သစ်ပင်မိစ္ဆာတောင်တန်းရှိ တောမီး
Vol. 19 Ch. 189
ချူလျန်သည် အလွန်အရှက်ရစွာဖြင့် ထွက်ခွာသွားလေ၏။
…
ရွှီဇီချင်မှာ ကလေးတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် 'သူ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်' ဆိုသည့် စကားကို သဘာဝကျကျပင် ယုံကြည်မည် မဟုတ်ချေ။
သူမက ချူလျန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်သည်။ သူမ၏ အကြည့်များက တစ်စုံတစ်ရာကို ပြောနေသည့်အလား ရှိနေ၏။
'ရှင့်သူငယ်ချင်းဆိုတာ ရှင်ကိုယ်တိုင်ပဲလေ…'
သူမ၏ အကြည့်အောက်တွင် ချူလျန်လည်း ဘာမှ ဆက်မရှင်းပြနိုင်တော့ဘဲ ထွက်ပြေးသည့်အလား ထွက်ခွာလာခဲ့ရလေသည်။
"ဟူး..."
ငွေဓားတောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် သူက စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး "ယင်ယန် ပေါင်းစပ်ခြင်း ဖန်ဆင်းခြင်းကျင့်စဉ်" စာအုပ်ကို လှန်ကြည့်လိုက်သည်။
ဖတ်မကြည့်မိလျှင် သိမည်မဟုတ်ပေ။ ဤကျင့်စဉ်၏ သက်တမ်းမှာ တကယ်ကို ရှေးကျလွန်းလှသည်။
ရှုတောင်ဂိုဏ်းကို မတည်ထောင်မီကတည်းက ရှိခဲ့ခြင်းဖြစ်ပြီး လူ့လောကတွင် ရှေးအကျဆုံးသော နှစ်ကိုယ်တူ ကျင့်စဉ်များထဲမှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ကျင့်ကြံခြင်း နည်းလမ်းပိုင်းတွင် နောက်ပိုင်းမှ ပေါ်ပေါက်လာသော ရှုပ်ထွေးလှည့်ဖြားသည့် နည်းလမ်းများ မပါရှိဘဲ အလွန်ရိုးရှင်းသော ယင်ယန်တာအိုလမ်းစဉ်သာ ပါဝင်လေသည်။
ထို့ကြောင့် ကျင့်ကြံအားထုတ်ရာတွင် ရှုပ်ထွေးမှု ရှိမည်မဟုတ်ပေ။
တစ်ခုတည်းသော ခက်ခဲသည့်အချက်မှာ တစ်ချက်တည်းသာ ရှိ၏။ ထိုအချက်မှာ ကျင့်စဉ်အတွင်း မှတ်တမ်းတင်ထားသော ချီလှည့်ပတ်မှု လမ်းကြောင်းများအားလုံးသည် လူနှစ်ဦး ပူးပေါင်းလုပ်ဆောင်ခြင်းအပေါ် အခြေခံထားခြင်းပင် ဖြစ်သည်။
သို့သော် ချူလျန် ယခု လုပ်ဆောင်ရမည်မှာ ရွှေအမြုတေ ရုပ်သေးရုပ်၏ အစစ်အမှန်ချီနှင့် သူ၏ခန္ဓာကိုယ်ကို ပေါင်းစပ်ရန် ကြိုးစားရမည် ဖြစ်လေသည်။
ရွှေအမြုတေ ရုပ်သေးရုပ်သည် ကျင့်စဉ်ပတ်လမ်း တစ်ခုကို ကူးယူနိုင်ပြီးနောက် စဉ်ဆက်မပြတ် လည်ပတ်နေနိုင်သည်။
သို့ရာတွင် ယင်းကို လူအစစ်တစ်ယောက်ကဲ့သို့ နှစ်ကိုယ်တူ ကျင့်ကြံချိန်တွင် မိမိနှင့်အတူ ပူးပေါင်းလှုပ်ရှားပေးရန် မျှော်လင့်၍မရပေ။
မိမိကိုယ်တိုင်သာ လှုပ်ရှားရမည် ဖြစ်ရာ... ဤသည်က အလွန်ခက်ခဲလှပေသည်။
