အခန်း (၁၂၁-၁၂၂
Vol. 12 Ch. 121-122
အခန်း ၁၂၁ အခြေအနေများ ရုတ်တရက်ဆိုးရွားလာခြင်း
ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း ကွာခြားချက်များကြောင့် အုလုကဲ့သို့ သေးငယ်သော မျိုးနွယ်စုများ၏ အုပ်ချုပ်မှုပုံစံသည် အလယ်ပိုင်းဒေသ မင်းဆက်များနှင့် လုံးဝမတူပေ။
ထိုမျိုးနွယ်စုလေးများတွင် စစ်တပ်အင်အားကို ကွပ်ကဲသည့် စစ်သူကြီးမုန်းဟုအပြင် အခွင့်အာဏာ ကြီးမားလှသော ရှာမန်စုန်းကဝေတစ်ဦးလည်း ရှိတတ်ကြ၏။
စစ်အာဏာကို ဆုပ်ကိုင်ထားသည့် စစ်သူကြီးမုန်းဟုနှင့် မတူဘဲ ရှာမန်ဆရာသည် မျိုးနွယ်စုအတွင်း နတ်ဘုရားများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်ဟုယူဆကြ၏။ သူသည် ဆန်းကြယ်သော ထုံးတမ်းစဉ်လာ အမျိုးမျိုးဖြင့် မျိုးနွယ်စုဝင်များကို စိတ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်ထားလေသည်။
ရှာမန်ဆရာတွင် စီမံခန့်ခွဲမှုအာဏာ မရှိသော်လည်း လူအများ၏ မျက်စိထဲတွင်မူ နတ်ဘုရားများနှင့် အနီးစပ်ဆုံးရှိသော လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုတစ်ခု ဖြစ်၏။
ဝူကျိရှန်း၏ စိတ်ထဲတွင်မူ ထိုကဲ့သို့သော ရှာမန်ဆရာသည် ဖုန်းရွှေဆရာ ကျိုးပန်းရှန်းကဲ့သို့ အပြောသာရှိသည့်လူအဖြစ်သတ်မှတ်ထားလေသည်။
သို့သော် အုလုမျိုးနွယ်စု၏ ရှာမန်ဆရာသည် ကျိုးပန်းရှန်းနှင့် လုံးဝ ကွာခြားလေသည်။
ယဇ်ပူဇော်ခြင်းနှင့် ဗေဒင်ဟောခြင်းကဲ့သို့သော ပုံမှန်တာဝန်များအပြင် ရှာမန်ဆရာသည် မျိုးနွယ်စုအတွင်း လေးစားခြင်းခံရသည့် သမားတော်ကြီးတစ်ဦးလည်း ဖြစ်ကာ အရေးပါသော လူကြီးလူကောင်းများကို ကုသပေးရန် တာဝန်ရှိ၏။
တစ်ချိန်တည်းမှာပင် သူသည် သေဆုံးသွားသူတိုင်း၏ လူဝင်စားမှုကို ချုပ်ကိုင်နိုင်ပြီး လူတိုင်း၏ နောက်ဘဝ ပျော်ရွှင်မှုကို သတ်မှတ်ပေးနိုင်သည်ဟုလည်း အခိုင်အမာ ပြောဆိုထားသည်။ ထိုပြောဆိုချက်သည် ရယ်စရာကောင်းသော်လည်း သူသည် ဩဇာအာဏာ ကြီးမားပြီး တကယ့်အာဏာရှိသူ ဖြစ်ကြောင်း ငြင်းပယ်၍မရပေ။
စစ်အာဏာကို ဆုပ်ကိုင်ထားသည့် စစ်သူကြီးတစ်ဦးနှင့် မျိုးနွယ်စုဝင်များ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ထားသည့် ရှာမန်ဆရာတစ်ဦးတို့သည် ပုံမှန်အားဖြင့် မျိုးနွယ်စုခေါင်းဆောင်၏ အရေးအပါဆုံး လက်ရုံးများ ဖြစ်လာသင့်သည်။
သို့သော် အုလုမျိုးနွယ်စု၏ လက်ရှိအခြေအနေက ပြောင်းပြန် ဖြစ်နေ၏။ အသက်ငယ်ရွယ်သေးသော အုလုဘုရင်သည် စစ်သူကြီးမုန်းဟုနှင့်ရှာမန်ဆရာတို့၏ ခြိမ်းခြောက်မှုကို ခံနေရပြီး အချိန်မရွေး ပျက်စီးသွားနိုင်သည့် အခြေအနေတွင် ရှိနေ၏။
နိုင်ငံတစ်ခု၏ ကြီးမားသော ကိစ္စရပ်များမှာ ယဇ်ပူဇော်ခြင်းနှင့် စစ်မက်ရေးရာများသာ ဖြစ်၏။
ယခုအခါ ယဇ်ပူဇော်ခြင်းနှင့် စစ်မက်ရေးရာ နှစ်ခုစလုံးသည် သူတစ်ပါး လက်ထဲတွင် ရှိနေရာ အုလုလုဘုရင်၏ ဘဝသည် စိတ်ချလုံခြုံရမှုမရှိပေ။
