← Chapters

ကျုပ်အဖွဲ့ကနေ ကြိုဆိုပါတယ်

Vol. 19 Ch. 187

ကျုပ်အဖွဲ့ကနေ ကြိုဆိုပါတယ်

Vol. 19 Ch. 187

"ကျုပ်နဲ့ အဖွဲ့လာဖွဲ့တာလား…."

ချူလျန်က သူ့ကို အနည်းငယ်ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ မေးလိုက်၏။

"ကျောက်စိမ်းဓားတောင်ထွတ်မှာ ခင်ဗျားရဲ့ လူမှုဆက်ဆံရေးက အဲဒီလောက်တောင် ဆိုးရွားနေတာလာ…"

ကျောက်စိမ်းဓားတောင်ထွတ်တွင် တပည့်ပေါင်း ရာနှင့်ချီ၍ ရှိပေသည်။ လင်းပေ့၏ စရိုက်အရဆိုလျှင်လည်း သူငယ်ချင်း ရှားပါးနေမည် မဟုတ်ချေ။

ယုတ္တိအရ တွေးကြည့်လျှင် မည်သို့ပင်ဖြစ်စေ ငွေဓားတောင်ထွတ်အထိ လာရောက်ကာ လူရှာရမည့် အခြေအနေမျိုးသို့ ရောက်မသွားသင့်ပေ။

"ဟဲဟဲ..."

လင်းပေ့က ရယ်မောလိုက်သည်။

"ငါက မင်းနဲ့ အရင်းနှီးဆုံး ဖြစ်နေလို့လေကွာ…"

"အမှန်တိုင်း ပြောစမ်းပါ"

ချူလျန်က ပြောလိုက်၏။

"ဟူး... မပြောပါနဲ့တော့ကွာ..."

လင်းပေ့က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ငါနဲ့ မင်းနဲ့ ရင်းနှီးတယ်ဆိုတာကို တစ်တောင်လုံးက သိနေကြတာလေ… အဲဒီတော့ ငါက ဘယ်သူနဲ့ပဲ အဖွဲ့သွားဖွဲ့ဖွဲ့၊ ငါ့ကို ငွေဓားတောင်ထွတ်က သူလျှိုများလားဆိုပြီး စိုးရိမ်နေကြတာကွ"

"..."

တရားခံက သူကိုယ်တိုင် ဖြစ်နေခြင်းပင်။

ချူလျန် စဉ်းစားကြည့်လိုက်ရာ ထိုကိစ္စကလည်း ဖြစ်နိုင်ချေရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ တောင်စောင့်နတ်ပူဇော်ပွဲကဲ့သို့သော ကိစ္စမျိုးသည် ပုံမှန်တာဝန်ထမ်းဆောင်ခြင်းများနှင့် မတူညီချေ။

၎င်းက တောင်ထွတ်အသီးသီးမှ တပည့်များအကြား ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး၊ ရှုတောင်ထိပ်သီးဆွေးနွေးပွဲအတွက် အမြည်းဟင်းလျာသဖွယ် ဖြစ်နေလေပြီ…။

တောင်စောင့်နတ်ပူဇော်ပွဲ၏ ရတနာရှာဖွေရေး လုပ်ငန်းစဉ်အတွင်း များပြားလှသော စူးစမ်းလေ့လာမှုများနှင့် ပဟေဠိဖော်ထုတ်မှုများ ပါဝင်မည်ဖြစ်ရာ၊ ထိုအချိန်ရောက်လျှင် သတင်းအချက်အလက်က အလွန်အရေးကြီးလာပေလိမ့်မည်။

အခြားအဖွဲ့များထံမှ သတင်းအချက်အလက်များကို စုံစမ်းခြင်း သို့မဟုတ် ကြိုတင်၍ သူလျှိုထည့်သွင်းခြင်းကဲ့သို့သော ကိစ္စရပ်များသည် ပွဲတော်ကျင်းပသည့် အကြိမ်တိုင်းတွင် ဖြစ်ပွားလေ့ရှိလေသည်။

အထူးသဖြင့် ကျောက်စိမ်းဓားတောင်ထွတ်နှင့် ငွေဓားတောင်ထွတ်တို့သည် မွေးရာပါရန်သူများ ဖြစ်ကြသည်။

