အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း။ ၁၆၉
ဆေးဘုရင်တောင်၏ မိသားစုအစုအဖွဲ့နှင့် ဂိုဏ်း၏တိုက်ရိုက်အမွေအနှစ်အစုအဖွဲ့ကြားရှိ ပဋိပက္ခမှာ လူတိုင်းအသိပင်။
လက်ရှိတွင် မိသားစုအစုအဖွဲ့က တန်ခိုးဩဇာ အလွန်ကြီးမားနေပြီး ပါရမီရှင်များစွာ ထွက်ပေါ်နေခဲ့သည်။
သန့်စင်သောယန်တာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပထမတန်းစားအဆင့် မူလဝိညာဉ်မျိုးစေ့ ဖြစ်သော လီချန်ရှန်း တင်မကဘဲ လီချန်ရှန်းထက် ပါရမီမနိမ့်လှသည့် မိုးကြိုးငါးပါးခန္ဓာကိုယ် ပိုင်ရှင် ဆွန်ကျင်လည်း ရှိနေသေးသည်။
၎င်းအပြင် အမျိုးမျိုးသော ပါရမီဗီဇများကို ပိုင်ဆိုင်ထားကြသည့် အခြားသော ပါရမီရှင်များလည်း ရှိနေကြသေးသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဂိုဏ်း၏တိုက်ရိုက်အမွေအနှစ်အစုအဖွဲ့မှာမူ တဖြည်းဖြည်းချင်း အားနည်းဆုတ်ယုတ်လာခဲ့ရသည်။
လူအင်အားကလည်း နည်းပါးသည်။
တာအိုခန္ဓာကိုယ်အဆင့်ရှိသော တပည့်များကို ထားလိုက်ပါက စိတ်ဝိညာဉ်ခန္ဓာကိုယ်အဆင့်ရှိသူပင်လျှင် ရှားမှရှားပင်။
ယခုတစ်ခေါက်တွင် ဆရာကြီးဟယ်လင် ကိုယ်တိုင် တောင်အောက်သို့ဆင်းကာ ကုယွမ်၊ နျူးယူသဲ၊ လီချန်ချင်းနှင့် ရှရှို့ရွှယ် ကဲ့သို့သော စိတ်ဝိညာဉ်ခန္ဓာကိုယ်ပါရမီရှိသူ အနည်းငယ်ကို အသည်းအသန် ရှာဖွေစုဆောင်းခဲ့ရခြင်းပင်။
သူတို့ထဲတွင် လီချန်ချင်းမှာ ပေါ်ပေါ်ထင်ထင်ပင် အသွင်ယူထားသော သူလျှိုတစ်ဦး ဖြစ်သည်။
ကုယွမ်မှာမူ သူတို့အားလုံးထဲတွင် အထူးချွန်ဆုံး ဖြစ်နေခဲ့သည်။
သူသည် စိတ်ဝိညာဉ်ခန္ဓာကိုယ်ပါရမီ နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားပြီး ဆရာကြီးဟယ်လင်၏ တိုက်ရိုက်တပည့်အဖြစ် သတ်မှတ်ခြင်း ခံထားရသဖြင့် ဂိုဏ်းအစုအဖွဲ့ဘက်မှ သူ့အား အနာဂတ်၏ အဓိကမဏ္ဍိုင်ကြီးအဖြစ် အထူးတလည် တာဝန်ပေးအပ်ကာ မြေတောင်မြှောက်ပေးနေကြောင်း ထင်ရှားသည်။
ယခုအခါ လူအများ၏ ရှေ့မှောက်တွင် လျူရှင်းကျွင်းက ကုယွမ်အား စိန်ခေါ်လိုက်ခြင်းမှာ ရိုးရိုးတန်းတန်း လေ့ကျင့်ပြိုင်ဆိုင်ရန် သက်သက်မဟုတ်ကြောင်း သိသာလှသည်။
မိသားစုအစုအဖွဲ့နှင့် ဂိုဏ်းအစုအဖွဲ့ကြားရှိ ပဋိပက္ခမှာ အဆုံးစွန်အထိ ပေါက်ကွဲထွက်မည့် အခြေအနေသို့ မရောက်သေးသော်လည်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပရိယာယ်ဆင်ကာ အပြင်းအထန် အားပြိုင်နေကြသည့် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ကုယွမ်တွင် ပါရမီကောင်းများ ရှိနေသော်လည်း ကျင့်ကြံချိန်မှာ တိုတောင်းလှသေးပြီး သူသည် ယခုအချိန်အထိ မွေးရာပါကိုယ်ခံပညာဆရာသခင်အဆင့်မျှသာ ရှိသေးသည်။ သိုင်းလောကတွင်မူ ဤအဆင့်က အလွန်အံ့ဩစရာကောင်းသော်လည်း ဆေးဘုရင်တောင်၏ တပည့်များ၏ မျက်ဝန်းတွင်မူ သာမန်မျှသာ ဖြစ်သည်။
လျူရှင်းကျွင်း၏ စိန်ခေါ်မှုမှာ သေချာပေါက် ကုယွမ်ကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက် ရှိနေခဲ့သည်။
အကယ်၍ ကုယွမ်က သဘောတူလိုက်ပါက သူသည် လျူရှင်းကျွင်း၏ ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ဘဲ အရှုံးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ပြီး အရှက်တကွဲ ဖြစ်သွားနိုင်သည့် အခြေအနေမျိုးလည်း ရှိနေသည်။
အကယ်၍ သူက ငြင်းပယ်လိုက်ပါကလည်း သူရဲဘောကြောင်သူအဖြစ် အထင်ခံရမည်ဖြစ်ပြီး ဤသတင်း ပျံ့နှံ့သွားပါက လှောင်ပြောင်ခြင်း ခံရမည်ဖြစ်ကာ ဆရာကြီးဟယ်လင်၏ မျက်နှာကိုပါ ပျက်စီးစေမည်ပင်။
"အစ်ကိုကု..."
