← Chapters

နတ်ဆေးသမားတော်ဇနီးသည်၏ ညွှန်ကြားချက်

Vol. 6 Ch. 58

နတ်ဆေးသမားတော်ဇနီးသည်၏ ညွှန်ကြားချက်

Vol. 6 Ch. 58

"ဒီတော့ ဒါကအဆုံးသတ်ပဲမလား"

သူဌေးလင်ထွက်သွားပြီးနောက် ယုန်မလေးမုန့်က လီနန်ခယ့်အနားကိုးကပ်ကာ လမင်းကဲ့သို့ဝိုင်းစက်သောမျက်နှာပြည့်ပြည့်လေးကို အကြောက်မကုန်သေးဟန်ရှုံ့မဲ့လျက် မေးလာသည်။

"ကဲ ကိုဉာဏ်ကြီးရှင်၊ နောက်ထပ်ကြိုးကိုင်သူတစ်ယောက်ထပ်ရှိသေးသလား။ ကျွန်မခေါင်းတော့ ပေါက်ကွဲထွက်တော့မယ်ထင်တယ်"

"မရှိတော့ပါဘူး"

လီနန်ခယ့်က ခပ်ပြုံးပြုံးဖြေသည်။

ထိုစကားကိုကြားမှ ဧည့်ခန်းတစ်ခုလုံး စိတ်အေးလက်အေးသက်ပြင်းချသံများဖုံးလွှမ်းသွားခဲ့သည်။ လိန်ရှင်းနန်သည်ပင် မသိမသာ စိတ်လက်ပေါ့ပါးသွားဟန်။

နောက်ထပ်ပြဿနာများကို သူတို့ထပ်မံကိုင်တွယ်နိုင်စွမ်းမရှိတော့ပြီ။

မိစ္ဆာကလည်း ထွက်ပြေးလွတ်မြောက်နေဆဲအချိန်၊ သင်္ချိုင်းလူသားကိုလည်း အမြန်ဆုံးဖမ်းဆီးဖို့လိုနေသေးသည်။ သူတို့အားလုံး အားအင်ကုန်ခန်းလျက်ရှိကြလေပြီ။

လီနန်ခယ့်တစ်ယောက်ရှိနေသေး၍သာ တော်သေးသည်ပင်။

"သူဌေးလင်ကို ဒီလိုပဲလွှတ်ပေးလိုက်လို့ရရဲ့လား" ယုန်မလေးမုန့်ကမေးသည်။

လိန်ရှင်းနန်က ကိုက်ခဲလေးလံနေသောမျက်ခုံးများကို အသာနှိပ်နယ်ရင်း ပြန်လည်ချေပသည်။

"လွှတ်မ‌ပေးတော့ ဘာလုပ်ချင်သေးလို့လဲ။ သူ့ကိုစွဲချက်တင်လို့ရတဲ့ တစ်ခုတည်းသောပြစ်မှုဆိုလို့ ခရုနီအရောင်းအဝယ်ကိစ္စပဲရှိတယ်။ သင်္ချိုင်းလူသားကို နိုးထစေခဲ့တဲ့အမှုကလည်း မေရှင်းအာကဝန်ခံထားပြီးသား။ ဒီအခြေအနေမှာ သူ့ကိုအတင်းအကျပ်ဖမ်းဆီးလိုက်ရင် နောက်ဆက်တွဲရလဒ်တွေကို စဥ်းစားကြည့်။ သူ့မှာ အစိုးရပိုင်းအဆက်အသွယ်တွေလည်းရှိသေးတာ။ နောက်ဆုံးတော့ ငါတို့ပဲဒုက္ခရောက်လိမ့်မယ်"