ထို့ပြင် လင်းပေ့ကလည်း ပါးစပ်ဖွာသူဖြစ်ရာ၊ အကယ်၍ မိမိထံသို့ သတင်းအချက်အလက် တစ်ခုခုကို မတော်တဆ ပေါက်ကြားသွားစေပြီး ၎င်းတို့အဖွဲ့ကို ကျရှုံးသွားစေပါက အလွန်ပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပေသည်။

"တကယ်တော့ မင်းတို့ ငွေဓားတောင်ထွတ်ကိုမှ ရည်ရွယ်တာ မဟုတ်ပါဘူး… အခုဆိုရင် ငါတို့ တောင်ထွတ်ပေါ်က အဖွဲ့တွေကြားမှာ သူလျှိုရန်ကို ကာကွယ်နေရတာ ရူးချင်စရာကောင်းလောက်အောင်ပဲကွ”

“ လူတိုင်းက အဖွဲ့ဖွဲ့တဲ့အခါ တခြားအဖွဲ့က သူလျှိုတွေနဲ့ ကြုံရမှာကို စိုးရိမ်နေကြတော့၊ လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ယုံကြည်မှုဆိုတာ လုံးဝ မရှိတော့ဘူးလေ…"

လင်းပေ့က ရှင်းပြလိုက်သည်။

"ခင်ဗျားတို့ ကျောက်စိမ်းဓားတောင်ထွတ်က ညီညွတ်မှု မရှိဘူးပဲ…"

ချူလျန်က ခံစားချက်ပါပါဖြင့် ပြောလိုက်၏။

"ညီညွတ်မှုအပိုင်းမှာတော့ မင်းတို့ ငွေဓားတောင်ထွတ်ထက် အများကြီး နိမ့်ကျနေတာ အမှန်ပါပဲကွာ…"

လင်းပေ့က ပြောလိုက်လေသည်။

"တကယ်တော့ သူတို့က ခင်ဗျားအပေါ် စိုးရိမ်နေတာ ပိုတောင်ပိုနေသေးတယ်… သူတို့သာ ခင်ဗျားကို ကန်မထုတ်လိုက်ဘူးဆိုရင်၊ ကျုပ်မှာ ဒုတိယမြောက် အသင်းဖော်တောင် ရှိလာမှာ မဟုတ်ဘူး”

“ လူငါးယောက် ပြည့်ဖို့ဆိုတာ ဝေလာဝေးပဲ"

ချူလျန်က ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ဆက်ပြောလိုက်၏။

"ကျုပ်က တောင်စောင့်နတ်ပူဇော်ပွဲမှာ ပါဝင်ဖို့ကို လုံးဝ စိတ်ကူးမထားဘူး"

"ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုကြီးကို မပါဝင်လို့ ဘယ်ဖြစ်မလဲကွ"

လင်းပေ့က အလျင်စလို ပြောလိုက်လေသည်။

"ဒါ့အပြင် တောင်စောင့်နတ်ပူဇော်ပွဲမှာ အနိုင်ရတဲ့သူတွေအတွက် ဆုလာဘ်တွေက အမြဲတမ်း တော်တော်လေးကို များပြားတာကွ”

“ ဓားဒင်္ဂါး အမြောက်အမြား မဟုတ်ရင်တောင် လူတိုင်းက မှော်ဝင်ပစ္စည်း တစ်ခုစီ ရကြမှာ… ဒါမျိုးက ငါတို့ ရှုတောင်မှာ ကြုံရခဲတယ်လေ"

"အင်း..."

ဆုလာဘ်များပြားကြောင်း ကြားလိုက်ရသဖြင့် ချူလျန်တစ်ယောက် ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေ၏။

"မင်းက အင်မော်တယ်စိမ့်မြေကနေ ပြန်ရောက်နေပြီဆိုတော့၊ ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေပြီ မဟုတ်လား"

လင်းပေ့က ရုတ်တရက် မေးလိုက်သည်။

"အဆင့်တက်လှမ်းတာ ပြီးသွားပြီ…"

ချူလျန်က ဖြေလိုက်၏။

"အို..."

သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဆိုသည်ကို ကြားသော်လည်း လင်းပေ့မှာ အံ့အားသင့်သွားခြင်း အလျဉ်းမရှိဘဲ ဆက်မေးလိုက်သည်။

"ဘယ်လို အမြုတေမျိုးကို တည်ဆောက်နိုင်ခဲ့တာလဲ"

"အကောင်းဆုံးအဆင့် ရွှေအမြုတေလေ"

ချူလျန်က ပြန်ဖြေလိုက်၏။

"အို..."

လင်းပေ့မှာ အကောင်းဆုံးအဆင့် ရွှေအမြုတေဟူသော စကားကို ကြားသော်လည်း လုံးဝ အံ့သြမသွားပေ။

ထိုအပြုအမူက ချူလျန်ကိုပင် အနည်းငယ် အံ့အားသင့်သွားစေသည်။

"ဒီတစ်ခါတော့ ခင်ဗျားက ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ…."

သူက ခပ်ဖွဖွ ရယ်မောကာ မေးလိုက်၏။

"ငါ့နှလုံးသားက ထုံထိုင်းသွားတာ ကြာပြီကွ မင်းက ငါ့ကို ထပ်ပြီး အံ့သြအောင် လုပ်နိုင်တော့မယ် မထင်နဲ့.."

လင်းပေ့က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

ထပ်တလဲလဲ အံ့သြမှင်တက်ခဲ့ရပြီးနောက်တွင်၊ သူသည် ချူလျန်၏ အံ့မခန်း စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ ခုခံအားရှိသွားပြီ ဖြစ်လေသည်။

"ဟုတ်လား"

ချူလျန်က မေးလိုက်၏။

"ဒါဆို ကျုပ်က အကောင်းဆုံးအဆင့် ရွှေအမြုတေ နှစ်လုံးကို တည်ဆောက်နိုင်ခဲ့တယ်ဆိုရင်ကော.."

"ဟာ..."

လင်းပေ့က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စောစောက တည်ငြိမ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

"တကယ်လား... အလကား ပြောနေတာလား…"

"အလကား ပြောနေတာပေါ့"

ချူလျန်က ပြုံးလိုက်သည်။

"ဒီကမ္ဘာပေါ်မှာ အမြုတေ နှစ်လုံး ပိုင်ဆိုင်ထားတဲ့လူဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

"ဟူး..."

လင်းပေ့က သက်ပြင်းတစ်ချက် ချလိုက်၏။

"လန့်သေတော့မလို့... တကယ်ကြီးလို့တောင် ထင်လိုက်မိတယ်.."

ဤကိစ္စသည် အလွန်တရာ အဓိပ္ပာယ်မရှိသော်လည်း ချူလျန်ထံတွင် ဖြစ်ပျက်လာပါက တကယ်ဟုတ်မဟုတ်ကို သူ သံသယဝင်မိမည်မှာ အသေအချာပင်ဖြစ်သည်။

'လောကကြီးမှာ အမြုတေ နှစ်လုံးရှိတဲ့လူများ တကယ်ကြီး ရှိနေမလား…'

သူ တွေးလိုက်မိသည်။

"ထားပါတော့... အဓိကကိစ္စကိုပဲ ပြောကြရအောင်"

ချူလျန်က စကားလမ်းကြောင်း လွှဲလိုက်၏။

"ကျုပ်ရယ်၊ ခင်ဗျားရယ် ပေါင်းမှ နှစ်ယောက်တည်း ရှိသေးတာကို အဖွဲ့ဖွဲ့ဖို့ မလောက်သေးဘူးလေ"

ရှုတောင်သည် တောင်စောင့်နတ်ဘုရားပွဲတော်မှတစ်ဆင့် တပည့်များ၏ အဖွဲ့အစည်းဖြင့် လုပ်ဆောင်နိုင်စွမ်းကို လေ့ကျင့်ပေးလိုပုံရသည်။

လူဦးရေ မပြည့်မီပါက စာရင်းသွင်းခွင့် ပြုမည်မဟုတ်ပေ။ အခြားတပည့်များအားလုံး အဖွဲ့ကိုယ်စီ ရသွားပြီးနောက် လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့သည့် အထူးအခြေအနေမျိုးမှလွဲ၍ ဖြစ်လေသည်။

