မင်းဘယ်ကိုမှ ထွက်ပြေးလို့မရပါဘူး
Vol. 6 Ch. 52
ယုန်မလေး၏ လူသတ်တော့မလိုအကြည့်များကို လျစ်လျူရှုပြီး လီနန်ခယ့် ခါးကိုမတ်ကာ စကားဆက်ပြောဖို့လုပ်သည်။
"လင်ကျောက်ယွဲ့ရဲ့ နောက်ဆုံးအစီအစဥ်ကတော့ မိစ္ဆာသတ္တဝါပဲ"
"တုန်းချီအနီး တိမ်တိုက်မြို့တော်ထဲမှာ မိစ္ဆာသတ္တဝါတွေလွတ်နေတယ်လို့ ပြောခဲ့ဖူးတယ်မဟုတ်လား။ သူတို့ကိုသာ ညကင်းလှည့်တပ်ဖွဲ့ကဖမ်းမိသွားရင် လင်ကျောက်ယွဲ့တို့နောက်လိုက်ခဲ့တဲ့ အဲ့ဒီမိစ္ဆာဆိုတာ တိမ်တိုက်မြို့တော်ကအကောင်တွေမဟုတ်မှန်း သိသွားကြမှာပဲ"
"တိမ်တိုက်မြို့တော်က မိစ္ဆာတွေကို ဆွဲထည့်လို့မရရင် ဒီမြို့မှာပဲ မိစ္ဆာတစ်ကောင်ပေါ်လာအောင် ဖန်တီးမှရမယ်"
"ဒီကိစ္စကလည်း သေးသေးမွှားမွှားမဟုတ်ပေဘူး"
"မိစ္ဆာတိုက်ခိုက်မှုရှိခဲ့တယ် ဆိုကတည်းက ညကင်းလှည့်တပ်ဖွဲ့က လူအင်အားထပ်ဖြည့်ပြီး နေရာတကာမှာ ရှာဖွေကြတော့မှာပဲ"
"ဒါပေမဲ့ အချိန်အတော်ကြာရှာပြီးတဲ့အထိ ဘာကောင်မှ အရိပ်အယောင်မတွေ့ရရင် ညကင်းလှည့်တပ်ဖွဲ့လည်း လင်ကျောက်ယွဲ့စကားကို စပြီးသံသယဝင်လာတော့မှာပဲလေ"
လူတိုင်းလည်း ထိုအချက်ကို စိတ်ထဲမှထောက်ခံလိုက်ကြသည်။
လီနန်ခယ့်က လက်ဖျောက်တစ်ချက်တီးကာ ဆက်သည်။
"ဒီတော့ လင်ကျောက်ယွဲ့လည်း မိစ္ဆာတစ်ကောင်ဖန်တီးဖို့ကလွဲ တခြားအကြံမရှိတော့ဘူး"
"တွေ့ကရာလူကို မိစ္ဆာအသွင်ပြောင်းလိုက်လို့လည်းမရဘူး။ ဝမ်ကျင်းအာတို့နဲ့ ရန်ငြှိုးရန်စရှိဖူးတဲ့လူ လင်အိမ်တော်နဲ့ အနှောင့်အသွားမလွတ်တဲ့သူဖြစ်ရမယ်လေ"
"သေချာပေါက် အဘိုးချင်ပဲပေါ့"
"အဘိုးချင်ရဲ့နေအိမ်ဟာ အိမ်နီးနားချင်းမရှိတဲ့ ပျက်စီးနေတဲ့ အိမ်အိုကြီးဖြစ်ပြီး သူက ခြေထောက်ဒဏ်ရာကြောင့်လည်း အပြင်မထွက်နိုင်ဘူး။ ဘယ်သူမှ သူ့ကို သတိထားမိမှာ မဟုတ်ဘူး။"
"ဒါ့အပြင် အဘိုးချင်ရဲ့အိမ်အိုကနေ လင်အိမ်တော်ကိုသွားတဲ့ ဖြတ်လမ်းတစ်ခုရှိနေတော့ လင်ကျောင်ယွဲ့က သူ့ကို တစ်နေကုန်စောင့်ကြည့်နေလို့ ရတာပေါ့။"
လီနန်ခယ့် ပြောရင်း မေရှင်းအာကိုစိုက်ကြည့်လိုက်သည်။
