← Chapters

ကျုပ်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်...

Vol. 19 Ch. 188

ကျုပ်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်...

Vol. 19 Ch. 188

ငွေဓားတောင်ထွတ်၏ တောင်ကုန်းငယ်လေးပေါ်တွင်။

ချူလျန်အဖွဲ့၏ ပထမဆုံး အဖွဲ့လိုက် အစည်းအဝေးကို ကျင်းပနေလေသည်။

တက်ရောက်လာသူများမှာ သူအပါအဝင် တိုက်ခိုက်လိုစိတ်ပြင်းပြနေသော လင်းပေ့နှင့် ကြောင်တောင်တောင် ဖြစ်နေသည့် ကောင်လေးသုံးယောက်တို့ ဖြစ်ကြ၏။

ရှန်ဇီလျန်မှာ ခေါင်းထဲတွင် ရှုပ်ထွေးနေဆဲပင်။

'ငါက တိမ်တိုက်စက်ဝန်းတောင်ထွတ်ရဲ့ အဖွဲ့ခေါင်းဆောင်လေ... ဘယ်လိုလုပ်ပြီး ငွေဓားတောင်ထွတ်ရဲ့ အဖွဲ့ဝင် ဖြစ်သွားရတာလဲ...'

အကြောင်းပြချက်မရှိဘဲ ခန့်အပ်ခံလိုက်ရသလို ခံစားနေရ၏။

'ငါက တိမ်တိုက်စက်ဝန်းတောင်ထွတ် သခင်ရဲ့ သားလေ... ငါကိုယ်တိုင်က ရန်သူ့ဘက်ကို ကူးပြောင်းသွားမှတော့ တိမ်တိုက်စက်ဝန်းတောင်ထွတ်က တခြားသူတွေ ဘယ်လိုတွေးကြမလဲ...'

'အစက ချူလျန်မှာ တစ်ယောက်တည်းပဲ ရှိတယ်ဆိုတော့ သူ့ကို အဖွဲ့ထဲဆွဲသွင်းဖို့ပဲ တွေးထားခဲ့တာ... သူက တစ်ယောက်တည်းနဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...'

"အဟမ်း... အဟမ်း..."

ချူလျန်က လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်လေသည်။

"ကျုပ်တို့ ငွေဓားတောင်ထွတ်အဖွဲ့ထဲ ဝင်လာတဲ့အတွက် အားလုံးကို ကြိုဆိုပါတယ်… ရှေ့ဆက်ရမယ့် တောင်စောင့်နတ်ပူဇော်ပွဲမှာတော့ ကျုပ်တို့တွေက အတူယှဉ်တွဲတိုက်ပွဲဝင်ရမယ့် အဖွဲ့ဝင်တွေ ဖြစ်သွားကြပါပြီ"

"အခု ကျုပ်ကိုယ်ကျုပ် အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီး လင်းပေ့ကိုတော့ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်…"

ချူလျန်က လင်းပေ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

ရှန်ဇီလျန်က ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။

"အစ်ကိုကြီး... ခင်ဗျားက ခေါင်းဆောင်လုပ်တာက ထားပါတော့ ဘာလို့ သူက ဒုတိယခေါင်းဆောင် ဖြစ်ရတာလဲ"

"မင်းတို့သုံးယောက်က လူများနေတယ်လေ လင်းပေ့က ကျောက်စိမ်းဓားတောင်ထွတ်က တစ်ယောက်တည်းဆိုတော့ သူ့ကို လုပ်ပိုင်ခွင့် နည်းနည်းပိုပေးလိုက်တာပါ…"

သူက လက်ကာပြလိုက်ပြီး နှစ်သိမ့်လိုက်လေသည်။

"ကျုပ်တို့အဖွဲ့ထဲမှာ တရားမျှတမှု အပြည့်အဝရှိပါတယ်… ရှေ့ဆက် ကိစ္စရပ်အားလုံးကို မဲခွဲဆုံးဖြတ်ကြမှာပါ"

ထိုစကားကို ကြားသောအခါ ရှန်ဇီလျန်၏ မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာ၏။

အကယ်၍ မဲခွဲဆုံးဖြတ်မည်ဆိုပါက သူတို့သုံးယောက် ပေါင်းလိုက်လျှင် အပြည့်အဝ အသာစီးရမည် ဖြစ်လေသည်။

"မင်းတို့ အဖွဲ့ဝင်သုံးယောက်က တစ်ယောက်ကို တစ်မဲ၊ လင်းပေ့က နှစ်မဲ.."