"မဟာမင်ဧကရာဇ်နဲ့ အူဆာခါခန် နှစ်ဖက်စလုံးက သံတမန်တွေ စေလွှတ်ထားတာမို့လို့ ငါတို့အရှင်က ဘယ်လို ဆုံးဖြတ်ရမလဲ မသိဖြစ်နေတယ်၊ ဒါဆိုရင်တော့ အရာအားလုံးကို သိမြင်နိုင်စွမ်းရှိတဲ့ နတ်ဘုရားတွေပဲ ဆုံးဖြတ်ပါစေ"
ထိုသို့ပြောပြီးနောက်ရှာမန်ဆရာသည် အုလုဘုရင်နှင့်မယ်တော်ကြီးထံမှခွင့်ပြုချက်ပင်မတောင်းဘဲ လေးလံသော နွားရိုးတုတ်ကောက်ကို ဝှေ့ယမ်းကာ စားသောက်ပွဲအလယ်တွင် ကပြတော့သည်။
ရှာမန်ဆရာ ကပြနေစဉ် ပါးစပ်မှလည်း ရှေးဟောင်းသီချင်းများကို တိုးတိုးရွတ်ဆိုနေ၏။
ဤမြင်ကွင်းသည် ဝူကျိရှန်းအတွက်မူ အဓိပ္ပာယ်မရှိဘဲ ရယ်စရာကောင်းနေသော်လည်း အုလုမျိုးနွယ်စုဝင်များ၏ မျက်နှာတွင်မူ ရိုသေမှုများနှင့် ပြည့်နှက်နေပြီး သူတို့အားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ နတ်ဘုရားများ၏ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြလေသည်။
နတ်ဘုရားများ၏ ဆုံးဖြတ်ချက်ဆိုသည်မှာ အမှန်စင်စစ် ရှာမန်ဆရာ၏ ကိုယ်ပိုင်ဆန္ဒသာ ဖြစ်သည်။ နတ်ဘုရားများဆိုသည်မှာ မမြင်နိုင် တည်ရှိမှု ဖြစ်ရာ သူပြောသမျှကသာ အတည်ဖြစ်နေ ပေသည် ။
အုလုမျိုးနွယ်စု၏ နတ်ပင့်ကကွက်သည် အလယ်ပိုင်းဒေသတွင် ခေတ်စားသော နတ်ကခြင်းနှင့် သဘောတရားချင်း လုံးဝ တူညီသည်။
သီဆိုကပြနေသောရှာမန်ဆရာသည် ဝက်ရူးပြန်ရောဂါ ထနေသကဲ့သို့ တစ်ကိုယ်တည်း ရေရွတ်ကာ ငိုယိုလိုက်၊ ခုန်ပေါက်လိုက် လုပ်နေ၏။
သို့သော် ရှေ့မှမြင်ကွင်းကြောင့် ဝူကျိရှန်းသည် မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရသည်။ မင်သံတမန်အဖွဲ့သည် အမြဲတမ်း ဝမ်ကျန့်စွန်းနှင့်သာ ဆက်သွယ်ခဲ့ပြီး စစ်သူကြီးမုန်းဟု၊ရှာမန်ဆရာကဲ့သို့သော အာဏာရှိသူများနှင့်အဆက်အသွယ်မရှိခဲ့ပေ။ ထိုအချက်သည် အလွန် ဆိုးရွားလှသည်။
အစကတည်းက မင်သံတမန်အဖွဲ့သည် အမှားတစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
သူတို့သည် ဝမ်ကျန့်စွန်းနှင့် မဆက်သွယ်သင့်ခဲ့ပေ။
အကြောင်းမူကား ဝမ်ကျန့်စွန်းသည် အသက်ငယ်ရွယ်သော အုလုဘုရင်နှင့် မယ်တော်ကြီးတို့၏ အကျိုးစီးပွားကို ကိုယ်စားပြုနေသော်လည်း ထိုသားအမိတွင် တကယ့်အာဏာ မရှိသောကြောင့် ဖြစ်သည်။
အာဏာမရှိသော ပြိုင်ဘက်များနှင့် ဆွေးနွေးခြင်းသည်သဲထဲရေသွန်နေသလိုပင်။သူတို့သည် စတင်ကတည်းက စစ်သူကြီးမုန်းဟု၊ ရှာမန်ဆရာကဲ့သို့သော အာဏာရှိသူများနှင့် ဆွေးနွေးသင့်ပြီး အကျိုးစီးပွားချင်း ဖလှယ်ကာ မိမိတို့၏ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်သင့်သည်။
သူသည် ဤအချက်ကို သဘောပေါက်သွားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
အကယ်၍ စစ်သူကြီးမုန်းဟုနှင့်ရှာမန်ဆရာတို့သည် မွန်ဂိုသံတမန်အဖွဲ့နှင့် တိတ်တဆိတ် ဆက်သွယ်ပြီး တစ်စုံတစ်ခုကို သဘောတူညီမှု ရရှိထားပြီးဖြစ်ပါက အခြေအနေသည် မင်သံတမန်အဖွဲ့အတွက်အခက်အခဲ ဖြစ် စေလိမ့်မည်။
