မြင့်မားသူများနှင့် ဆက်ဆံရသည်မှာ အမှန်တကယ်ပင် သက်သောင့်သက်သာရှိလှပြီး မည်သည့်အခါမျှ အနေခက်စရာ မရှိပေ။

ချူလျန်က ကြွေပုလင်းလေးကို ထုတ်ယူကာ ကျန်းယွဲ့ပိုင်အား ကမ်းပေးလိုက်သည်။

"တစ်ယောက်ယောက်က ဒါကို စီနီယာ့ကို ပေးခိုင်းလိုက်လို့ပါ…"

"ဒါက..."

ကျန်းယွဲ့ပိုင်က ကြွေပုလင်းကို ဖွင့်ကာ ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။

"နီရွှေနဂါးမြွေသည်းခြေလား…"

ပုလင်းထဲမှ အရာကို ချူလျန်က ကြိုတင်စစ်ဆေးထားပြီးသား ဖြစ်သည်။ သူက သူတစ်ပါး၏ လျှို့ဝှက်ချက်ကို သိချင်၍ မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူမှတစ်ဆင့် ဂိုဏ်းတူအစ်မကျန်းကို လုပ်ကြံမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သူသည် ဆေးပေါင်းဖိုခန်းမသို့ သွားစဉ်က ထိုပစ္စည်း၏ အရင်းအမြစ်ကို မပြောဘဲ စစ်ဆေးခိုင်းခဲ့သဖြင့် ၎င်းမှာ ဘာဖြစ်ကြောင်း သိရှိခဲ့ရသည်။

နီရွှေနဂါးမြွေသည်းခြေ….။

၎င်းမှာ ရွှေဓာတ်သဘာဝရှိသော အလွန်မြင့်မားသည့် ဝိညာဉ်ဆေးတစ်မျိုး ဖြစ်သည်။

ကျန်းစီနီယာ၏ အခြေအနေနှင့်ဆိုလျှင် ၎င်းမှာ ဓာတ်ကြီးငါးပါးနယ်ပယ်သို့ အဆင့်တက်လှမ်းရန်အတွက် အသုံးဝင်သော ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။

နီရွှေနဂါးမြွေသည် အလွန်အစွမ်းထက်သော ဝိညာဉ်သားရဲ ဖြစ်သဖြင့် ၎င်းကို သတ်ဖြတ်ရန်မှာ လွန်စွာ ခက်ခဲလှ၏။

ကျန်းယွဲ့ပိုင်အနေဖြင့် အဆင့်တက်လှမ်းရန်အတွက် ကမ္ဘာမြေရတနာများ မရှားပါးသော်လည်း ဤအဆင့်အတန်းရှိသော ရတနာကို ရရှိရန်မှာမူ မလွယ်ကူပေ။

နီရွှေနဂါးမြွေသည်းခြေကို အသုံးပြု၍ ဓာတ်ကြီးငါးပါးအဆင့်သို့ တက်လှမ်းခြင်းမှာ ချူလျန်က နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို သုံး၍ ရွှေအမြုတေအဆင့်သို့ တက်လှမ်းခြင်းနှင့် တူညီသည်…။

နှစ်ခုလုံးမှာ ဖြုန်းတီးရာ ရောက်လောက်အောင်ပင် အလွန်အမင်း တန်ဖိုးကြီးလှပေသည်။

"ဒါကို ဘယ်သူက ပေးခိုင်းလိုက်တာလဲ…"

ကျန်းယွဲ့ပိုင်က မေးလိုက်၏။

"ဝေလငါးစီးအင်မော်တယ်ပါ.."

ချူလျန်က ပြန်ဖြေလိုက်သည်။

ခေတ္တအကြာတွင် သူသည် မိမိကြုံတွေ့ခဲ့ရသည်များကို ကျန်းယွဲ့ပိုင်အား ပြန်လည်ပြောပြလိုက်သည်။

နားထောင်ပြီးနောက် ကျန်းယွဲ့ပိုင်သည် ငေးငိုင်သွား၏။ ကြည်လင်တောက်ပသော သူမ၏ မျက်ဝန်းအစုံတွင် မြူခိုးများ ဖုံးလွှမ်းသွားသကဲ့သို့ ရှိသည်။

အတော်ကြာမှ သူမက တီးတိုးရေရွတ်လိုက်သည်။

"သူလား…"

"ဂိုဏ်းတူအစ်မကျန်း... အဆင်ပြေရဲ့လား.."