ချူလျန်က စီစဉ်ပေးလိုက်သည်။ တိမ်တိုက်စက်ဝန်းတောင်ထွတ်မှ ကောင်လေးသုံးယောက်၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာလေ၏။

သူတို့သုံးယောက် ပေါင်းလိုက်ပါက လင်းပေ့ထက် မဲအရေအတွက် အပြတ်အသတ် သာနေဆဲပင်ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် ချူလျန် ဆက်ပြောလိုက်သည့် စကားကို ကြားလိုက်ရသည်။

"ကျုပ်က မဲအရေအတွက် သုံးရာ့ခြောက်ဆယ်…"

"ဟာ..."

တစ်ဖက်ရှိ လူသုံးယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေတော့သည်။

"ကဲ... အစည်းအဝေး ပြီးပြီ"

ချူလျန်က မတ်တတ်ရပ်လိုက်၏။

"ကောင်းကင်တက်လှမ်းတောင်ထွတ်ကို သွားပြီး နာမည်စာရင်း သွားသွင်းကြရအောင်"

"..."

လူတစ်စု ကောင်းကင်တက်လှမ်းတောင်ထွတ်သို့ ပျံသန်းဆင်းသက်လိုက်သည်နှင့် တောင်ထိပ်တွင် လူအများ သွားလာလှုပ်ရှားနေကြပြီး နာမည်စာရင်းလာသွင်းသည့် မျိုးဆက်တူ တပည့်များနှင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။

မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် အရှေ့ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးက အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြ၏။

ယင်းနောက် ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်လှသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာလေသည်။

ရွှီဇီယန်က ကျောက်စိမ်းဓားတောင်ထွတ်မှ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ နာမည်စာရင်းသွင်းပြီးနောက် အထဲမှ ထွက်လာခြင်းပင်။

သူ့နောက်တွင် ဖန်တင်း အပါအဝင် ရွှေအမြုတေအဆင့်ရှိ ထိပ်တန်းသိုင်းသမား သုံးယောက် ပါဝင်ပြီး အခြားတစ်ယောက်မှာ သူ၏ ညီမဖြစ်သူ ရွှီဇီချင် ဖြစ်သည်။

ရွှီဇီယန် ပဉ္စမအဆင့်သို့ တက်လှမ်းသွားပြီဟူသော သတင်းများ ပျံ့နှံ့သွားပြီးကတည်းက ရှုတောင်ဂိုဏ်းတွင် သူ၏ ဂုဏ်သတင်းမှာ ပို၍ပင် ကြီးမားလာခဲ့သည်။

အနီးနားရှိ ဂိုဏ်းတူညီအစ်ကိုများဆိုလျှင် သူ့ကို တည့်တည့်ပင် မကြည့်ရဲကြပေ။

လင်းပေ့က ကျောက်စိမ်းဓားတောင်ထွတ်မှ ဂိုဏ်းတူညီအစ်ကိုများ သူ့ကို မမြင်စေရန် အသာအယာ ကျောခိုင်းလိုက်သည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သံကို ကြားလိုက်ရလေ၏။

"ကျန်းကျန်းလေး လာပြီဟေ့..."

"ဂိုဏ်းတူအစ်မ ကျန်း..."