ရှာမန်ဆရာက နတ်ဘုရားတွေက ငါတို့ကို ရွှေရောင်မိသားစုနဲ့ ပူးပေါင်းဖို့ မိန့်ကြားတယ်ဟု ပြောလိုက်သည်နှင့် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် မင်သံတမန်အဖွဲ့သည် အုလုလူမျိုးများနှင့် မွန်ဂိုများ၏ ဓားသွားအောက်တွင် မြေမြှုပ်ရန်နေရာပင်မရှိဘဲ သေဆုံးသွားကြရမည့် သနားစရာ ကောင်းသော သရဲတစ္ဆေများ ဖြစ်သွားကြလိမ့်မည်။
ဝူကျိရှန်းသည် မိမိဘေးမှ အထူးသံတမန်ကို မသိမသာ လှမ်းကြည့်လိုက်၏။
ဝူကျိရှန်းကဲ့သို့သော လူငယ်လေးတစ်ဦးပင် ဤပြဿနာကို နားလည်နိုင်ပါက အထူးသံတမန်သည်ပို၍ပင်နားလည်ပေလိမ့်မည်။
ယခုအချိန်တွင် စိတ်ကူးယဉ်နေရန် အချိန်မရှိတော့ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ ရှေးခေတ်က ပန်တိန်ယွမ်ကို အတုယူ၍ မွန်ဂိုသံတမန်အဖွဲ့တစ်ခုလုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းပစ်ရန် ဖြစ်သည်။ ထိုသို့ဖြင့် အုလုလူမျိုးများကို ရွေးချယ်စရာ မရှိအောင် ပြုလုပ်ပြီး မင်အင်ပါယာထဲသို့ အတင်းအကျပ် သွတ်သွင်းရမည် ဖြစ်၏။
တိုင်းတပါးမြေတွင် နိုင်ငံတော်၏ အာဏာစက်ကို ပြသကာ မြောက်ပိုင်းသဲကန္တာရတွင် မိုးကြိုးမုန်တိုင်း ဆင်ရပေမည်။
ကြီးမားသော ကိစ္စရပ်များတွင် ပြတ်သားရမည် ဖြစ်သည်။
အထူးသံတမန်သည် လူတိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက်ပါလာသော လူသုံးဆယ်ခန့်ကို ခေါင်း အနည်းငယ် ညိတ်ပြလိုက်၏။
တစ်ခဏအတွင်းမှာပင် လူတိုင်း သဘောပေါက်သွားကြသည်။ မည်သည့်စကားမျှ မပြောသော်လည်း သူတို့သည် သေလဲသေ ပွဲလယ်က သေဆိုသလို တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ကြပြီ ဖြစ်၏။
ကျောက်ပင်တိန့်သည် ရင်ဘတ်ထဲသို့ လက်ကို တိတ်တဆိတ် နှိုက်ကာ ရှုချွန်းဓားတိုကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ရှုချွန်းဓားသည် ခန္ဓာကိုယ်နှင့် ကပ်လျက် ရှိနေသည်မှာ ကြာပြီဖြစ်သောကြောင့် ဓားသွားသည် သူ၏ ကိုယ်အပူချိန်ကဲ့သို့ ပူနွေးနေ၏။
မွန်ဂိုလူမျိုး သုံးဆယ်ကျော် ရှိသည်။ သူတို့ကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ရန်အတွက် ဟန်ချက်ညီညီ လှုပ်ရှားရန် လိုအပ်သည်။
ပြင်းထန်သော တိုက်ပွဲတစ်ခုသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိတော့မည် ဖြစ်ရာ အထူးသံတမန်၏ နောက်ဆုံး အမိန့်ကိုသာ စောင့်ဆိုင်းနေကြတော့၏။
လူတိုင်းသည် ခွက်ကို ရိုက်ခွဲတာက အချက်ပြတာပဲဟူသော စကားကို အခိုင်အမာ မှတ်သားထားကြပြီး မျက်လုံးအားလုံးသည် သူ၏ထံသို့သာ စူးစိုက်နေကြသည်။
ဝူကျိရှန်းပင်လျှင် ခါးမှဓားကို တင်းတင်းဆုပ်ကိုင်ထားမိ၏။
အရေးကြီးပြီး အရေးပေါ် အခြေအနေ ဖြစ်သော်လည်း အထူးသံတမန်သည် တည်ငြိမ်နေဆဲ ဖြစ်သည်။ သွေးဆူနေသော ဝူကျိရှန်း၊ ကျောက်ပင်တိန့်နှင့် အခြားသူများနှင့် နှိုင်းယှဉ်ပါက သူသည် ထူးခြားစွာ တည်ငြိမ်နေလေသည်။
သူသည် မျက်နှာအမူအရာ တစ်ချက်မျှ မပြောင်းလဲဘဲ လက်ထဲမှ ဝိုင်ခွက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီးနောက် ရုတ်တရက် မြင့်မြတ်စွာ ပင့်တင်လိုက်၏။
