← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 12 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 12 Ch. 125-126

အခန်း ၁၂၅ မျှော်လင့်ချက်မဲ့ခြင်း

ညအချိန် သဲကန္တာရကြီးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မျက်စိတစ်ဆုံးတွင် ပြောင်းလဲခြင်းမရှိသော သဲခုံများသာ အဆုံးမရှိကျယ်ပြန့်စွာရှိနေသည်။

ရေပြင်နှင့် ငွေရောင်အဆင်းကဲ့သို့သော လမင်း၏အလင်းတန်းများသည် ချစ်သူတစ်ဦး၏ ပွတ်သပ်မှုကဲ့သို့ ညင်သာစွာ ဖြန်းပက်နေ၏။

ယခုမူ သုံးရက်မြောက်သော ညသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ဝူကျိရှန်းသည် အုလုမယ်တော်ကြီးကို ခေါ်ဆောင်ကာ အဆုံးအစမရှိ ကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် သုံးရက်နှင့် သုံးညတိုင်တိုင် လျှောက်လှမ်းခဲ့ပြီး မိမိကိုယ်တိုင် မည်မျှအထိ ခရီးပေါက်ခဲ့သည်ကို မသိတော့ဘဲရှေ့သို့ ဆက်လက် လျှောက်လှမ်းနေမိသည်။

မိမိ၏ နောက်ကွယ်တွင် လိုက်လံဖမ်းဆီးသူများ ကပ်လျက်ပါလာနေပြီး အဖမ်းခံရသည်နှင့် မိမိ၏ အသက် ပြီးဆုံးသွားမည်ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်လေသည်။

"ငါ... ငါ မလျှောက်နိုင်တော့ဘူး"

သူ၏ နောက်ကွယ်မှ တိုးညှင်းပြီး အားနည်းသော အသံတစ်သံ ထွက်ပေါ်လာ၏။

အမှန်စင်စစ် ဝူကျိရှန်းသည်လည်း ဆက်မလျှောက်နိုင်တော့သဖြင့် သူသည် ခေတ္တမျှ ရပ်နားလိုက်ရတော့သည်။

နေ့ညမပြတ် ထွက်ပြေးခဲ့ရသဖြင့် ဝူကျိရှန်းသည် မောပန်းနွမ်းနယ်နေပြီ ဖြစ်ကာ ကျောပိုးအိတ်သည်လည်း အလေးချိန် ကျင်းတစ်ထောင်ခန့် ရှိနေသကဲ့သို့ ခံစားနေရသော်လည်း သူသည် ၎င်းကို မစွန့်ပစ်ရဲချေ။

အကြောင်းမူကား အိတ်ထဲမှ အသားခြောက်နှင့် ရေသည် သူ အသက်ရှင်သန်ရန်အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သောကြောင့် ဖြစ်သည်။

အဆုံးမရှိသော သဲကန္တာရကြီး၏ အဆုံးသတ်သည် ဘယ်နေရာတွင် ရှိမှန်း ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ သူ၏ လည်ချောင်းများ ခြောက်ကပ်နေပြီ ဖြစ်သော်လည်း ရေကို အလွန်အကျွံ မသောက်ရဲချေ။ အကြိမ်တိုင်းတွင် သူသည် မအောင့်နိုင်အောင် ရေငတ်လာသည့် အခါမှသာ ရေဘူးဆို့ကို ဂရုတစိုက် ဆွဲထုတ်ပြီး လည်ချောင်း စိုစွတ်ရုံမျှသာ ရေတစ်ငုံကို သတိထား၍ သောက်လေသည်။

"ငါ... ငါလည်း ရေငတ်လို့"

တောက်ပသော လရောင်သည် ကျယ်ပြောလှသော သဲကန္တာရကြီးထက်တွင် ဆန်းကြယ်သော ငွေရောင်အဆင်းကို ဖြန်းပက်ထား၏။ အုလုမယ်တော်ကြီးသည် ကွဲအက်နေသော သူ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း ဝူကျိရှန်း၏ လက်ထဲမှ ရေဘူးကို တောင့်တစွာ ကြည့်နေရှာသည်။

သူမ လှည့်ကွက်များ မသုံးနိုင်စေရန်အတွက် ဝူကျိရှန်းသည် အပေါ့အပါးသွားရန် အရေးပေါ်လိုအပ်သည့် အချိန်မှလွဲ၍ သူမ၏ လက်များကို အလွယ်တကူ မဖြည်ပေးရဲချေ။

ထို့ကြောင့် သူမသည် အမြဲတမ်း အချည်ခံထားရသည်။ အသားခြောက် စားသည့်အခါနှင့် ရေ သောက်သည့်အခါတွင်ပင် ဝူကျိရှန်းကသာ တိုက်ကျွေးပြီး ယခုအကြိမ်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။