ရွှီဇီယန် ဖန်တီးခဲ့သော တိတ်ဆိတ်ငြိမ်သက်မှုနှင့် ဖိအားများနှင့် မတူညီစွာပင် ကျန်းယွဲ့ပိုင်၏ ရောက်ရှိလာမှုက တစ်ကွင်းလုံးကို မီးရှို့လိုက်သကဲ့သို့ လူအုပ်ကြီးကို ဆူညံပွက်လောရိုက်သွားစေသည်။

ပြီးခဲ့သည့် တရားဟောပွဲအပြီးတွင် တပည့်များကြား၌ ကျန်းယွဲ့ပိုင်၏ နာမည်ကြီးမှုက ပိုမို ခိုင်မာလာခဲ့၏။

ယခုဆိုလျှင် လူကြိုက်များရုံသာမက အချို့ဆိုလျှင် သူမကို ရိုသေလေးစားနေကြပြီ ဖြစ်သည်။

ချူလျန်က ခေါင်းလှည့်ကြည့်လိုက်ရာ လေပြည်သွေးသလို နူးညံ့ပျော့ပျောင်းသော ကိုယ်ဟန်ရှိသည့် အရပ်မြင့်မြင့် မိန်းမပျိုတစ်ဦးကို မြင်လိုက်ရသည်။

သူမ၏ မျက်နှာက အေးစက်နေပြီး ဘေးဘီသို့ စောင်းငဲ့မကြည့်ဘဲ နောက်ကွယ်မှ ရွှေအမြုတေအဆင့် သိုင်းသမားလေးယောက်ကို ခေါ်ဆောင်ကာ တည့်မတ်စွာ လျှောက်လှမ်းလာလေ၏။

သူတို့၏ အသက်အရွယ်မျိုးတွင် အနည်းငယ် ပိုကြီးနေလျှင်ပင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်သူများကို ပါရမီရှင်ဟု ခေါ်ဆိုနိုင်ပေသည်။

အကယ်၍ အခြား သာမန်ဂိုဏ်းများတွင်သာဆိုလျှင် အဓိကတပည့် ဖြစ်ရုံသာမက ဂိုဏ်း၏ အထွတ်အထိပ်တပည့်ပင် ဖြစ်နိုင်ချေရှိသည်။

လက်ရှိ ရှုတောင်ဂိုဏ်းရှိ ရွှေအမြုတေအဆင့်နှင့် အထက်ရှိသော တပည့်များမှာလည်း ဆယ်ဂဏန်းမျှသာ ရှိသော်လည်း သူတို့အဖွဲ့နှစ်ဖွဲ့ကပင် ကိုးယောက်အထိ နေရာယူထားကြလေသည်။

ပိလော့တောင်ထွတ်နှင့် ကျောက်စိမ်းဓားတောင်ထွတ်တို့၏ တကယ့်အင်အားကြီးမားမှုကို တွေ့မြင်နိုင်ပေသည်။

လေနှင့်တိမ်တို့ ဆုံဆည်းသကဲ့သို့ တောင်ထွတ်နှစ်ခုမှ အဖွဲ့များ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လူအုပ်ကြီးက အသီးသီး လမ်းဖယ်ပေးကြ၏။

တစ်ဖွဲ့က ဝင်လာပြီး တစ်ဖွဲ့က ထွက်သွားချိန်တွင် သူတို့နှစ်ဖွဲ့ ဖြတ်လျှောက်သွားမှုက တစ်ကွင်းလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။

ကျန်းယွဲ့ပိုင်နှင့် ရွှီဇီယန်တို့၏ အကြည့်များ တစ်ချက်ဆုံသွားကြပြီး နှစ်ဦးစလုံးက အသီးသီး ခေါင်းညိတ် နှုတ်ဆက်လိုက်ကြသည်။

မည်သည့်စကားမှ မပြောဘဲ ထိုအတိုင်းပင် ဖြတ်လျှောက်သွားကြလေ၏။

ယမ်းနံ့များကတော့ အလွန်ပြင်းထန်နေပေသည်။

ကွင်းပြင်ထဲရှိ ပွဲကြည့်ပရိသတ်များမှာ အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး ဤအဖွဲ့နှစ်ဖွဲ့ ချက်ချင်းပင် တိုက်ခိုက်ကြသည်ကို ကြည့်ချင်နေကြသည်။

တပည့်အများစုကလည်း အနိုင်ရသူမှာ ထိုသူတို့ကြားမှသာ ပေါ်ထွက်လာမည်ဟု တိတ်တဆိတ် လက်ခံထားကြပြီး ဖြစ်၏။

ချူလျန် တစ်ယောက်သာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

"ဘာလို့ သူတို့က တန်းစီစရာ မလိုတာလဲ..."