လိန်ရှင်းနန်ပြောသမျှမှာ ငြင်းစရာမရှိ။

ရှေးယခင်ကတည်းက အစိုးရအရာရှိများနှင့် ကုန်သည်ပွဲစားများမှာ တစ်နည်းနည်းနှင့် ရောထွေးဆက်ဆံနေကြမြဲသာ။ သူဌေးလင်၏ အကြံအစည်ကြီးတတ်ပုံအရ သူ့တွင် အစိုးရပိုင်း အဆက်အသွယ်မရှိသည်ကတော့ လုံးဝမဖြစ်နိုင်ပေ။

"အစ်မလိန်၊ အမှုကိုလည်းပိတ်သိမ်းပြီးသွားပြီ။ ကျွန်တော်တို့မှာ အချိန်နှစ်ရက်ပဲကျန်တော့တယ်။ ဒီအတောအတွင်း ဟယ့်ချင်းယွီကိုရှာမတွေ့ရင် အထက်လူကြီးတွေက သေချာပေါက် ကျွန်တော်တို့ကိုတာဝန်ယူခိုင်းမှာပဲ"

ကောကန်းက စိုးရိမ်တကြီးဆိုသည်။

ထိုစကားကိုကြားသော် ယုန်မလေးမုန့်က ဒေါသတကြီးဖြင့် မျက်နှာတင်းသွားသည်။

"တာဝန်ယူခိုင်းမယ်ဟုတ်လား။ ဘာတာဝန်ကိုလဲ။ အခုတောင် ကျားဖြူဌာနရဲ့ မပြီးပြတ်သေးတဲ့အရှုပ်အထွေးတွေကို ကျွန်မတို့ကခေါင်းခံဖြေရှင်းပေးနေရတာမဟုတ်လား။ တုန်းချီမှာ ဒီကိစ္စကြီးတစ်ခုလုံးဖြစ်သွားတာ ဘယ်အထက်လူကြီးသိကြသလဲ။ အမှုကိုဖြေရှင်းလိုက်နိုင်ရုံနဲ့တင် တာဝန်ကျေနေပြီ။ နောက်ထပ် အပြစ်ပါလာတင်ဦးမယ်ဆိုရင်တော့ တိမ်တိုက်မြို့တော်ကိုချက်ချင်းပြန်ပြီး သူတို့စိတ်ရှိသလိုဖြေရှင်း ထိုင်သာကြည့်နေလိုက်တော့မယ်"

ယုန်မလေးမုန့်က ဒေါသအလျောက်ပြောဆိုနေခြင်းဖြစ်သော်လည်း လိန်ရှင်းနန်မှအပ ကျန်သူအားလုံးလည်း ထိုသို့အတွေးရှိကြသည်သာပင်။

မိုးနီအမှုကိစ္စမှန်သမျှ အထက်လူကြီးများက သူတို့ခေါင်းပေါ်လာပုံချဖို့သာ တတ်ကြသည်။

လက်ရှိတာဝန်မှာလည်း တိမ်တိုက်မြို့တော်မှလွတ်ထွက်သွားသော မိစ္ဆာများကိုဖမ်းဆီးပြီး ကျားဖြဌာန၏ လက်ကျန်အရှုပ်အထွေးများကို လက်စသိမ်းရှင်းလင်းပေးဖို့ပင်။

တခြားဘာကိစ္စမှ သူတို့လုပ်ဖို့တာဝန်မရှိ။

ဆိုင်ယွင်က လေသံ‌လေးဖြင့်ဆိုလာသည်။

"ဒါပေမဲ့ပြဿနာက ကျွန်မတို့က ဒီအမှုထဲကို ထဲထဲဝင်ဝင်လိုက်ထားပြီးသားဖြစ်သွားတော့ ညကင်းလှည့်တပ်ဖွဲ့ရဲ့ ပါးစပ်စည်းမျဥ်းတွေအရ ဒီအမှုအပြီးသတ်ဖို့လည်း ကျွန်မတို့တာဝန်ဖြစ်သွားပြီ"

"ဒါပေမဲ့..."