ထို့နောက်သူသာ ခွက်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲလိုက်ပါက သူ၏နောက်ကွယ်မှ လူသုံးဆယ်ကျော်သည် ထက်မြက်သော ဓားများကို ကိုယ်စီကိုင်ကာ ချက်ချင်း ရှေ့သို့ ပြေးဝင်ပြီး ဆန့်ကျင်ဘက်မှ မွန်ဂိုသံတမန်အဖွဲ့ကို သတ်ဖြတ်ကြပေလိမ့်မည်။
ဝိုင်ခွက်ကို မြှောက်ထားပြီး ဖြစ်ရာ အထူးသံတမန်သည် ပြင်းထန်စွာ ရိုက်ခွဲရန် ကြံရွယ်ထားပုံရသော်လည်း ဤလှုပ်ရှားမှုသည် ပြီးမြောက်ခြင်း မရှိခဲ့ပေ။
ကွဲကြေသွားသည်မှာ အထူးသံတမန်၏လက်ထဲမှ ဝိုင်ခွက်မဟုတ်ဘဲ သူ၏ ဦးခေါင်း ဖြစ်နေ၏။
သီဆိုကပြနေသောရှာမန်ဆရာသည် ရုတ်တရက် အနားသို့ တိုးကပ်လာပြီး ရွှေနှင့် ကျောက်မျက်ရတနာများ စီခြယ်ထားသော လေးလံသည့် နွားရိုးတုတ်ကောက်ကို လွှဲရိုက်ကာ မှည့်ဝင်းနေသော ဖရဲသီးတစ်လုံးကို ရိုက်ခွဲလိုက်သကဲ့သို့ အထူးသံတမန်၏ ဦးခေါင်းကို ရိုက်ခွဲပစ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ထိုအချိန်အတောအတွင်း မင်သံတမန်အဖွဲ့သည် ဆန့်ကျင်ဘက်မှ မွန်ဂိုသံတမန်အဖွဲ့ကိုသာ အမြဲတမ်း သတိထား စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ အုလုမျိုးနွယ်စု၏ ရှာမန်ဆရာက စားသောက်ပွဲတွင် သေစေနိုင်သော တိုက်ခိုက်မှုကို ပြုလုပ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
တိုက်ခိုက်မှု အောင်မြင်ပြီးနောက် ရှာမန်ဆရာသည် သွေးပေကျံနေသော နွားရိုးတုတ်ကောက်ကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"လုပ်ကြစမ်း"
စစ်သူကြီးမုန်းဟုဟာရ်လုသည် ရုတ်တရက် သူ၏ ကြီးမားလှသောဓားကို ဆွဲထုတ်လိုက်ပြီး ကျားတစ်ကောင်ကဲ့သို့ ခုန်အုပ်ကာ ဘေးမှ ကျင်းယီဝေတစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်လိုက်လေသည်။
ဓားအရောင်တစ်ချက် လက်သွားသည်နှင့် ကျင်းယီဝေ၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့၏။
မွန်ဂိုသံတမန်အဖွဲနှင့်ပါလာသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခုန်ထလာကြကာ ထက်မြက်သော ဓားများကို ဆွဲထုတ်၍ မင်သံတမန်အဖွဲ့ဝင်များကို သနားညှာတာမှုမရှိဘဲ တိုက်ခိုက်ကြလေသည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် အနီးနားရှိ အူုလုစစ်သည်များသည်လည်း အော်ဟစ်ကာ ပြေးဝင်လာကြ၏။
ဤအချိန်ကျမှသာ ဝူကျိရှန်း အမှန်တကယ် သဘောပေါက်သွားတော့သည်။မွန်ဂိုသံတမန်အဖွဲ့သည် အုလုမျိုးနွယ်စု၏ အာဏာရှိသူများနှင့် ကြိုတင်ပူးပေါင်းထားပြီး ဖြစ်ကာ စားသောက်ပွဲတွင် မင်သံတမန်အဖွဲ့တစ်ခုလုံးကို ရှင်းလင်းရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
လူတိုင်းသည် စားသောက်ပွဲတွင် တစ်ဖက်လူကို ရှင်းလင်းပစ်ချင်ကြသော်လည်း နောက်ဆုံးရလဒ်မှာ မွန်ဂိုသံတမန်အဖွဲ့က ခြေတစ်လှမ်းသာသွားပြီး တိုက်ခိုက်မှုကို အရင် စတင်လိုက်ခြင်း ဖြစ်သည်။
ဦးအောင် တိုက်နိုင်သူက အသာစီးရပြီး နောက်ကျမှ လှုပ်ရှားသူက ဒုက္ခရောက်ရ၏။