"ကျွန်တော်တို့ထွက်သွားပြီး နောက်တစ်နေ့မှာ လင်ကျောင်ယွဲ့ကခင်ဗျားကို အရက်အိုးတစ်လုံးပေးပြီး အဘိုးချင်ဆီသွားခိုင်းခဲ့တယ်မဟုတ်လား"
မေရှင်းအာက အကျပ်ရိုက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်"
"အဲ့ဒီအရက်အိုးထဲမှာ မိုးနီခရုတွေ အများကြီးရောထားတယ်နော်"
"...ဟုတ်ပါတယ်"
အမျိုးသမီး၏မျက်နှာပေါ်တွင် မျက်ရည်စများဖုံးလွှမ်းနေကာ နာကျင်စွာဝန်ခံရလေသည်။
"ဒီတစ်ခေါက်က နောက်ဆုံးအကြိမ်ပဲလို့ ယွဲ့အာကကျွန်မကိုကတိပေးပါတယ်။ နောက်ဆိုရင် သူဘယ်သူ့ကိုမှ ထပ်ပြီးမထိခိုက်စေရတော့ပါဘူးတဲ့"
လီနန်ခယ့်က ခနဲ့တဲ့တဲ့ပြုံးသည်။
"အဘိုးချင်က လင်ကျောင်ယွဲ့တို့အပေါ်မှာရော၊ လင်အိမ်တော်အပေါ်မှာရော နာကျည်းချက်တွေ ရှိခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ သူဌေးကြီးလင်ပြောသလိုပဲ၊ ဒီနာကျည်းချက်က သူ့ကို လူသတ်သမားဖြစ်လာစေတဲ့အထိ မဆိုးရွားနိုင်ပါဘူး"
"အဘိုးချင်ဟာ သိက္ခာရှိတဲ့သူ တစ်ယောက်ပါ။ အဲဒီတုန်းက လင်အိမ်တော်နဲ့ ဝမ်အိမ်တော်က သူ့ကို အနှောင့်အယှက်မပေးတော့ဖို့အတွက် ငွေတွေအများကြီးပေးခဲ့ပေမဲ့ သူကယတိပြတ်ငြင်းပယ်ခဲ့တယ်။ သူက သူ့သိက္ခာကိုပဲ ပြန်လိုချင်ခဲ့တာမဟုတ်လား"
"ဒီလိုလူက သူ့ကိုယ်သူ မိစ္ဆာတစ်ကောင်တော့ လုံးဝအဖြစ်ခံမှာမဟုတ်ဘူး"
"ဗီဇပြောင်း မိစ္ဆာတစ်ကောင်ဖြစ်လာဖို့အတွက် မိုးနီပါတဲ့ဆေးဝါးတွေ ပမာဏအများကြီးစားဖို့လိုတာ လူတိုင်းသိတယ်လေ"
"အဘိုးချင် ဘယ်လောက်ပဲတုံးအရူးမိုက်နေပါစေ မိုးနီခရုဆေးတွေကိုတော့ အလွန်အကျွံသောက်ရလောက်တဲ့အထိ မအဘူး"
"လူတိုင်းမှာ အားနည်းချက်ဆိုတာရှိတာပဲ"
"သူဌေးကြီးလင်ပြောခဲ့ဖူးသလို အဘိုးချင်ရဲ့ တစ်ခုတည်းသောအားနည်းချက်က သေရည်ပဲ"
"မေရှင်းအာက သေရည်အိုးကိုယူပြီး တောင်းပန်ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်ကိုလာတယ်။ အဘိုးချင်က လင်အိမ်တော်ကို ခွင့်မလွှတ်နိုင်သလို တရားမျှတမှုကိုလည်း ဆက်ရှာဖွေဦးမယ်ဆိုပေမဲ့ အဲဒီအရက်အိုးကိုတော့ လက်ခံလိုက်မိတာ မှားတာပဲ။