ယုန်မလေးမုန့်မှာ ပြန်ပြောစရာစကားလုံးရှာမတွေ့သဖြင့် ခြေကိုသာနာနာဆောင့်ချလိုက်သည်။

အရှေ့မှ ယုန်ငယ်လေးနှစ်ကောင်မှာလည်း သိမ့်ခနဲလှုပ်ခါသွားရလျက်။

မိန်းကလေးသည် လိန်ရှင်းနန်ကိုအထွန့်မတက်ရဲသောကြောင့် အပြစ်တင်နေကျသူ ကောကန်းကိုသာ လက်ညှိုးထိုးမာန်မဲလိုက်သည်။

"အားလုံးရှင့်အပြစ်တွေပဲ။ အရှုံးသမားကောင်၊ အစ်မလိန်ကိုတောင် ဖျောင်းဖျဖို့မလုပ်နိုင်ဘူး"

ကောကန်းမျက်နှာကြီးမည်းသွားသည်။

"ငါနဲ့ဘာဆိုင်လို့တုန်းဟ"

"ကျွန်တော်နားမလည်တာ တစ်ခုရှိသေးတယ်"

လီနန်ခယ့်က ရုတ်တရတ်ထပြောလာသည်။

"သင်္ချိုင်းလူသားစည်းမျဥ်းတွေအရ ပြန်လည်နိုးထလာပြီးနောက်ပိုင်း သူတို့ဟာ သူတို့ကိုယ်သူတို့ သေလွန်ပြီးကြမှန်းလည်းမသိနိုင်ကြဘူးဆိုတော့ ဟယ့်ချင်းယွီဟာလည်း လွန်ခဲ့တဲ့နှစ်ရက်က သူသေသွားခဲ့တဲ့အကြောင်းကို သိဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ သူစားသောက်ဆိုင်ကိုသွားပြီးအရက်သောက်တဲ့အခါ တစ်‌ယောက်ယောက်ဆီက ဒီနေ့ဘာနေ့ပါဆိုတဲ့စကားလောက်တော့ မကြားခဲ့နိုင်ဘူးလား။ လွန်ခဲ့တဲ့နှစ်ရက်က ဖြစ်ခဲ့တဲ့အကြောင်းတွေ ပြန်ပြောနေတဲ့သူရောမရှိနိုင်ဘူးလား။ နှစ်ရက်တိတိကျော်သွားတာ ကြားပြီးတာတောင် ဟယ့်ချင်းယွီအိမ်ကို အေးအေးဆေးဆေးပြန်သွားနိုင်ပါဦးမလား။ ဒါနည်းနည်းထူးဆန်းနေတာပဲ"

လိန်ရှင်းနန်က မှတ်တမ်းစာအုပ်တချို့ကိုလှန်ကြည့်ပြီး ရှင်းပြသည်။

"ဒီအကြောင်းကို ကျွန်မလည်းစဥ်းစားဖူးတယ်။ ဒါပေမဲ့ စားသောက်ဆိုင်ကရတဲ့ထွက်ဆိုချက်မှတ်တမ်းတွေအရ သင်္ချိုင်းလူသားဟယ်ချင်းယွီက အစားအသောက်နဲ့သေရည်ကိုမှာပြီး ဘယ်သူနဲ့မှစကားမပြောဘဲ ထောင့်တစ်ထောင့်မှာတင် မှိုင်တွေတွေထိုင်သောက်နေခဲ့တယ်တဲ့။ ဒါကြောင့် တစ်ခုခုမူမမှန်နေတာကိုလည်း သတိမထားမိခဲ့ဘူးဖြစ်မယ်"

"ဒီလိုဆိုရင်တော့ တိုက်ဆိုင်မှုတစ်ခုပဲဖြစ်မှာပေါ့" လီနန်ခယ့်က ရယ်သွမ်း‌သွေးသည်။

လိန်ရှင်းနန်ကစကားဆက်သည်။

"ပိုင်ယွင်စားသောက်ဆိုင်ကနေထွက်သွားပြီး ဟယ့်ချင်းယွီက အိမ်ကိုတစ်ယောက်တည်းပြန်သွားခဲ့ပြီး နောက်ထပ် ထပ်ပေါ်မလာတော့ဘူးတဲ့လေ။ ဒီအတွက်အဖြေကတော့ တစ်ခုပဲရှိတော့တယ်။ အိမ်ပြန်လမ်းမှာ ပြန်ပေးဆွဲခံလိုက်ရတာပဲ"