ထိုစကားသည် မင်သံတမန်အဖွဲ့ ကြုံတွေ့နေရသော အကျပ်အတည်းကို အမှန်ကန်ဆုံး ဖော်ပြချက်ပင် ဖြစ်တော့သည်။
*********
အခန်း ၁၂၂ - အကြံကုန်ဂဠုန်ဆားချက်
မွန်ဂိုသံတမန်က "ခူနာ၊ ခူနာ၊ ဗာဆုခူနာ" ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဝူကျိရှန်းသည် ထိုမွန်ဂိုစကားစုကို အပြည့်အဝ နားလည်လေသည်။ လွန်ခဲ့သောနှစ်က မွန်ဂိုစစ်တပ်သည် သေးငယ်သော ခရိုင်မြို့လေးကို တိုက်ခိုက်စဉ်က သူသည် ဤစကားကို အကြိမ်ကြိမ် ကြားခဲ့ဖူး၏။ ၎င်း၏ အဓိပ္ပာယ်မှာ သတ်ကြ၊ သတ်ကြ၊ အကုန်လုံးကို သတ်ပစ်ကြဟူ၍ ဖြစ်သည်။
မင်သံတမန်အဖွဲ့သည် မွန်ဂိုသံတမန်အဖွဲ့တစ်ခုလုံးကို ရှင်းလင်းပစ်ရန် ကြိုတင်ကြံစည်ထားသော်လည်း မွန်ဂိုများက အုလုမျိုးနွယ်စု၏ အာဏာရှိသူများနှင့် ပူးပေါင်းကာ သူတို့ကို ဦးအောင် တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
ထိုကဲ့သို့သော တိုက်ပွဲမျိုးတွင် ပြောနေရန် စကားမရှိတော့ဘဲ မည်သူ့ကိုမျှ အသက်ရှင်ခွင့်မပေးဘဲ အကုန်သတ်ရမည့် တိုက်ပွဲသာ ဖြစ်တော့သည်။
ပြတ်သားပြီး ဇွဲကောင်းလှသော အထူးသံတမန်သည် ဦးခေါင်းကို ရိုက်ခွဲခံရပြီးနောက် သွေးအိုင်ထဲတွင် လဲလျောင်းနေကာ ခန္ဓာကိုယ်မှာ အေးစက်နေပြီ ဖြစ်၏။
ကျန်ရှိနေသော သံတမန်အဖွဲ့ဝင် နှစ်ဆယ်၊ သုံးဆယ်ခန့်သည်လည်း တစ်ဦးချင်းစီသာ ရုန်းကန် တိုက်ခိုက်နေကြရတော့သည်။
တိုက်ခိုက်သံများ၊ ဆဲဆိုသံများနှင့် လက်နက်ချင်း ထိခိုက်သံများသည် ကြီးကျယ်သော တေးဂီတတစ်ခုကဲ့သို့ လျှံထွက်နေ၏။
အချိန်ခနတာအတွင်းမှာပင် မင်သံတမန်အဖွဲ့ဝင် ထက်ဝက်ခန့်သည် လဲကျသွားခဲ့ပြီ ဖြစ်သည်။
ကျန်ရှိသော လူအနည်းငယ်သည် အခြေအနေ အလွန်ဆိုးရွားနေသည်ကို သိရှိသဖြင့် ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ရန် အသက်သက်စွန့်၍ တိုက်ခိုက်ကြလေသည်။
သံတမန်အဖွဲ့တွင် သေချာရွေးချယ်ထားသော လူများထဲ၌ တိုက်ပွဲကျွမ်းကျင်သူ အနည်းငယ် ပါဝင်နေသည်ကိုမူ ဝန်ခံရပေမည်။ တိုက်ပွဲအတွေ့အကြုံများသော စစ်သည် တော်များသည် အံ့ဩစရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့်သူတို့သည် သူတို့သည် မွန်ဂိုများနှင့် အုလုစစ်သည်များ၏ ဝိုင်းရံပိတ်ဆို့မှုကြားမှ အမှန်တကယ်ပင် ဖောက်ထွက်ပြေးနိုင်ခဲ့ကြသည်။
အသက်လု၍ ထွက်ပြေးနေကြသော မင်သံတမန်အဖွဲ့ဝင် အနည်းငယ်ကို ကြည့်ရင်း မွန်ဂိုသံတမန်သည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပြီး သူ၏အရပ်နီးပါးရှိကြီးမားသော လေးကြီးတစ်စင်းကို ထုတ်ယူလိုက်၏။
သူသည် မည်သည့် ချိန်ရွယ်မှုမျှ မပြုလုပ်ဘဲ မြှားတစ်စင်းကို သာမန်ကာလျှံကာ တင်လိုက်ပြီး မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်း၍ ပစ်ခတ်လိုက်လေသည်။
လေးကြိုး၏ တုန်ခါသံက နားထဲတွင် ပဲ့တင်ထပ်နေဆဲမှာပင် ထွက်ပြေးနေသော မင်သံတမန်အဖွဲ့ဝင်သည် ဝေဝါးသော အရိပ်တစ်ခု ချန်ရစ်ကာ ပြေးဝင်သွားသည့် မြှားဒဏ်ကြောင့် ရင်ဘတ်ကို ဖောက်ထွက်၍ သေဆုံးသွားရရှာသည်။