"ဟင်..."

အနောက်ဘက်ရှိ လင်းပေ့နှင့် ကောင်လေးသုံးယောက်လုံး ကြက်သေသေသွားကြ၏။

ထိုကိစ္စကို အမှန်တကယ် မည်သူမျှ သတိမထားမိကြပေ။

‘အခြားအဖွဲ့နှစ်ဖွဲ့က ကမ္ဘာနဲ့ အင်္ဂါဂြိုဟ် ဝင်တိုက်မတတ်၊ အပ်ဖျားနဲ့ ဂျုံဆူး ကြိတ်မိမတတ် ပြင်းထန်နေပြီးတော့ တစ်ကွင်းလုံး စောင့်ကြည့်နေတဲ့အချိန်မှာ ခင်ဗျားက သူတို့ ဘာလို့ တန်းမစီတာလဲလို့ မေးနေတာတဲ့လား…’

...

ကောင်းကင်တက်လှမ်းတောင်ထွတ်တွင် နာမည်စာရင်း သွင်းပြီးသည်နှင့် ချူလျန်က သူတို့ကို အရင်ပြန်လွှတ်လိုက်လေသည်။

သူကိုယ်တိုင်ကမူ လမ်းကြုံသဖြင့် ထိန်းသိမ်းရေးခန်းမထဲသို့ ဝင်သွားလိုက်၏။

ဤနေရာရှိ အပြင်အဆင်များက နှစ်သောင်းချီ၍ ပြောင်းလဲမည်မထင်ရပေ။

တံခါးမှဝင်ကာ စင်္ကြံလမ်းကို ဖြတ်သွားလိုက်သည်နှင့် လေးထောင့်စပ်စပ် မျက်နှာနှင့် စီနီယာအစ်ကိုယွမ်ကျိုးက ထိုနေရာတွင် ထိုင်၍ စာဖတ်နေသည်ကို တွေ့လိုက်ရသည်။

"ဂိုဏ်းတူညီလေးချူ..."

ယွမ်ကျိုးက သူလာသည်ကို မြင်သည်နှင့် လက်ထဲရှိ စာအုပ်ကို ချထားလိုက်လေသည်။

"ဂိုဏ်းတူအစ်ကိုယွမ်ကျိုး..."

ချူလျန်က ပြောလိုက်၏။

"ကျုပ်က နတ်ဘုရားစွမ်းရည် ကျင့်စဉ်တစ်ခု လာရှာချင်လို့ပါ… ရှိမလားတော့ မသိဘူး.."

"ဘယ်လိုအမျိုးအစားလဲ…"

ယွမ်ကျိုးက မေးလိုက်သည်။

ချူလျန်က အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ရှင်းပြလိုက်၏။

"ရွှေအမြုတေ နှစ်ခုက တစ်ခုနဲ့တစ်ခု ပေါင်းစပ်လှည့်ပတ်ပြီး အပြန်အလှန် အထောက်အကူပြု မြှင့်တင်ပေးနိုင်တဲ့..."

"အို..."