"သခင်မကြီးက လင်အိမ်တော်မှာ နာမည်ပျက်မရှိတဲ့မိန်းမကောင်းဆိုတော့ အဘိုးချင်က သူ့ကိုအလွန်လေးစားတယ်။ ဒီလိုအမျိုးသမီးက သေရည်အိုးပါလက်ဆောင်ယူလာပြီး တောင်းပန်နေတာကို ငြင်းပယ်လိုက်ရင် သူ့ဘက်ကလွန်ရာကျမယ်လေ"
"ဒီတော့ သခင်မကြီးပြန်သွားပြီးတဲ့နောက် သေရည်ကို စိတ်ချလက်ချပဲ သောက်သုံးမိတာပေါ့"
"သူသောက်လိုက်တဲ့သေရည်ဟာ မိုးနီရေတွေအများကြီးရောပါနေတဲ့အတွက် မိစ္ဆာတစ်ကောင်အဖြစ် ဗီဇပြောင်းပြီးတဲ့နောက်မှာ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့ခဲ့တာပဲ"
"ဒီလိုဖြစ်သွားတာကိုး"
လိန်ရှင်းနန်က သူ့ခေါင်းသူရိုက်လိုက်သည်။
"တစ်ခုခုတော့လွဲနေပါတယ်လို့ ထင်ခဲ့သားပဲ။ ငါကိုကတုံးနေတာ"
လီနန်ခယ့်က စကားဆက်သည်။
"အဘိုးချင်က မိစ္ဆာအဖြစ်ပြောင်းလဲသွားပြီး လင်အိမ်တော်ကို ရောက်လာခဲ့တယ်၊ ကျွန်တော်တို့နဲ့လည်း ထိပ်တိုက်တွေ့ခဲ့တယ်။ အဲဒီအချိန်မှာ လင်ကျောင်ယွဲ့က အဘိုးချင်ကို သူတို့ချူဟုန်တောင်မှာ တွေ့ခဲ့တဲ့မိစ္ဆာအဖြစ် သတ်မှတ်စွပ်စွဲခဲ့လိုက်တယ်"
"ဒါပေမဲ့ ကျွန်တော်တို့ အရှုပ်ထုပ်တွေကိုရှင်းနေတုန်းမှာ မိန်းကလေးလင် ဘယ်ပျောက်သွားလဲ"
"ဆိုင်ယွင်နဲ့ဆိုင်ယွဲ့က သူ့နားအနီးကပ်စောင့်ရှောက်နေရမှာဆိုပေမဲ့ လိန်ရှင်းနန်ဒဏ်ရာရသွားတော့ မိန်းကလေးနှစ်ယောက်လည်း အပြေးသွားကြည့်ရင်း လင်ကျောက်ယွဲ့က လင်အိမ်တော်ကခိုးထွက်ဖို့ အခွင့်အရေးရသွားခဲ့တယ်"
"ဒီတော့ ဖြတ်လမ်းကနေအမြန်သွားပြီး အဘိုးချင်ရဲ့အိမ်က သေရည်အိုးရော အိုးဖုံးတဲ့အဝတ်စကိုပါ ပြန်ယူလာခဲ့လိုက်တယ်"
"ဒါပေမဲ့ တစ်ခုကိုတော့ယူဖို့မေ့သွားခဲ့တာပဲ"
လီနန်ခယ့်က လျှော်ကြိုးလေးတစ်ကြိုးကို ဆွဲထုတ်လိုက်သည်။
အဘိုးချင်၏ အိမ်တံခါးခုံအောက်တွင် သူတွေ့ခဲ့သော သေရည်အိုးပိတ်လျှော်ကြိုးလေးပင်။
"မေ့ကျန်သွားခဲ့တာလား သေချာရှာဖို့အချိန်မရှိတော့တာလားတော့ မသိဘူးပေါ့"