ချူလျန်က စိုးရိမ်တကြီး မေးလိုက်၏။

ကျန်းယွဲ့ပိုင်က ခေါင်းယမ်းပြသည်။ သူမ၏ ပုခုံးများက အနည်းငယ် တုန်ယင်နေပြီး လက်နှစ်ဖက်ကို ပိုက်ကာ ကောင်းကင်မှ လမင်းကို မော့ကြည့်လိုက်သည်။

ချူလျန် သူမကို အနှောင့်အယှက် မပေးခဲ့ပေ။ အတန်ကြာမှ ကျန်းယွဲ့ပိုင်က ပြန်ပြောလိုက်သည်။

"ရှုတောင်မှာ ကျွန်မရဲ့ နောက်ကြောင်းကို သိတဲ့သူ သိပ်မရှိပါဘူး…"

"ဟင်"

ချူလျန်က နားစွင့်လိုက်၏။

"ကျွန်မမှာ အင်မော်တယ်ဝိညာဉ်ခန္ဓာ ရှိတော့ လူအတော်များများက ကျွန်မကို ကျန်းမျိုးနွယ်က လာတယ်လို့ ထင်ကြတယ်… ဒါပေမဲ့ တကယ်တော့ ကျွန်မက မွေးကတည်းက ရှုတောင်မှာ ကြီးပြင်းခဲ့တာပါ”

“ ကိုယ့်မိဘတွေကိုတောင် တစ်ခါမှ မမြင်ဖူးခဲ့ဘူး…"

"ကျွန်မအဖေရဲ့ နာမည်က ကျန်းထျန်းခွေ့လို့ ခေါ်တယ်လို့ ဆရာက ပြောတယ်… လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျန်းမျိုးနွယ်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်တဲ့.."

"ကျွန်မအမေကတော့ အလွန်တရာ ဆန်းကြယ်ပြီး ရှေးကျလှတဲ့ နတ်ဘုရားပျက်စီးခြင်းဘုံကနေ ထွက်လာခဲ့တာပါ… သူတို့နှစ်ယောက်က ချစ်ကြိုက်ခဲ့ကြပြီး ကျွန်မကို မွေးဖွားခဲ့တယ်.."

"ဒါပေမဲ့ ကျွန်မကို မွေးပြီးတာနဲ့ အမေက နတ်ဘုရားပျက်စီးခြင်းဘုံကို ပြန်သွားခဲ့တယ်…”

“ အဖေက ကျွန်မကို ကျန်းမျိုးနွယ်မှာ မထားခဲ့ဘဲ ရှုတောင် ပိလော့တောင်ထွတ်မှာ လာအပ်ထားခဲ့တာ အဲဒီနောက်မှာ အဖေက အမေ့ကို သွားရှာရင်းနဲ့ သတင်းအစအန ပျောက်သွားခဲ့တာပဲ"

"တစ်ခုတည်းသော ရရှိတဲ့ သတင်းကတော့ မကြာခင်မှာပဲ ဒဏ္ဍာရီလာ နတ်ဘုရားပျက်စီးခြင်းဘုံကျောင်းတိုက်ကနေ လက်စွမ်းပြပြီး ကျန်းမျိုးနွယ် တစ်ခုလုံးကို မျိုးဖြုတ်ပစ်လိုက်တယ် ဆိုတာပါပဲ…"

စကားအနည်းငယ်အတွင်းမှာပင် ချူလျန်၏ အသိပညာနယ်ပယ်ထက် ကျော်လွန်သွားချေပြီ။ ယခင်က သူနှင့် အခြားတပည့်များ ထင်ထားသည်မှာ ကျန်းမျိုးနွယ် ပျက်စီးသွားပြီးနောက် ကျန်ရစ်သူ တစ်ဦးတည်းသော ကလေးငယ်ကို ရှုတောင်က မွေးစားထားသည်ဟု ဖြစ်သည်။

သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားသည်ဆိုပါက ကလေးငယ်တစ်ဦး ကျန်ရစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ကျန်းယွဲ့ပိုင်မှာ မွေးကတည်းက ဤနေရာသို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

နတ်ဘုရားပျက်စီးခြင်းဘုံ...

