မိန်းကလေးလင်ရဲ့ မဟာအကြံအစည်
Vol. 6 Ch. 51
တိတ်ဆိတ်နေသော အခန်းအတွင်း၌ တစ္ဆေခြောက်သကဲ့သို့ ထူးဆန်းချောက်ချားဖွယ် အငွေ့အသက်များ ဖုံးလွှမ်းနေ၏။
လီနန်ခယ့်သည် မေရှင်းအာ၏ နုနယ်သောလက်ကို ဆုပ်ကိုင်ထားရာမှ လွှတ်မပေးသေး။ အေးစက်နေသောအထိအတွေ့အရ သခင်မကြီး ဘယ်လောက်ကြောက်ရွံ့နေမလဲဆိုတာ ခံစားကြည့်လို့ရသည်ပင်။
"ဟယ့်ချင်းယွီကို အသက်ပြန်ဝင်စေခဲ့တဲ့လူက ခင်ဗျားပဲလေ မေရှင်းအာ"
လီနန်ခယ့်၏အသံက ငြိမ်ဆိမ်သည်။
"ယုတ္တိကျကျဆိုရရင် ဟယ့်ချင်းယွီကိုသတ်ပြီး ခင်ဗျားလည်း စိတ်ပိုင်းဆိုင်ရာ အတော်ထိခိုက်ခံစားခဲ့သင့်တာမဟုတ်လား။ ဒါပေမဲ့ ခင်ဗျားက ဝမ်ယင်းယင်းတို့နဲ့မတူတဲ့တစ်ချက်ရှိတယ်။"
"ဝမ်ယင်းယင်းနဲ့လင်ကျောက်ယွဲ့က ဝမ်ကျင်းအာကို ပေါင်းမဲ့သာပေါင်းနေပေမဲ့ အဲ့လောက်တွယ်တာမနေခဲ့ကြဘူး"
"ဝမ်ယင်းယင်းကတော့ သူငယ်ချင်းကောင်းကို သူ့လက်နဲ့ကိုယ်တိုင်သတ်ပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားခဲ့လို့ မိုးနီအိမ်မက်ထဲက အိမ်မက်ဆိုးဆီကနေ အသတ်ခံလိုက်ရတာ"
"လင်ကျောက်ယွဲ့လည်း အညှာအတာမဲ့တာတော့ဟုတ်ပေမဲ့ ဘာပဲဖြစ်ဖြစ် ငယ်သေးတယ်။ ဒီလိုရက်စက်တဲ့မြင်ကွင်းတစ်ခုကို ကိုယ်တိုင်ကြုံခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိခဲ့တာ မဖြစ်နိုင်ဘူး"
"ဒါကြောင့် အိပ်မက်ဆိုးကို ရှောင်လွှဲလို့မရဘဲ ကြုံတွေ့ခဲ့ရတာပဲ"
"ဒါပေမဲ့ ရောက်လာမဲ့အန္တရာယ်ကို ကြိုမြင်ပြီး သူ့ကိုယ်သူကာကွယ်ထားဖို့အထိတော့ အသိဉာဏ်ရှိခဲ့တာပေါ့"
"ဒါပေမဲ့ မေရှင်းအာ၊ ခင်ဗျားကရော ဘာလို့အိပ်မက်ဆိုးဒဏ်မခံခဲ့ရတာလဲ"
ထိုမေးခွန်းတွင် မေရှင်းအာ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်လာကာ ဝိညာဥ်ကင်းမဲ့သွားသည့်အလား ကြောင်စီစီမျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်။
လီနန်ခယ့်က သူမအစားဝင်ဖြေပေးလိုက်သည်။
"ဘာကြောင့်လဲဆိုတော့ ဟယ့်ချင်းယွီက ခင်ဗျားနင့်နင့်သည်းသည်းချစ်ခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေလို့လေ။ လင်ကျောက်ယွဲ့အတွက်သာမဟုတ်ရင် ချစ်သူနဲ့အတူ လိုက်သေချင်ခဲ့တယ်မဟုတ်လား"
"ဒီလိုချစ်သူကို သတ်ပါသတ်လိုက်ရတဲ့အတွက် အပြစ်မကင်းစိတ်နဲ့ နာကျင်ရမယ်၊ နောင်တရမိမယ်... ဒါပေမဲ့ ကြောက်စိတ်တော့ဝင်လာစရာအကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလူက ခင်ဗျားအချစ်ဆုံးယောက်ျားဖြစ်နေလို့လေ"