လောကတွင် တစ်ယောက်တည်းသာ ကျင့်ကြံရသည့် နှစ်ကိုယ်တူကျင့်စဉ်မျိုး မရှိသည်တော့ မဟုတ်ပေ။
သို့သော် ထိုသို့ဆိုလျှင် တစ်ယောက်တည်းကသာ အကျိုးအမြတ် ရရှိမည်ဖြစ်သည်။
ထိုကဲ့သို့သော ကျင့်စဉ်မျိုးကို ပုံမှန်အားဖြင့် "ယင်ကိုစုပ်ယူ၍ ယန်ကိုဖြည့်တင်းခြင်း" ဟု ခေါ်ဆိုလေ့ရှိပြီး မိစ္ဆာလမ်းစဉ်မှ လူများသာ ကျင့်ကြံလေ့ရှိကြလေသည်။
ချူလျန်သည် နှစ်ကိုယ်တူ ကျင့်စဉ်တစ်ခုကို သွားဝယ်ရာ၌ပင် လက်ပူးလက်ကြပ် ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သည်။
အကယ်၍ စုပ်ယူဖြည့်တင်းသည့် ကျင့်စဉ်ကိုသာ သွားဝယ်မည်ဆိုပါက သူ၏ တစ်သက်တာ နာမည်ကောင်းများ တစ်ခဏချင်းအတွင်း ပျက်စီးသွားပေလိမ့်မည်။ ခက်ခဲလှသည်။
သို့သော် ဤဖန်ဆင်းခြင်းကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ဤပြဿနာကို ဖြေရှင်း၍မရနိုင်သည် မဟုတ်ကြောင်း သူ သတိပြုမိသွား၏။
အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်းကျင့်စဉ်သည် ကျင့်စဉ်ပတ်လမ်းကို ပြောင်းလဲရန် မလိုအပ်ဘဲ တစ်ဖက်လူကို မိမိ၏ ကျင့်စဉ်ပတ်လမ်း လည်ပတ်မှုထဲသို့ ထည့်သွင်းရန်သာ လိုအပ်သောကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ နှစ်ဖက်စလုံးက အတူတကွ အားထုတ်ရန် လိုအပ်လေသည်။
ရွှေအမြုတေ ရုပ်သေးရုပ်၏ အစစ်အမှန်ချီမှာ သူ၏ကိုယ်ပိုင်ချီသာ ဖြစ်သောကြောင့် သူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်၍ မရနိုင်စရာ အကြောင်းမရှိပေ။
သူက နောက်ထပ် အချိန်အနည်းငယ်ကြာ သေချာစွာ စဉ်းစားတွေးတောလိုက်ပြီးနောက် ချူလျန်သည် ဝိညာဉ်အာရုံကို စေတီတော်ဖြူ နေရာလွတ်အတွင်းသို့ ဝင်ရောက်စေလိုက်သည်။
ခေါင်းကြီးရုပ်သေးရုပ် နှစ်ရုပ်မှာ ယှဉ်လျက် ထိုင်နေကြပြီး တစ်ရုပ်မှာ အငွေ့အများထောင်းထောင်းထနေကာ အခြားတစ်ရုပ်မှာ ရွှေရောင်လင်းလက်နေသည်။
နှစ်ရုပ်စလုံးမှာ အလုပ်များကို အာရုံစူးစိုက်စွာ လုပ်ဆောင်နေကြ၏။
ချူလျန်က ရွှေအမြုတေ ရုပ်သေးရုပ်ရှေ့သို့ သွားကာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ၎င်း၏ပခုံးပေါ် တင်လိုက်ပြီး မျက်စိမှိတ်ကာ စိတ်ကို တည်ငြိမ်စေလိုက်၏။
ပြီးနောက် စောစောက မှတ်သားထားသည့် နည်းလမ်းအတိုင်း အစစ်အမှန်ချီများကို ရွှေအမြုတေ ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အတွင်းသို့ စတင်ပို့လွှတ်လိုက်လေသည်။
ဝုန်း...