လီနန်ခယ့်က ပြုံးသည်။
"တကယ်တော့ မိန်းကလေးရဲ့သတ္တိကို ကျွန်တော်လည်းနည်းနည်းတော့အထင်ကြီးမိတယ်။ မိစ္ဆာအဘိုးချင်သာ ရုတ်တရတ်အိမ်ပြန်ရောက်လာရင် သူလည်း အဲ့နေရာမှာတင် အဆုံးသတ်သွားမှာမဟုတ်လား"
"နောက်ဆုံးတော့လည်း ကံတရားက သူ့ဘက်ကပါပဲ"
"ကျွန်တော်တို့ကို အတွေးမှားအောင်လုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အသားခြောက်တွေနဲ့ မှိုတက်နေတဲ့ ကန်စွန်းဥတွေကိုတောင် မြေပြင်ပေါ်မှာ တမင်ပစ်ချထားခဲ့သေးတယ်။
"ကဲ ဒီအတိုင်းဆို နောက်ဆုံးအစီအစဥ်လည်း ပြီးမြောက်အောင်မြင်သွားပြီပေါ့"
"တကယ်တော့ ကျွန်တော်တို့သာရောက်မလာခဲ့ရင် သူလည်းအေးအေးဆေးဆေးနဲ့ အရာအားလုံးကို အပြီးသတ်ကန့်လန့်ကာချနိုင်မှာပဲ။ အခုတော့ သူလည်းအလောတကြီးဖြစ်သွားခဲ့ရတာကိုး"
"ကျွန်တော်တစ်ခုပြောချင်သေးတာက လင်ကျောက်ယွဲ့ရဲ့ ဒီအစီအစဥ်ကိုလုပ်ရတဲ့ နောက်ရည်ရွယ်ချက်တစ်ခုက သခင်မကြီးကိုသတ်ဖို့ပါပဲ"
ထိုစကားအဆုံးတွင် အခန်းထဲရှိလူတိုင်း နှလုံးသားများ ကမောက်ကမဖြစ်သွားရလို ခံစားလိုက်ရ၏။
မေရှင်းအာတစ်ယောက်ကတော့ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိလေပြီ။
လီနန်ခယ့်ဘက်က လင်ကျောက်ယွဲ့ သူမကိုပါသတ်ဖို့ အကြံအစည်ရှိလောက်သည်ဟု ပြောခဲ့ဖူးသော်လည်း ထိုအရာမှာ ခန့်မှန်းချက်တစ်ခုထက်မပိုခဲ့။
သို့သော် ယခုတော့ ထိုမိန်းကလေးသည် သွေးအေးရက်စက်စွာပင် မိခင်ရင်းကိုသတ်ဖြတ်ဖို့ အစီအစဥ်ကို အကောင်အထည်ဖော်ခဲ့ပြီဖြစ်၏။
နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။
မိန်းကလေးသည် စိတ်ရောကိုယ်ပါ အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားခဲ့ပြီဖြစ်၏။
"အဘိုးချင်က မိစ္ဆာအဖြစ်ပြောင်းလဲသွားပြီးတဲ့နောက် ကြမ်းတမ်းသွေးဆာနေတဲ့အချိန်မှာ နောက်ဆုံးလက်ကျန်အသိစိတ်က သူဒီလိုဖြစ်သွားရတာဟာ အဲ့ဒီသေရည်အိုးကြောင့်ပဲလို့ ပြောပြနေခဲ့မှာပဲ။"
"ဒီသေရည်အိုးကို ဘယ်သူယူလာပေးခဲ့တာလဲ"