မွန်ဂိုသံတမန်သည် လေးကို ပေါ့ပေါ့ပါးပါးပင် ထပ်မံဆွဲကာ မြှားတစ်စင်း တင်လိုက်ပြီး တစ်ချက်၊ နှစ်ချက် ဆက်တိုက် ပစ်ခတ်လိုက်ပြန်၏။
ခဏအတွင်းမှာပင် ဝိုင်းရံပိတ်ဆို့မှုမှ လွတ်မြောက်သွားသော မင်သံတမန်အဖွဲ့ဝင် အားလုံးသည် မြှားထိမှန်၍ သေဆုံးသွားကြရတော့သည်။
မြင်းစီးခြင်းနှင့် မြှားပစ်ခြင်းသည် မွန်ဂိုတို့၏စွမ်းရည်များ ဖြစ်သော်လည်း ဝူကျိရှန်းသည်ထိုကဲ့သို့ ပြောင်မြောက်သော မြှားပစ်စွမ်းရည်ကို ယခင်က တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။
မွန်ဂိုစစ်တပ်၏ အလံတော်ကို မြှားတစ်စင်းတည်းဖြင့် ပစ်ချခဲ့ဖူးသော စစ်သူကြီးဟူချန်နှင့် နှိုင်းယှဉ်ပါက ဤမွန်ဂိုသံတမန်၏ မြှားပစ်စွမ်းရည်သည် လုံးဝ လျော့နည်းခြင်းမရှိပေ။
"ဓားပြကို ဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းရမယ်"
ကျင်းယီဝေမှ အရာရှိအန်ကျန်းကျိုးက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ငါ့ကို ကာကွယ်ပေးကြ"
အင်အားချင်းမမျှဘဲ ထပ်ဆင့်ဝိုင်းရံခံထားရသဖြင့် အခြေအနေက အလွန် စိုးရိမ်ရသည်။ တစ်ခုတည်းသော နည်းလမ်းမှာ အသက်သုံးနှစ်ပင်မပြည့်သေးသော ကလေးကို ဖမ်းဆီးကာ ဓားစာခံအဖြစ် အသုံးချပြီး လွတ်မြောက်ရန် အခွင့်အရေး ရှာဖွေဖို့သာ ဖြစ်၏။
တိုက်ခိုက်ရေးစွမ်းရည် မရှိသလောက်နည်းပါးသော အတူပါလာသည့် အရာရှိ အနည်းငယ်သည် ဦးခေါင်းကို အဖြတ်ခံလိုက်ရပြီ ဖြစ်သည်။ ကျန်ရှိသော လူတစ်ဆယ်ကျော်သည် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသော ထိပ်တန်း တိုက်ခိုက်ရေးသမားများ နှင့်ကျင်းယီဝေထဲမှ ထိပ်သီးပညာရှင်များ ဖြစ်ကြ၏။
အန်းကျန်းကျိုး၏ အော်ဟစ်သံကို ကြားသည်နှင့် သူတို့သည် ချက်ချင်း သဘောပေါက်သွားကြပြီး ကလေးရှိရာဘက်သို့ ဇွတ်အတင်း တိုးဝင်သွားကြလေသည်။
လှောင်အိမ်ပိတ် တိရစ္ဆာန်များကဲ့သို့ပင် လူတိုင်းသည် ရူးသွပ်သွားကြပြီး မိမိတို့၏ အသက်ကို မငဲ့ကွက်ဘဲ အတင်းအကျပ် ခုတ်ထွင်းရင်းခက်ခဲစွာ တိုးတက်သွားကြ၏။
စစ်သူကြီးမုန်းဟုဟာရ်လုသည် သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိပုံရပြီး ရုတ်တရက် ရှေ့သို့ ခုန်ဝင်ကာဓားရှည်ကို ဝှေ့ယမ်း၍ လမ်းပိတ်ထားသော ကြမ်းတမ်းသည့် ကျားတစ်ကောင်ကဲ့သို့ တားဆီးလိုက်လေသည်။
တိုးဝှေ့ကာ ပြင်းထန်စွာ တိုက်ခိုက်နေသော လူအုပ်ကြီးနှင့် ရင်ဆိုင်ရသော်လည်း စစ်သူကြီးမုန်းဟုသည် နောက်ဆုတ်မည့် အရိပ်အယောင် စိုးစဉ်းမျှမပြဘဲ မျက်နှာအမူအရာမရှိသော ကြေးရုပ်တုတစ်ခုကဲ့သို့ သူတို့ကို အေးစက်စွာ ကြည့်နေ၏။
ကျင်းယီဝေ အနည်းငယ်သည် ရှေ့သို့ ပြေးဝင်ကာ စစ်သူကြီးမုန်းဟုနှင့် လုံးထွေး တိုက်ခိုက်ကြတော့သည်။
အန်းကျန်းကျိုးသည် သူ၏ ရှုချွန်းဓားကို လှပသော အလင်းကန့်လန့်ကာတစ်ခု ဖြစ်အောင် ကစားရင်း မင်းသေသေ ငါသေသေသော သဘောဖြင့် ဓားကို ရှေ့သို့ ဇွတ်ထိုးသွင်းလိုက်၏။