ထိုနေရာသည် နဝမအဆင့်ရှိ ပညာရှင်များ သူတို့၏ သက်တမ်းကုန်ဆုံးခါနီးတွင် သွားရောက်ကြပြီး မည်သည့်အခါမျှ ပြန်မလာတော့သော နေရာဖြစ်သည်ဟုသာ သူ သိထားသည်။

နတ်ဘုရားပျက်စီးခြင်းဘုံကျောင်းတိုက်၏ အကြောင်းကိုမူ ယခင်က ကျန်းယွဲ့ပိုင် ပြောခဲ့ဖူးသည်ကို နားထောင်ပြီး သူ လိုက်လံစုံစမ်းခဲ့ဖူးသော်လည်း ရှုတောင်၏ မှတ်တမ်းများတွင် ထိုဂိုဏ်းအကြောင်း အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

နတ်ဘုရားပျက်စီးခြင်းဘုံတွင် နှစ်ပေါင်းများစွာ အစဉ်အဆက် တည်ရှိနေသော ကျောင်းတိုက်တစ်ခု ဖြစ်ကြောင်းသာ အနည်းငယ် ဖော်ပြထားပြီး ကျန်သောအချက်အလက်များမှာ မသိရှိရပေ။

ကျန်းယွဲ့ပိုင် ပြောသည့်အတိုင်းသာ မှန်ပါက ထိုနတ်ဘုရားပျက်စီးခြင်းဘုံကျောင်းတိုက်၏ အစွမ်းမှာ အလွန်ကြောက်စရာ ကောင်းလှပေသည်။

ရှေးဟောင်းခေတ်ကတည်းက ဆင်းသက်လာသော အဓိက ကျင့်ကြံခြင်း မိသားစုကြီး သုံးစုအနက် ရှမျိုးနွယ်မှာ ဧကရာဇ်မျိုးနွယ်အဖြစ် ဂုဏ်သတင်းကျော်ဇောပြီး ကျန်းမျိုးနွယ်မှာလည်း ၎င်းနှင့်အပြိုင် အစွမ်းထက်ကြောင်း ခန့်မှန်းနိုင်သည်။

ထိုသို့သော မိသားစုကြီးမှာ မည်သည့်သံသယဖြစ်ဖွယ်မှ မရှိဘဲ မျိုးဖြုတ်သုတ်သင်ခံလိုက်ရသည်။

မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်း သို့မဟုတ် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းထဲက ထိပ်သီးဂိုဏ်းများပင်လျှင် ဤသို့ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ယခု ကျင့်ကြံခြင်းလောကတွင် ကျန်းမျိုးနွယ် မရှိတော့ကြောင်း အားလုံးက သိထားသော်လည်း မည်သို့ ပျက်စီးသွားသည်ကိုမူ မည်သူမျှ အတိအကျ မပြောနိုင်ကြခြင်းပင်။

ထို့အပြင် ချူလျန်သည် ထိုဝေလငါးစီးအင်မော်တယ်သည် မည်သူဖြစ်နိုင်ကြောင်းကိုလည်း စဉ်းစားမိသွားသည်။

သူသည် ကျန်းစီနီယာ၏ အဖေဖြစ်သူ ကျန်းထျန်းခွေ့ ဖြစ်နေနိုင်သည် မဟုတ်ပါလော။

ဤသည်မှာ... မိမိက မတော်တဆ ကျန်းစီနီယာ၏ အဖေနှင့် တွေ့ခဲ့ရခြင်းလား….။ထိုအချက်သည် အတော်လေးကို အားနာစရာ... အဲ… မယုံနိုင်စရာပင်။

ချူလျန် အသေအချာ ပြန်စဉ်းစားကြည့်သည်။ သူနှင့် တွေ့ဆုံစဉ်က မယဉ်ကျေးသော အပြုအမူများ ရှိခဲ့သလား။ မရှိခဲ့ဟု ထင်ရပေသည်။

ကံကြမ္မာဆိုသည်မှာ အမှန်တကယ်ပင် ဆန်းကြယ်လှပေသည်။

"မင်းပြောတဲ့အတိုင်း အင်မော်တယ်စိမ့်မြေက အဲဒီ သလင်းနန်းတော်ဟာ ကျန်းမျိုးနွယ်နဲ့ တကယ်ပတ်သက်နေရင်... ကျန်းမျိုးနွယ်မှာ အသက်ရှင်ကျန်ရစ်သူဆိုလို့ ငါ့အပြင်... သူပဲ ရှိတော့မယ်"

ကျန်းယွဲ့ပိုင်၏ မျက်ဝန်းထဲတွင် အရောင်များ တဖျတ်ဖျတ် လက်နေ၏။ ၎င်းမှာ မျှော်လင့်ချက်လော သို့မဟုတ် နာကျည်းချက်လော ဆိုသည်ကို မခွဲခြားနိုင်ပေ။