လီနန်ခယ့်ထရပ်လိုက်ပြီး တောင့်တင်းနေသောခါးကြောများကို အညောင်းဆန့်ရင်း ပြုံးလျက်ဆိုသည်။

"ခွဲခြမ်းစိပ်ဖြာနေတာတွေတော်ပါတော့ဗျာ။ ဒီအမှုကိုဖြေရှင်းပြီးနိုင်တာနဲ့ သင်္ချိုင်းလူသားကိုရှာတွေ့နိုင်ဖို့က မခက်တော့ပါဘူးလို့ ကျွန်တော်ပြောပြီးသားပဲ။ ဟယ့်ချင်းယွီကို သူဌေးလင်ခေါ်ဖွက်ထားလိမ့်မယ်ဆိုတော့ ရာနှုန်းပြည့်သေချာတယ်"

ဘယ်လို

အခန်းထဲရှိလူတိုင်း နောက်တစ်ကြိမ်မျက်လုံးပြူးရပြန်သည်။

ယုန်မလေးမုန့်က စိုးရိမ်တကြီးဆိုသည်။

"ကိုဉာဏ်ကြီးရှင်ရယ် စောစောကဘာလို့မပြောတာလဲ။ ကျွန်မအခုပဲ သူဌေးလင်ကိုသွားဖမ်းဦးမှပါ"

"နေဦး"

လိန်ရှင်းနန်က ပြေးထွက်တော့မည်ပြင်နေသည့်မိန်းကလေးကို အမြန်လှမ်းတားလိုက်ပြီး မျက်လုံးတောက်တောက်လေးများဖြင့် လီနန်ခယ့်ကိုလှမ်းကြည့်သည်။

"သူ့ကို သူဌေးလင်ဖွက်ထားတယ်ဆိုတာ ရှင်သေချာရဲ့လား"

လီနန်ခယ့်က ပြန်ဖြေသည်။

"သူက ဟယ့်ချင်းယွီကိုအသက်ပြန်သွင်းခဲ့တဲ့သူဆိုတော့ သူပဲခေါ်စောင့်ရှောက်ထားလိမ့်မယ်။ မဟုတ်လို့ လင်ကျောက်ယွဲ့ကလိုက်သတ်ပြန်ရင် နောက်တစ်ကြိမ်အသက်သွင်းဖို့ကမဖြစ်နိုင်တော့ဘူးလေ။ နောက်ပြီး သူ့ရည်ရွယ်ချက်က လင်ကျောက်ယွဲ့ သူ့အမေကို လုံးဝထပ်မယုံတော့အောင် သွေးခွဲချင်တာ။ ဒီသားအမိနှစ်ယောက် သူသေကိုယ်သေ သွေးကွဲသွားကြတာတွေ ခင်ဗျားတို့လည်းမြင်ခဲ့သားပဲ။

"သူဌေးလင်အကွက်ရွှေ့တာ အရမ်းလက်သွက်တယ်ဆိုပေမဲ့ အလောတကြီးလည်းနိုင်လွန်းတယ်။ သင်္ချိုင်းလူသားတစ်ယောက်ကိုအသက်သွင်းပြီး ကောင်းကောင်းမထိန်းသိမ်းနိုင်ရင် မဆိုင်တဲ့လူတွေထပ်သေကုန်ဖို့ပဲရှိတယ်လေ။"