ချီပင်လယ် တန်ထျန်းအတွင်းမှ မြည်ဟည်းသံတစ်ချက် ထွက်ပေါ်လာ၏။
ရွှေအမြုတေ ရုပ်သေးရုပ်၏ သွေးကြောများအားလုံးသည် ချူလျန်၏ ခန္ဓာကိုယ်မှ ကူးယူထားခြင်း ဖြစ်သောကြောင့် သူသည် သဘာဝကျကျပင် အလွန်ရင်းနှီးကျွမ်းဝင်နေသည်။
ထို့ကြောင့် အစစ်အမှန်ချီကို ဆက်လက်လှည့်ပတ်ရန် ချက်ချင်း မောင်းနှင်လိုက်၏။ တကယ်တမ်းတွင်လည်း ရုပ်သေးရုပ်အတွင်းရှိ အစစ်အမှန်ချီအား အလုံးစုံသည် သူ၏ ခြေလက်များကဲ့သို့ပင် အမိန့်ပေးသည့်အတိုင်း အလွယ်တကူ လှုပ်ရှားလာကြသည်။
တစ်ဦးတည်း၏ သေးငယ်သော ကျင့်စဉ်ပတ်လမ်းသည် လူနှစ်ဦး၏ ကြီးမားသော ကျင့်စဉ်ပတ်လမ်းအဖြစ် ပြောင်းလဲသွားလေသည်။
ယင်နှင့် ယန် အစစ်အမှန်ချီ နှစ်မျိုးစလုံးသည် မထုတ်လုပ်မီကတည်းက ပေါင်းစပ်သွားကြပြီး ကြီးမားသော ကျင့်စဉ်ပတ်လမ်းတစ်ခုလုံးတွင် တစ်ခုနှင့်တစ်ခု လျော့ပါးသွားခြင်း မရှိတော့ဘဲ အပြန်အလှန် ပေါင်းစပ်အားဖြည့်ပေးလာကြတော့သည်။
အကောင်းဆုံးအရည်အသွေး ရွှေအမြုတေ နှစ်ခုသည် အချင်းချင်း အထောက်အကူပြုနေသဖြင့် ကျင့်ကြံခြင်း အရှိန်အဟုန်မှာ တဟုန်ထိုး တက်လာကာ အစစ်အမှန်ချီ စွမ်းအင်များသည် ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်လာတော့သည်။
ချူလျန်သည် ထိုသို့သော တိုးတက်မှုမျိုးတွင် နစ်မြောနေခဲ့သည်မှာ အချိန်နာရီဝက်ကျော်ခန့် ကြာမြင့်သွားခဲ့ပြီးနောက် အပြင်ဘက်မှ ထွက်ပေါ်လာသော အသံအနည်းငယ်ကြောင့် အနှောင့်အယှက် ဖြစ်သွားရလေသည်။
"ဟူး..."
သူက အစစ်အမှန်ချီများကို ဖြည်းညင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ခေါင်းကြီးရုပ်သေးရုပ်နှင့် ပထမဆုံးအကြိမ် နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။
မပြောဘဲ မနေနိုင်လောက်အောင်ပင် အတွေ့အကြုံက အလွန်ကောင်းမွန်လှပေသည်။
ချူလျန် မျက်စိဖွင့်လိုက်ချိန်တွင် သူ၏အကြည့်များက ပိုမိုတောက်ပလာသလိုရှိပြီး သူ၏တစ်ကိုယ်လုံးမှာ လန်းဆန်းတက်ကြွသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။
အတန်ကြာပြီးနောက် သူက မတ်တတ်ရပ်ကာ ပြတင်းပေါက်ကို တွန်းဖွင့်ကြည့်လိုက်ရာ စားပွဲပေါ်တွင် ပျံသန်းလာသော စာတစ်စောင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဖွင့်ကြည့်လိုက်သောအခါ ဓားလဲလှယ်ရေးခန်းမထံမှ လာခြင်းဖြစ်ကြောင်း သိလိုက်ရ၏။
…
"အကြီးအကဲရှန်... ဒီတလော အလုပ်တွေ အရမ်းများနေလို့ အကြီးအကဲဆီ လာမလည်ဖြစ်တာ ကြာသွားတယ်… ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့ဗျာ.."