သူသည် ရေဘူးဝကို သူမ၏ နှုတ်ခမ်းတွင် တေ့ပေးကာ ရေအနည်းငယ် တိုက်ကျွေးလိုက်သည်။

"နည်းနည်းပဲ သောက်၊ လည်ချောင်း စိုရုံပဲ၊ ငါတို့မှာ နောက်ဆုံး ရေတစ်ဘူးပဲ ကျန်တော့တယ်... အခုဆိုတစ်ဘူးရဲ့ ထက်ဝက်ကျော်ပဲ ရှိတော့တယ်"

လွန်ခဲ့သော သုံးရက်ကအတိုင်းပင် သူမ ရေဝသွားပြီးနောက် သူသည် အသားခြောက်အချို့ကို ထပ်မံ ကျွေးလိုက်၏။ ထို့နောက် အလွန် ပင်ပန်းနေသော သူတို့နှစ်ဦးစလုံးသည် သဲပြင်ပေါ်တွင် မလဲလျောင်းရင်း အနားယူကြလေသည်။

ယခုအခါ နေ့တာရှည်ပြီး ညတာတိုသော ရာသီ ဖြစ်သည်။မှောင်မိုက်ခြင်းသည် တဖြည်းဖြည်း လွင့်ပြယ်သွားကာ မိုးသောက်ယံ အချိန်သို့ ထပ်မံ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ကောင်းကင်ကြီး လင်းလာပြီးနောက် မကြာမီမှာပင် အေးမြသော လေထုသည် ချက်ချင်း ကွယ်ပျောက်သွားပြီး ထွက်ပြေးလာသော နေမင်းနှင့်အတူ ပူပြင်းလှသော အပူလှိုင်းများက တိုးဝှေ့လာကြပြန်သည်။

ဇွန်လသည် အလွန် ပူပြင်းလှရာ ကျယ်ပြောလှသော သဲပြင်ကြီးထဲတွင် ရောက်ရှိနေသည့် ဝူကျိရှန်းသည် ပေါင်းအိုးထဲမှ ကြွက်တစ်ကောင်ကဲ့သို့ ခံစားနေရပြီး အပူဒဏ်ကြောင့် တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေ၏။

နေမင်းသည် အထက်သို့ မြင့်မားစွာ ရောက်လာသည်နှင့်အမျှ ထွက်ပေါ်လာသော ချွေးများသည် အောက်သို့ စီးကျရန်ပင် အချိန်မရဘဲ လျင်မြန်စွာ ခြောက်သွေ့သွားကာ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ဖြူဖွေးသော ဆားကွက်ကြီးများ ထင်ကျန်ရစ်လေသည်။

သူ၏ အရေပြားများသည် တောက်လောင်နေသော နေဒဏ်ကြောင့် ကွဲအက်နေပြီ ဖြစ်ပြီး ခြေထောက်များသည်လည်း မိမိ၏ ခန္ဓာကိုယ်တွင် မရှိတော့သကဲ့သို့ ခံစားနေရသော်လည်း သူသည် လမ်းလျှောက် အလောင်းကောင်တစ်ခုကဲ့သို့ နာကျင်စွာဖြင့် ရှေ့သို့ တစ်လှမ်းချင်း ဆက်လက် တိုးနေမိသည်။

သူသည် မိမိ၏ နောက်ကွယ်မှ အုလုမယ်တော်ကြီးကို လှည့်ကြည့်လိုက်ရာ သူမသည်လည်း ပြင်းထန်သော အပူဒဏ်ကို အလူးအလဲ ခံနေရရှာသည်။ သူမ၏ ဖြူဖွေးသော မျက်နှာထက်တွင် နေလောင်ဒဏ်ကြောင့် နီမြန်းသော အကွက်များ ဖြစ်ပေါ်နေပြီး နုနယ်သော အရေပြားများသည်လည်း လန်နေသည်မှာ သိသာလှ၏။

ဝူကျိရှန်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘာမှမပြောဘဲ သူမ၏ ဂါဝန်ကို ဆွဲဖြဲတော့သည်။

"မင်း ဘာလုပ်တာလဲ"

အုလုမယ်တော်ကြီးသည် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

"ငါက အုလုဘုရင်ရဲ့ မယ်တော်ကြီးပဲ၊ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာ ရှိတဲ့သူမို့လို့ အရှက်ခွဲခံရမယ့်အစား သေတာကမှ မြတ်ဦးမယ်"

အရှက်ခွဲခံရတယ်ဟုတ်လား။

မင်း ဘာတွေ လျှောက်တွေးနေတာလဲ။

ငါတောင်နေပူထဲ ပြေးစရာ မြေမရှိ ဖြစ်နေတာ၊ မင်းကို အရှက်ခွဲဖို့ ဘယ်မှာ အားလပ်ချိန် ရှိလို့လဲ။ငါ့မှာ ရာဂစိတ် ရှိနေရင်တောင် ခွန်အား မရှိတော့ဘူး။

သူသည် စကားအရှည်ကြီး ရှင်းမပြနေတော့ဘဲ သူမ၏ ဂါဝန်အောက်နားမှ အဝတ်စကြီးတစ်ခုကို ဆွဲဖြဲလိုက်ပြီး သူမ၏ ဦးခေါင်းကို သိုင်းခြုံပေးရန်အတွက်အသုံးပြုလိုက်လေသည်။