ရှရှို့ရွှယ်က စိုးရိမ်စွာဖြင့် စကားစရန် ပြင်လိုက်သည်။
သူမသည် ဆေးဘုရင်တောင်၏ အတွင်းရေးကိစ္စများကို ကုယွမ်ထက် သိရှိထားသဖြင့် ဤပြဿနာ၏ ကြီးလေးမှုကို ကောင်းစွာ သဘောပေါက်ထားသည်။
ဆရာကြီးဟယ်လင်သည် ကုယွမ်ကို သူ၏မျက်လုံးထက်ပင် ပိုမိုတန်ဖိုးထားသည်။
အကယ်၍ ကုယွမ်က စိန်ခေါ်မှုကို လက်ခံလိုက်ပြီး မျက်နှာပျက်ရရုံတင်မကဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိသွားလျှင် သို့မဟုတ် ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ပျက်စီးသွားလျှင်မူ ပြဿနာက အလွန်ကြီးမားသွားပေလိမ့်မည်။
လီချန်ချင်းကမူ လက်ပိုက်လျက် နှာခေါင်းရှုံ့ပြုံးရင်း ဤမြင်ကွင်းကို ကြည့်နေခဲ့သည်။
သူသည် ပွဲကောင်းတစ်ပွဲကို စောင့်ကြည့်နေသည့်အလား ရှိနေခဲ့သည်။
ဆံပင်ဖြူအဖိုးအိုအစေခံကြီးမှာမူ သူ၏နောက်ကွယ် မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့သည်။
လူတိုင်းက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိကြသဖြင့် လီချန်ချင်း၏ ဤကဲ့သို့သော တုံ့ပြန်မှုမှာ အံ့ဩစရာ မဟုတ်ချေ။
"ဂိုဏ်းတူဂျုနီယာညီလေးကုယွမ်... ဒီ လျူရှင်းကျွင်းကတော့ မိသားစုထဲမှာ အတော်လေး လက်ရွေးစင်ပဲ။ သူကျင့်နေတာက ခုနစ်ချက်သတ် သားရဲဖြူဓားသိုင်းတဲ့။ ဒီဓားသိုင်းက ရှေးခေတ်ပုဂ္ဂိုလ်ကြီးတွေရဲ့ အနောက်ဘက်သားရဲဖြူကျမ်းစာနဲ့ ဆက်စပ်နေတယ်လို့တောင် ပြောကြတယ်။ နောက်တော့ အဲဒီကျမ်းစာကို အခြေခံပြီး မူလဝိညာဉ်အဆင့်ပုဂ္ဂိုလ်ကြီးတစ်ဦးက ပြန်လည်မွမ်းမံထားတာပေါ့။
အဆင့်အတန်းကတော့ ကောင်းကင်ဘုံအဆင့်ထိ မရောက်သေးပေမဲ့ မြေကမ္ဘာအဆင့်မှာတော့ အမြင့်ဆုံးပဲ။ ပြီးတော့ လျူရှင်းကျွင်းရဲ့ ကန်းသတ္တုဝိညာဉ်ခန္ဓာကိုယ်နဲ့ဆိုရင်လည်း အစွမ်းကုန် လိုက်ဖက်နေတော့တာပဲ"
ထိုအချိန်တွင် စိုးရိမ်ပူပန်နေသော ရှာလော့ရှန်း၏ အသံမှာ ကုယွမ်၏ စိတ်အသိထဲတွင် တိုးဝင်လာခဲ့သည်။
"သူက ဂိုဏ်းထဲမှာ စစ်မှန်တဲ့တပည့်နေရာကို ရဖို့ အရည်အချင်းရှိရုံတင်မကဘူး၊ တိုက်ရိုက်အမွေအနှစ်ပြိုင်ပွဲမှာလည်း လူပြောများနေတဲ့သူပဲ။ ဂျုနီယာညီလေး... မင်းက ကောင်းကင်ဘုံလူသားနယ်ပယ်ကို မရောက်သေးတော့ သူခင်းထားတဲ့ ထောင်ချောက်ထဲ မကျမိအောင် သတိထားဦး။
ယာယီ အနိုင်အရှုံး ဒါမှမဟုတ် ဂုဏ်သိက္ခာဆိုတာက ဘာမှမဟုတ်ပါဘူး။ မင်းရဲ့ ပါရမီက တကယ့်ကို ထူးခြားတာ၊ နောင်တစ်ချိန်မှာ သူ့ကို ကျော်တက်နိုင်မှာ သေချာပါတယ်"
"သတိပေးပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုရှာ... ဒါပေမဲ့ ကျွန်တော်က အရင်က ကုယွမ် မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျွန်တော် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ထားတာပါ"
ကုယွမ်က ရှာလော့ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ ပြန်ဖြေလိုက်သည်။
ရှာလော့ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ရသည်။
ကုယွမ်က ယခုအခါတွင် အလွန်တရာ မာနထောင်လွှားနေသည်ဟု သူ ခံစားလိုက်ရခြင်းကြောင့်ပင်။
"လျူရှင်းကျွင်းကတော့ တကယ့်ကို ထူးချွန်တဲ့သူပဲ။ ကိုယ့်ပါရမီနဲ့ လိုက်ဖက်တဲ့ တာအိုနတ်
