အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) လဲ့ချင်း ဆရာမ ဖြစ်လာခြင်း
"ကျောင်းအုပ်ကြီး... ကျေးဇူးပြုပြီး စိတ်လှုပ်ရှားမနေပါနဲ့..."
"ရှောင်ရှောင်က ကျွန်တော့်သမီးပါ ဒီလို ယိုယွင်းနေတဲ့ နေရာမှာ သူ့ကို ကျောင်းတက်ခိုင်းလို့ ဖြစ်ပါ့မလား..."
"ဒီစားပွဲခုံတွေ ကုလားထိုင်တွေက အပိုင်းအစတွေ လိုအပ်နေပြီး ကစားကွင်းကလည်း တွင်းတွေနဲ့ ပြည့်နေတယ် ကလေးသာ လဲကျပြီး ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ..."
ကျောင်းအုပ်အိုကြီးက မျက်ရည်များကို သုတ်ရင်း ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ညီလေးလဲ့ပြောတာ မှန်ပါတယ် ကျောင်းပတ်ဝန်းကျင်က တကယ့်ကို ဆိုးရွားလွန်းပြီး ကလေးတွေ ဒုက္ခရောက်နေရတာပါ.. ဒါပေမဲ့... ဒါပေမဲ့ ဒီငွေတွေက..."
သူက လက်ကို ပွတ်သပ်ရင်း ချီတုံချတုံ ဖြစ်နေသည်။ မူလတန်းကျောင်းအုပ်ကြီး တစ်ယောက်အနေဖြင့် ဤမျှကြီးမားသော ငွေပမာဏကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
လဲ့ချန်က လက်ကို ဝှေ့ယမ်း၍ ရက်ရောစွာ ပြောလိုက်၏။
"ငွေကိစ္စကို စိတ်မပူပါနဲ့…ကျွန်တော် ချက်ချင်းပဲ လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်"
"ဒါပေမဲ့ ကျောင်းအုပ်ကြီးအနေနဲ့ ဒီပြုပြင်မှုတွေကို လုပ်ဆောင်ပေးဖို့ အားထုတ်ပေးရမှာမို့ အလုပ်ရှုပ်သွားမှာပါ."
"ပြီးတော့ ကျွန်တော့်ညီမ လဲ့ချင်းက ဒီကိစ္စတွေမှာ တော်တော်လေး နားလည်ပါတယ်… ကျောင်းအုပ်ကြီးနဲ့ သူနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ"
ထိုစကားကို ကြားသောအခါ ကျောင်းအုပ်အိုကြီးမှာ အလွန် ဝမ်းသာသွားပြီး အလျင်အမြန် ပြန်ဖြေလိုက်၏။
"ကောင်းလိုက်တာ…ညီလေးလဲ့ရဲ့ ညီမဆိုတော့ တကယ့် အရည်အချင်းရှိတဲ့သူ ဖြစ်မှာပဲ…သူ့အကူအညီနဲ့ဆိုရင် ငါ စိတ်ချရပြီ"
လဲ့ချန်က ရယ်မောလိုက်ပြီး လဲ့ချင်းကို လက်ဟန်ပြ ခေါ်လိုက်သည်။
"ညီမလေး... ဒီကိုလာပြီး ကျောင်းအုပ်ကြီးနဲ့ မိတ်ဖွဲ့လိုက်ပါဦး”
"ဒီနေ့ကစပြီး ကျောင်းရဲ့ ပြုပြင်မွမ်းမံရေး ကိစ္စတွေကို ညီမ လက်ထဲမှာပဲ ထားလိုက်တော့မယ်"
လဲ့ချင်းက ရှက်ရွံ့စွာ လျှောက်လာပြီး ကျောင်းအုပ်ကြီးကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
လဲ့ချန်က ညီမဖြစ်သူကို ကျောင်းအုပ်ကြီးထံတွင် ချီးကျူးရန် အခွင့်အရေးကို အသုံးချလိုက်သည်။
"ကျောင်းအုပ်ကြီး... ကျွန်တော့်ညီမက ကျွန်တော်တို့ မိသားစုထဲမှာ စာအတော်ဆုံးပဲ သူမက ဉာဏ်ကောင်းပြီး အရည်အချင်းလည်း ရှိတယ်"
"ဒီလိုအလုပ်လေးကို သူ့လက်ထဲ အပ်ထားတာ အကောင်းဆုံးပဲ"
ကျောင်းအုပ်အိုကြီးမှာ လဲ့ချင်း၏ တည်ငြိမ်၍ ယုံကြည်မှုရှိသော အမူအရာကို မြင်ရသဖြင့် ပို၍ပင် ကျေနပ်သွားပြီး ခေါင်းညိတ်၍ ချီးကျူးစကား ဆိုလိုက်၏။