တောက်လောင်နေသော နေရောင်အောက်တွင် အကာအကွယ်မဲ့နေသော အရေပြားသည် အရင်ဆုံး ပျက်စီးတတ်သဖြင့် ဦးခေါင်းကို ဖုံးကွယ်ထားခြင်းက အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်၏။

"ငါ... ငါ တကယ် မလျှောက်နိုင်တော့ဘူး၊ အခုအကြိမ်တော့ တကယ် မလျှောက်နိုင်တော့တာ"

အုလုမယ်တော်ကြီးက တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။

"ငါတို့ ခဏလောက် နားရအောင်"

တောက်လောင်နေသော နေရောင်အောက်တွင် အချိန်အကြာကြီး လျှောက်လှမ်းရခြင်းမှာ ဝူကျိရှန်းအတွက်ပင် သည်းခံရခက်လှရာ နုနယ်ပြီး အားနည်းသော မိန်းမတစ်ယောက်အတွက်မူပိုဆိုးတော့သည်။

သူ၏ ခန္ဓာကိုယ် အားစိုက်ထုတ်မှုသည် ကန့်သတ်ချက်ထက် ကျော်လွန်နေပြီ ဖြစ်သောကြောင့် ဝူကျိရှန်း၏ ခြေသလုံး ကြွက်သားများသည်လည်း တောင့်တင်းလာသည့် လက္ခဏာများ ပြသနေသည်။ သူသည် မတတ်နိုင်တော့ဘဲ လမ်းခရီးကို ရပ်နားလိုက်ရပြီး လေကွယ်ရာ သဲခုံတစ်ခုကို ရှာဖွေကာ ဓားကို သဲထဲတွင် စိုက်လိုက်၏။

ထို့နောက် သူ၏ ဝတ်ရုံရှည်ကို ချွတ်၍ ရိုးရှင်းလှသော တဲအိမ်ငယ်တစ်ခုကို ဖန်တီးကာ အုလုမယ်တော်ကြီးနှင့်အတူ ၎င်း၏ အရိပ်ငယ်အောက်တွင် ပုန်းအောင်းလိုက်ရတော့သည်။

ယခုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် တောက်လောင်နေသော နေမင်းကို ရှောင်ကွင်းရန် နည်းလမ်းမရှိဘဲ ဤနည်းဖြင့်သာ ကျရောက်သော နေရောင်ခြည်ဒဏ်မှ ယာယီအားဖြင့် ရှောင်ရှားနိုင်ခြင်း ဖြစ်သည်။

ဝူကျိရှန်းသည် ဤသဲကန္တာရကြီးထဲမှ မည်သည့်အချိန်တွင် ရုန်းထွက်နိုင်မည်ကို မသိသလို မိမိ၏ နောက်ကွယ်မှ လိုက်လံဖမ်းဆီးသူများ မည်သည့်အချိန်တွင် အမီလိုက်လာမည်ကိုလည်း မသိပေ။ သူသည် ပတ်ဝန်းကျင်ကိုသာ ကြောင်တောင်တောင် ငေးကြည့်နေမိ၏။

စားနပ်ရိက္ခာမှာမူ လုံလောက်သေးသည်။ အကယ်၍ ခြွေတာစားသုံးမည်ဆိုပါက ကျန်ရှိသော ရိက္ခာခြောက်များသည် အတန်အသင့် ခံနိုင်ရည်ရှိသော်လည်း ရေမှာမူ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ရေဘူး၏ ထက်ဝက်ကျော်မျှသာ ကျန်တော့၏။၎င်းသည် အရေးအကြီးဆုံး ပြသနာ ဖြစ်သည်။

သောက်သုံးရေ လုံလောက်မှု မရှိပါက မကြာမီ အချိန်အတွင်းမှာပင် သူသည် တောက်လောင်နေသော နေဒဏ်ကြောင့် ခြောက်သွေ့ပြီး ပိန်လှီသော လူသေအလောင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။

ရှေ့ခရီးသည် အဆုံးအစမရှိဘဲ နောက်ကွယ်တွင်လည်း လိုက်လံဖမ်းဆီးသူများ ရှိနေသဖြင့် မျှော်လင့်ချက်မဲ့သော အခြေအနေတွင် ရောက်ရှိနေသော်လည်း ဝူကျိရှန်းသည် မျှော်လင့်ချက်ကိုဆုပ်ကိုင်ထားဆဲ ဖြစ်၏။

နူးညံ့ပြီး အလိုက်သိတတ်သော ဇနီးသည်က အိမ်တွင် ငါ့ကို စောင့်နေတုန်းပဲ၊ ပြီးတော့ ငါ့မှာ အကောင်အထည်မဖော်ရသေးတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ အများကြီး ရှိသေးတယ်၊ ငါသာ သဲကန္တာရကြီးထဲမှာအရှင်လတ်လတ် အကင်ခံလိုက်ရပါက ဆုံးရှုံးမှုအများဆုံးကူးပြောင်းလာသူတစ်ဦး ဖြစ်သွားပေလိမ့်မည်။