"မင်းဘာတွေပဲလုပ်ခဲ့ပါစေ၊ သူကတော့ခင်ဗျားကိုအပြစ်မြင်မှာမဟုတ်တာ သေချာနေတာကိုး"
"ခင်ဗျားသမီး မင်းသားငယ်ကိုလက်ထပ်ပြီး တော်ဝင်မျိုးနွယ်ထဲဝင်သွားပြီးတဲ့အခါကျ ခင်ဗျားလည်း ဟယ့်ချင်းယွီနောက်လိုက်သွားဖို့ပါ စီစဥ်ထားလိမ့်မယ်လို့ ကျွန်တော်ပြောရဲတယ်"
"သတ်သေဖို့ပါတွေးထားပြီးတဲ့ လူတစ်ယောက်ကို အိပ်မက်ဆိုးက ဘယ်လိုလာနှောင့်ယှက်နိုင်တော့မှာလဲ"
ထိုစကားအဆုံးတွင် မေရှင်းအာသည် ကိုယ်တွင်းအင်္ဂါများပင် ထွက်ကျတော့မည့်အလား သည်းထန်စွာ ရှိုက်ငင်ငိုကြွေးပြန်လေသည်။
ထိုအရာမှာ သူမဘဝ၏ အနာကျင်ရဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်မဟုတ်လော။
အရာအားလုံး အိပ်မက်တစ်ခုသာဖြစ်သွားဖို့အထိ သူမဆုတောင်းနေဆဲပါပေ။
လီနန်ခယ့်က စာနာသနားခြင်းကင်းသောမျက်လုံးများဖြင့် သူမကိုကြည့်သည်။
"အခုကျွန်တော်မေးတာကိုဖြေ။ ခင်ဗျား ဟယ့်ချင်းယွီကို ရည်ရွယ်ချက်ရှိရှိ အသက်ပြန်သွင်းခဲ့တာလား။ ဒါမှမဟုတ် မတော်တဆလား"
အမျိုးသမီးသည် အတော်ကြာအောင်ငိုကြွေးနေပြီးမှ ပြန်ဖြေလာ၏။
"ရှင်ပြောတာမှန်ပါတယ်။ ချင်းယွီကိုသတ်ပြီးနောက်မှာ ကျွန်မဘဝကိုအဆုံးသတ်ဖို့အထိ အတွေးရှိခဲ့ပါတယ်။ ကျွန်မသူ့ကို ဒီလောက်ထိမတရားဖိနှိပ်ခဲ့ပြီးတဲ့နောက် ဒီဘဝမှာဘယ်လိုစိတ်နဲ့ဆက်ရှင်သန်ရမှာလဲ။ သူနဲ့အတူလိုက်သွားလိုက်တာပဲ ပိုမကောင်းဘူးလား"
"ဒါပေမဲ့ ကျွန်မမှာ ကြည့်ရှုစောင့်ရှောက်ရမဲ့သမီးငယ်ရှိသေးတယ်။ အရာအားလုံး ပြီးဆုံးသွားတဲ့အချိန် ယွဲ့အာတစ်ယောက် ဘာမှထပ်အရူးမထတော့ဘဲ တော်ဝင်လက်ထပ်ပွဲကိုသာ ငြိမ်ငြိမ်လေးစောင့်နေဖို့ကိုသာ ကျွန်မမျှော်လင့်ခဲ့တာပါ"
"ချင်းယွီကိုသတ်ပြီး ကျွန်မတစ်ညမှ ငြိမ်းငြိမ်းချမ်းချမ်းမအိပ်နိုင်ခဲ့ဘူး။ မျက်လုံးတွေကိုမှိတ်လိုက်တာနဲ့ သူ့မျက်နှာကအရင်ဆုံးပေါ်လာတယ်လေ"
"ကျွန်မတို့ရဲ့ အတိတ်တွေကို ပြန်အောက်မေ့မိပြီး သူ့ဝိညာဉ်က ကျွန်မနားမှာရှိနေမလား၊ ကျွန်မကို ဝိညာဉ်လောကဆီအတူခေါ်သွားဖို့ စောင့်နေမလားလို့ တွေးမိတယ်။"
"ရှစ်လပိုင်း ခြောက်ရက်နေ့ညကပေါ့။ ကျွန်မ အိပ်လို့လည်းမပျော်နိုင်ဘူး။ နှလုံးကလည်း တဒိတ်ဒိတ်နဲ့ တုန်ယင်နေတာကြောင့် စိတ်ငြိမ်သွားမလားဆိုပြီး မိုးနီခရုဆေးလုံးနည်းနည်းကို လက်ဖက်ရည်ထဲ ထည့်သောက်မိတယ်။ အရာရှိလိန်၊ ညကင်းလှည့်အဖွဲ့က အရာရှိတစ်ယောက်အနေနဲ့ မိုးနီနဲ့ရောထားတဲ့ဆေးတွေကို လူတွေ ဘယ်လောက်တောင်ခိုးသောက်နေသေးလဲဆိုတာ ရှင်သိပါသလား"