ဤခေတ်အခါတွင် ကျောင်းချိန်ဇယားများမှာ နောက်ပိုင်းမျိုးဆက်များနှင့် များစွာ ကွာခြားသည်။
နံနက်ပိုင်းတွင် ပုံမှန် စာသင်ကြားမှုများကို ပြုလုပ်ပြီး နေ့လည်ပိုင်းတွင် စက်မှုနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို သင်ယူရသည်။
ကျောင်း၏ အနောက်ဘက်တွင် ဧရာမ မြေလွတ်ကြီး ရှိပြီး ၎င်းကို ကွက်ငယ်များအဖြစ် ခွဲထားသည်။ အတန်းတိုင်းကို ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်နှင့် ကြက်မွေးမြူရန် မြေကွက် တစ်ကွက်စီ ပေးထားသည်။
၎င်းကို အလုပ်သမားနှင့် တောင်သူလယ်သမားများထံမှ သင်ယူခြင်းဟု ခေါ်သော်လည်း အမှန်တကယ်တွင် ကလေးများကို ကိုယ်တိုင်လုပ်ဆောင်စေပြီး အလုပ်၏ ခက်ခဲမှုကို ခံစားစေခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤခေတ်တွင် အစားအသောက်နှင့် အဝတ်အထည် ပြဿနာမှာ အပြည့်အဝ မဖြေရှင်းနိုင်သေးရာ စိုက်ပျိုးရေးအကြောင်း ပိုမို သင်ယူထားခြင်းက အနာဂတ်တွင် များစွာ အကျိုးရှိမည်ဖြစ်သည်။
ကလေးများ လယ်ကွင်းထဲတွင် အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း တချို့က ပေါက်တူးပေါက်၊ တချို့က မျိုးစေ့ချ၊ တချို့က ရေလောင်းနေကြသည်ကို မြင်သောအခါ လဲ့ချန်မှာ "ဒါက တကယ့် လုပ်အားပညာရေးပဲ" ဟု မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။
"ဒါက အရင်တုန်းက ကြွေးကြော်သံတွေ အော်နေတာထက် ပိုကောင်းသေးတယ်”
ကျောင်းအုပ်အိုကြီးက ဝင်၍ ထောက်ခံလိုက်သည်။
"ဟုတ်တယ်... တိုင်းပြည်က အခု ပညာရေးကို ကုန်ထုတ်လုပ်မှု လုပ်အားနဲ့ ပေါင်းစပ်ဖို့ တိုက်တွန်းနေတာပါ ငါတို့ ကျောင်းကလည်း ဒီအချက်ကို တက်ကြွစွာ တုံ့ပြန်နေပြီး ကလေးတွေကို ငယ်စဉ်ကတည်းက လုပ်အားကို ချစ်မြတ်နိုးတတ်အောင် သင်ပေးတာပါ"
စကားပြောနေစဉ်တွင် ကျောင်းအုပ်အိုကြီးက တစ်စုံတစ်ခုကို သတိရသွားပြီး မျက်လုံးများ အရောင်လက်လာကာ လဲ့ချန်ကို ပြုံး၍ ပြောလိုက်၏။
“ညီလေးလဲ့… ငါ ထင်တာကတော့ မင်းရဲ့ ညီမ လဲ့ချင်းက အတော်လေး အရည်အချင်းရှိတာပဲ သူတို့ကို ငါတို့ ကျောင်းမှာ ဆရာမတစ်ယောက်အနေနဲ့ ခန့်လိုက်ရင် ဘယ်လိုလဲ"
"အခု ကျောင်းတွေမှာ ဆရာ ဆရာမတွေ အတော်လေး လိုအပ်နေတာ အထူးသဖြင့် ကျေးလက် လုပ်အားနဲ့ စိုက်ပျိုးရေး လုပ်သားတွေကို သင်ပေးမယ့် ဆရာတွေက ပိုပြီးတောင် ရှာရခက်တယ်"
ထိုစကားကို ကြားသောအခါ လဲ့ချင်း၏ မျက်နှာမှာ နီရဲသွားပြီး အမြန်ပင် လက်ခါ၍ ငြင်းဆန်လိုက်၏။
"ကျောင်းအုပ်ကြီး... အဲလို မပြောပါနဲ့... ကျွန်မ... ကျွန်မက ဘယ်လိုလုပ် ဆရာမတစ်ယောက် ဖြစ်နိုင်မှာလဲ ကျွန်မက စာတောင် သိပ်မသင်ခဲ့ရတာ..."