ဘုရားကျင့်စဉ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်သူပဲ။ ဆေးဘုရင်တောင်မှာတောင် သူနေလာတာ နှစ်သုံးဆယ်နီးပါး ရှိနေပြီ။ ငါတောင် သူ့ကို ကျော်ဖြတ်နိုင်မယ်လို့ မထင်ဘူး။
ဒါပေမဲ့ ကုယွမ်ကကော ဆေးဘုရင်တောင်ကို ရောက်တာမှ ခဏလေးပဲ ရှိသေးတယ်။
ဂိုဏ်းရဲ့ ဘိုးဘေးတွေကိုတောင် ဦးညွှတ်ပြီး အရိုအသေမပေးရသေးတဲ့သူ။ အနှစ်သာရအရဆိုရင် သူက ပါရမီရှိတဲ့ မွေးရာပါ ကိုယ်ခံပညာရှင်လောက်ပဲ ရှိသေးတာ စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက်တောင် မဖြစ်သေးဘူး။
ပါရမီ ဘယ်လောက်ပဲ ထူးချွန်ပါစေ အစစ်အမှန် စွမ်းအားကြီးမားတဲ့သူရဲ့ ရှေ့မှာတော့ ဦးညွှတ်ရမှာပဲလေ။ ကုယွမ်ကတော့ သူ့ရဲ့ ထူးခြားတဲ့ ပါရမီတွေကို အားကိုးပြီး မာနတွေ တက်နေတာပဲ"
ထိုသို့ ရှာလော့ရှန်းက တွေးတောမိလိုက်သည်။
လူအများ၏ အမျိုးမျိုးသော အကြည့်များကို ရင်ဆိုင်ရင်း ကုယွမ်က ပြုံးလိုက်ပြီး "အစ်ကိုလျူက ဖိတ်ခေါ်မှတော့... ဂျုနီယာညီလေးဖြစ်သူက ဘယ်လိုလုပ်ပြီး ငြင်းပယ်ရဲပါ့မလဲ" ဟု ပြောလိုက်သည်။
လျူရှင်းကျွင်းက အနည်းငယ် မှင်သက်သွားခဲ့ပြီးနောက် ပြုံးလျက် "ကောင်းပြီလေ" ဟု ပြောလိုက်သည်။
"ဂျုနီယာညီလေးကုယွမ်က ငါ့ရဲ့ဖိတ်ခေါ်မှုကို လက်ခံပေးတဲ့အတွက်... စီနီယာတစ်ယောက်အနေနဲ့ ငါကလည်း အနိုင်မကျင့်ပါဘူး"
လျူရှင်းကျွင်းက ဝတ်ကျေတန်းကျေ ပြုံးလိုက်ရင်း သူ၏ခန္ဓာကိုယ်အတွင်းမှ အတွင်းစွမ်းအားများကို ထုတ်ဖော်လိုက်ရာ ၎င်းက ရက်စက်ပြီး ပြင်းထန်လှသော ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
"ဒါဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအား ဆယ်ပုံတစ်ပုံကိုပဲ သုံးပြီး အတွင်းစွမ်းအားဓားတစ်လက် နဲ့ပဲ ဂျုနီယာညီလေးနဲ့ ပြိုင်ပါ့မယ်"
"ကျင့်ကြံခြင်းစွမ်းအား ဆယ်ပုံတစ်ပုံ... တစ်ပုံတည်းနဲ့လား..."
ကုယွမ်က စိတ်ထဲကနေ တိတ်တဆိတ် ရယ်မောလိုက်မိသည်။
လျူရှင်းကျွင်းက သူ၏မျက်နှာကို ထိန်းသိမ်းချင်နေသေးကြောင်း သိသာသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ့ကို အနိုင်ကျင့်ပါက နာမည်ပျက်နိုင်ခြင်းကြောင့်ပင်။
သို့သော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအား ဆယ်ပုံတစ်ပုံဆိုသည်မှာပင်လျှင် အမှန်စင်စစ် အနိုင်ကျင့်နေခြင်းသာ ဖြစ်သည်။
ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီးသည်နှင့် မွေးရာပါကိုယ်ခံပညာဆရာသခင်အဆင့်
နှင့် ကွာခြားချက်မှာ ကျင့်ကြံခြင်းစွမ်းအားတင်မကဘဲ နတ်ဘုရားကျင့်စဉ်များ၊ တိုက်ပွဲအတွေ့အကြုံများနှင့် တုံ့ပြန်မှုအရှိန်အဝါတို့တွင်ပါ ကွာခြားသွားခြင်းပင်။
ထို့အပြင် လျူရှင်းကျွင်းမှာ သာမန် ကောင်းကင်ဘုံလူသားတစ်ဦး မဟုတ်ဘဲ ထိုနယ်ပယ်အတွင်း၌ အတော်လေး ခရီးပေါက်နေသူ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအား ဆယ်ပုံတစ်ပုံဆိုလျှင်ပင် သာမန်ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ရန် လုံလောက်သည်။
"ကျင့်ကြံခြင်းစွမ်းအား ဆယ်ပုံတစ်ပုံပဲ သုံးဖို့ မလိုပါဘူး..."