သူသည် အခေါင်းကို မြင်မှ မျက်ရည်ကျမည်ဟူသော သဘောမျိုး ရှ်သူဖြစ်၏။ ဤကဲ့သို့သော မဖြစ်နိုင်ဘဲ မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးတွင်ပင် သူသည် လုံးဝ အရှုံးမပေးဘဲ အံကြိတ်ကာ အမြဲတမ်း သည်းခံတတ်သည်။ ၎င်းကား ဝူကျိရှန်း၏ စရိုက်ပင် ဖြစ်တော့သည်။

ကွက်တိ ဤအချိန်မှာပင် သူသည် မလှမ်းမကမ်းမှ စည်းချက်ကျကျ တိုးကပ်လာသော အသံတစ်ခုကို သဲ့သဲ့မျှ ကြားလိုက်ရ၏။

၎င်းမှာ ခြေသံများ ဖြစ်သည်။

သူသည် တဲအိမ်ငယ်ထဲမှ လျင်မြန်စွာ ကုန်းထွက်လိုက်ပြီး မျက်လုံးကို အားစိုက်ကာ အသံထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။

သူ၏ အမြင်အာရုံ တွင်ဝေဝါးသော လူရိပ်သုံးရိပ် ထွက်ပေါ်လာ၏။

လှုပ်ရှားနေသော အပူလှိုင်းများကြောင့် ဝူကျိရှန်း၏ အမြင်အာရုံသည် ကောက်ကွေးနေပြီး မြင်တွေ့ရသော မြင်ကွင်းမှာ မှုန်ဝါးနေသော်လည်း ထိုလူရိပ်သုံးရိပ်ကိုမူ သူ ကောင်းစွာ သိရှိလေသည်။

သူတို့မှာ စစ်သူကြီးမုန်းဟုဟာရ်လု၊ ကုရှာမန်ဆရာနှင့် မွန်ဂိုသံတမန်တို့ ဖြစ်ကြ၏။

ထိုလူသုံးယောက်သည် တကယ်ပဲ ဇွဲကောင်းလှသည်။ သူတို့သည် နေ့ရောညပါမပြတ် ရက်ပေါင်းများစွာ အရှုံးမပေးဘဲ လိုက်လံဖမ်းဆီးခဲ့ကြပြီး နောက်ဆုံးတွင် အမီလိုက်နိုင်ခဲ့ကြပြီ ဖြစ်သည်။

ဝူကျိရှန်းသည် ထိုသုံးယောက်ထဲမှ တစ်ယောက်ကိုမျှ အနိုင်မယူနိုင်မှန်း သိရှိသဖြင့် သူသည် သားကောင်ကို ရှောင်ကွင်းနေသော တောယုန်တစ်ကောင်ကဲ့သို့ မိမိကိုယ်ကို အစွမ်းကုန် ဖုံးကွယ်ရန်သာ ကြိုးစားလိုက်ရတော့သည်။

သူသည် စိတ်ထဲမှနေ၍ ဆဲဆိုလိုက်ပြီး ထိုရန်သူသုံးယောက်၏ ဘိုးဘွားဘီဘင်များကိုပါ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် မိမိ၏ တည်နေရာကို ဖော်ပြမိခြင်းမရှိဘဲ တစ်ဖက်လူ၏ ရှာဖွေတွေ့ရှိခြင်းကို မခံရစေရန်အတွက် မိမိ၏ ခန္ဓာကိုယ်ကို ပူပြင်းလှသော သဲခုံ၏ အနောက်ကွယ်သို့ အတတ်နိုင်ဆုံး ကပ်ထားလိုက်လေသည်။

ကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် ဤကဲ့သို့သော သဲခုံများဖြင့် ပြည့်နှက်နေသဖြင့် သူတို့သည် သူ ပုန်းအောင်းနေသော နေရာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် သူ၏ဘေးမှ အုလုမယ်တော်ကြီးသည် ရုတ်တရက် ခုန်ထလိုက်ပြီး မလှမ်းမကမ်းမှ လူရိပ်သုံးရိပ်ရှိရာဆီသို့ အပြင်းအထန် ပြေးဝင်သွားကာ စူးရှသော အသံဖြင့် အော်ဟစ်လိုက်လေတော့သည်။

"သူ ဒီမှာ၊ အဲဒီ ခွေးသူခိုးက ဒီမှာပဲ ရှိနေတာ၊ လာပြီး သူ့ကို ဖမ်းကြစမ်း"