ယွမ်ကျိုးက တုံ့ပြန်လိုက်လေသည်။

"စုံတွဲကျင့်စဉ် မဟုတ်လား…"

"ဟုတ်ပါတယ်…"

ချူလျန်က ခေါင်းညိတ်ပြလိုက်၏။

စုံတွဲကျင့်ကြံခြင်းဆိုသည့် နာမည်အတိုင်းပင် အမှန်တကယ်တော့ လူနှစ်ယောက် အတူတကွ ကျင့်ကြံခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ဘယ်အချိန်ကတည်းက စတင်ခဲ့မှန်း မသိသော်လည်း ၎င်းသည် တာအိုလက်တွဲဖော်များအကြား၌သာ အသုံးပြုသည့် သီးသန့်စကားလုံး

ဖြစ်လာခဲ့လေရာ ချူလျန်တစ်ယောက် အနည်းငယ် အနေရခက်သွားရသည်။

သို့သော် အလေးအနက်ထား၍ ပြောရလျှင် စုံတွဲကျင့်ကြံခြင်းဆိုသည်မှာ အလွန်နက်ရှိုင်းသည့် ဆက်သွယ်မှုပုံစံတစ်မျိုး ဖြစ်ပေသည်။

အမျိုးသားနှင့် အမျိုးသမီးကြားရှိ အနက်ရှိုင်းဆုံး ဆက်သွယ်မှုဆိုသည်မှာ အဟလွတ်မြင်သည်နှင့် အပ်ထိုးထည့်ခြင်းမျှသာ ဖြစ်ပေသည်။

သို့သော် စုံတွဲကျင့်ကြံခြင်းဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး၏ တန်ထျန်းချီပင်လယ်ကို ဖွင့်ဟပေးရမည်ဖြစ်ပြီး နှစ်ဦးစလုံး၏ ပြီးပြည့်စုံသော ကျင့်စဉ်ပတ်လမ်း လှည့်ပတ်မှုထဲသို့ အပြန်အလှန် ပေါင်းစပ်ဝင်ရောက်ကာ တစ်ကိုယ်လုံးရှိ ကျင့်ကြံမှုအဆင့်များပါ တစ်သားတည်း ပေါင်းစည်းသွားစေရမည် ဖြစ်သည်။

ဤဖြစ်စဉ်တွင် ဖွင့်ဟပေးရသည့် အစိတ်အပိုင်းများနှင့် အန္တရာယ်ရှိနိုင်မှု အတိုင်းအတာမှာ အခြားသော ကိစ္စရပ်များထက် အဆပေါင်းများစွာ ပိုမိုမြင့်မားပေသည်။

မိမိ၏ အသက်အိုးအိမ်စည်းစိမ်ကို တစ်ဦးနှင့်တစ်ဦး အပ်နှင်းထားရသည်ဟု ဆိုနိုင်ပြီး အယုံကြည်ရဆုံးသူနှင့်မှသာ ဤမျှအထိ အရာအားလုံးကို ဖွင့်ဟထားနိုင်မည် ဖြစ်၏။

ထို့ကြောင့်လည်း စုံတွဲကျင့်ကြံခြင်းဆိုသည်မှာ တဖြည်းဖြည်းနှင့် တာအိုလက်တွဲဖော်ဟူသော စကားလုံး၏ ကိုယ်စားပြု အသုံးအနှုန်း ဖြစ်လာခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

"မင်းက ရွှေအမြုတေကို အောင်အောင်မြင်မြင် ဖွဲ့စည်းပြီးသွားပြီ မဟုတ်လား…"

ယွမ်ကျိုးက ချူလျန်ကို ကြည့်ကာ မေးလိုက်သည်။

"မင်းနဲ့ တစ်ဖက်လူက ဘယ်လို ရွှေအမြုတေ အမျိုးအစားတွေလဲ…"

"အာ..."

ချူလျန်က ဖြေလိုက်၏။

"ကျုပ်က ရှောက်ယန် ရွှေအမြုတေပါ… ဟို... နောက်တစ်ယောက်က ရှောက်ယင် ရွှေအမြုတေ"

"တကယ်ကို လိုက်ဖက်တာပဲ.."

ယွမ်ကျိုးက ပြောလိုက်လေသည်။

"ရှောက်ယင်နဲ့ ရှောက်ယန် ရွှေအမြုတေတွေအတွက် ဘယ်လိုကျင့်စဉ်က သင့်တော်မလဲဆိုတာ ငါ စဉ်းစားကြည့်လိုက်ဦးမယ်…"

"ဒါနဲ့..."