သူဌေးလင်ဘယ်လောက်ပဲလက်တံရှည်ရှည် အကုန်တော့လိုက်မထိန်းနိုင်ဘူး။ ဟယ့်ချင်းယွီကို မေရှင်းအာတစ်ယောက် သူ့ဘာသာအသက်ပြန်သွင်းလိုက်ဖို့တောင် သူစောင့်နေခဲ့ဦးမယ်ထင်တယ်။ ဒါပေမဲ့ နောက်ဆုံးတော့သူပဲလုပ်လိုက်ရတာပါပဲ။ အရက်သောက်ဖို့ကလွဲ ဘာမှစိတ်မဝင်စားတဲ့ လူရိုးပညာသင်ကတော့ သူဌေးလင်ရဲ့အကြံအစည်တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာပေါ့။"

"သူတို့အားလုံး ရူးနေကြတာ" လိန်ရှင်းနန်မှာ ပြောစရာစကားပင်ရှာမတွေ့တော့။

ကောကန်းကတော့ အခုထိနားမလည်သေး။

"အဲ့ဒါဆိုဘာလို့ သူဌေးလင်ကို ခုနကမဖမ်းခိုင်းခဲ့တာလဲ"

လီနန်ခယ့်ရှင်းပြမလာခင် လိန်ရှင်းနန်က သူမအမြင်ကို ဝင်ပြောလာသည်။

"သူဌေးလင်လို ဉာဏ်ပြေးတဲ့လူမျိုးက သင်္ချိုင်းလူသားကိုအသက်သွင်းခဲ့ပါတယ် ဆိုတဲ့ကိစ္စမျိုးကို လုံးဝဝန်ခံမှာမဟုတ်ဘူး။ သူ့ကိုနှိပ်စက်မေးမြန်းရင်တောင် စကားတစ်လုံးထွက်လာမဲ့လူစားမဟုတ်ဘူး။ နောက်ပြီးအဲ့လူကရူးနေတာ၊ ငါတို့ဘက်က အရမ်းတွန်းအားပေးမိရင် သူဘာဆက်လုပ်မလဲ ဘယ်သူမှမသိနိုင်ဘူး။ သူ့ကိုလွှတ်ပေးလိုက်ရုံကလွဲရင် ဘာမှမတတ်နိုင်ဘူးလေ။"

ယုန်မလေးမုန့်၏ မျက်လုံးလှလှလေးများ လင်းလက်လာသည်။

"ကျွန်မနားလည်ပြီ။ သူဌေးလင်က သင်္ချိုင်းလူသားနဲ့အထိအတွေ့ရှိထားတာဆိုတော့ သူသာဆက်ရှင်သန်ချင်တယ်ဆိုရင် ဟယ့်ချင်းယွီကို ဆယ်ရက်မပြည့်ခင်သတ်မှရမှာမဟုတ်လား"

လိန်ရှင်းနန်က‌ ခေါင်းညိတ်သည်။

"သေချာတာပေါ့။ ဆိုတော့ အခုအချိန်မှာ ဟယ့်ချင်းယွီကို ငါတို့အသည်းအသန်ရှာနေစရာမလိုသေးဘူး"

"တကယ်တော့ သူ့ကိုလွှတ်ပေးလိုက်ရတဲ့ တခြားအကြောင်းရင်းတစ်ခုလည်းရှိသေးတယ်" လီနန်ခယ့်က ခပ်အေးအေးဆိုသည်။

"ကျွန်တော်လည်းအခုထိမသေချာသေးတာ တစ်ခုရှိနေလို့လေ။ ကျွန်တော့်အလိုလိုသိစိတ်ကလည်း ဒီအမှုထဲ ဆက်ဝင်မပါဖို့ သတိပေးနေသလိုပဲ"

"သူဌေးလင်နဲ့ ဆက်မပက်သက်ဖို့ပြောနေတာလား" လိန်ရှင်းနန်က သူ့စကားတွေထဲက အဓိကသော့ချက်ကို ဖမ်းဆုပ်လိုက်နိုင်သည်။