"လင်အိမ်တော်သခင်မပဲလေ"
"သူအမြဲ လေးစားရိုကျိုးခဲ့ရတဲ့ အဲ့ဒီ စိတ်ကောင်းနှလုံးကောင်းပိုင်ရှင် လင်အိမ်တော်သခင်မ"
"ဒီလိုနဲ့ မိစ္ဆာရဲ့ နာကျည်းချက်အားလုံးက သခင်မကြီးဆီကိုပဲ ဦးတည်သွားခဲ့တာပဲ"
"ဒါဟာ လင်ကျောင်ယွဲ့က အမေဖြစ်သူကို သေရည်အိုး ကိုယ်တိုင်သွားပေးခိုင်းရတဲ့ အကြောင်းရင်းပဲ။ သခင်မကြီးကို ထွက်ပြေးလို့မရအောင် လက်ဖက်ရည်ထဲမှာ သေရည်သောက်နတ်မိမယ်ဆေးကို တမင်ထည့်ထားပြီး မိစ္ဆာအဘိုးချင် လက်စားလာချေမဲ့အချိန်ကို စောင့်နေခဲ့တာ"
"ရှန်းအာက လင်ကျောက်ယွဲနဲ့သခင်မကြီး အဲ့ဒီမနက်မှာ စကားများခဲ့ကြသေးတယ်လို့ပြောတယ်။ နောက်တော့ သခင်မကြီးက နေမကောင်းလို့ အိပ်ရာထဲဝင်ခွေနေခဲ့သတဲ့"
"သူတို့ဘာကြောင့် စကားများခဲ့ကြတာလဲ"
"ဘာကြောင့်လဲဆိုတော့ လင်ကျောက်ယွဲ့က အမေဖြစ်သူကို နောက်ဆုံးအခွင့်အရေး ပေးလိုက်ချင်သေးလို့လေ"
"သူ့အမေက ဟယ့်ချင်းယွီကိုဖွက်ထားတယ်အထင်နဲ့ သူ့ကိုလက်လွှဲပေးဖို့ပြောပေမဲ့ အမေဖြစ်သူက မသိဘူးငြင်းတဲ့အခါ ဆက်ပြီးညှာတာနေချင်စိတ် မရှိတော့တာပေါ့"
"လင်ကျောက်ယွဲ့လည်း သခင်မကြီး လျှို့ဝှက်အခန်းထဲဝင်ပုန်းပြီး အသက်ရှင်ကျန်နေလိမ့်ဦးမယ်လို့ ထင်မထားခဲ့လောက်ဘူး"
"တကယ်ပဲ လူသားတွေရဲ့အကြံအစည်က ကောင်းကင်ဘုံဆန္ဒကို မလွန်ဆန်နိုင်ပါဘူး"
"ဒီလိုနဲ့ပဲ လင်ကျောက်ယွဲ့ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အကြံအစည်ကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားခဲ့ရတာပါပဲ"
လီနန်ခယ့်က စကားကိုအဆုံးသတ်ပြီး သက်ပြင်းရှည်ကြီးတစ်ခုချလိုက်သည်။
လင်ကျောက်ယွဲ့ လင်ကျောက်ယွဲ့...
ငါနဲ့တွေ့ခဲ့တာက မင်းဘဝရဲ့ အကြီးမားဆုံး ကံဆိုးမှုကြီးတစ်ခုပဲဖြစ်လိမ့်မယ်။
မင်းဘယ်လောက်ပဲ ခန့်မှန်းဖော်ထုတ်ရခက်ခဲနေပါစေ၊ အရာရာကိုဖောက်ထွင်းမြင်နိုင်တဲ့ မျက်လုံးကိုတော့ ရှောင်ရှားလို့ရနိုင်ပါ့မလား။
ထွက်ပြေးချင်သေးတာလား။
မင်းဘယ်ကိုမှ ပြေးလို့မရပါဘူး။
—