ကုယွမ်က သူ၏လက်ညှိုးကို ဖျတ်ခနဲ ဝှေ့ယမ်းလိုက်ရာ စူးရှလှသော ဓားစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုဓားအလင်းတန်းကို ချွမ်ခနဲ အသံနှင့်အတူ ရိုက်ခွဲဖျက်ဆီးပစ်လိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း၏ အံ့ဩမှင်သက်နေသော အကြည့်များအောက်တွင် ကုယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်လည်း ကောင်းကင်ဘုံလူသားနယ်ပယ်ကို အောင်မြင်ထားပြီးပြီမို့လို့... စီနီယာအစ်ကိုအနေနဲ့ စွမ်းအားတွေကို ထိန်းချန်ထားဖို့ မလိုပါဘူး။ ကျွန်တော်တို့ ပြိုင်ဆိုင်ကြတဲ့အခါမှာ အပြန်အလှန် အစွမ်းကုန် ထုတ်ဖော်ကြတာက ပိုပြီး သဘာဝကျပါတယ်"
ကောင်းကင်ဘုံလူသားနယ်ပယ် ဟုတ်လား။
မလှမ်းမကမ်းမှ စောင့်ကြည့်နေသော လီချန်ချင်း၏ မေးရိုးများမှာ ဆတ်ခနဲ တုန်လှုပ်သွားခဲ့ရပြီး သူ၏ မျက်နှာထက်ရှိ အပြုံးများမှာလည်း ချက်ချင်းပင် အေးခဲသွားခဲ့ရတော့သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကောင်က ဘယ်တုန်းက တာအိုအခြေခံအုတ်မြစ်ကို တည်ဆောက်ပြီး ကောင်းကင်ဘုံလူသားနယ်ပယ်ကို ရောက်သွားတာလဲ"
တာအိုအခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်း ဆိုသည်မှာ တစ်ရက်တည်းနှင့် အောင်မြင်နိုင်သောအရာ မဟုတ်ဘဲ များသောအားဖြင့် ဖြည်းဖြည်းချင်း စုဆောင်းသန့်စင်ရခြင်းပင်။
ဤလုပ်ငန်းစဉ်မှာ စနစ်တကျ လျှောက်လှမ်းရခြင်း ဖြစ်ပြီး အလျင်စလို လုပ်ဆောင်၍မရနိုင်ကြောင်း ကျင့်ကြံခြင်းလောကတွင် လူတိုင်း လက်ခံထားကြသည်။
တာအိုအခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးစီးသွားခဲ့လျှင်ပင် နတ်ဘုရားကျင့်စဉ်များကို ကျင့်ကြံတတ်မြောက်ရန်အတွက် အချိန်နှင့် ကြိုးပမ်းမှုများစွာ လိုအပ်ပေသေးသည်။
သို့သော်လည်း ယခု ကုယွမ် ထုတ်ဖော်လိုက်သော ဓားစွမ်းအားမှာ ထင်ရှားစွာပင် နတ်ဘုရားကျင့်စဉ်တစ်ခု ဖြစ်နေခဲ့သည်။
"ဒါပေမဲ့ ငါသိထားတာက လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကမှ ကုယွမ်ဆိုတာ သွေးလဲလှယ်ခြင်းအဆင့်ရှိတဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ပဲ ရှိသေးတာ။
ဒီလောက် တိုတောင်းတဲ့ အချိန်တိုလေးအတွင်းမှာ ကုယွမ်က ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံလူသားနယ်ပယ်ကို ဖြတ်ကျော်နိုင်ခဲ့တာလဲ။ ပြီးတော့... နတ်ဘုရားကျင့်စဉ်ကိုပါ ဘယ်လိုလုပ်ပြီး တတ်မြောက်သွားတာတုန်း…."
ဤအရာက လီချန်ချင်းကို အလွန်တရာ အံ့ဩတုန်လှုပ်သွားစေခဲ့ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ မဖြတ်ကျော်နိုင်သေးခြင်းကြောင့်ပင်။
သို့သော် သူ၏ အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ထားသော ကုယွမ်မှာမူ သူ့ထက်ဦးစွာ ဖြတ်ကျော်တက်လှမ်းသွားခဲ့သည်။
ရှရှို့ရွှယ်သည်လည်း ထိုနည်းတူပင် အံ့ဩမှင်သက်နေခဲ့သည်။
သူမသည် ဤဝဲပျံနဂါးလှေထက်တွင် ကုယွမ်ကို အသိဆုံးလူတစ်ဦး ဖြစ်သည်ဟု ပြောနိုင်သည်။ သူမ ကုယွမ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူသည် အခြေခံကိုယ်ခံပညာဆရာသခင်
ငယ်မျှသာ ရှိသေးပြီး ၎င်းက လွန်ခဲ့သော လဝက်ခန့်ကမျှသာ ဖြစ်သည်။
သို့သော် ယခုအခါ လဝက်ခန့်အတွင်းမှာပင် သူသည် မွေးရာပါကိုယ်ခံပညာဆရာသခင်အဆင့်မှနေ၍ ကောင်းကင်ဘုံလူသားနယ်ပယ်သို့ တက်လှမ်းအောင်မြင်သွားခဲ့ခြင်းက သူမ၏ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံကို လုံးဝ ဥဿုံ ပြောင်းလဲစေခဲ့သည်။
"လူတိုင်းကတော့ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ဖြည်းဖြည်းချင်းမှ တိုးတက်လာရတာလို့ ပြောကြတာပဲ။
ဒါပေမဲ့ ကုယွမ်ရဲ့ ခရီးလမ်းကတော့ တစ်မျိုးပါလား။ သူက လတိုင်း လတိုင်းမှာ နယ်ပယ်အသစ်တစ်ခုကို တက်လှမ်းနေတာ မဟုတ်ဘူးလား"
အခန်း။ ၁၇၀
နျူးယူသဲကမူ ရိုးအလှသဖြင့် ကျင့်ကြံခြင်းလောက၏ နက်နဲရှုပ်ထွေးမှုများကို သိပ်မသိပေ။ ထို့ကြောင့်လည်း ဤကိစ္စကို များများစားစား တွေးမနေခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ရှာလော့ရှန်းမှာမူ တိတ်ဆိတ်သွားခဲ့ရသည်။
သူ၏ ဂိုဏ်းတူဂျုနီယာညီလေးအသစ်က ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မည်ဟု သူ တကယ်ကို ထင်မထားခဲ့ပေ။
မည်သူမျှ မသိလိုက်ဘဲနှင့် သူသည် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ချောချောမောမော တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ရာ ရှာလော့ရှန်းကိုယ်တိုင်ပင်လျှင် ၎င်းကို အာရုံခံမိခြင်း မရှိခဲ့ချေ။
ဤအချက်က သူ့အား ကုယွမ်အပေါ် ပိုမိုအထင်ကြီး လေးစားသွားစေခဲ့သည်။
သို့သော်ငြားလည်း ရှာလော့ရှန်းသည် ကုယွမ်အနေဖြင့် လျူရှင်းကျွင်းကို အနိုင်ယူနိုင်လိမ့်မည်ဟု မထင်သေးပေ။
လျူရှင်းကျွင်းသည် ကောင်းကင်ဘုံလူသားနယ်ပယ်တွင် ကျင့်ကြံလာခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိနေပြီဖြစ်ပြီး ယခုအခါ ထိုနယ်ပယ်၏ အောင်မြင်မှုအကြီးစားအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သူသာ နောက်ထပ်တစ်လှမ်း တိုးလှမ်းနိုင်ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါက၊ ရတနာသုံးပါးကို စုစည်းကာ တစ်လုံးတစ်ဝတည်းအဖြစ် သွန်းလုပ်ပြီး ရွှေအမြုတေကို စတင်ဖွဲ့စည်းရန် ကြိုးပမ်းနိုင်တော့မည်ပင်။
အခြားတစ်ဖက်တွင်မူ ကုယွမ်သည် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ မကြာသေးမီကမှ မတော်တဆ ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုအသေးစားအဆင့်သို့ရောက်ရန်ပင် အလှမ်းဝေးနေသေးရာ ကျင့်ကြံခြင်းအဆင့်အတန်း ကွာခြားချက်မှာ အလွယ်တကူနှင့် ဖြည့်ဆည်းနိုင်သောအရာ မဟုတ်ပေ။
...