လဲ့ချန်က ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး... ခင်ဗျားရဲ့ လူကဲခတ်တဲ့ နေရာမှာ တကယ့်ကို တော်တာပဲ"
"ကျွန်တော့်ညီမက တရားဝင် ပညာသင်ကြားမှု နည်းပေမဲ့ ဉာဏ်ကောင်းပြီး သင်ယူလိုစိတ် ရှိတယ် ပြီးတော့ စိုက်ပျိုးရေးနဲ့ တိရစ္ဆာန် မွေးမြူရေးမှာလည်း အတွေ့အကြုံ အများကြီး ရှိတယ်."
"သူ့ကို ကလေးတွေကို စက်မှုနဲ့ စိုက်ပျိုးရေးအကြောင်း သင်ခိုင်းတာ ဘာပြဿနာမှမရှိပါဘူး"
ထိုစကားကို ကြားသောအခါ ကျောင်းအုပ်အိုကြီးမှာ ပို၍ပင် စိတ်အားထက်သန်သွားပြီး နွေးထွေးစွာ ပြောလိုက်၏။
"ရဲဘော် လဲ့ချင်း... ကျေးဇူးပြုပြီး နှိမ့်ချမနေပါနဲ့"
"အခုအချိန်က တိုင်းပြည်အတွက် အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေတဲ့ အချိန်ပါပဲ မင်းက ဒီလောက်ငယ်ရွယ်ပြီး ထူးချွန်နေတာ ဘာလို့ ကိုယ့်အရည်အချင်းကို ဖုံးကွယ်ထားမှာလဲ"
"ငါတို့ ကျောင်းကို လာခဲ့ပါ…ကလေးတွေက မင်းကို လိုအပ်နေတာပါ"
ကျောင်းအုပ်ကြီး ပြောလိုက်သည့် စကားများကြောင့် လဲ့ချင်းမှာ လုပ်ရကိုင်ရ ခက်သွားတော့၏။ သူမက အကူအညီရယူရန် လဲ့ချန်ကို မေးငေါ့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် အကူအညီမဲ့နေသော အရိပ်အယောင်များ ပြည့်နေသည်။
သူမက လဲ့ချန်၏ အဝတ်ကို ဆွဲ၍ ဘေးသို့ ခေါ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကို... ဘာလို့ ညီမကို ရောင်းစားလိုက်တာလဲ”
"ညီမက ဘယ်လိုလုပ် ဆရာမ လုပ်နိုင်မှာလဲ ပြီးတော့ ယောင်းမရဲ့ ဆိုင်မှာလည်း ကူပေးရဦးမှာ... ညီမတို့က ပိုက်ဆံ တကယ် လိုအပ်နေတဲ့ အချိန်လေ..."