စစ်သူကြီးမုန်းဟုက သူ၏ဓားဖြင့် ခုခံလိုက်စဉ်မှာပင် အန်းကျန်းကျိုးသည် ရုတ်တရက် အပေါ်သို့ မြင့်မားစွာ ခုန်တက်လိုက်လေသည်။
၎င်းသည် လုံးဝ မျှော်လင့်မထားသော လှုပ်ရှားမှုတစ်ခု ဖြစ်၏။ သူသည် စစ်သူကြီးမုန်းဟုနှင့် အသေအလဲ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ သူ၏ဦးခေါင်းပေါ်မှခုန်ကျော်ကာ လန့်ဖျပ်နေသော ကလေးရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
ထိုလှုပ်ရှားမှုတွင် အန်းကျန်းကျိုး၏ တိုက်ခိုက်ရေးစွမ်းရည် အားလုံး ပါဝင်နေပြီး သူ၏ မြန်နှုန်း၊ ခွန်အားများနှင့် အကောင်းဆုံး တွက်ချက်မှုများ ပေါင်းစပ်ထားသည်။ တိုက်ခိုက်မည့် အချိန်နှင့် မတ်စောက်သော ထောင့်ကွက် ရွေးချယ်မှု နှစ်ခုစလုံးသည် သီအိုရီအရ အပြည့်စုံဆုံး အခြေအနေသို့ ရောက်ရှိနေပြီး အပြစ်ပြောစရာ လုံးဝမရှိပေ။
ဇွန်လ၏ နေရောင်အောက်တွင် အန်းကျန်းကျိုး၏ လက်ထဲမှ ရှုချွန်းဓားသည် တားဆီး၍မရသော အားမာန်များကို ဆောင်ကျဉ်းရင်း ကမ္ဘာကြီးတစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်တော့မည့်အလား တောက်ပသော အလင်းတန်းတစ်ခုကို ချန်ရစ်ခဲ့လေသည်။
ဝူကျိရှန်းသည် ပညာရှင်တစ်ဦး မဟုတ်သော်လည်း ထိုတိုက်ကွက်၏ ဆန်းကြယ်မှုကို မြင်နိုင်သေး၏။
လှုပ်ရှားမှုအားလုံးသည် တိမ်တိုက်များနှင့် ရေစီးကြောင်းကဲ့သို့ ချောမွေ့နေပြီး မည်သည့် ထစ်ငေါ့မှုမျှမရှိဘဲ သိုင်းကားထဲမှ ဇာတ်လိုက်ထက်ပင် ပိုမို ခန့်ညားလှပနေသဖြင့် ချီးကျူးမိရုံမှတစ်ပါး အခြားမရှိပေ။
ဤ သတ္တမအဆင့် ကျင်းယီဝေ အရာရှိတွင် ထိုကဲ့သို့သော အဆင့်မြင့် သိုင်းပညာ ရှိနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
သို့သော် ရုတ်တရက် တောက်ပနေသော ဓားအလင်းသည် ကောက်ကာငင်ကာ ပျောက်ကွယ်သွားပြီး ဆက်တိုက် တိုက်ခိုက်နေသော လှုပ်ရှားမှုသည်လည်း ရုတ်ချည်း ရပ်တန့်သွားသည်။
ကြီးမားသော လက်တစ်ဖက်က ရှုချွန်းဓား၏ ဓားဖျားကို တင်းတင်းဆုပ်ကိုင်ထား၏။ထိုသူကား စစ်သူကြီးမုန်းဟုဟာရ်လုဖြစ်၏။
သူသည် မိမိ၏ ဘယ်လက်တစ်ဖက်တည်းဖြင့် ဓားဖျားကို ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။
လူတိုင်း သတိမပြုမိခင်မှာပင်ဟာရ်လု၏ ညာလက်ထဲမှ လက္ခဏာကွေးဓားသည် လေကိုခွဲကာ အန်းကျန်းကျိုး၏ ခါးဆီသို့ ဖြတ်သန်းသွားတော့သည်။
ဟာရ်လု၏ တိုက်ကွက်တွင် ပိုလျှံသော လှုပ်ရှားမှု တစ်ချက်မျှမပါဘဲ အန်းကျန်းကျိုး၏ မျက်စိပသာဒဖြစ်ဖွယ် နည်းစနစ်များနှင့် နှိုင်းယှဉ်ပါက အလွန် ရိုးရှင်းသော်လည်း လုံးဝ သေစေနိုင်စွမ်း ရှိ၏။
အန်းကျန်းကျိုး၏ မျက်နှာထက်မှ အမူအရာအားလုံးသည် ချက်ချင်း တောင့်တင်းသွားသည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် မိုးရေစိုရွှဲနေသော ရွှံ့စေးနွံကဲ့သို့ သူ၏ခါးမှနေ၍ ဖြည်းညှင်းစွာ အောက်သို့ လျှောကျသွားလေတော့သည်။
နှစ်ပိုင်းပြတ်သွားခြင်း ဖြစ်၏။တိုက်ကွက် တစ်ကွက်တည်းဖြင့် အန်ကျန့်ကျိုးသည် နှစ်ပိုင်း ပြတ်သွားခဲ့ရသည်။