လီနန်ခယ့်ကပြုံးသည်။

"အားနာပါတယ် အရာရှိလိန်။ ကျွန်တော့်တာဝန်က ဒီမှာပဲပြီးဆုံးသွားပါပြီ။ ပြီးဆုံးတယ်ဆိုတာထက်ပိုအောင် စွမ်းဆောင်ပေးခဲ့ပြီးပြီမဟုတ်လား။ ဒီနေရာကနေစပြီး ခင်ဗျားတာဝန်စပါပြီ။"

ထို့နောက် ကောင်းကင်ကိုမော့ကြည့်ကာ သက်ပြင်းချသည်။

"ကျွန်‌တော့်ဇနီးလေးလည်း စောင့်ရတာကြာလှရော‌ပေါ့ဗျာ။ အိမ်မြန်မြန်ပြန်မှဖြစ်မှာပါ"

"ကျွန်မလိုက်ပို့ပေးမယ်"

ထိုအမျိုးသားက ငြင်းဆန်ချင်ဟန်ပြလာသောအခါ လိန်ရှင်းနန်ချက်ချင်းထပ်ပြောလိုက်သည်။

"ကျွန်မလည်း အနှိပ်ခံဖို့လိုနေလို့ပါ"

အနှိပ်ခံဖို့တဲ့လား။

အခန်းထဲရှိလူတိုင်းက သူမကို ထူးထူးဆန်းဆန်းဝိုင်းကြည့်လာကြသည်။

ယုန်မလေးမုန့်က နားကြားမှားမည်ကိုစိုးရိမ်သည့်အလား နားနှစ်ဖက်ကိုအခါခါပွတ်ရင်း လိန်ရှင်းနန်လက်မောင်းကိုပြေးဖက်ကာ ဆိုသည်။

"အစ်မလိန်၊ စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့။ အနှိပ်ခံဖို့လိုရင် ကျွန်မပဲနှိပ်ပေးပါ့မယ်။ အစ်မလိုချင်တဲ့ပုံစံအတိုင်း ကျွန်မအမျိုးမျိုးနှိပ်ပေးနိုင်ပါတယ်"

"သွားစမ်းပါ" လိန်ရှင်းနန် မျက်နှာရှုံ့သွားပြီး အော်ထုတ်လိုက်သည်။

"သူ့အမျိုးသမီးဆီ ဆေးကုသွားမလို့ပြောတာ"

"ဟုတ်ရဲ့လား" ယုန်မလေးမုန့်က သံသယပွားနေဆဲပင်။

လိန်ရှင်းနန်လည်း အချိန်ကုန်ခံပြီး ထပ်ရှင်းပြမနေတော့ဘဲ လီနန်ခယ့်နှင့်အတူ ရုံးတော်အိမ်ရာမှ ထွက်ခွာသွားလေတော့သည်။

...

အိမ်သို့ရောက်သော် လော့ချန်းချိုးကထုံးစံအတိုင်း စားသောက်ပွဲပြင်ဆင်ပြီး လင်‌တော်မောင်ပြန်အလာကို မေးထောက်စောင့်မျှော်နေလေပြီ။

ထမင်းပန်းကန်လုံးနှင့်တူ အပိုတစ်စုံကိုလည်း ပြင်ဆင်ထားသေး၏။

လိန်ရှင်းနန်မှာ ညစာအလကားကြိတ်ဖို့သက်သက် လိုက်လာခဲ့သလိုပင် ခံစားမိရသည်။

ညစာစားပွဲတွင် လီနန်ခယ့်က တစ်နေ့တာဖြစ်ခဲ့သမျှ အမှုအစအဆုံးကို သူ့မိန်းမအား အကုန်ပြန်ဖောက်သည်ချသည်။ လင်ကျောက်ယွဲ့ကိုသတ်ခဲ့သည့်ကိစ္စကိုပင် မချန်မလှပ်။