ရှုတောင်ပေါ်တွင် သူ သိကျွမ်းသည့်လူကလည်း သိပ်များများစားစား မရှိပေ။

"ဘာတွေများ စိုးရိမ်စရာ ရှိလို့လဲ… တောင်ထွတ်တိုင်းမှာ လူဦးရေက အတိအကျ ဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

“ နောက်ဆုံးကျရင် ဘယ်သူမှမလိုချင်တဲ့ အကြွင်းအကျန်တွေ ထွက်လာမှာ အသေအချာပဲလေ…"

လင်းပေ့က ရယ်မောကာ ပြောလိုက်သည်။

"ငါတို့အဖွဲ့မှာ မင်းရဲ့ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိ ရှိနေပြီပဲ… အဲဒီအပေါ်မှာ ငါပါ ထပ်ပေါင်းလိုက်တော့ ဉာဏ်ပညာရော၊ ရဲစွမ်းသတ္တိပါ ပြည့်စုံသွားပြီလို့ ဆိုနိုင်တာပေါ့ကွ…”

“ ကျန်တဲ့ နေရာတွေအတွက်ကတော့ အစားထိုးဖို့ အရူးတစ်ယောက်နှစ်ယောက်ကို ဘယ်နေရာမှာပဲ ရှာရှာ မရနိုင်စရာ အကြောင်းမရှိပါဘူး"

ကောင်းလိုက်သည့် အတွေးပင်။

'ငါတစ်ယောက်တည်းက ဉာဏ်ပညာရော ရဲစွမ်းသတ္တိပါ ပြည့်စုံအောင် လုပ်ပေးရမယ်… ကျန်တဲ့ လေးယောက်ကတော့ အားပေးရုံ သက်သက်ပဲပေါ့လေ'

ချူလျန်မှာ အသံထွက်သည်အထိ ရယ်မောလိုက်မိပြီးနောက် ပြောလိုက်၏။

"ဒါဆိုရင် အရေအတွက် ပြည့်ဖို့အတွက် အရူးသုံးယောက်ကို ဘယ်သွားရှာရမလဲ..."

ထိုသို့ ပြောနေစဉ်မှာပင် ရှိသေးသည်။

အပြင်ဘက်မှ နှုတ်ဆက်သံတစ်ခု ထွက်ပေါ်လာလေ၏။

"အစ်ကိုကြီး... အစ်ကိုကြီး ရှိလား…"

...

ဇာတ်လမ်းက စောစောက အခြေအနေဆီသို့ ပြန်သွားရမည် ဖြစ်သည်။

တိမ်တိုက်စက်ဝန်းတောင်ထွတ်၏ နံနက်ခင်းအချိန်တွင် ရှန်ဇီလျန်သည် နောက်လိုက် (က)၊ နောက်လိုက် (ခ) တို့နှင့်အတူ နံနက်စာ စားနေကြသည်။

"ဆရာ... ဒီနေ့က တောင်စောင့်နတ်ပူဇော်ပွဲအတွက် မေးခွန်းထုတ်မယ့်နေ့ပဲနော်”

“ ခဏနေရင် ကျွန်တော်တို့လည်း သွားပြီး စာရင်းသွင်းရမှာ မဟုတ်လား"

နောက်လိုက် (က) က မေးလိုက်၏။

"ဒီတလော ငါ အကျယ်ချုပ် ကျနေတော့ မနည်းတောင် လွတ်သွားတော့မလို့…"

ရှန်ဇီလျန်က ပြောလိုက်သည်။

"မင်းတို့ လူစုထားပြီးပြီလား"

"အင်း..."