ချူလျန်က ပြုံးရွှင်စွာဖြင့် ဓားလဲလှယ်ရေးခန်းမ၏ တိတ်ဆိတ်သော အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ယခင်က သူ ဓားလဲလှယ်ရေးခန်းမသို့ စတင်လာရောက်၍ တာဝန်များ လက်ခံယူချိန်တွင် အခြေအနေများကို ကောင်းစွာ မရင်းနှီးသေးပေ။
အကြီးအကဲရှန်၏ လမ်းညွှန်မှုကြောင့်သာ သူ့အတွက် ကောင်းမွန်သော တာဝန်များကို အကြိမ်အနည်းငယ် ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
နောက်ပိုင်း အလုပ်များလာသောအခါ တစ်ကြိမ်တစ်ခါမျှ ထပ်မလာဖြစ်တော့ချေ။
စောစောက လက်ခံရရှိခဲ့သော စာမှာ အကြီးအကဲရှန်ထံမှ ပေးပို့လိုက်ခြင်းပင် ဖြစ်သည်။
"မင်းရဲ့ အသက်အရွယ်က ကြိုးစားအားထုတ်ရမယ့် အချိန်ပဲလေ… နည်းနည်း အလုပ်များနေတာကလည်း ပုံမှန်ပါပဲ.."
အကြီးအကဲရှန်ကလည်း ပြုံးရွှင်စွာဖြင့် စကားဆိုလိုက်၏။
"ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ မင်းက အမြုတေ တည်ဆောက်နိုင်ရုံတင် မကဘူး အကောင်းဆုံးအရည်အသွေး ရွှေအမြုတေကိုပါ တည်ဆောက်နိုင်ခဲ့တယ်လို့ လူတွေ ပြောနေကြတာ ကြားတယ်…”
“ တကယ်ကို အံ့ဩစရာပဲ.."
"ဟဲဟဲ... ကံကောင်းမှုလေး နည်းနည်း ရသွားရုံပါဗျာ"
ချူလျန်က ပြောလိုက်သည်။
"ငါလည်း ခုနလေးတင် လူတွေ မင်းအကြောင်း ပြောနေကြတာကို ကြားလိုက်ရတယ်.. အဲဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင် တာဝန်တစ်ခု ရောက်လာပြီး ရွှေအမြုတေအဆင့် တပည့်တစ်ယောက် သွားလုပ်ဖို့ လိုအပ်နေတာနဲ့ဆိုတော့..."