မူလက လိန်ရှင်းနန်သည် လော့ချင်းချိုးတစ်ယောက် ခင်ပွန်းဖြစ်သူလူသတ်ခဲ့သည်ဆိုသောစကားကြောင့် ထိတ်လန့်တုန်လှုပ်ကာ လင်မယားကြားအဖုအထစ်ဖြစ်မည်စိုးသဖြင့် ဝင်ရောက်ဖြန်ဖြေပေးမည်ပြုသေးည်။

သို့သော် ထူးထူးဆန်းဆန်းပင် ထိုအမျိုးသားက လူသတ်ခဲ့သည့်အကြောင်းကို ဘာမှမဖြစ်ခဲ့သလို ပေါ့ပေါ့ပါးပါးပြောပြနေကာ ဇနီးဖြစ်သူကလည်း အစားပင်မပျက်နားထောင်နိုင်သည်။ သူ့ယောက်ျား မထိမခိုက်ပြန်လာဖို့သာ အရေးကြီးသည့်ဟန်ပင်။

လိန်ရှင်းနန်မှာ ကြိုတင်ပြင်ဆင်ထားသော နှစ်သိမ့်စကားများကို အစာအိမ်ထဲသို့သာ ပြန်မျိုချလိုက်ရသည်။

ဒီနေ့ဖြစ်ခဲ့သမျှကို ပြန်စဥ်းစားကြည့်လိုက်တော့ လိန်ရှင်းနန် တောင်းပန်စကားဆိုသင့်သည်ဟု ခံစားမိသည်။

"တောင်းပန်ပါတယ် သမားတော်လော့ရယ်။ ကျွန်မလည်းအစက လီနန်ခယ့်ကို အကူသက်သက်သာခေါ်ထားတာဆိုပေမဲ့ ဒီလောက်အန္တရာယ်များမိသွားစေပါတယ်"

"ကျွန်မယောက်ျားမယ် သူ့လုပ်ပိုင်ခွင့်ကိုကျောက်ပြီး ရာဇဝတ်သားတွေကိုင်တွယ်နေရတာတော့ တစ်ချိန်ချိန်မှာ အခက်တွေ့စရာရှိလာမှာပဲ။ အရာရှိလိန်ရော ဒီအရေးကို ဘယ်လိုဖြေရှင်းမယ်စိတ်ကူးထားလဲ"

လော့ချန်းချိုးက တစ်ဖက်အမျိုးသမီးကို သူမ၏ ဆောင်းဦးရေပြင်လိုကြည်လင်သောမျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးခွန်းထုတ်သည်။

လိန်ရှင်းနန်က ပြန်လည်ဖြေရှင်းလာသည်။

"ကျွန်မသူ့ကို ညကင်းလှည့်တပ်ဖွဲ့ထဲသွင်းပေးဖို့ စီစဥ်ထားပါတယ်"

"ရှင့်နောက်လိုက်အဖြစ်လား"

"ဒါပေါ့" လိန်ရှင်းနန်ကခေါင်းညိတ်ပြီး တောင့်တောင့်ကြီးဟာသလုပ်သည်။

"ကျွန်မနဲ့အတူဆိုရင် ရှင့်အစား မျက်စိဒေါက်ထောက် စောင့်ကြည့်ပေးထားလို့ရတာပေါ့"

"ယောက်ျားရော ဘယ်လိုတွေးသလဲ" လော့ချန်းချိုးက သူ့အမျိုးသားကိုလှည့်ကြည့်ပြီး မေးလိုက်သည်။

လီနန်ခယ့်က ခဏလောက်စဥ်းစားနေပြီး ကူကယ်ရာမဲ့စွာဖြေလာသည်။

"တခြားဖြေရှင်းစရာနည်းလမ်းလည်း မရှိလောက်တော့ဘူးလားလို့လေ"

"တကယ်လည်း တခြားနည်းမရှိတော့ပါဘူး" လော့ချန်းချိုးက သက်ပြင်းဖွဖွချကာ ဆိုသည်။

"အခုကစပြီး အစ်မလိန်လက်အောက်မှာပဲ အလုပ်လုပ်တော့နော်"

All Chapters