နောက်လိုက် (ခ) က တိုးတိုးလေး အသံပြုလိုက်ပြီးနောက် ခေါင်းငုံ့ကာ ထမင်းဆက်စားနေလေ၏။

"ကျွန်တော် လူနှစ်ယောက်ကို ဆက်သွယ်ထားပြီးပြီ"

နောက်လိုက် (က) က ပြောလိုက်သည်။

"ရွှေအမြုတေအဆင့်က စီနီယာအစ်ကိုချန်ရယ်၊ ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်က စီနီယာအစ်ကိုဝမ်ရယ်လေ”

“ သူတို့က ကျွန်တော်တို့ တိမ်တိုက်စက်ဝန်းတော်ထွတ်မှာ ရှာတွေ့နိုင်သမျှထဲ အသန်မာဆုံး နှစ်ယောက်လို့ ပြောလို့ရတယ်…"

"အရမ်းကောင်းတယ်"

ရှန်ဇီလျန်က ချီးကျူးလိုက်၏။

"ငါတို့သုံးယောက်နဲ့ ပေါင်းလိုက်ရင် ဒါက တိမ်တိုက်စက်ဝန်းတောင်ထွတ်ရဲ့ အသန်မာဆုံး အဖွဲ့ပဲ… တခြားတောင်ထွတ်တွေနဲ့ သေချာပေါက် ယှဉ်ပြိုင်နိုင်ပြီ"

"အင်း..."

နောက်လိုက် (ခ) က အသံပြုလိုက်ပြီး ခေါင်းငုံ့စားနေပြန်သည်။

"ဒါပေမဲ့ ကျွန်တော် ကြားထားတာက ပိလော့တောင်ထွတ်က စီနီယာအစ်မကျန်း ဦးဆောင်ပြီး အဖွဲ့ဝင်အားလုံး ရွှေအမြုတေအဆင့်တွေချည်း ပါတဲ့အဖွဲ့ကို ဖွဲ့ထားတယ်တဲ့”

“ ကျောက်စိမ်းဓားတောင်ထွတ်က စီနီယာအစ်ကိုရွှီရဲ့ အဖွဲ့ကလည်း အားလုံးနီးပါး ရွှေအမြုတေအဆင့်တွေပဲ ထင်တယ်… “

“ကျွန်တော်တို့သာ သူတို့နဲ့ ယှဉ်ရမယ်ဆိုရင် ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်"

နောက်လိုက် (က) က စိုးရိမ်တကြီးဖြင့် ထပ်ပြောလိုက်သည်။

"ဒီကိစ္စကတော့..."

ရှန်ဇီလျန် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးမှ ပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် တောင်စောင့်နတ်ပူဇော်ပွဲဆိုတာ ကျင့်ကြံခြင်းအဆင့်တွေကိုချည်း ယှဉ်ပြိုင်ရတာမှ မဟုတ်တာ”

“ ပိုအရေးကြီးတာက ဉာဏ်ပညာပဲ… ဒီအပိုင်းမှာတော့ ငါတို့က လုံးဝ အောက်ကျနောက်ကျ ဖြစ်နေမှာ မဟုတ်ဘူး"

"အင်း..."

နောက်လိုက် (ခ) က အသံပြုလိုက်ပြီး ခေါင်းငုံ့စားနေသည်။

"အယ်..."

နောက်လိုက် (က) က ရုတ်တရက် ပြောလိုက်၏။

"မနေ့က ကြားလိုက်တာက ချူလျန်က..."

"ဘာ ချူလျန်လဲ.. အဲဒါက မင်းခေါ်လို့ရတဲ့ နာမည်လား"

ရှန်ဇီလျန်က ရုတ်တရက် မျက်စောင်းထိုးလိုက်လေသည်။

"ဪ... မနေ့က ကြားလိုက်ရတာက ဆရာ့ရဲ့အစ်ကိုကြီးက အကောင်းဆုံးအဆင့် ရွှေအမြုတေကို တည်ဆောက်နိုင်ခဲ့ပြီတဲ့”

“ အခုဆိုရင် ရွှေအမြုတေအဆင့်တောင် ရောက်နေလောက်ပြီနော်"

နောက်လိုက် (က) က အလျင်အမြန် ပြင်ပြောလိုက်သည်။

"ငွေဓားတောင်ထွတ်မှာ သူက တစ်ယောက်တည်း ရှိတာလေ… အဲဒီတော့ သူ့ကို ကျွန်တော်တို့ တိမ်တိုက်စက်ဝန်းတောင်ထွတ်ရဲ့ အဖွဲ့ထဲ ဆွဲသွင်းလိုက်ရင် မကောင်းဘူးလား"

"အကြံကောင်းပဲ…"

ရှန်ဇီလျန်က ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်ပြီး ပြောလိုက်၏။

"သူ့ရဲ့ အကူအညီသာ ပါမယ်ဆိုရင်၊ ငါတို့ တိမ်တိုက်စက်ဝန်းတောင်ထွတ်က ပိလော့တောင်ထွတ်နဲ့ ကျောက်စိမ်းဓားတောင်ထွတ်တို့ကို ယှဉ်နိုင်လောက်တယ်"

"အင်း..."