အကြီးအကဲရှန်က ဆက်ပြောလိုက်သည်။
"မင်းကိုပဲ တိုက်ရိုက် ခေါ်ခိုင်းလိုက်ပြီး ဒီအကောင်းဆုံးအရည်အသွေး ရွှေအမြုတေရဲ့ စွမ်းရည်ကို စမ်းသပ်ကြည့်ဖို့ စဉ်းစားလိုက်တာ…”
“ တကယ်လို့ ကောင်းကောင်း ပြီးမြောက်ခဲ့မယ်ဆိုရင် နောင်ကျရင် အထက်က အကြီးအကဲတွေဆီမှာ ငါ မင်းကို ထောက်ခံချက်တွေ အများကြီး ပေးလို့ရတာပေါ့"
"အကြီးအကဲရှန် လွှဲအပ်လိုက်တဲ့ တာဝန်ကို သေချာပေါက် ပြီးမြောက်အောင် လုပ်ပြပါ့မယ်…"
ချူလျန်က ပြုံးကာ ပြောလိုက်၏။
ဤကဲ့သို့သော ကိစ္စမျိုးမှာ အလွန်အတွေ့ရများလှသည်။
ဂိုဏ်းအထက်ပိုင်းမှ မျက်စိကျခံရသော တပည့်တစ်ယောက် အဆင့်တက်လှမ်းပြီးသွားသည်နှင့် ၎င်းတို့အား တာဝန်တစ်ခု ပေးအပ်လေ့ရှိပြီး အတွေ့အကြုံ ယူစေသည့်အပြင် ၎င်းတို့၏ အရည်အသွေးကိုပါ အကဲခတ်လေ့ ရှိကြသည်။
အကယ်၍ ကောင်းစွာ ပြီးမြောက်ခဲ့ပါက နောင်တွင် ဓားလဲလှယ်ရေးခန်းမ၌ အရေးကြီးသော တာဝန်များ ရှိလာသည့်အခါတိုင်း ထိုသူကို ဦးစားပေး စဉ်းစားကြမည် ဖြစ်လေသည်။
အဓိကတပည့် အဆင့်သို့ ရောက်ရှိသွားပါက ဓားလဲလှယ်ရေးခန်းမသို့ ကိုယ်တိုင်လာရောက်၍ တာဝန်ရွေးချယ်ရန် မလိုအပ်တော့ပေ။
ဂိုဏ်းတွင် အရေးကြီးသော ကိစ္စရပ်များ ရှိလာပါက သင့်တော်သော လူအချို့ကို တိုက်ရိုက်ခေါ်ယူကာ ထိုကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်စေခြင်း ဖြစ်သည်။
ကျန်းယွဲ့ပိုင်၊ ရွှီဇီယန်နှင့် အခြားသော ရွှေအမြုတေအဆင့် တပည့်များအားလုံးသည် ဤကဲ့သို့ပင် ဖြစ်ကြ၏။
ယခုတစ်ကြိမ် အကြီးအကဲရှန် တာဝန်စီစဉ်ပေးမှုသည် နောင်တွင် ချူလျန်ကို ပိုမိုမြေတောင်မြှောက်ပေးရန် ရည်ရွယ်ထားပုံပေါ်ရာ သူကလည်း သဘာဝကျကျပင် ငြင်းဆန်မည် မဟုတ်ပေ။
"ရော့.."
အကြီးအကဲရှန်က တာဝန်လက်မှတ်ပြားတစ်ခုကို ကမ်းပေးလိုက်ရာ ၎င်းအပေါ်တွင် "သစ်ပင်မိစ္ဆာတောင်တန်း၏ အကူအညီတောင်းခံမှု" ဟူသော စာသားကို ရေးသားထားလေသည်။
"သစ်ပင်မိစ္ဆာတောင်တန်းက မိစ္ဆာမျိုးနွယ်တွေ ဖြစ်ပေမယ့် သူတို့က မျိုးဆက်အဆက်ဆက် အေးအေးချမ်းချမ်း နေလာကြပြီး ငါတို့ ရှုတောင်ဂိုဏ်းနဲ့လည်း ဆက်ဆံရေး မဆိုးလှဘူး"
အကြီးအကဲရှန်က ပြောလိုက်သည်။
"ဒီတစ်ကြိမ် သူတို့ အကူအညီတောင်းလာပြီး လူတစ်ယောက်ကို အကူအညီပေးဖို့ လွှတ်ပေးစေချင်တယ်ဆိုတော့ တော်တော်လေး အရေးပေါ်ဖြစ်နေပုံပဲ..”
“ မင်းမှာ တခြားဘာကိစ္စမှ မရှိဘူးဆိုရင် ချက်ချင်း သွားလို့ ရတယ်…"
"ကောင်းပါပြီ.."