ပေါ်သွားပြီ၊ လုံးဝကို ပေါ်သွားခဲ့ပြီ ဖြစ်၏။

မလှမ်းမကမ်းမှ အုလုမယ်တော်ကြီး၏ လူရိပ်ကို မြင်လိုက်ရသဖြင့် ဝူကျိရှန်းက သူမကို နောက်ထပ်တစ်ကြိမ် ဓားစာခံအဖြစ် မဖမ်းဆီးနိုင်စေရန်အတွက် ထိုသုံးယောက်သည် သူတို့ရှိရာသို့ အပြင်းအထန် ပြေးဝင်လာကြသည်။ သူတို့သည် လျှပ်စီးလက်သကဲ့သို့ တကယ်ပဲ လျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သဲခုံအချို့ကို ဖြတ်သန်းလာခဲ့ကြပြီ ဖြစ်၏။

ဝူကျိရှန်းသည် အမီလိုက်ရန် ကြိုးစားလျှင်ပင် ကြာမြင့်စွာကတည်းက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သူ၏ အသက်ကယ် အဆောင်လက်ဖွဲ့အဖြစ် အသုံးတော်ခံခဲ့သော ဓားစာခံသည် နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ဝူကျိရှန်းသည် မျှော်လင့်ချက် လုံးဝမဲ့သော အခြေအနေသို့ အမှန်တကယ် ရောက်ရှိသွားခဲ့ရတော့သည်။

*********

အခန်း ၁၂၆ - လမ်းဆုံး

ထိုလူသုံးဦးနှင့်အုလုမယ်တော်ကြီး တို့မျက်နှာချင်းဆိုင်တွေ့သွားသည်ကိုမြင်လိုက်ရသောအခါ ဝူကျိရှန်းသည်လုံးဝမျှော်လင့်ချက်မဲ့သွားသလိုခံစားရတော့၏။

သူသည်စိတ်‌လျှော့ချလိုက်ပြီးရေဘူးကို ခပ်ပေါ့ပေါ့ပင် ကောက်ယူကာ ခေါင်းကိုမော့၍ အဝသောက်လိုက်ပြီးနောက် ရေဘူးကို မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်ရာ အဖိုးတန်လှသော ရေများသည် ပူပြင်းသော သဲပြင်ထဲသို့ စိမ့်ဝင်သွားတော့သည်။

သူသည် ရေဘူးကို မလိုချင်တော့သကဲ့သို့ အခြောက်လှန်းထားသော အသားများ ပြည့်နှက်နေသည့် မြင်းကုန်းနှီးအိတ်ကိုလည်း စွန့်ပစ်လိုက်၏။ ထို့နောက် ဓားမြှောင်ကို ဆုပ်ကိုင်ကာ လှည့်၍ ထွက်ပြေးလေတော့သည်။

သူ့တွင် ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ဝူကျိရှန်းသူတို့သုံးဦးအားတိုက်ခိုက်ပါကအသက်ကို အလဟဿ စွန့်လွှတ်ခြလိုက်သလိုဖြစ်ပေလိမ့်မည်။ သူသည် မိုက်မဲသူမဟုတ်သဖြင့် အကောင်းဆုံး ရွေးချယ်မှုကိုသာ ပြုလုပ်ကာထွက်ပြေးခဲ့လေသည်။

သဲပြင်သည် ဝူကျိရှန်း၏ ပြေးနှုန်းကို အလွန်အမင်း နှောင့်နှေးစေသည့်အပြင် အားအင်ကုန်ခမ်းကာ အားနည်းနေသော အခြေအနေကြောင့် သူသည် လျင်မြန်စွာ မပြေးနိုင်ပေ။

သူသည် သုံးလှမ်း၊ ငါးလှမ်းမျှသာ ပြေးရသေးသော်လည်း သူ့နောက်ကွယ်မှ ကြက်သီးမွေးညင်းထစရာ ကောင်းလှသော မြားမြည်သံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာ၏။

ထို မြားမြည်သံသည် အမှန်စင်စစ် အသံမြည်စေရန် ပြုလုပ်ထားသော မြားတစ်မျိုးဖြစ်ပြီး များသောအားဖြင့် အချက်ပြမီး အဖြစ် အသုံးပြုကြသည်လေ၏။

မွန်ဂိုသံတမန်၏ မြားပစ်အတတ်မှာ အနှိုင်းမဲ့ဖြစ်သော်လည်း သူသည် ဝံပုလွေစွယ်မြား သို့မဟုတ် ငါးမြီးမြားကဲ့သို့ ဖျက်ဆီးအားပြင်းသော မြားများကို မသုံးခဲ့ပေ။ သူသည် ဝူကျိရှန်းထံသို့ မြားမြည်သံကို တမင်တကာ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သူ့ကို နာကျင်စေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ လျှောက်မပြေးရန်နှင့် ပြေးပါက မြားတစ်စင်းတည်းဖြင့် အသေပစ်မည်ဟူသော သတိပေးချက်သာ ဖြစ်ပေသည်။