ချူလျန်က ဆက်ပြောလိုက်၏။

"ကျုပ် မေးချင်တာ တစ်ခုရှိသေးတယ်…"

"ဓားသုံးပြီး အရိပ်ကို ခုတ်လိုက်ရုံနဲ့ လူကို ခါးဖြတ် သတ်ပစ်နိုင်တဲ့ နတ်ဘုရားစွမ်းရည်မျိုး ရှိလား…"

ချူလျန်က မေးလိုက်လေသည်။

အင်မော်တယ်စိမ့်မြေအတွင်း၌ ထိုမျက်နှာဖုံးစွပ်လူ၏ သတ်ဖြတ်ခြင်းကို တစ်ကြိမ် ခံခဲ့ရပြီးကတည်းက သူ၏ ရင်ထဲတွင် ယခုထက်တိုင် ကြောက်ရွံ့ထိတ်လန့်နေဆဲ ဖြစ်သည်။

"အလင်းနဲ့ အရိပ်ဆိုတာ လူရဲ့ ဝိညာဉ်နဲ့ အလွန်နက်ရှိုင်းတဲ့ ဆက်နွယ်မှု ရှိတယ်… အရိပ်ကို ခုတ်ပိုင်းပြီး ဝိညာဉ်ကို ထိခိုက်စေမယ်ဆိုရင်တော့ အနည်းဆုံး နတ်ဘုရားစွမ်းရည် ခုနစ်မျိုး ရှစ်မျိုးလောက်က လုပ်နိုင်တယ်”

“ အရိပ်ကို ခုတ်ပိုင်းပြီး ရုပ်ခန္ဓာကို ထိခိုက်စေမယ်ဆိုရင်တော့..."

ယွမ်ကျိုး၏ မျက်လုံးများက အနည်းငယ် ငေးမောသွားပြီး ဦးနှောက်က အလျင်အမြန် အလုပ်လုပ်နေကာ အတန်ကြာပြီးနောက် ဖြေလိုက်လေသည်။

"ငါသိသလောက်တော့ 'အလင်းမဲ့ အရိပ်ဖြတ်ခြင်း ကျင့်စဉ်' တစ်မျိုးပဲ ရှိတယ်…"

"ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ယွမ်ကျိုး…"

ချူလျန်က ပြောလိုက်၏။

"မင်းအတွက် သင့်တော်မယ့် စုံတွဲကျင့်စဉ်တစ်ခု သွားရှာပေးမယ်... ခဏစောင့်ဦး.."

ယွမ်ကျိုးက ပြောလိုက်လေသည်။

ထို့နောက် သူက မတ်တတ်ရပ်ကာ ထွက်သွားပြီး အနောက်ဘက်ရှိ စာအုပ်စင်တန်းများကြားသို့ ဝင်ရောက် ရှာဖွေလေတော့သည်။

ချူလျန် ထိုနေရာတွင် စောင့်ဆိုင်းနေစဉ် အနောက်ဘက်မှ ကြည်လင်ပြတ်သားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"ဂိုဏ်းတူအစ်ကို ချူလား..."

"ဟင်..."

သူက ခေါင်းလှည့်ကြည့်လိုက်ရာ ချစ်စရာကောင်းပြီး ဖျတ်လတ်သွက်လက်သော ပုံရိပ်လေးတစ်ခု လျှောက်လာသည်ကို မြင်လိုက်ရသည်။

"ဂိုဏ်းတူညီမလေး ဇီချင်လား..."

"စီနီယာအစ်ကိုလည်း ကျင့်စဉ်လာရှာတာလား… တိုက်ဆိုင်လိုက်တာ.."

ရွှီဇီချင်က ချိုသာစွာ ပြုံးလိုက်လေသည်။

သူတို့နှစ်ယောက် မျက်နှာချင်းမဆိုင်မိသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်လေရာ ချူလျန်က ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဟုတ်တယ်... မတွေ့တာ ကြာပြီနော်.."