စစ်သူကြီးမုန်းဟု၏ တိုက်ခိုက်ရေးစွမ်းရည်သည် စိတ်ပျက်စရာကောင်းလောက်အောင် ကြီးမားလှသဖြင့် ကျန်ရှိသော တိုက်ပွဲသည် ရင်ခုန်စရာ မလိုတော့ပေ။
ဖရဲသီး၊ သခွားသီးကို လှီးဖြတ်သကဲ့သို့ပင် သူသည် ကျန်ရှိနေသော မင်သံတမန်အဖွဲ့ဝင်များကို အားထုတ်စရာမလိုဘဲ သတ်ဖြတ်ပစ်လိုက်ရာ လူစုကွဲသွားကြတော့သည်။
ဝူကျိရှန်း သတိပြန်ဝင်လာသည့် အချိန်တွင်သူ၏ဘေး၌ အသက်ရှင်ကျန်ရစ်သော ရဲဘော်တစ်ဦးမျှ မရှိတော့ပေ။
မြေပြင်ပေါ်တွင် ပရမ်းပတာ ဖြစ်နေသော အလောင်းများဖြင့် ပြည့်နှက်နေပြီး သွေးညှီနံ့များက လေထုထဲတွင် ပျံ့လွင့်နေသည်။
ဝူကျိရှန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ လှည့်ပြေးရန် ဖြစ်သော်လည်း သူ မပြေးနိုင်တော့ပေ။
စွမ်းအားကြီးမားသော စစ်သူကြီးမုန်း၊ ပြောင်မြောက်သော စွမ်းရည်ရှိသည့် မွန်ဂိုသံတမန်နှင့် ကြီးမားသော နွားရိုးတုတ်ကောက်ကို ကိုင်ဆောင်ထားသည့် ရှာမန်ဆရာတို့သည် အနားသို့ တိုးကပ်လာကြပြီး ဝူကျိရှန်းကို အလယ်တွင် ဝိုင်းရံထားကြပြီ ဖြစ်၏။
မလှမ်းမကမ်းတွင်လည်း အုလုစစ်သည် အမြောက်အမြားသည် စားသောက်ပွဲနေရာကို ဝိုင်းရံထားကြ၏။
ဝူကျိရှန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူတစ်ယောက်၏ အဆင့်မျှသာ ရှိ၏။ သူ၌ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝမှုလည်းမရှိ၊ အဆင့်မြင့် သိုင်းပညာလည်းမရှိရာ ရှေ့တွင်ရှိနေသော ရန်သူတစ်ယောက်ကိုမျှ သူ မအနိုင်ယူနိုင်ပေ။
ဝူကျိရှန်းသည် တစ်ခါမျှ ဤမျှအထိ စိတ်ပျက်အားငယ်ခြင်း မရှိခဲ့ဖူးပေ။
မိမိကိုယ်ကို လုံးဝမကြောက်ဟု ပြောပါက အမှားသာ ဖြစ်လိမ့်မည်။
ဝံပုလွေ၊ ကျားရဲကဲ့သို့သော ရန်သူများနှင့် ရင်ဆိုင်ရပြီး သူတို့၏လက်ထဲမှ လက်နက်များတွင် သွေးများ စီးကျနေသည်ကို မြင်တွေ့နေရရာ သေလုမတတ်ကြောက်ရွံ့နေမိသည်။
ဝူကျိရှန်းသည်လက်ထဲမှ ဓားတိုကိုသာ ရူးသွပ်စွာ ဝှေ့ယမ်းရင်း နောက်သို့ ဆုတ်မိနေ၏။
ရုတ်တရက် သူသည် ပျော့ပျောင်းသော အရာတစ်ခုကို နင်းမိသကဲ့သို့ ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ ၎င်းမှာ အုလုမယ်တော်ကြီး"ဖြစ်နေသည်။
တိုက်ပွဲစတင်သည်နှင့် တပြိုင်နက် မြင့်မြတ်လှသော အုလမယ်တော်ကြီးသည် အလွန် ကြောက်လန့်သွားသဖြင့် စားပွဲအောက်သို့ ငုံ့လျှိုးပုန်းအောက်ခဲ့ခြင်း ဖြစ်၏။ သို့သော် စားပွဲက သေးငယ်လွန်းသဖြင့် မည်သူ့ကိုမျှ ဖုံးကွယ်မထားနိုင်ရာ ဝူကျိရှန်း၏ နင်းမိခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဝူကျိရှန်းသည်များစွာ မစဉ်းစားနိုင် ပေ။ မိမိ၏ အသက်ကို ကယ်တင်ရန်အတွက် သူသည် အုလုမယ်တော်ကြီးကို စားပွဲအောက်မှ ဇွတ်အတင်း ဆွဲထုတ်လိုက်ပြီး ဓားတိုကို သူမ၏လည်ပင်းတွင် တေ့ကာ ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။
"အားလုံး ငါ့လမ်းက ဖယ်ကြစမ်း၊ ဘယ်သူမဆို နောက်ထပ် တိုးလာရဲရင် ငါ သူမကို သတ်ပစ်မယ်"
*********