ချူလျန်က မတ်တတ်ရပ်လိုက်ပြီး ချက်ချင်းပင် ထွက်ခွာသွားလေသည်။
တကယ်တမ်းတွင် သူ၏ကိုယ်ပိုင် ဆန္ဒအရဆိုလျှင် ဤအချိန်အတောအတွင်း ရှုတောင်ဂိုဏ်းမှ ထပ်မံ၍ ထွက်ခွာလိုခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်အကြိမ်က အင်မော်တယ်စိမ့်မြေထဲတွင် ရုတ်တရက် ပေါ်လာခဲ့သော မျက်နှာဖုံးစွပ် လုပ်ကြံသတ်ဖြတ်သူသည် သူ့အတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုကို ချန်ရစ်ခဲ့သောကြောင့် ဖြစ်၏။
တစ်ဖက်လူ မည်သည့်နေရာမှ လာသည်ကို သူ လုံးဝမသိသကဲ့သို့ သူ့ကို မည်သည့်အတွက်ကြောင့် ကိုယ်ထိလက်ရောက်လုပ်ရသည်ကိုလည်း နားမလည်ပေ။
ရှုတောင်ပေါ်တွင် ရှိနေပါက လုံခြုံနိုင်သော်လည်း အကယ်၍ တစ်ဖက်လူသည် သူ့ကို စောင့်ကြည့်နေပါက တောင်ပေါ်မှ ထွက်ခွာသွားသည်နှင့် ထိုကိစ္စမျိုး ထပ်မဖြစ်လာနိုင်ဟု အာမခံမရှိချေ။
သို့သော် သူခိုးလုပ်သူသာ ရက်တစ်ထောင် အချိန်ရနိုင်ပြီး သူခိုးကို ရက်တစ်ထောင်လုံး ကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။
ယခု ကိစ္စကြုံလာချိန်တွင်လည်း အမြဲတမ်း ရှောင်ပုန်းနေ၍ မဖြစ်နိုင်ချေ။
ပြင်ဆင်မှုများကို ပို၍လုပ်ထားရန်သာ တတ်နိုင်ပေသည်။
ငွေဓားတောင်ထွတ်သို့ ပြန်၍ ရွှေမွေးဟူကို ခေါ်ဆောင်ပြီးနောက် သူသည် သစ်ပင်မိစ္ဆာတောင်တန်းသို့ ထွက်ခွာသွားတော့သည်။
…
သစ်ပင်မိစ္ဆာ မျိုးနွယ်သည် မိစ္ဆာမျိုးနွယ် ဖြစ်သော်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးကြပြီး သက်တမ်းရှည်ကြာကြသည်။ ရှေးဟောင်း မိစ္ဆာနတ်ဘုရားခေတ် ကတည်းက လူသားမျိုးနွယ်များနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ကြ၏။
နောက်ပိုင်းတွင် သစ်ပင်မိစ္ဆာတောင်တန်း၌ အခြေချနေထိုင်ခဲ့ကြပြီး အခြားသော မိစ္ဆာမျိုးနွယ်စု အင်အားစုများနှင့် မည်သည့်အခါမျှ ဆက်သွယ်ခြင်း မရှိဘဲ မနီးမဝေးတွင်ရှိသော ရှုတောင်ဂိုဏ်းနှင့်သာ အလွန်ရင်းနှီးကြလေသည်။
ချူလျန်သည် ရွှေမွေးဟူကို အမြန်နှင်လာခဲ့ရာ မကြာမီမှာပင် ဦးတည်ရာနေရာသို့ ရောက်ရှိသွားသည်။
သစ်ပင်မိစ္ဆာတောင်တန်းသည် ကျယ်ပြောလှပြီး တောင်ထွတ်များ မြင့်မားကာ ချိုင့်ဝှမ်းများ နက်ရှိုင်းသည်။
ရှေးဟောင်း ထင်းရှူးပင်များနှင့် ပြည့်နှက်နေပြီး ကောင်းကင်ယံမှ စီးမိုးကြည့်လိုက်ပါက အစိမ်းရင့်ရောင်ကို တစ်ပြင်လုံး တွေ့မြင်ရပေသည်။
သို့သော် ဤတစ်ချက် ကြည့်လိုက်ချိန်တွင် စိမ်းလန်းသော တောင်တန်းများအပြင် အံ့သြဖွယ်ကောင်းလောက်အောင် ထူထပ်သော မီးခိုးငွေ့များနှင့် တောမီးကြီးကိုပါ တွေ့လိုက်ရ၏။
