အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း (၂၀၅) ယုန်အကောင်ရေ အတော်များများကို ဖမ်းမိခြင်း
လဲ့ချန်က လဲ့အားကော် ညွှန်ပြသော အရပ်သို့ ကြည့်လိုက်ရာ မြက်ခင်းပေါ်တွင် အညိုရောင်ရင့်ရင့် ယုန်ချေးများ ပြန့်ကျဲနေသည်ကို အမှန်ပင် တွေ့လိုက်ရ၏။
“ဘုရားရေ... ငါတို့ မှန်ကန်တဲ့ နေရာကို ရှာတွေ့ပြီ ထင်တယ်”
လဲ့ချန်၏ မျက်လုံးများ အရောင်လက်သွားသည်။
“လာ…သွားကြည့်ရအောင်”
သူတို့နှစ်ယောက် အရှိန်မြှင့်၍ မြက်ခင်းပြင်သို့ အရောက်သွားလိုက်ကြသည်။
လဲ့ချန်က ဆောင့်ကြောင့်ထိုင်ချကာ မြေပြင်ပေါ်ရှိ အမှတ်အသားများကို စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။
“ဒီမှာ ယုန်တွင်းတွေ အတော်များများ ရှိတာပဲ”
လဲ့အားကော်လည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြက်ခင်းကြားရှိ သတိမထားမိနိုင်သော အပေါက်ငယ် အချို့ကို လက်ညှိုးထိုးပြလိုက်၏။
“ဟုတ်တယ် ငါတို့က အခြေအနေကို အရင် စုံစမ်းထားမှ ဒါမှ ယုန်ဖမ်းတဲ့အခါ ရှုပ်ရှုပ်ထွေးထွေး မဖြစ်မှာ”
လဲ့ချန်က ခေါင်းညိတ်၍ ယုန်တွင်း တစ်ခုချင်းစီကို စတင် စစ်ဆေးတော့သည်။
“အစ်ကိုချန်... ဒီတွင်းပေါက်တွေက ဘာလို့ အရွယ်အစား မတူကြတာလဲ”
လဲ့အားကော်က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
“မင်း နားမလည်သေးဘူး မဟုတ်လား..အပေါက်ကြီးက အဓိက တွင်းပေါက်ဖြစ်ပြီး အပေါက်ငယ်ကတော့ ထွက်ပေါက်လမ်းကြောင်းပဲ”
“ယုန်တွေက အရမ်း ပါးနပ်တယ်…အဓိကတွင်းပေါက်ကိုပဲ ပိတ်လိုက်ရင် သူတို့က ထွက်ပေါက်ကနေ ပြေးထွက်သွားလိမ့်မယ်”
လဲ့ချန် ရှင်းပြရင်း တုတ်ချောင်း တစ်ချောင်းဖြင့် တွင်းတစ်ခုစီကို အမှတ်အသား လုပ်လိုက်သည်။
သူတို့နှစ်ယောက် တွင်းအားလုံးကို စုံစမ်းရန် တစ်နာရီနီးပါး ကြာသွား၏။
“စုစုပေါင်း ၁၅ ပေါက်ရှိတယ် ဒီတစ်ခေါက်တော့ အလုပ်ရှုပ်ရတော့မှာပဲ”
လဲ့ချန်က မတ်တတ်ရပ်၍ သူ၏ အဝတ်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်သည်။
“အစ်ကိုချန်... နောက်တစ်ဆင့်က ဘာလုပ်ရမလဲ”
လဲ့အားကော်က စိတ်အားထက်သန်စွာ မေးလိုက်သည်။
“ဒီတစ်ခါတော့ ထောင်ချောက် မဆင်တော့ဘူး မီးခိုးပဲ သုံးမယ်”
လဲ့ချန်၏ မျက်လုံးထဲတွင် လိမ္မာပါးနပ်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“အဓိကတွင်းပေါက်ကလွဲပြီး ကျန်တဲ့ ဝင်ပေါက်အားလုံးကို ပိတ်လိုက်မယ်၊ ပြီးရင် အဓိကတွင်းပေါက်ထဲကို မီးခိုးတွေ မှုတ်သွင်းလိုက်ရင် ယုန်တွေ အပြင်ကို ထွက်လာလိမ့်မယ်”
“ဉာဏ်ကောင်းလိုက်တာ အစ်ကိုချန်... အစ်ကိုက တကယ့်ကို ပါးနပ်တာပဲ”
လဲ့အားကော်မှာ လဲ့ချန်၏ အစီအစဉ်ကို အထူးပင် သဘောကျသွားတော့၏။