"ကောင်းကင်ဘုံလူသားနယ်ပယ်ရဲ့ နတ်ဘုရားကျင့်စဉ်လား... ကောင်းတယ် ဂျုနီယာညီလေးကုယွမ်က ငါ့ကို တကယ်ပဲ စိတ်မပျက်စေရဘူး"
ကုယွမ်၏ ဓားစွမ်းအားက သူ သွန်းလုပ်ထားသော အတွင်းစွမ်းအားဓားကို ချက်ချင်းပင် ရိုက်
ခွဲ၍ ဖျက်ဆီးပစ်လိုက်သည်ကို မြင်သောအခါ လျူရှင်းကျွင်းက ဒေါသထွက်မသွားဘဲ သဘောကျကာ အကျယ်ကြီး ရယ်မောလိုက်သည်။
"ဒါဆိုရင်လည်း ဂျုနီယာညီလေးကုယွမ်... ငါ့ရဲ့ ဓားချက်ကို ခံယူပေတော့"
သူက စတင်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ကုယွမ်က လက်မြှောက်ကာ တားဆီးလိုက်သည်။
"ခဏ စောင့်ပါဦး..."
လျူရှင်းကျွင်း၏ အပြုံးက မပျက်သွားသော်လည်း သူ၏ အကြည့်များက စူးရှသွားခဲ့သည်။
"ဘာလဲ... ဂျုနီယာညီလေးကုယွမ်က ကတိဖျက်ဖို့ စဉ်းစားနေတာလား"
"ကတိဖျက်တာ မဟုတ်ပါဘူး"
ကုယွမ်က အသာအယာ ပြုံးလိုက်ရင်း "ကျွန်တော်တို့တွေက ရိုးရိုးတန်းတန်းပဲ လေ့ကျင့်ပြိုင်ဆိုင်ကြမှာဆိုတော့... တကယ့်ကို ပျင်းစရာကောင်းလွန်းပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းသွားအောင် လောင်းကြေးလေးတစ်ခုလောက် ထည့်လိုက်ရင် မကောင်းဘူးလား" ဟု ပြောလိုက်သည်။
"လောင်းကြေး ဟုတ်လား"
လျူရှင်းကျွင်းက အနည်းငယ် အံ့ဩသွားပြီး "ဂျုနီယာညီလေးကုယွမ် ဆိုလိုတာက..."
ကုယွမ်က တိုက်ရိုက်ပင် အဆိုပြုလိုက်သည်။
"ကျွန်တော်တို့နှစ်ယောက် ပြိုင်ဆိုင်တဲ့အခါမှာ... တစ်ယောက်ချင်းစီက စိတ်ဓာတ်တက်ကြွစေဖို့အတွက် တစ်ခုခုကို လောင်းကြေးအဖြစ် ထုတ်ရမယ်။ အနိုင်ရတဲ့သူက တစ်ဖက်လူရဲ့ ပစ္စည်းကို ယူကြေးပေါ့"
"ဂျုနီယာညီလေးက စိတ်ဝင်စားတယ်ဆိုမှတော့... ငါကလည်း သဘာဝကျကျ ငြင်းစရာမရှိပါဘူး"
လျူရှင်းကျွင်းက အလွယ်တကူပင် သဘောတူလိုက်သည်။
သူသည်လည်း ကောင်းကင်ဘုံလူသားနယ်ပယ်သို့ မကြာသေးမီကမှ ဖြတ်ကျော်ထားသော ကျင့်ကြံသူအသစ်တစ်ဦးကို ရှုံးနိမ့်လိမ့်မည်ဟု မယုံကြည်ချေ။
သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ ပုလင်းဆို့ကို ဖွင့်လိုက်ရာ တစ်ကိုယ်လုံးကို မူးယစ်စေနိုင်သော ဆေးရနံ့တစ်ခုက ချိုင့်ဝှမ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။
ထိုဆေးရနံ့ကို ရရှိလိုက်သူတိုင်းသည် စိတ်နှလုံး လုံးဝ လန်းဆန်းပေါ့ပါးသွားကြပြီး ခန္ဓာကိုယ်အတွင်းရှိ အတွင်းစွမ်းအားများ လည်ပတ်မှုမှာပင် လျင်မြန်သွားခဲ့ရသည်။
"ဟင်... ဒီဆေးရနံ့က တော်တော်လေး ရှုပ်ထွေးနေတာပဲ။ တစ်ချက်ကြည့်ရင် ကျောက်စိမ်းအနှစ်သာရဆေးလုံးလိုလို၊ နောက်တစ်ချက်ကျတော့လည်း သွေးဝိညာဉ်ဆေးလုံးနဲ့ ဆင်နေပြန်ရော။ ပြီးတော့... ရိုးတွင်းခြင်ဆီဖြည့်ဆေးလုံးရဲ့ အနံ့ပါ ရောနေသေးတာပဲ ဒါ ဘာဆေးလုံးတွေ ဖြစ်မလဲ"
ဆေးဖော်စပ်ခြင်းအတတ်ပညာတွင် ကျွမ်းကျင်သော သက်ကြီးပိုင်းအရွယ် မန်နေဂျာကြီးတစ်ဦးက နှာခေါင်းကို ရှုံ့လျက် ဆေးလုံး၏ ရနံ့များကို စူးစမ်းနေခဲ့သည်။ သို့သော် ခဏမျှ အနံ့ခံကြည့်ပြီးနောက် သူ ဆတ်ခနဲ တုန်လှုပ်သွားခဲ့ရသည်။
"မဟုတ်သေးဘူး... ဒါက ဘာဖြစ်လို့ နေလကျောက်စိမ်းပြားဆေးလုံးရဲ့ ရနံ့မျိုး ဖြစ်နေရတာလဲ။ ဒါက ယင်ဝိညာဉ်အဆင့်ရှိတဲ့ ဘိုးဘေးတွေပဲ သုံးစွဲပိုင်ခွင့်ရှိတဲ့ အဆင့်မြင့် ဝိညာဉ်ဆေးလုံး မဟုတ်လား။ ယင်ဝိညာဉ်ကို ယန်အသွင် ပြောင်းလဲပေးနိုင်တဲ့အရာပဲ"
သူသည် အလွန်အမင်း အံ့ဩတုန်လှုပ်သွားပုံရပြီး မယုံကြည်နိုင်လောက်အောင်ပင် မေးလိုက်သည်။