သူတို့သည်သူ့ကို အရှင်သာဖမ်းဆီးလိုကြ၏။

ထို့ကြောင့်ပင် မွန်ဂိုသံတမန်သည် မြားမြည်သံကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဝူကျိရှန်းသည် မွန်ဂိုသံတမန်၏ အနှိုင်းမဲ့မြားပစ်အတတ်ကို ကိုယ်တိုင်မျက်မြင် တွေ့ရှိခဲ့ဖူးလေသည်။ သေနတ်သံကြားရလျှင် လူတို့သည် အလိုအလျောက် မြေကြီးပေါ်သို့ ဝပ်ချလိုက်ကြသကဲ့သို့ ဝူကျိရှန်းသည် စူးရှသော မြားမြည်သံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မဆိုင်းမတွပင် မြေကြီးပေါ်သို့ လှဲချလိုက်ကာ မြားကို ရှောင်တိမ်းလိုက်၏။

မွန်ဂိုသံတမန်သည် ဝူကျိရှန်းကို အသေပစ်ရန် အမှန်တကယ် ရည်ရွယ်ခြင်းမရှိသောကြောင့်သာ မဟုတ်ပါက သူသည် ထိုမြားကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

မြားသည် ရှေ့ရှိသဲပြင်ထဲသို့ စောင်းလျက် စိုက်ဝင်သွားသောအခါ ဝူကျိရှန်းသည် ရုတ်တရက် ထရပ်ကာ ပြေးလေသည်။ သူလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် လေထုကို ဖြတ်သန်းလာသောနှင့်အတူ ပြင်းထန်သော ဓားအလင်းတန်းတစ်ခုသည် လျင်မြန်စွာ ရောက်ရှိလာ၏။

စစ်သူကြီးမုန်းဟုဟာရ်လု၏ကသူ၏လက်ထဲမှ ကောက်ချိတ်ဓားဖြင့်ပစ်လိုက်ခြင်းပင်ဖြစ်သည်။

ဝူကျိရှန်းသည် မသိစိတ်ဖြင့် ခေါင်းကို ငုံ့လိုက်လေသည်။

လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ကောက်ချိတ်ဓားသည် သူ၏ဦးရေပြားကို ပွတ်တိုက်သွားပြီး ဆံပင်အနည်းငယ်ကို ဖြတ်တောက်သွား၏။ ဝူကျိရှန်း တုံ့ပြန်ရန် အချိန်မရမီမှာပင် လူရိပ်တစ်ခုသည် သူ၏ဘေးနားသို့ ကပ်ရောက်လာခဲ့ပြီ ဖြစ်သည်။

ထိုသူမှာ ရှာမန်ဆရာ ဖြစ်လေ၏။ရှာမန်ဆရာသည် သူ၏နွားရိုးတုတ်ကောက်ကို မြှောက်ကာ ဝူကျိရှန်း၏ လက်ကို ပြင်းထန်စွာ ရိုက်နှက်လိုက် လေသည်။

ပြင်းထန်လှသော နာကျင်မှုကြောင့် သူသည် လက်နက်ကို ဆက်မဆုပ်ကိုင်နိုင်တော့ဘဲ ဓားမြှောင်သည် မြေကြီးပေါ်သို့ ကျသွားတော့၏။ ထို့နောက် ချက်ချင်းပင် အခြားရိုက်ချက်တစ်ခုက သူ၏ခြေထောက်ပေါ်သို့ ကျရောက်လာပြီး ဝူကျိရှန်းကို မြေကြီးပေါ်သို့လဲကျသွားစေသည်။ သူသည် အကြာကြီး ညည်းတွားနေပြီး အကြိမ်ကြိမ် ရုန်းကန်သော်လည်း ထမရတော့ပေ။

ဝူကျိရှန်းကို တစ်ချက်တည်းဖြင့် လဲကျအောင် ရိုက်နှက်ပြီးနောက် ရှာမန်ဆရာသည် သူ့ကို ဆက်လက်မတိုက်ခိုက်တော့ပေ။ သဲပြင်ပေါ်ရှိ ရေဘူးကို မြင်သောအခါ သူသည် လျင်မြန်စွာ ကောက်ယူလိုက်ပြီး ဘူးဆို့ကို ဂရုတစိုက် ပိတ်လိုက်လေသည်။

"နင်လို ခွေးသူခိုးက ငါ့ကို ဓားစာခံလုပ်ပြီး ဒီလောက်တောင် ဒုက္ခပေးတယ်ပေါ့လေ..."

အုလုမယ်တော်ကြီးသည် ဝူကျိရှန်းအပေါ် မုန်းတီးစိတ်ဖြင့် သွားကြိတ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူမသည် သူ၏ဓားမြှောင်ကို ကောက်ယူကာ မြှောက်လိုက်ပြီး စက်ဆုပ်စွာပြောလိုက်၏။

"ဒီနေ့ကတော့ နင့်ရဲ့ သေနေ့ပဲ"

သူသည် ထပင်မထနိုင်တော့ရာ အုလုမယ်တော်ကြီး ၏ အပေါ်စီးမှ ခုတ်ချက်ကိုပင်မရှောင်နိုင်‌ တော့ပေ။မျက်လုံးများမှိတ်လိုက်ကာ သေခြင်းတရား ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်၏။

"ချွမ်း"