မေရှင်းအာက မျက်ရည်ပြည့်နေသောမျက်လုံးများဖြင့် လိန်ရှင်းနန်ကို လှမ်းကြည့်လာသည်။
လိန်ရှင်းနန်က အေးစက်စက်မျက်နှာထားဖြင့်သာ စကားမပြန်ဘဲငြိမ်နေသည်။ ထိုမေးခွန်းကို သူမ ဖြေလို့လည်းမရနိုင်သလို ဖြေဖို့လည်း မဝံ့ရဲနေ။
မိုးနီရေဆိုသည်မှာ အစပထမကတည်းက လူတိုင်းအတွက် အံ့ဖွယ်ဆေးကောင်းတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည်။
သုံးစွဲမှုပမာဏကိုသာ ထိန်းညှိနိုင်လျှင် မိုးနီသည်အမှန်တကယ်ပင် လူသားတို့၏ခန္ဓာကိုယ်ကို အကျိုးပြုကုစားပေးနိုင်သည်ပင်။
သို့သော် သုံးစွဲသူတိုင်းကို ထိရောက်မှုတပြေးညီတည်း သတ်မှတ်လို့မရ။ ဒီလူက ဒီလောက်သုံးလို့ဘေးကင်းပေသည့် ဟိုလူကတော့ ဘေးကင်းပါ့မလား မည်သူမျှအာမမခံနိုင်။
ထိုအချိန်တုန်းက နန်းတွင်းညီလာခံတွင် မိုးနီကို ပြည်သူများအတွက် အကျိုးရှိစေမည့်ဆေးဝါးတစ်လက်အဖြစ် စမ်းသပ်ပြောင်းလဲပြီး ကန့်သတ်ချက်ဖြင့်အသုံးပြုစေဖို့ အကြံပြုခဲ့သည့်မှူးမတ်များ ရှိခဲ့ကြသည်။
သို့သော် ထိုအကြံပြုချက်များအားလုံး ပယ်ချခံရသည်သာ။
အဘယ့်ကြောင့်ဆိုသော် ထိုတံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်ရုံမျှဖြင့် အန္တရာယ်ဘယ်လောက်များများ အလုံးအရင်းဝင်လာနိုင်မလဲဆိုတာ ဘယ်သူမှကြိုမသိနိုင်ကြ။
ဘယ်တစ်ခုကိုပဲရွေးချယ်ပါစေ ရလဒ်ကတော့ နှစ်ဖက်ချွန်ဓားသွားကဲ့သို့။
နည်းလမ်းတကျ အသုံးပြုလို့မရနိုင်မှတော့ ဖျောက်ဖျက်ပစ်ဖို့သာရှိတော့သည်။
ဤသိုဖြင့် နန်းတော်ခုံရုံးမှ အသေအချာစဥ်းစားဆုံးဖြတ်ပြီးနောက် မိုးနီရေကို ပိတ်ပင်ဖျောက်ဖျက်ဖို့သာ ဆုံးဖြတ်ခဲ့လိုက်ကြသည်။
သို့သော် မှောင်ခိုရောင်းဝယ်ဖောက်ကားမှုများကတော့ ရှိနေကြဆဲ။
နောက်ဆုံးတော့လည်း အံ့ဖွယ်ဆေးကောင်းကို မည်သူလွန်ဆန်နိုင်မည်နည်း။
သံမဏိတို့ စစ်ဆေးဖျက်သိမ်းခဲ့သည့် ဆေးဆိုင်များတွင်လည်း စစ်မေးချက်များအရ မိုးနီဆေးဝါး လာရောက်ဝယ်ယူသူ ခုနှစ်ဆယ် ရှစ်ဆယ်ထက်မနည်း ရှိခဲ့ဖူးသည်ဟု ဝန်ခံကြသည်။
အဘိုးချင်ကလွဲလျှင် ကျန်သောက်သုံးသူများတွင် ဘာပြဿနာမှရှိမလာခဲ့။
ဘာကြောင့်ပါလဲ။