"ဂိုဏ်းတူအစ်မကျန်း…"

ချူလျန် အနည်းငယ် တွေဝေသွားသော်လည်း ပြောလိုက်သည်။

"ကျန်တာတွေကိုတော့ ကျွန်တော် မသိသလို ဝင်ပြောဖို့လည်း မသင့်တော်ပါဘူး… ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတူအစ်မမှာ ကျွန်တော်... တို့ ရှိပါသေးတယ်”

“ ရှုတောင်ဂိုဏ်းသားတွေအားလုံးက အစ်မကို အရမ်းချစ်ကြတယ်… ရှုတောင်က အစ်မရဲ့ အိမ်ပဲ ဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး…."

ကျန်းယွဲ့ပိုင်က သူ့ကို စိုက်ကြည့်ရင်း လေထဲတွင် ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်နော်…"

"ကျွန်တော့်ကို အားနာနေစရာ မလိုပါဘူး…"

ချူလျန်က လက်ကာပြရင်း ရယ်မောလိုက်၏။

"ကျွန်မ ပြီးခဲ့တဲ့ နှစ်တွေမှာ နတ်ဘုရားပျက်စီးခြင်းဘုံနဲ့ ပတ်သက်တာတွေကို စုံစမ်းနေခဲ့တာ… ဒါပေမဲ့ ရလဒ်ကတော့ သိပ်မရှိဘူး"

ကျန်းယွဲ့ပိုင်က ဆက်ပြောသည်။

"ဆရာက အဲဒီနေရာဟာ မင်္ဂလာမရှိတဲ့နေရာ၊ အနားကို အရမ်းကပ်တဲ့သူတွေဟာ ကံဆိုးမှုတွေ ကြုံရတတ်တယ်လို့ ပြောဖူးတယ်… ဒါပေမဲ့ ကျွန်မအမေက အဲဒီက လာတာ၊ ကျွန်မအဖေကလည်း အဲဒီမှာ ပျောက်ဆုံးသွားတာ”

“ ကျွန်မက... မွေးကတည်းက ကံမကောင်းတဲ့သူ ဖြစ်နေခဲ့ပြီပဲလေ.. ကျွန်မ ရှောင်လွှဲလို့ မရတော့ဘူး”

“ ကျွန်မ အမှန်တရားကို မဖြစ်မနေ ရှာဖွေရမယ်"

သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် ပြန်ပြောနေခြင်းနှင့် ပိုတူပေသည်။

ညလေထဲတွင် ရှိနေသော သူမ၏ ပုံရိပ်ကို ချူလျန် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက မီးတောက်တစ်ခုကဲ့သို့ ခိုင်မာပြတ်သားနေသည်ကို တွေ့လိုက်ရ၏။

ဤသည်မှာမှ အစစ်အမှန် ကျန်းယွဲ့ပိုင် ဖြစ်ပေလိမ့်မည်။ အပြင်ပန်းတွင် အေးစက်တည်ငြိမ်သော်လည်း စိတ်အတွင်းသန္တာန်မှာမူ ကျောက်ဆောင်ကဲ့သို့ ခိုင်မာလှသည်။

တစ်ညတာလုံး အိပ်မက်ကောင်းများ မက်ခဲ့သည်။

နောက်တစ်နေ့ ချူလျန် အိပ်ရာနိုး၍ မျက်နှာသစ် သန့်စင်ပြီးချိန်တွင် အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ကြားလိုက်ရသည်။

"ငါ့ရဲ့ အရင်းနှီးဆုံး ညီအစ်ကိုကြီးရေ... မင်းနိုးပြီလား… မင်းနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့"

ဤအားမာန်အပြည့်နှင့် အသံကျယ်ကြီးမှာ လင်းပေ့မှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။ ချူလျန် တံခါးဖွင့်လိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ…. မနက်စောစောစီးစီး ရောက်လာရတာ ဘာကိစ္စများလဲ"

"ဟဲဟဲ.."

လင်းပေ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒီနေ့က တောင်စောင့်နတ်ပူဇော်ပွဲအတွက် မေးခွန်းထုတ်မယ့်နေ့ဆိုတာ မင်းသိလား"

"ဟင်... ဘာဖြစ်လို့လဲ"

ချူလျန်က မေးလိုက်၏။

"ငါ မင်းနဲ့ အဖွဲ့လာဖွဲ့တာလေ.."

All Chapters