လဲ့ချန်က လဲ့ချင်း၏ နဖူးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး ရယ်မော၍ ပြောလိုက်၏။
"ကောင်မလေး... မင်းက ငွေ.. ငွေ…ငွေ နဲ့ ငွေအကြောင်းပဲ တွေးနေတာပဲ"
"ဆိုင်ဖွင့်ရောင်းတာနဲ့ ပိုက်ဆံ ဘယ်လောက်များ ရမှာလဲ…ကျောင်းမှာ စာသင်ပေးပြီး ကျောင်းသားတွေကို ပြုစုပျိုးထောင်ပေးရတာက ဂုဏ်ရှိတဲ့ အလုပ်တစ်ခုပါ"
လဲ့ချင်းက မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။
"ဒါပေမဲ့... ဒါပေမဲ့ ညီမက..."
လဲ့ချန်က သူမစကားကို ဖြတ်ပြောလိုက်၏။
"ဘာ ဒါပေမဲ့လဲ မရှိဘူး… ဒီအတိုင်းပဲ ကျောင်းအုပ်ကြီးနဲ့အတူ ကြိုးကြိုးစားစားသင် အစ်ကို့ကို အရှက်မကွဲစေနဲ့"
ကျောင်းအုပ်အိုကြီးက အစ်ကိုမောင်နှမ နှစ်ယောက် တိုးတိုးတိုင်ပင်နေသည်ကို မြင်သောအခါ အနားသို့ လာ၍ ပြုံးပြီး ပြောလိုက်၏။
"ရဲဘော် လဲ့ချင်း... စိတ်မပူပါနဲ့ ငါက လစာတော့ ပေးမှာပါ မင်း ဒုက္ခရောက်အောင် မလုပ်ပါဘူး"
"တစ်လကို ယွမ်နှစ်ဆယ်ကျော်လေးပဲရှိပေမဲ့ တိုင်းပြည်အတွက် လူငယ်တွေကို မွေးထုတ်ပေးနိုင်တာက ဂုဏ်ယူစရာ ကောင်းတဲ့ အလုပ်တစ်ခုပါ”
ထိုစကားကို ကြားသောအခါ လဲ့ချင်းက 'ယွမ် နှစ်ဆယ်ကျော်… ဒါဆို ဆိုင်မှာ ရောင်းရတာထက် အများကြီး ပိုများတယ်” ဟု တွေးလိုက်မိရာ သူမ၏ ဆုံးဖြတ်ချက်မှာ တုန်လှုပ်သွားတော့၏။
လဲ့ချန်က အခွင့်အရေးကို အသုံးချလိုက်သည်။
"ညီမလေး... အစ်ကိုက မင်းကို လိမ်ပါ့မလား"
"အစ်ကို့စကား နားထောင် မမှားပါဘူး… ဒီမှာပဲ ဆရာမ အလုပ်ကို အာရုံစိုက်လုပ် အိမ်ကိစ္စတွေကို အစ်ကို တာဝန်ယူလိုက်မယ်"
လဲ့ချင်းက လဲ့ချန်ကို တစ်ချက်၊ မျှော်လင့်ချက် ရှိနေသော ကျောင်းအုပ်အိုကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"ဒါဆို... ကောင်းပါပြီ စမ်းကြည့်ပါ့မယ်"
လဲ့ချန်က ကျယ်လောင်စွာ ရယ်မော၍ လဲ့ချင်း၏ ပခုံးကို ပုတ်လိုက်၏။
"အဲဒါပေါ့ ဒီနေ့ကစပြီး မင်းက ဆရာမလဲ့ ဖြစ်သွားပြီ"
ကျောင်းအုပ်အိုကြီးမှာ ဝမ်းသာအားရ ဖြစ်နေသည်။
"ကောင်းလိုက်တာ ကောင်းလိုက်တာ ဆရာမ လဲ့... ဒီနေ့ကစပြီး ကလေးတွေကို ဘယ်လို အလုပ်လုပ်ရမလဲ ဘယ်လို စိုက်ပျိုးရမလဲဆိုတာ သင်ပေးရမှာနော် ဘယ်လိုလဲ"
လဲ့ချင်းမှာ နည်းနည်းလေး ဝေခွဲမရ ဖြစ်သွားသည်။
"သင်... သင်ပေးရမှာက..."