ထို့နောက် သူတို့ နှစ်ယောက် အလုပ်ခွဲလုပ်ကြသည်။ လဲ့အားကော်က တွင်းများကို ပိတ်ရန် ကျောက်တုံးနှင့် မြေကြီးများ သယ်ပေးရပြီး လဲ့ချန်က ယုန်တွေကို မှိုင်းတိုက်ရန် ပစ္စည်းများ ပြင်ဆင်ရသည်။
“အစ်ကိုချန်... ဒီမီးခိုးတွေက ယုန်တွေကို သေစေမှာ မဟုတ်ဘူးလား”
ကျောက်တုံးများ ရွှေ့နေရင်း လဲ့အားကော်က စိုးရိမ်တကြီး မေးလိုက်၏။
“စိတ်မပူပါနဲ့ ငါဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်”
လဲ့ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
“ငါက ယုန်တွေကို သေစေမှာ မဟုတ်ဘဲ ခဏလောက် သတိလစ်သွားအောင်ပဲ လုပ်မယ့် အထူးမှိုင်းတိုက်ဆေးကို သုံးမှာ”
လဲ့ချန်က သူ၏ ကျောပိုးအိတ်ထဲမှ ဒေါနပင်၊ ရေညှိပင်နှင့် ကန့်မှုန့်တို့ကဲ့သို့ ဆေးဖက်ဝင် အပင်များ ရောစပ်ထားသည့် ဆေးတောင့်များကို ထုတ်လိုက်သည်။ သူသည် ယခင်ဘဝက အတွေ့အကြုံများအရ ၎င်းကို အထူး ပြင်ဆင်ထားခြင်းဖြစ်၏။
ဤမှိုင်းတိုက်ဆေးက ယုန်များကို သတိလစ်သွားစေရုံသာမက မြွေများ၊ ပိုးမွှားများနှင့် ကြွက်များကိုပါ မောင်းထုတ်ပေးနိုင်သဖြင့် အဆိပ်ရှိသော မြွေများ ယုန်တွင်းထဲတွင် ပုန်းခိုခြင်းမှလည်း ကာကွယ်ပေးသည်။
အရာအားလုံး အဆင်သင့်ဖြစ်သောအခါ လဲ့ချန်က ဆေးတောင့်ကို မီးရှို့၍ မီးခိုးငွေ့များကို အဓိကတွင်းပေါက်ထဲသို့ ထိုးသွင်းလိုက်၏။
“အဟွတ် အဟွတ်...”
မီးခိုးများကြောင့် လဲ့အားကော် ချောင်းဆိုးလာသည်။
“အစ်ကိုချန်... ဒီမီးခိုးက အရမ်းကို စပ်တာပဲ”
“အောင့်ထားလိုက်ပါ ခဏဆို
ပြီးသွားလိမ့်မယ်”
လဲ့ချန်လည်း နှာခေါင်းကို ပိတ်ထား၍ ထူထဲသော မီးခိုးငွေ့များ၏ စပ်ဖျင်းမှုကို သည်းခံလိုက်သည်။
တွင်းထဲသို့ မီးခိုးများ ဆက်တိုက် ဝင်သွားသောအခါ မကြာမီ ပိတ်ထားသော တွင်းပေါက် အချို့တွင် လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသည်။
ရုတ်တရက် မီးခိုးရောင်ယုန်တစ်ကောင် ပြေးထွက်လာ၏။ နှစ်လှမ်းမျှ မပြေးရသေးခင်မှာပင် လဲ့ချန်က အော်ဟစ်ကာ ရှေ့သို့ ပြေးသွားပြီး ယုန်ကို ကောက်ကိုင်၍ နောက်ခြေထောက်များကို ကျွမ်းကျင်စွာ ချည်နှောင်လိုက်သည်။
“ဝါး... တကယ် အလုပ်ဖြစ်တာပဲ”
လဲ့အားကော်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မီးခိုးစပ်တာကိုပင် ဂရုမစိုက်တော့ဘဲ အခြားတွင်းပေါက်ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွား၍ စောင့်ဆိုင်းနေလိုက်သည်။
ထူထဲသော မီးခိုးငွေ့များက လဲ့အားကော်ကို မျက်ရည်ကျစေသော်လည်း သူဂရုမစိုက်ပါ။ သူ၏ မျက်လုံးများက တွင်းပေါက်ကို စိုက်ကြည့်နေပြီး ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ဝဖြိုးသော ယုန်တစ်ကောင်က တွင်းထဲမှ ရုတ်တရက် ပြေးထွက်လာသည်။ အနည်းငယ် လမ်းလျှောက်ပြီးသည်နှင့် မူးဝေပြီး အရှေ့ရှိ သစ်ပင်ငယ်လေးကို ဝင်တိုက်မိသွားသည်။