"ညီနောင်လျူ... ဒါက ဘယ်လိုဆေးလုံးမို့လို့ ဒီလောက်တောင် အာနိသင်တွေ ရှုပ်ထွေးနေရတာလဲ။ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
ထိုမန်နေဂျာကြီး၏ ရှေ့မှောက်တွင် လျူရှင်းကျွင်းကလည်း မရိုမသေ မလုပ်ရဲဘဲ လက်သီးစုဆည်းကာ အရိုအသေပေးလိုက်သည်။
"စီနီယာရဲ့ မေးခွန်းကို ဖြေရရင်... ဒါက ဝိညာဉ်ဆေးလုံး တစ်လုံး မဟုတ်ပါဘူး"
"ဝိညာဉ်ဆေးလုံး မဟုတ်ဘူး ဟုတ်လား"
၎င်းကို ကြားရသောအခါ မန်နေဂျာကြီးမှာ မှင်သက်သွားပြီး "ဒါဆိုရင် အဲဒါက ဘာလဲ" ဟု ရေရွတ်လိုက်မိသည်။
"နေပါဦး... ဒါမှမဟုတ် အဲဒါက..."
မန်နေဂျာကြီးသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရပြီး သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရသည်။
သို့သော် သူ၏ နှုတ်ဖျားမှ စကားလုံးများမှာ ဆက်မထွက်လာခဲ့သဖြင့် ဘေးမှ စုစုရုံးရုံးနှင့် စုပြုံကြည့်နေကြသော စူးစမ်းလိုစိတ်ပြင်းပြသူအချို့မှာ သူ တမင်တကာ အချိန်ဆွဲနေသည်ဟု ထင်ကာ သူ၏ပါးစပ်ကို အတင်းဖြဲ၍ မေးပစ်ချင်စိတ်များပင် ပေါက်လာခဲ့ကြရသည်။
လူအများအပြား၏ အကြည့်များက ထိုနေရာသို့ ရောက်ရှိသွားခဲ့ကြပြီး အံ့အားသင့်သွားခဲ့ကြသည်။
လျူရှင်းကျွင်း၏ အတွင်းစွမ်းအားများက ပါးလွှာသော ခြုံစောင်တစ်ခုအလား ကျောက်စိမ်းပုလင်းအတွင်းမှ အရာဝတ္ထုကို ဆွဲထုတ်လိုက်ရာ တောက်ပလှသော အရောင်ခုနစ်မျိုး ဖြာထွက်နေသည့် သန့်စင်သော မူလချီစွမ်းအင်အစုအဝေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော် ဤမူလချီစွမ်းအင်ထုမှာ အလွန်ပင် ဆန်းကြယ်ထူးဆန်းလှပြီး ၎င်းက မိမိဘာသာ လှည့်ပတ်တွန့်လိမ်လျက် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။
တစ်ခါတစ်ရံတွင် မင်္ဂလာရှိသော တိမ်တိုက်များအသွင်၊ တစ်ခါတစ်ရံတွင် သားရဲငယ်လေးများအသွင်၊ တစ်ခါတစ်ရံတွင် မှိုပွင့်ကြီးများအသွင်နှင့် တစ်ခါတစ်ရံတွင် နေနှင့်လ အသွင်များသို့ ပြောင်းလဲနေခဲ့သည်။
သို့သော် မည်သို့ပင် ပြောင်းလဲပါစေ ၎င်းသည် လျူရှင်းကျွင်း၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။
ထိုနောက် လျူရှင်းကျွင်း၏ အသံသာ ထွက်ပေါ်လာခဲ့သည်။
"ဟုတ်ပါတယ်... ဒါကတော့ ဆေးဝိညာဉ်လို့ ခေါ်တဲ့ အရာပါပဲ"
"သူက ဝိညာဉ်ဆေးလုံးပေါင်း မြောက်မြားစွာထဲက ဖန်ဆင်းခြင်းချီစွမ်းအင်အပိုင်းအစလေးတစ်ခုကနေ မွေးဖွားလာတာပါ။ နာမ်ဝိညာဉ်နဲ့ ရုပ်ဝတ္ထုကြားက အခြေအနေမျိုးနဲ့ တည်ရှိနေပြီးတော့ ဆေးလုံးတွေရဲ့ အနှစ်သာရကို စုပ်ယူပြီး ကြီးထွားနိုင်တယ်။ ပြီးတော့... ဘယ်ဆေးလုံးက အစစ်၊ ဘယ်ဆေးလုံးက အတုဆိုတာကိုလည်း သူက အလွယ်တကူ ခွဲခြားပေးနိုင်တာပေါ့"
"ဆေးဖော်စပ်တဲ့ မဟာဆရာသခင်ကြီးတွေဆိုရင် ဒီလိုမျိုး ဆေးဝိညာဉ်ရဖို့အတွက် အရူးအမူး ကြိုးပမ်းကြလေ့ရှိကြတယ်။ ဘာလို့လဲဆိုတော့ သူက ဆေးဖက်ဝင်အာနိသင်တွေကို သူ့သဘာဝအတိုင်း စစ်ထုတ်ပေးနိုင်သလို ဆေးဖိုရဲ့ မီးအားကိုလည်း တည်ငြိမ်စေတဲ့အတွက် ဆေးဖော်
စပ်တဲ့ နေရာမှာ အရမ်းတန်ဖိုးရှိလို့လေ"
ထိုသို့ ပြောကြားရင်း လျူရှင်းကျွင်းက ဆေးဝိညာဉ်ကို ကျောက်စိမ်းပုလင်းအတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ပြီး ကုယွမ်ကို ပြုံးလျက် ကြည့်လိုက်သည်။
"ဂျုနီယာညီလေးကုယွမ်... ငါကတော့ ဒီအရာကိုပဲ ဒီတိုက်ပွဲရဲ့ လောင်းကြေးအဖြစ် အသုံးပြုမယ်။ ဂျုနီယာညီလေးကကော ဘာကို လောင်းကြေးအဖြစ် ထုတ်ဖို့ ရည်ရွယ်ထားလဲ"
ဆေးဝိညာဉ်...