"စီနီယာအစ်ကိုက ပုံမှန်ဆိုရင် ကျောက်စိမ်းဓားတောင်ထွတ်ကို လာမလည်ဘဲကိုး အဲ့ဒါကြောင့် မတွေ့ရတာပေါ့…"

ရွှီဇီချင်က ခေါင်းလေးစောင်းကာ ညည်းတွားလိုက်သည်။

"ကျောက်စိမ်းဓားတောင်ထွတ်ကို... ကျုပ်က ဘယ်လာရဲပါ့မလဲဗျာ"

ချူလျန်က ရယ်မောလိုက်လေသည်။

"ဟွန်း..."

ကောင်မလေးက ချစ်စဖွယ် နှာခေါင်းရှုံ့လိုက်ပြီး တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ယွမ်ကျိုး ပြန်ရောက်လာပြီး သူတို့နှစ်ဦး၏ စကားဝိုင်းကို ဖြတ်တောက်လိုက်၏။

"ဂိုဏ်းတူညီလေးချူ... ဒါက မင်းလိုချင်တဲ့ စုံတွဲကျင့်စဉ်ပဲ…"

သူက ကျောက်စိမ်းပေလွှာ မဟုတ်ဘဲ စာအုပ်တစ်အုပ်ကို ကမ်းပေးလာသည်။ ကိုယ်တိုင် သွားယူရန် လိုအပ်သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

ထိုစာအုပ်မှာ နှစ်ကာလ အတော်ကြာမြင့်နေပြီ ဖြစ်ဟန်တူပြီး ဝါကြန့်ကာ ဆွေးမြည့်နေလေပြီ။

စာအုပ်မျက်နှာဖုံးပေါ်တွင် စာလုံးကြီးအချို့ကို ရေးသားထား၏။

"ယင်ယန်ပေါင်းစပ် ဖန်ဆင်းခြင်း ကျင့်စဉ်…"

"ရှောက်ယင်နဲ့ ရှောက်ယန် ရွှေအမြုတေတွေ စုံတွဲကျင့်ကြံဖို့ အသင့်တော်ဆုံးက ဒီကျင့်စဉ်ပဲရှိတယ်”

“ ယင်နဲ့ယန် ပေါင်းစပ်ပြီး ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်ပေးတာမို့ နှစ်ဦးစလုံးအတွက် အကျိုးကျေးဇူး အလွန်ကြီးမားတယ်…"

ယွမ်ကျိုးက ဆက်လက် မိတ်ဆက်ပေးလိုက်သည်။

"ဒါပေမဲ့ မင်းကို သတိပေးချင်တာ တစ်ခုရှိတယ်… စုံတွဲကျင့်ကြံတာ ကောင်းပေမဲ့ ချင့်ချိန်ဖို့တော့ လိုလိမ့်မယ်”

“ သမိုင်းတစ်လျှောက်မှာ ပူးတွဲကျင့်ကြံတာလို့ အမည်တပ်ပြီး တစ်နေကုန် ကျောက်ကပ်ယန်ဓာတ်တွေ ကုန်ခန်းသွားတဲ့အထိ လုပ်ကြလို့ နောက်ဆုံးမှာ ကျင့်ကြံခြင်းတွေ နှောင့်နှေးပြီး သာမန်လူတွေအဖြစ် ပြုတ်ကျသွားတဲ့ ပါရမီရှင်တွေလည်း မနည်းဘူးနော်..."

သူ တစ်ခွန်းပြောလိုက်တိုင်း ရွှီဇီချင်၏ မျက်မှောင်များက တစ်ဆင့် ပိုကြုတ်သွားပြီး ချူလျန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာလေသည်။

"အဲ့ဒါကလေ..."

ချူလျန်က သူမ၏ အကြည့်များကို သတိထားမိသွားပြီး နှုတ်ခမ်းမဲ့ကာ ရှက်ရွံ့စွာ ပြုံးလိုက်၏။

"ကျုပ်က တခြားတစ်ယောက်အတွက် ဝယ်ပေးတာပါ... ဟုတ်တယ်… ကျုပ်မှာ သူငယ်ချင်းတစ်ယောက် ရှိလို့..."

All Chapters