သစ်ပင်မိစ္ဆာတောင်တန်း၏ ချိုင့်ဝှမ်းနက်ထဲတွင် ပြင်းထန်သော တောမီးကြီး ကူးစက်လောင်ကျွမ်းနေလေပြီ။
ဤသည်က သစ်ပင်မိစ္ဆာမျိုးနွယ်များ အကူအညီတောင်းခံရသည့် အကြောင်းရင်းလော။
ချူလျန်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှေမွေးဟူကို ချက်ချင်း အောက်သို့ဆင်းစေလိုက်ရာ ရွှေရောင်လေပြည်တစ်ပွေသည် ထိုချိုင့်ဝှမ်းအဝင်ဝသို့ ဆင်းသက်သွားလေသည်။
ပတ်ဝန်းကျင်တွင် သစ်ပင်များမှလွဲ၍ မည်သည့်အရိပ်အယောင်မျှ မရှိပေ။
ဘာတွေဖြစ်နေသနည်း။ ဒဏ္ဍာရီထဲက သစ်ပင်မိစ္ဆာမျိုးနွယ်တွေရော ဘယ်ရောက်နေသနည်း။
ချူလျန်သည် သစ်ပင်မိစ္ဆာမျိုးနွယ်များနှင့် မရင်းနှီးသကဲ့သို့ တောင်ပေါ်တွင်လည်း အဆောက်အအုံများ မရှိရာ ၎င်းတို့ကို မည်သည့်နေရာတွင် သွားရှာရမည်ကို မသိတော့ချေ။
ယခုအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို စဉ်းစားနေစဉ် အိုမင်းသော အသံတစ်သံက မေးမြန်းလာသည်ကို ကြားလိုက်ရ၏။
"ရောက်လာတာ ရှုတောင်ဂိုဏ်းက သူရဲကောင်းလေးလား…"
ချူလျန်မှာ အသံကြားလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ပတ်ဝန်းကျင်မှ မိစ္ဆာချီများ မြင့်တက်လာပြီးမှသာ လူရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေသည်။
ပတ်ဝန်းကျင်ရှိ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများမှာ ရုတ်တရက် အလင်းရောင်များ တောက်ပလာပြီး တစ်ကိုယ်လုံး စိမ်းလန်းနေသော လူရိပ်များအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။
တစ်ယောက်... နှစ်ယောက်...
အစိမ်းရောင် လူရိပ်ပေါင်း နှစ်ရာကျော်ခန့် ပေါ်ထွက်လာတော့သည်။
ဒီလိုကိုး။ သစ်ပင်မိစ္ဆာမျိုးနွယ်များက တောင်ပေါ်တွင် ဤကဲ့သို့သော ပုံစံဖြင့် နေထိုင်ကြခြင်း ဖြစ်ပေမည်။
စဉ်းစားကြည့်မည်ဆိုပါကလည်း ပုံမှန်သာ ဖြစ်ပေသည်။
ရှေ့ဆုံးမှ တစ်ယောက်မှာ လူကြီးသူမဟန် အပြည့်ရှိသော အဘိုးအိုတစ်ဦးဖြစ်ပြီး မုတ်ဆိတ်မွေးရှည်များ လွင့်လူးနေကာ ကြည့်ရသည်မှာ သူ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျမည့်ပုံ မပေါ်ပေ။
"ကျွန်တော်က ရှုတောင်ဂိုဏ်းက တပည့် ချူလျန်ပါ.."
မေးမြန်းမှုကို ရင်ဆိုင်ရင်း ချူလျန်က ဦးစွာ မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။
"သူရဲကောင်းလေး ချူလျန်... ဒီတစ်ကြိမ် မင်းကို အပင်ပန်းခံပြီး လာခိုင်းရတဲ့အတွက် စိတ်မကောင်းပါဘူး"
အဘိုးအိုက ပြောလိုက်၏။
"ငါက သစ်ပင်မိစ္ဆာမျိုးနွယ်ရဲ့ အကြီးအကဲပါ.. မင်း ငါ့ကို ချင်းဟွိုင်လို့ ခေါ်လို့ရပါတယ်…"
"အကြီးအကဲ ချင်းဟွိုင်.."