“ဟဲ့…ဟဲ့”
လဲ့အားကော် အော်ဟစ်လိုက်ပြီး ယုန်ပေါ်သို့ ခုန်အုပ်၍ ခိုင်မြဲစွာ ဖမ်းချုပ်လိုက်သည်။
“မိပြီ…အစ်ကိုချန်... မြန်မြန်လာခဲ့”
လဲ့ချန်က မူးဝေနေသော ယုန်တစ်ကောင်ကို ကိုင်ကာ ပြေးလာပြီး ပြုံး၍ ပြောလိုက်၏။
“အားကော်... မဆိုးဘူး မင်းက တကယ့်ကို သွက်လက်တာပဲ”
သူက ယုန်ကို ယူ၍ နောက်ခြေထောက်များကို ကြိုးဖြင့် ချည်လိုက်သည်။
“ဒီယုန်က တော်တော် ဝတာပဲ၊ သုံးလေးပေါင်လောက်တော့ ရှိမှာပဲ”
“ဟီးဟီး... ဟုတ်တယ်”
လဲ့အားကော်က ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစွာ ဖုန်ခါလိုက်ပြီး နောက်ထပ် တွင်းပေါက်တစ်ခုဆီသို့ ပြေးသွားသည်။
ထိုအခိုက်တွင် ယုန်ငယ်လေးတစ်ကောင် ထွက်လာသည်။ ၎င်းက အရင်ယုန်များထက် ပို၍ သတိရှိပုံရပြီး ဟိုဒီပြေးလွှားခြင်းမရှိဘဲ ပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်နေသည်။
လဲ့ချန်က အသက်ရှူအောင့်၍ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီးနောက် ခုန်အုပ်လိုက်၏။
ယုန်က မြန်ဆန်စွာ တုံ့ပြန်၍ လှည့်ပြေးရန် ကြိုးစားသော်လည်း လဲ့ချန်က အမိအရ အမြီးမှ ဆွဲလိုက်သည်။
“လွတ်အောင် ပြေးနိုင်မယ် ထင်နေလား”
လဲ့ချန်က ရယ်မော၍ ယုန်ကို ကောက်ကိုင်ကာ အရင်ဖမ်းမိသော ယုန်များနှင့်အတူ ချည်နှောင်လိုက်သည်။
“အစ်ကိုချန်... ခင်ဗျားရဲ့ ယုန်ဖမ်းတဲ့ စွမ်းရည်က တကယ်ကို အံ့မခန်းပဲ”
မြင်ကွင်းကြောင့် လဲ့အားကော်မှာ အားကျလေးစားစွာဖြင့် ပြောလိုက်သည်။
“ကျင့်သားရသွားတာပါ လေ့ကျင့်လေ ကောင်းလေပေါ့”
စကားပြောနေစဉ် နောက်ထပ် ယုန်တစ်ကောင် ထွက်လာသည်။ ဤယုန်မှာ ပိုဆိုး၏။ တွင်းထဲမှ ထွက်လာသည်နှင့် မြေပြင်ပေါ်သို့ ပုံလျက်သား ဖြစ်သွားပြီး လှုပ်ရှားမှု မရှိတော့ပေ။
လဲ့အားကော်က ယုန် သေသွားပြီဟု ထင်၍ အမြန်ပြေးသွားကာ စစ်ဆေးကြည့်ရာမှ အသက်ရှူနေသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုချန်... ဒီယုန်က မီးခိုးငွေ့ကြောင့် သတိလစ်သွားတာ ဖြစ်မယ်”
လဲ့ချန်က လာရောက် စစ်ဆေးကြည့်ပြီး
“သူ အဆင်ပြေပါတယ် ခဏနေရင် ပြန်နိုးလာလိမ့်မယ်”
“အစ်ကိုချန်... ဒီယုန်တွေက ဘာလို့ အကုန်လုံး မူးနေသလို ဖြစ်နေတာလဲ”
လဲ့အားကော်က လက်ထဲရှိ ယုန်ကို အိတ်ထဲ ထည့်ရင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
“ဒီမှိုင်းတိုက်ဆေးက ကိုယ့်ရဲ့ လျှို့ဝှက်ချက်လေ သူက ယုန်တွေကို ထိခိုက်မှုမရှိဘဲ သတိလစ်သွားအောင် လုပ်နိုင်တယ်”
လဲ့ချန်က ဝင်ကြွားစွာ မျက်ခုံးပင့်လိုက်သည်။
“အစ်ကိုချန်... ဘာလို့ အစ်ကိုက ဒီလောက်တောင် ဉာဏ်ကောင်းတာလဲ…အကုန်လုံး လုပ်တတ်နေတာပဲ”