အကျောင်းအုပ်အိုကြီးက ကျောင်း၏ နောက်ဘက်ရှိ မြေလွတ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါကို မြင်လား အဲဒါက မင်းရဲ့ စမ်းသပ်စိုက်ပျိုးကွင်းပဲ"
“မင်းက ကလေးတွေကို ခေါ်ပြီး ဟင်းသီးဟင်းရွက်တွေ စိုက် ကြက်တွေ မွေးပေါ့ သူတို့ကို လုပ်အားရဲ့ ပျော်ရွှင်မှုကို ခံစားစေလိုက်ပါ"
လဲ့ချင်းက ပေါင်းပင်များ ဖုံးလွှမ်းနေသော မြေလွတ်ကြီးကို ကြည့်ကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။
"ဒီမြေပေါ်မှာ ဘာများ ပေါက်နိုင်ပါ့မလဲ…”
ကျောင်းအုပ်အိုကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ပေါက်တာပေါ့..ကြိုးစားအားထုတ်မှု ရှိသရွေ့ မြေဆီလွှာ မကောင်းတဲ့ မြေပြင်တောင်မှ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲလို့ ရပါတယ်"
"ဆရာမလဲ့...မင်းလုပ်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်"
လဲ့ချန်က ပြုံး၍ အားပေးလိုက်၏။
"စိတ်မပူပါနဲ့ ညီမလေး အစ်ကို နည်းနည်းပါးပါး သင်ပေးလိုက်မယ် အရင်တုန်းကဆို..."
လဲ့ချန် စကားမဆုံးခင်မှာပင် ချီလန်က ကြားဖြတ်ပြောလိုက်သည်။
"တော်ပါတော့... တော်ပါတော့... ကြွားမနေနဲ့တော့"
"ရှင် ဘာတွေ လုပ်တတ်လဲဆိုတာ ကျွန်မ သိတယ်"
"ရှောင်ရှောင်ကို ခေါ်ပြီး အိမ်ကို မြန်မြန် ပြန်ကြစို့ လဲ့ချင်းရဲ့ အလုပ်ကို မနှောင့်နှေးစေနဲ့"
လဲ့ချန်က တခစ်ခစ် ရယ်မောလိုက်၏။
"ဟုတ်ပါပြီ မရီးက ပြောလိုက်မှတော့ ကျွန်တော်တို့ ပြန်လိုက်ပါ့မယ်"
စကားပြောပြီးနောက် လဲ့ချန်က သူ၏ သမီးလေး ရှောင်ရှောင်ကို ပွေ့ချီကာ ချီလန်နှင့်အတူ ကျောင်းမှ ထွက်ခွာသွားတော့သည်။
လဲ့ချင်းက သူတို့၏ ထွက်ခွာသွားသော အရိပ်များကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေမိ၏။
သူမ တကယ်ပဲ ဆရာမတစ်ယောက် လုပ်နိုင်ပါ့မလား။
ကျောင်းအုပ်အိုကြီးက သူမ၏ စိုးရိမ်မှုကို ရိပ်မိပုံရကာ သူမ၏ ပခုံးကို ပုတ်၍ စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။
“ဆရာမလဲ့... စိတ်မပူပါနဲ့”
"ဖြည်းဖြည်းချင်း သင်ယူပါ နားမလည်တာရှိရင် မေးပါ မင်းက တကယ့်ကို ထူးချွန်တဲ့ ဆရာမတစ်ယောက် ဖြစ်လာနိုင်မယ်လို့ ငါ ယုံကြည်ပါတယ်”
ကျောင်းအုပ်အိုကြီးက ကျောင်း၏ နောက်ဘက်ရှိ မြေလွတ်ကို လက်ညှိုးထိုး၍ စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။
“ဆရာမလဲ့... ဒီမြေကို ကြည့်လိုက်ပါ"
"အရင်က ဒါက အမှိုက်ပုံတစ်ခုဖြစ်ခဲ့တာ၊ မြေဆီလွှာလည်း အရမ်းညံ့တယ် ဒီမှာ ဘာပဲစိုက်စိုက် စိုက်ပျိုးရတာ တကယ် မလွယ်ကူခဲ့ဘူး"