နောက်လိုက် (ခ) က အသံပြုလိုက်ပြီး ခေါင်းငုံ့စားနေပြန်သည်။

"ဆရာ... တကယ်တော့ ကျွန်တော် အမြဲတမ်း မေးချင်နေခဲ့တာ… ဆရာက သူ့ကို အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုတာက တကယ် စေတနာမှန်နဲ့လား…”

“ ဒါမှမဟုတ် ရန်သူ့တပ်စခန်းထဲကို ဝင်ရောက်ဖို့ ရွှေ့ကွက်နည်းဗျူဟာ တစ်ခုခုလားဆိုတာကိုလေ..."

နောက်လိုက် (က) က အသံကိုနှိမ့်ကာ တိုးတိုးလေး မေးလိုက်သည်။

"သေချာပေါက် စေတနာမှန်နဲ့ပေါ့ကွ"

ရှန်ဇီလျန်က ဖြေလိုက်၏။

"အရင်တုန်းက ငါ သူ့ကို အကြိမ်ကြိမ် လုပ်ကြံခဲ့တာတောင်၊ သူက ငါ့အသက်ကို ကယ်တင်ပေးခဲ့သေးတယ်လေ”

“ ငါ့ဘက်ကလည်း သေချာပေါက် ကျေးဇူးဆပ်ရမှာပေါ့"

"ပြီးတော့..."

သူ့မျက်လုံးများထဲတွင် ဉာဏ်ပညာရှိသော အရောင်အဝါများ တောက်ပလာလေသည်။

"သူက ဝိညာဉ်အသိအမြင်အဆင့် အစောပိုင်းကနေ ရွှေအမြုတေအဆင့်ကို ရောက်ဖို့ အချိန်ဘယ်လောက် ယူလိုက်ရလဲဆိုတာ မင်းတို့ မှတ်မိသေးလား…”

“ အခုဆိုရင် အကောင်းဆုံးအဆင့် ရွှေအမြုတေကိုတောင် တည်ဆောက်နိုင်သွားပြီလေ”

“ သူက ရွှီဇီယန်နဲ့ ကျန်းယွဲ့ပိုင်တို့ထက် လုံးဝ အားမနည်းတဲ့ လက်ရှိခေတ်ရဲ့ ပါရမီရှင်တစ်ယောက်လို့ ငါ ယုံကြည်တယ်”

“ အရင်တုန်းက ငါဟာ သူ့ကိုများ ရင်ဆိုင်ဖို့ ကြိုးစားခဲ့သေးတယ်... တကယ်ကို မိုက်မဲလွန်းတာပဲ… အနာဂတ် ရှုတောင်ရဲ့ ရာထူးမြင့်နေရာတွေမှာ သူ့အတွက် နေရာတစ်နေရာ သေချာပေါက် ရှိနေလိမ့်မယ်ဆိုတာတောင် ကြိုပြောနိုင်တယ်"

"အင်း..."

နောက်လိုက် (ခ) က အသံပြုလိုက်ပြီး ခေါင်းငုံ့စားနေသည်။

"အလန်းပဲ..."

နောက်လိုက် (က) က လက်ခုပ်တီးကာ ချီးကျူးလိုက်၏။

"ဆရာ့ရဲ့အစ်ကိုကြီးက ထူးခြားထက်မြက်တဲ့ လက္ခဏာတွေ ပြသနေပြီဆိုတာ အသေအချာပဲ”

“ ပြီးတော့ ဒါကို သတိထားမိတဲ့သူကလည်း သိပ်မများသေးဘူးဆိုတော့၊ ငါတို့က စောစောစီးစီး လိုက်နာခစားထားရင်၊ နောင်တစ်ချိန် သူ ရာထူးတက်လာတဲ့အခါ၊ ငါတို့လုပ်ရပ်က... နဂါးကို ကူညီပံ့ပိုးခဲ့တဲ့ ကုသိုလ်ပဲပေါ့…"

"ဟဲဟဲ..."