ကုယွမ်က တစ်ဖက်လူ၏ လက်ထဲရှိ ကျောက်စိမ်းပုလင်းကို စူးစိုက်ကြည့်လိုက်မိပြီး သူ၏စိတ်ထဲတွင် ပိုမို၍ တွေးတောမှန်းဆချက်များနှင့် မျှော်လင့်ချက်များ ပြည့်နှက်သွားခဲ့သည်။
ထို့နောက် သူသည် သစ်ခြောက်တာအိုဆရာကြီးထံမှ ရရှိခဲ့သော သစ်သားအနှစ်သာရကို ထုတ်ယူလိုက်သည်။
"ဒါကတော့ ယင်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကိုယ်တိုင် သန့်စင်ပေးထားတဲ့ သစ်သားအနှစ်သာရအပိုင်းအစလေးပဲ။ သူ့တန်ဖိုးကတော့ ပြောစရာမလိုအောင် မြင့်မားမှာ အသေအချာပါပဲ။ တချို့ဆိုရင် စီနီယာအစ်ကိုရဲ့ ဆေးဝိညာဉ်ထက်တောင် ပိုတန်ဖိုးကြီးနိုင်တယ်လို့တောင် ပြောကြတယ်။ စီနီယာအစ်ကိုကရော ဘယ်လိုထင်လဲ"
လျူရှင်းကျွင်း၏ အကြည့်များက စုစည်းသွားခဲ့ပြီး ကုယွမ်၏ လက်ထဲရှိ သစ်သားအနှစ်သာရကို အကဲခတ်သည့် အကြည့်များဖြင့် အကြိမ်ကြိမ် ကြည့်ရှုလိုက်ပြီးနောက် ခေါင်းညိတ်လိုက်
သည်။
"ဒီအရာရဲ့ အရည်အသွေးက တကယ့်ကို ကောင်းမွန်တာမို့လို့... လောင်းကြေးအဖြစ် သုံးဖို့ သေချာပေါက် လက်ခံနိုင်ပါတယ်"
လောင်းကြေးကို အတည်ပြုပြီးသွားခဲ့သည့်နောက် ဘေးမှ စောင့်ကြည့်နေကြသူများလည်း စိတ်လှုပ်ရှားတက်ကြွလာခဲ့ကြပြီး ပွဲကောင်းကို ကြည့်ချင်စိတ်များမှာ တောက်လောင်နေသော မီးလျှံတစ်ခုအလား အရှိန်အဟုန် မြင့်မားလာခဲ့ကြတော့သည်။
"ဂျုနီယာညီလေးကုယွမ်... ငါ့ရဲ့ ခုနစ်ချက်သတ် သားရဲဖြူဓားသိုင်းက တကယ့်ကို ရက်စက်ပြီးပြင်းထန်လွန်းတယ် သတိထားပေတော့"
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လျူရှင်းကျွင်း၏ ဦးခေါင်းနောက်ကွယ်တွင် မီးခိုးလုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်ဓားတစ်လက် ပျံသန်းထွက်ပေါ်လာခဲ့သည်။
၎င်း၏ ဓားအလင်းတန်းမှာ ရက်စက်ပြီး အနှိုင်းမဲ့လှကာ ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါများကို ထုတ်လွှတ်လျက် ကုယွမ်ထံသို့ ဒေါသတကြီး ခုတ်ပိုင်းချလိုက်တော့သည်။
ကုယွမ်၏ အမြင်အာရုံဖြင့်ဆိုလျှင် ဤကြောက်မက်ဖွယ် အဖြူရောင်ဓားမှာ မည်သို့မျှ လွဲချော်နိုင်ခြင်းမရှိဘဲ ရိုးတွင်းခြင်ဆီဓားတစ်လက်ပင်။
၎င်းကို အချို့သော မိစ္ဆာရိုင်းများ၏ ကျောရိုးဆစ်များနှင့် အခြားသော ဝိညာဉ်သံထည်များ၊ ထူးခြားဆန်းပြားသော ရွှေထည်များကို ပေါင်းစပ်ကာ ရတနာတစ်ပါးအဖြစ် ပူဇော်သွန်းလုပ်ထားခြင်း ဖြစ်နိုင်သည်။
၎င်းသည် သတ်ဖြတ်ခြင်းအတွက် သီးသန့်ဓားတစ်လက်ဖြစ်ပြီး၊ အဆင့်မြင့်မန္တန်လက်နက်အဆင့်ရှိကာ ၎င်းအတွင်း၌ တားမြစ်ချက် ပေါင်းလေးဆယ်မှ ငါးဆယ်ခန့်အထိ ကိန်းဝပ်နေပုံပင်။
အရိုးများဖြင့် သွန်းလုပ်ထားသော မန္တန်လက်နက်များကိုမူ ကုယွမ် ယခင်က မြင်ဖူးခဲ့သည်။ ဥပမာအားဖြင့် မိစ္ဆာအိုကြီး ရွှမ်းယိုက လူသားများကို အသုံးပြု၍ ဓားသန့်စင်ခြင်းကို လေ့ကျင့်စဉ်က သူ ပူဇော်ခဲ့သော အဖြူရောင်အရိုး ယင်သတ်ဓားမှာ ကြယ်သုံးပွင့် ဆိုးဝါးသောကံကြမ္မာပိုင်ရှင် ချန်ယွင်ဖုန်းကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ သန့်စင်ထားခြင်းပင်။