လဲ့အားကော်က လဲ့ချန်ကို ချီးကျူးရန် စကားလုံး အနည်းငယ်ကိုသာ အမြဲတမ်း သုံးနေတတ်သည်။
လဲ့ချန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
“မြှောက်မနေနဲ့တော့ အလုပ်သာ လုပ်စမ်းပါ၊ ဒီယုန်တွေကို အကုန်ဖမ်းမိအောင် ကြိုးစား”
တစ်နေ့ခွဲမျှ အလုပ်လုပ်ပြီးနောက် သူတို့ နှစ်ယောက်က တွင်းအားလုံးကို ပိတ်ဆို့နိုင်ခဲ့ပြီး သတိလစ်နေသော ယုန်များကို တစ်ကောင်ချင်းစီ ကောက်ယူ၍ ဂုံနီအိတ်ထဲသို့ ထည့်လိုက်ကြသည်။
“အစ်ကိုချန်... ဒီတစ်ခေါက်တော့ တကယ့်ကို အသီးအပွင့်တွေ အများကြီး ရိတ်သိမ်းနိုင်တာပဲ”
လဲ့အားကော်က ဖောင်းကားနေသော အိတ်ကို ကြည့်ကာ နားရွက်တပ်မတတ် ပြုံးနေ၏။
လဲ့ချန်က ယုန်များကို အကုန်ထုတ်၍ သေချာ ရေတွက်လိုက်ရာ စုစုပေါင်း ၁၆ ကောင်ဖြစ်ပြီး အားလုံးမှာ ဝဖြိုး၍ ကျန်းမာနေကြသည်။
“အင်း... မဆိုးဘူး အရင်က မွေးထားတဲ့ ဟာတွေနဲ့ဆိုရင် ယုန်ခြံမှာ ယုန် ၂၀ လောက် ရှိသွားပြီ နောက်ဆို တောင်ပေါ် တက်ပြီး ဖမ်းစရာ မလိုတော့ဘူး”
“ဒါဆိုရင်တော့ နောက်ဆို ယုန်သားပဲ စားရတော့မှာပေါ့”
လဲ့အားကော်က ယုန်သားနှပ်နံ့ကို ရနေသကဲ့သို့ တံတွေးမျိုချလိုက်သည်။
လဲ့ချန်က သူ၏ ပခုံးကို ပုတ်လိုက်၏။
“ယုန်သား စားဖို့က စောပါသေးတယ် ဒီယုန်တွေကို ကောင်းကောင်း မွေးပြီး သူတို့ သားပေါက်လာအောင် စောင့်ရဦးမှာ”
“အစ်ကိုချန်... ယုန်တွေကို မြန်မြန် ကြီးအောင် ဘယ်လို မွေးရမလဲ”
လဲ့အားကော်က သူ၏ ခေါင်းကို ကုတ်လိုက်သည်။
လဲ့ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
“မင်း နားလည်မှာ မဟုတ်ပါဘူး ယုန်မွေးတဲ့ နေရာမှာ နည်းလမ်းတွေ ရှိတယ် နောက်မှ သင်ပေးမယ်...”
လဲ့အားကော်က ယုန်အိတ်ကို ထမ်း၍ အမောတကောဖြင့် တောင်ပေါ်မှ ဆင်းလာခဲ့သည်။
“အစ်ကိုချန်... ဒီယုန်တွေက တကယ့်ကို လေးတာပဲ ကျွန်တော့် ခါးတောင် ကျိုးတော့မယ်”
လဲ့ချန်က သူ့ကို တစ်ချက်ကြည့်၍ ရယ်မောလိုက်သည်။
“မင်းရဲ့ ကိုယ်ခန္ဓာနဲ့ ခါးကျိုးတယ်လို့ ပြောရမှာလား လေ့ကျင့်ခန်း မလုပ်လို့ ဖြစ်မှာပ”
“နောက်ဆို ခန္ဓာကိုယ် သန်မာအောင် လေ့ကျင့်ခန်း အနည်းငယ် သင်ပေးမယ် အဲဒါဆို မင်းက တကယ့်ကို ပေါ့ပါးနေမှာပဲ”
“တကယ်လား အရမ်းကောင်းတာပဲ ဒါဆို ယုန်ဖမ်းဖို့ အဲလောက် ဒုက္ခခံစရာ မလိုတော့ဘူး”
ထိုစကားကို ကြားသောအခါ လဲ့အားကော်မှာ ချက်ချင်းပင် တက်ကြွသွားသည်။
အိမ်ပြန်ရောက်သောအခါ လဲ့ချန်က ယုန်များကို နေရာချပေးပြီး ဈေးသို့ သွားလိုက်၏။
သူက မြက်ခြောက်အချို့ဝယ်ပြီး သူ၏ အတွေ့အကြုံများအရ ယုန်များ မြန်မြန် သားပေါက်လာအောင် အာဟာရပြည့်ဝသည့် အစားအစာများကို ဖော်စပ်ရန် စီစဉ်ထားသည်။