အဘယ်ကြောင့်ဆိုသော် လူဆိုသည့်အမျိုးမှာ သေမှာကိုလည်းကြောက်တတ်သေးသဖြင့် မိုးနီဆေးဝါးကို အလွန်အကျွံသုံးစွဲဖို့ထိ လက်မရဲကြ။ ဆေးဆိုင်များကလည်း လိုသည်ထက်ပို၍ မရောင်းချရဲပါ။
သို့သော် လက်ရှိအချိန်တွင် ဘာပြဿနာမှမရှိရုံဖြင့် အနာဂတ်တွင်လည်း ဘာပြဿနာမှရှိမလာနိုင်ဟု တစ်ထစ်ချတွေးလို့မရသည်လေ။
အဘိုးချင်သည် အကောင်းဆုံးဥပမာပေးပင်။
"အဲ့ဒီတုန်းက ကျွန်မလည်းအရမ်းပင်ပန်းနေတာနဲ့ မိုးနီခရုဆေးကို သုံးနေကျထက်နည်းနည်းပိုထည့်လိုက်မိရာက မိုးနီအိပ်မက်ကမ္ဘာထဲချင်းယွီကို အသက်ပြန်ဝင်မိစေခဲ့တာပါပဲ"
မေရှင်းအာ၏ မျက်နှာထားမှာ ခါးသက်ညှိုးနွမ်းနေခဲ့သည်။
"အစကတော့ ကျွန်မလည်းမသိခဲ့ဘူး။ ယွဲ့အာက သတင်းအရင်ကြားပြီး ကျွန်မကို စိတ်ဆိုးမာန်ဆိုးနဲ့ လာမေးခဲ့မှသိရတာ"
"ချင်းယွီကို အသက်ပြန်သွင်းနိုင်မဲ့သူ ကျွန်မပဲရှိတယ်ဆိုတာ သူသိတယ်လေ။ သူကဆို ကျွန်မချင်းယွီအပေါ် စိတ်မကုန်သေးလို့ တမင်အသက်ပြန်သွင်းတာလားလို့တောင် စွပ်စွဲခဲ့သေးတာ။ ဒါပေမဲ့ ကျွန်မတကယ်ကို တမင်မရည်ရွယ်ရပါဘူး"
"နောက်ပြီး ပြန်နိုးလာတဲ့ချင်းယွီ ဘယ်ကိုသွားမယ်မှန်းလည်း ကျွန်မမသိပါဘူး။ ဒါပေမဲ့ သူ့အကြောင်းသိသလောက်တော့ ကျွန်မတို့ကိုထပ်မမြင်ချင်လို့ တစ်နေရာရာမှာသွားပုန်းနေလောက်မယ်ထင်တယ်"
"ဒါဆို ရှင့်ဘက်က မတော်တဆအသက်ပြန်သွင်းခဲ့မိတာပေါ့"
လိန်ရှင်းနန်၏မျက်ခုံးသွယ်သွယ်များက တင်းကျုံ့နေခဲ့သည်။
ကံကြမ္မာသည် လင်ကျောက်ယွဲ့၏နတ်ဆိုးအစီအစဥ်ကို ရသမျှနည်းဖြင့် ကာကွယ်တားဆီးဖို့ ကြိုးစားခဲ့ဟန်ပင်။
လီနန်ခယ့်လည်း တစ်ခဏမျှငြိမ်သက်နေပြီးမှ ဝင်ပြောလာသည်။
"ဟယ့်ချင်းယွီရဲ့ ပြန်လည်နိုးထမှုက လင်ကျောက်ယွဲ့အစီအစဥ်တွေအားလုံးကို ဖျက်ဆီးလိုက်တာပဲ"
"ဟယ့်ချင်းယွီကို အသက်ပြန်သွင်းတဲ့သူကလည်း သူ့အမေပဲလို့ ချက်ချင်းနားလည်လိုက်ပြီး တမင်တောင်ဖွက်ထားပေးလောက်တယ်လို့ တွေးမိမှာပဲ။ ဒီသမီးက အဖေရင်းကိုလည်းကိုယ်တိုင်မသတ်နိုင်ဘူးလို့ ပြောမှမရတာ"
"အဲ့ဒီအချိန်မှာ လင်ကျောက်ယွဲ့တစ်ယောက် မိခင်ရင်းကိုပါပြန်သတ်ဖို့ စိတ်ကူးစဝင်လာတော့တယ်"
"လူတစ်ယောက်ဟာ ချောက်ကမ်းပါးထဲကို ခြေစလှမ်းမိတာနဲ့ နောက်ပြန်လှည့်စရာလမ်းမရှိတော့ဘူး"
"သူငယ်ချင်းကောင်းနှစ်ယောက်နဲ့ ဟယ့်ချင်းယွီကို အပြတ်ရှင်းလိုက်အပြီး လင်ကျောက်ယွဲ့ရဲ့နှလုံးသားဟာလည်း အကောင်းအတိုင်းကျန်ရစ်တော့မှာမဟုတ်ဘူး"