ထိုစဉ်က မိစ္ဆာအိုကြီး ရွှမ်းယိုက သူသည် နောက်ဆုံးတွင် အဆင့်မြင့်မန္တန်လက်နက်တစ်ခုကို သန့်စင်နိုင်လိမ့်မည်ဟု ကြွားဝါခဲ့သော်လည်း ကုယွမ်အနေဖြင့် လျိုရှကျမ်းစာကို ရရှိပြီးသည့်နောက်မှသာ ထိုအချိန်က မိစ္ဆာအိုကြီး ရွှမ်းယိုက စကားကြီး စကားကျယ် ပြောနေခဲ့ခြင်းသာ ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။
အဆင့်မြင့်မန္တန်လက်နက်များ ဆိုသည်မှာ သာမန် လွတ်လပ်သော ကျင့်ကြံသူများအတွက်မူ အလွန်ပင် ရှားပါးလှပြီး ရရှိရန် ခက်ခဲလှသောအရာ ဖြစ်သည်။
နှစ်ပေါင်းများစွာ စီစဉ်ခဲ့လျှင်ပင် မိစ္ဆာအိုကြီး ရွှမ်းယိုအနေဖြင့် ၎င်းကို သန့်စင်ရန် မည်သို့မျှ မအောင်မြင်နိုင်ချေ။
များပြားလှသော ဝိညာဉ်ဆိုးများနှင့် ပေါင်းစပ်လိုက်လျှင်ပင် သူသည် အလွန်ဆုံးရှိမှ အလယ်အလတ်တန်းစား မန္တန်လက်နက်တစ်ခုကိုသာ သန့်စင်နိုင်ပေလိမ့်မည်။
ပြီးတော့ ထိုအဖြူရောင်အရိုး ယင်သတ်ဓားမှာ ယခု သူ့ရှေ့မှောက်ရှိ ဓားနှင့် နှိုင်းယှဉ်လိုက်ပါက ရွှံ့နွံနှင့် ကျောက်စိမ်းကဲ့သို့ ကွာခြားလှပြီး နှိုင်းယှဉ်စရာပင် မရှိချေ။
ချွမ်……
သူ့စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်သန်းသွားစဉ်မှာပင် ငွေရောင်ရေနဂါးဓားမှာ တောက်ပပြီး စူးရှလှသော ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ဦးခေါင်းထက်မှ ပျံသန်း၍ ထွက်ပေါ်သွားခဲ့ပြီ ဖြစ်သည်။
၎င်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါမှာ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်လှပြီး လျူရှင်းကျွင်း၏ ဓားအလင်းတန်းထက် မည်သို့မျှ လျော့နည်းခြင်းမရှိချေ။
"ဒါဆိုရင်တော့... ကျွန်တော်ကပဲ အားမနာတမ်း စတင်လိုက်ပါ့မယ်"
ကုယွမ်က အသာအယာ ရယ်မောလိုက်ပြီး ဓားအလင်းတန်းက တစ်ဖက်မှ ခုတ်ပိုင်းလာသော ဓားအလင်းတန်းနှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။
ချွမ်...
ဓားအလင်းတန်းနှင့် ဓားအလင်းတန်းတို့သည် ပြင်းထန်စွာ ထိခိုက်မိကြပြီး အပြန်အလှန် အားပြိုင်နေကြတော့သည်။ တစ်ခုက ငွေရောင် တောက်ပနေပြီး အခြားတစ်ခုကမူ အဖြူရောင်ပင်။
လျူရှင်းကျွင်း၏ ဓားအလင်းတန်းမှာ ပြင်းထန်ပြီး အနိုင်ကျင့်လိုစိတ် ရှိကာ ရက်စက်ကြမ်းကြုတ်လှသည်။
၎င်းက ကောင်းကင်ယံသို့ ဟိန်းဟောက်နေသော အဖြူရောင် သားရဲကြီးတစ်ကောင်အလား ရှိနေပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများက ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်စေခဲ့သည်။
ကုယွမ်၏ ဓားအလင်းတန်းမှာမူ စူးရှပြီး အနှိုင်းမဲ့ကာ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်စွမ်း ရှိသည်။
၎င်းက မြစ်ချောင်းများနှင့် ပင်လယ်များကိုပင် ကမောက်ကမ ဖြစ်စေနိုင်ပုံရသည့် ကြောက်မက်ဖွယ် ငွေဖြူရောင် ရေနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ နဂါးဟိန်းသံကို ထုတ်လွှတ်နေခဲ့သည်။
ဓားအလင်းတန်းနှင့် ဓားစွမ်းအားတို့သည် တစ်ခုနှင့်တစ်ခု အပြင်းအထန် ရိုက်ခတ်မိနေကြပြီး သံတုံးကို ထုရိုက်နေသည့်အလား နားကွဲလုမတတ် အသံများ ထွက်ပေါ်နေခဲ့ကာ ထိုအသံများက အဝေးကြီးအထိ ပျံ့နှံ့သွားခဲ့ပြီး ချောင်းဝှေ့အတွင်းရှိ ကျောက်ဆောင် ကမ်းပါးယံများမှ ကျောက်ခဲများကိုပင် မြေသို့ ကြွေကျလာစေခဲ့တော့သည်။