ချူလျန်က အရိုအသေပေးလိုက်ပြီး ထပ်မေးလိုက်သည်။
"သစ်ပင်မိစ္ဆာမျိုးနွယ်က တကယ်ကို ဘာနဲ့ ကြုံတွေ့ခဲ့ရတာလဲ… ဒီတောမီးက ဘယ်လိုဖြစ်တာလဲဗျ…"
"ဟူး..."
အကြီးအကဲ ချင်းဟွိုင်က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြောလိုက်၏။
"အဲဒီနေ့က အနောက်ဘက်ကနေ မီးကြယ်ပျံတစ်စင်း ရောက်လာပြီး ငါတို့ သစ်ပင်မိစ္ဆာတောင်တန်းပေါ်ကို ရုတ်တရက် ကျဆင်းလာတယ်..”
“ အဲဒီနောက်တော့ ဒီပြင်းထန်တဲ့ တောမီးကြီး စလောင်တော့တာပဲ”
“ ငါတို့လည်း ဘာတွေဖြစ်နေမှန်း မသိတော့ အပြင်ဘက်ကနေ မန္တန်သုံးပြီး မီးငြှိမ်းသတ်ပေမယ့် ဘယ်လိုမှ ငြှိမ်းလို့မရဘူး ဖြစ်နေတယ်… မျိုးနွယ်စုထဲက စစ်သည်တချို့ ဝင်ပြီး စုံစမ်းကြည့်ကြပေမယ့် အားလုံး ပြန်မလာကြတော့ဘူး.."
"အို..."
ချူလျန်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားလေသည်။
"ငါတို့ မျိုးနွယ်စုထဲမှာ ခွန်အားကြီးတဲ့သူတွေ မရှိတာတော့ မဟုတ်ဘူး.. ဒါပေမယ့် ဒီတောမီးက ငါတို့ သစ်ပင်မိစ္ဆာမျိုးနွယ်တွေကို အရမ်း အားနည်းစေတယ်”
“ ကျင့်ကြံမှု စွမ်းအား ဆယ်ပုံရှိရင်တောင် မီးကြီးထဲ ရောက်သွားရင် သုံးပုံလောက်တောင် ထုတ်သုံးနိုင်မှာ မဟုတ်ဘူး… ဒါကြောင့်မလို့ ငါတို့က ရှုတောင်ဂိုဏ်းကို အကူအညီ တောင်းရတာပါ"
အကြီးအကဲ ချင်းဟွိုင်က ဆက်ပြောလိုက်သည်။
"သူရဲကောင်းလေးကို အထဲဝင်ပြီး တစ်ခေါက်လောက် စုံစမ်းပေးဖို့ပဲ တောင်းဆိုချင်တာပါ… အထဲမှာ တကယ် ဘာတွေဖြစ်နေလဲဆိုတာ သေချာလေးကြည့်ပေးပါ”
“ ဒါမှ ငါတို့ နောက်ထပ် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြင်ဆင်နိုင်မှာမလို့ပါ”
“... ဒီသစ်ပင်မိစ္ဆာတောင်တန်းက ငါတို့ ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့ နေရာလေ တကယ်လို့ ဒီတောမီးကြီးကြောင့် ပြာကျသွားမယ်ဆိုရင် ငါတို့တွေ နေစရာအိမ် မရှိဘဲ ဖြစ်သွားရလိမ့်မယ်…"
"အကြီးအကဲ... စိတ်မပူပါနဲ့"
ချူလျန်က ပြောလိုက်၏။
"ကျွန်တော် အခုပဲ အထဲဝင်ပြီး သွားစုံစမ်းကြည့်ပေးပါ့မယ်…"