သတ္တုချင်း ထိခတ်မိသော စူးရှသောအသံနှင့်အတူ အုလုမယ်တော်ကြီး၏ ဓားသည် ဝူကျိရှန်း၏ ခေါင်းကို မဖြတ်တောက်ဘဲ ထူထဲသော နွားရိုးတုတ်ကောက်ကိုသာ ရိုက်မိသွားလေသည်။

ထိုနွားရိုးတုတ်ကောက်တွင် ရွှေနှင့် ကျောက်စိမ်းများ စီခြယ်ထားပြီး ထူးဆန်းသော သင်္ကေတများစွာကို ထုဆစ်ထား၏။ ၎င်းကို အထူးဆေးရည်ဖြင့် စိမ်ထားသောကြောင့် မှိန်ဖျော့သော သတ္တုရောင်အဝါရောင် တောက်ပနေသည်လေ၏။

အုလာမယ်တော်ကြီး၏ ဓားသွားကို နွားရိုးတုတ်ကောက်ဖြင့် တားဆီးပြီးနောက် ရှာမန်ဆရာက တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

"ဒီဟန်လူမျိုးက မျိုးနွယ်စုအပေါ် ကပ်ဘေးနဲ့ ဒုက္ခတွေကို ဆောင်ကြဉ်းပေးခဲ့တာ။ သူရဲဲ့ သွေးတွေနဲ့ သန့်ရှင်းတဲ့ မြေပြင်ကို မညစ်ညမ်းစေသင့်ဘူး။ သူ့ကို အရှင်ခေါ်သွားရမယ်။ ပြင်းထန်တဲ့ မီးတောက်တွေကပဲ သူ့ရဲ့ ညစ်ညမ်းတဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်လိမ့်မယ်"

ရှာမန်ဆရာ၏ အဆိုအရ ဝူကျိရှန်း၏ ခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်ခြင်းသည် သူ့အတွက် အလွန်လွယ်ကူလွန်းလှ၏။ သူ့ကို ပြန်ခေါ်သွားပြီး မီးပုံကြီးထဲတွင် ပြာဖြစ်အောင်မီးရှို့ရမည် ဖြစ်ပေသည်။

"ဆရာကြီး ပြောတာ အလွန်မှန်ပါတယ်"

ခန့်ညားထည်ဝါလှသော စစ်သူကြီးမုန်းဟုဟာရ်လုသည် သူ၏ကောက်ချိတ်ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ‌ပြောလိုက်လေသည်။

"ဒီ အရှက်မရှိ သူရဲဘောကြောင်တဲ့ ဟန်လူမျိုးက အမှန်တကယ် မုန်းစရာကောင်းတယ်။ ငါတို့ သူ့ကို ပြန်ခေါ်သွားပြီး မျိုးနွယ်စုဝင်အားလုံးရဲ့ ရှေ့မှာ နှိပ်စက်ရမယ်။ ပြီးမှ မီးနဲ့ရှို့ရမယ်... မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း ကင်ရင် ပိုကောင်းလိမ့်မယ်"

အုလုမယ်တော်ကြီးသည်အားနည်းသော အမျိုးသမီးတစ်ဦးမျှသာ ဖြစ်၍သူမသည် စစ်သူကြီးမုန်းဟုနှင့် ရှာမန်ဆရာတို့ကို ကြောက်ရွံ့စိတ် ဝင်နေပြီဖြစ်ရာ သူတို့၏ အလိုကို မဆန့်ကျင်ရဲတော့ပေ။

အုလုမျိုးနွယ်စု၏ အင်အားကြီး ပုဂ္ဂိုလ်နှစ်ဦးသည် ဝူကျိရှန်းကို မည်သို့အပြစ်ပေးရမည်ကို ဆွေးနွေးနေကြစဉ် ကျောပြင်တွင် ဓားကြီးကို လွယ်ထားသော မွန်ဂိုသံတမန်သည်သူ့ဆီလျှောက်လာပြီး ဝူကျိရှန်းကို ကန်ချလိုက်ရာ ပက်လက်လန်သွားတော့၏။ ထို့နောက် သူ၏မျက်နှာကို စစ်ဖိနပ်ဖြင့် နင်းကာ ကျယ်လောင်စွာ ရယ်မောလေသည်။

"သူရဲဘောကြောင်တဲ့ ဟန်လူမျိုး စားကျက်မြေရဲ့ သူရဲကောင်းတွေကို မြင်ရတဲ့အခါ ကြွက်တစ်ကောင်လို ပျာပျာသလဲ ထွက်ပြေးရုံပဲ တတ်နိုင်တာပေါ့။ နေမင်းအောက်က မြေမျက်နှာပြင်ရဲ့ အလက်မတိုင်းဟာ မွန်ဂိုတွေရဲ့ စားကျက်မြေဆိုတာ မင်းသိသင့်တယ်။ မင်း ကမ္ဘာမြေအဆုံးအထိ ထွက်ပြေးရင်တောင် ငါတို့ရဲ့ ဖမ်းဆီးခြင်းကို ခံရမှာပဲ ဟားဟား"