"ပြိုလဲမှုတွေနဲ့ အပြစ်မကင်းစိတ်တွေက နောက်ဆုံးတော့ စိတ်စွဲလမ်းမှုတစ်ခုအဖြစ် ပြောင်းလဲသွားစေတာ"
"ဘာကြောင့်လဲဆိုတော့ သူ့မျက်လုံးထဲမှာ အမေဖြစ်သူက သူ့အစီအစဥ်တွေကိုဝင်ရှုပ်ဖို့ကလွဲ တခြားဘာမှအသုံးမဝင်တဲ့ အရှုပ်ထုပ်သက်သက်ဖြစ်နေတာပဲ။ စိတ်နုတယ်၊ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ဘူး။ သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုးတစ်ခုထက်မပိုဘူး"
"ဒါပေမဲ့ သူ့ကိုအလိုလိုက်ချစ်မြတ်နိုးခဲ့တဲ့ အမေအရင်းဖြစ်တာကြောင့် လင်ကျောက်ယွဲ့စိတ်ထဲ ရုန်းရင်းဆန်ခတ်တွေအများကြီး ဖြစ်ခဲ့ဦးမှာပဲ"
"ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်တော်တို့လည်းရောက်လာတဲ့အခါ ကိစ္စတွေက သူ့လက်ထဲကနေလွတ်ထွက်ကုန်ပြီဆိုတာကို သူလည်းခံစားမိလိမ့်မယ်။ ဒီ့ထက်ပိုပြီးတွန့်ဆုတ်နေရင်း ကြိုးစားအားထုတ်ထားသမျှ ရေစုန်မျောသွားမဲ့ကိန်းဆိုက်နေပြီ"
"ဒါကြောင့် နောက်ဆုံးဝှက်ဖဲကိုထုတ်သုံးဖို့ စွန့်စားလိုက်တာပေါ့"
လီနန်ခယ့်က ထိုနေရာတွင် တမင်တကာရပ်လိုက်သည်။
အမှန်တော့ လူတိုင်းကို စဥ်းစားဖို့အချိန်ပေးလိုက်ခြင်းသာ။
ထို့နောက် လက်ဖက်ရည်ခွက်လွတ်ကို ရှန်းအာဆီကမ်းပေးကာ နောက်တစ်ခွက်ထပ်ငှဲ့ပေးဖို့အချက်ပြသည်။ သို့သော် လိန်ရှင်းနန်ကကြားဖြတ်ယူပြီး လီနန်ခယ့်အတွက် ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်ငှဲ့ပေးလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး သံမဏိတို့တသိုက်မှာ အတော်လေးအောင့်သက်သက်ဖြစ်သွားကြသည်။
လီနန်ခယ့်ကတော့ ဘာအတွေးမှမဝင်မိဘဲ ဗိုက်ဆာသလိုရှိလာသောကြောင့် စားပွဲပေါ်ထိုင်နေသော ယုန်မလေးမုန့်ဆီ ထသွားလိုက်သည်။
ထို့နောက် ပိုင်ရှင်ဆီကပင်ခွင့်မတောင်းဘဲ မိန်းကလေး၏ စကတ်အောက်အတွင်းအိတ်ထဲထည့်ထားသော မုန်လာဥနီတစ်လုံးကိုနှိုက်ယူကာ ကိုက်စားလေသည်။
အတော်ချိုလှချည်ကလား။
ယုန်မလေးမုန့်မှာတော့ မျက်နှာရဲတက်ကာ မျက်လုံးပြူးပြူးလေးများဖြင့်ပြန်ကြည့်နေပြီး မကျေမနပ်ထအော်တော့မည်အပြု လိန်ရှင်းနန်နှင့်အကြည့်ချင်းဆုံသွားသောကြောင့် နှုတ်ခမ်းစူလျက်သာ ပြန်ငြိမ်နေလိုက်ရတော့သည်။
လီနန်ခယ့်လည်း သူစည်းကျော်သွားမှန်းသတိထားမိလိုက်သဖြင့် မုန်လာဥနီကိုပြန်ပေးကာ အားနာပြုံးလေးပြုံးပြလိုက်သည်။
"အဟမ်း ဒါဆို ဆက်ပြောကြတာပေါ့"