ရှန်ဇီလျန်က အလျင်စလို တိုက်တွန်းလိုက်သည်။

"မြန်မြန်စားကြ... စားပြီးတာနဲ့ ငါတို့ ငွေဓားတောင်ထွတ်ကို သွားပြီး လူသွားခေါ်မယ်"

"အင်း..."

နောက်လိုက် (ခ) က ပါးစပ်ကိုသုတ်ကာ အသံပြုလိုက်၏။

"ဘာကို စားရမှာလဲ"

နောက်လိုက် (က) က ရုတ်တရက် ကြောင်တောင်တောင်ဖြင့် မေးလိုက်လေသည်။

"ထမင်းစားမှာပေါ့"

ရှန်ဇီလျန်က ထူးဆန်းသလို ပြန်ဖြေလိုက်၏။

"ထမင်းက ဘယ်မှာလဲ"

နောက်လိုက် (က) မှာ ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။

ရှန်ဇီလျန်က စားပွဲပေါ်သို့ ငုံ့ကြည့်လိုက်ရာ၊ မှန်ပြင်ကဲ့သို့ ပြောင်လက်နေသော ကြွေပန်းကန် လေးငါးချပ်သာ ရှိပြီး ထိုအပေါ်တွင် အစားအသောက်ဟူ၍ ဘာမျှမရှိတော့ပေ။

"ဟ... တကယ်ပဲ ထူးဆန်းနေပြီ"

သူက မျက်လုံးပြူးသွားကာ မေးလိုက်၏။

"ထမင်းနဲ့ ဟင်းတွေကော"

"သူခိုးများ ဝင်သွားတာလား"

နောက်လိုက် (ခ) ကလည်း ခေါင်းကိုကုတ်ကာ မေးလိုက်လေသည်။

...

အစားအသောက် ထပ်ရှာရန်ပင် အချိန်မရတော့ဘဲ၊ ရှန်ဇီလျန်သည် သူ၏ နောက်လိုက်နှစ်ယောက်ကို ခေါ်ဆောင်ကာ အပြင်သို့ထွက်၍ လေကိုစီးနင်းလျက် ငွေဓားတောင်ထွတ်သို့ လွင့်မျောလာခဲ့ကြသည်။

အပြင်ဘက်မှ ခေါ်သံကို ကြားလိုက်ရသဖြင့် ချူလျန် အပြင်သို့ ထွက်လာရာ၊ ထိုလူသုံးယောက် ပြေးလာသည်ကို မြင်လိုက်ရ၏။

"ဘာဖြစ်လို့လဲ…"

သူက မေးလိုက်သည်။

"အစ်ကိုကြီး..."

ရှန်ဇီလျန်က ရှေ့သို့တိုးလာကာ ပြောလိုက်၏။

"ကျွန်တော်တို့ လာတာက တောင်စောင့်နတ်ပူဇော်ပွဲအတွက် အဖွဲ့ဖွဲ့မလို့ပါ…"

"ဟေ..."

ချူလျန်က မျက်လုံးပင့်ကြည့်လိုက်မိသည်။

တိုက်ဆိုင်လိုက်သည့်ဖြစ်ခြင်း။

"မင်းတို့က ကျုပ်နဲ့ အဖွဲ့ဖွဲ့ချင်တာလား…"

သူက ပြုံးကာ မေးလိုက်၏။

"ဟုတ်ပါတယ်.."

ရှန်ဇီလျန်က ပြန်ဖြေလိုက်သည်။

"ဒါဆို အရမ်းကောင်းတာပေါ့.."

ချူလျန်က သူ့လက်ကို ဆုပ်ကိုင်လိုက်လေ၏။

"ကျုပ်အဖွဲ့ကနေ ကြိုဆိုပါတယ်…"

All Chapters