အုလုမယ်တော်ကြီးကမူ ဘာမျှမပြောဘဲ ဝူကျိရှန်း၏ ခါးပတ်ကို တိတ်တဆိတ် ကောက်ယူကာ သူ့ကို မြဲမြံစွာ ချည်နှောင်လိုက်လေသည်။

မကြာသေးမီက ဝူကျိရှန်းသည် ဤခါးပတ်ကို အသုံးပြု၍ သူမကို ချည်နှောင်ခဲ့သော်လည်း ယခုအခါ သူကိုယ်တိုင်ပင် ထိုခါးပတ်ဖြင့် သူမ၏ ချည်နှောင်ခြင်းကို ခံလိုက်ရချေပြီ။

"ကောက်ကျစ်တဲ့ ဟန်လူမျိုးဟာ ဒီလို နနှင့်ထိုက်တန်ပါတယ်"

မွန်ဂိုသံတမန်သည် သူ၏ဘေးနားရှိ အုလုမယ်တော်ကြီးကို လုံးဝသတိမထားမိဟန်ဖြင့် စစ်သူကြီးမုန်းဟုနှင့် ရှာမန်ဆရာတို့ကို ပြောလိုက်သည်။

"စားကျက်မြေပေါ်ရှိ သက်ရှိအားလုံးဟာ ရွှေရောင်မိသားစုရဲ့ အလံတော်အောက်မှာ စုစည်းသင့်တယ်။ ရေပြင်လေးရပ်ကို ပိုင်ဆိုင်တော်မူတဲ့ ဥူဆာခါခန်မင်းကြီးဟာ ဒီလိုရလဒ်ကို အလွန်ကျေနပ်လိမ့်မယ်"

စစ်သူကြီးမုန်းဟုဟာရ်လုသည် သေလုမြောပါး ဖြစ်နေသောခွေးတစ်ကောင်ကို ဆွဲခေါ်လာသကဲ့သို့ ဝူကျိရှန်းကို ဆွဲခေါ်ကာ သူတို့လာခဲ့သော လမ်းအတိုင်း အုလုမျိုးနွယ်စုထံသို့ ပြန်လည်ထွက်ခွာခဲ့ကြလေသည်။

ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းအားလုံးနီးပါးတွင် ဓားစာခံကို ဖမ်းဆီး၍ ထွက်ပြေးရန် ကြိုးပမ်းသော လူဆိုးများသည် ဘယ်သောအခါမျှ ကောင်းသောနိဂုံးကို မရရှိကြပေ။ ဝူကျိရှန်း၏ အတွေ့အကြုံကလည်း ဤအချက်ကို ထပ်မံသက်သေပြလိုက်ပြန်သည်။

အုလုမယ်တော်ကြီးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းသည် မလွှဲမရှောင်သာ အခြေအနေကြောင့်သာ ဖြစ်၏။ သူ၏စိတ်ရင်းကြောင့်မဟုတ်ပေ။

နေရာတိုင်းသည် ရန်သူ့နယ်မြေဖြစ်ရာ သူဖမ်းဆီးခံရခြင်းမှလွတ်‌ မြောက်ရန်အချိန်တစ်ခု လိုအပ်ခြင်း ကြောင့်သာဖြစ်သည်။

သို့သော် ယခုအခါ ဝူကျိရှန်း၏ အကျပ်အတည်းမှာ ပိုမိုအန္တရာယ်များလာခဲ့ပြီ ဖြစ်သည်။ ၎င်းကို ဖော်ပြရန် ကိုးကြိမ်သေ၍ တစ်ကြိမ်ရှင်"ဟူသော စကားလုံးသည် မလုံလောက်တော့ဘဲ ဆယ်ကြိမ်သေ၍ တစ်ကြိမ်မျှ မရှင် ဟု ဆိုရပေလိမ့်မည်။

သူသည် အုလုမျိုးနွယ်စုထံသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် စိတ်ကူးမယဉ်နိုင်လောက်သော ရက်စက်ကြမ်းကြုတ်သည့် နှိပ်စက်မှုများကို ခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် မီးအေးအေးဖြင့်အရှင်လတ်လတ် မီးရှို့ခြင်းခံရမည်မှာမြေကြီးလက်ခတ်မလွဲပေ။

ဝူကျိရှန်းသည် လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်သော်လည်း လက်မလျှော့သေးဘဲ ထွက်ပြေးရန် အခွင့်အရေးကို အသည်းအသန် ရှာဖွေနေဆဲ ဖြစ်လေသည်။

သူသည် ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ချည်နှောင်ခြင်း ခံထားရသော်လည်း သူသည် မသေသေးပေ။

လူတစ်ယောက်သည် မသေသေးသရွေ့၊ အသက်ရှုနေသရွေ့ မျှော်လင့်ချက် ရှိနေသေးသည်။

အောင်မြင်မှုသည် ပြင်ဆင်ထားသူများအတွက်သာ ဖြစ်ပေသည်။

*********

All Chapters