နောက်ဆုံးပွဲသိမ်း
Vol. 6 Ch. 53
လီနန်ခယ့်ဖော်ထုတ်လိုက်သောအမှန်တရားက လေးလံနင့်သည်းလွန်းသည်ထင့်၊ အခန်းထဲရှိလူအားလုံး အသက်ရှူမဝလောက်အောင် မွန်ကျပ်နေခဲ့ကြပြီး ယုန်မလေးမုန့်သည်ပင် စားပွဲပေါ်ကြောင်တက်တက်ထိုင်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ရှိလေသည်။
လိန်ရှင်းနန်သည် လေကောင်းလေသန့်ရှူချင်စိတ်ဖြင့် ပြတင်းတံခါးကိုထဖွင့်လိုက်သော်ငြား ဝင်လာသောအေးစက်စက်လေပြင်းတစ်သုတ်က သူမတစ်ကိုယ်လုံးကိုခိုက်ခိုက်တုန်အောင် ကြက်သီးထသွားစေလေသည်။
အမှုစစ်တစ်ယောက်ဘဝတွင် လူဆိုးလူမိုက် လူယုတ်မာများစွာကို ကြုံတွေ့ခဲ့ဖူးပါသည်။
မိစ္ဆာအများအပြားကို တိုက်ခိုက်ခုတ်ပိုင်းခဲ့ဖူးသလို အိပ်မက်ဆိုးများစွာကိုလည်း နှိမ်နင်းခဲ့ဖူးသည်။
သို့ပေမဲ့ ဤမိန်းကလေးလင်ကျောက်ယွဲ့ကတော့ သူမကို နှလုံးသားအောက်ခြေမှတိုင် ကျောရိုးတလျှောက် ကြက်သီးဖြန်းဖြန်းထစေသည်အထိ ကြောက်လန့်ရွံရှာစေသည်။
"သခင်မကြီး တခြားပြောစရာစကား ရှိပါသေးလား"
လီနန်ခယ့်က အရှေ့မှအမျိုးသမီးကိုစိုက်ကြည့်ပြီး မေးလိုက်သည်။
အမျိုးသမီးက ရှိုက်ငင်လို့မဆုံးသေး၊ နှလုံးအိမ်ထဲကညှစ်ထုတ်လိုက်သလို မျက်ရည်ပူများက ပါးပြင်ပေါ်အနှံ့စီးကျလျက်ရှိကာ ခါးသက်သက်နောင်တတရားများကို ဖော်ပြနေသကဲ့သို့။
သေဆုံးသွားသောနှလုံးသားတစ်စုံ၏ ဝမ်းနည်းမှုကို မည်သူကိုယ်ချင်းစာနိုင်မည်နည်း။
မေရှင်းအာ၏နှလုံးသားမှာလည်း အသက်မဲ့ကျန်ရစ်ပြီဖြစ်၏။
"ကျွန်မကသေဖို့ထိုက်တန်ပါတယ်... ဒီဖြစ်ရပ်မှာ ကျွန်မသာ သေဒဏ်အကျခံသင့်ဆုံးလူပါ..."
အမျိုးသမီးသည် ကူကယ်ရာမဲ့စွာဖြင့် ဆိုလာသည်။
"ကျွန်မလိုဏ်ခေါင်းထဲကိုလိမ့်ကျသွားပြီးနောက် အရာအားလုံးကိုပြန်အောက်မေ့ခဲ့တယ်။ ကျွန်မလုပ်ခဲ့သမျှအရာအားလုံးပေါ့၊ နောက်ပြီး ဘယ်ကနေဘယ်လို ဒီအထိဖြစ်သွားရတာလဲ မေးမိတယ်"
"ဒါတွေအားလုံး အိပ်မက်ဆိုးတစ်ခုပဲဖြစ်နေဖို့ဆုတောင်းမိတယ်။ ဒါပေမဲ့ ကျွန်မမျက်လုံးတွေကိုမှိတ်လိုက်တဲ့အခါတိုင်း သေဆုံးသွားတဲ့ချင်းယွီရဲ့ရုပ်အလောင်းက ပေါ်လာပြန်တာပဲ။ ချင်းယွီရဲ့ ကယ်ပါယူပါအော်နေတဲ့အသံကိုတောင် ပြန်ကြားယောင်တုန်းပဲ။ အခုချိန်များ သေသွားနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အားလုံးကိုစွန့်ပစ်ပြီး ချင်းယွီနောက်ပဲလိုက်သွားချင်တယ်"
"ကျွန်မ သခင်ကြီးကိုသစ္စာဖောက်ခဲ့တယ်၊ ချင်းယွီကိုသတ်ပစ်ခဲ့တယ်၊ အဆုံးမှာတောင် သမီးငယ်ကိုမကာကွယ်နိုင်ခဲ့ဘူး။ အခုချိန်မှာ သေဖို့အထိုက်တန်ဆုံးလူက ကျွန်မပါပဲ"
ရုတ်တရတ်ဆိုသလို ဝေါ့ခနဲအသံနှင့်အတူ အမျိုးသမီး၏ပါးစပ်ထဲမှ သွေးများအန်ကျကာ အိပ်ရာပေါ်သို့ ပြန်လဲကျသွားလေသည်။
နိမ့်တုန်မြင့်တုန်ဖြစ်နေသော ရင်ဘတ်ကြောင့် အသက်ရှင်သေးကြောင်းသိရပါသော်ငြား ဗလာသက်သက် ခြောက်သွေ့နာကျင်နေသော မျက်လုံးအကြည့်များက ဝိညာဥ်မရှိတော့သောရုပ်ကလာပ်တစ်ခုနှယ် အသွင်ပေါက်စေသည်။
ရှန်းအာလည်း အလန့်တကြားဖြင့်ရှေ့တိုးလာသည်။
"မိန်းမ—"
သူဌေးကြီးလင်သည် အနားသို့ အလိုအလျောက်ပြေးသွားမိသော်ငြား အိပ်ရာနားအရောက်တွင် ပြူးကြောင်နေသောမျက်လုံးများဖြင့် ကြောင်တောင်တောင်ရပ်ကြည့်နေမိ၏။
လိန်ရှင်းနန်က သက်ပြင်းချကာ ဆိုင်ယွင်နှင့်ဆိုင်ယွဲ့ကို မေရှင်းအာကိုကြည့်ထားပေးဖို့ အချက်ပြလိုက်သည်။
ဆုံးအောင်ဆက်ပြောဖို့ရည်ရွယ်ထားသော လီနန်ခယ့်လည်း အခြေအနေအရရပ်တန့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ အပြောခံသင့်သူကို ပြောစရာအကုန်ပြောပြီးပြီဖြစ်လေရာ ယခုတော့ လင်ကျောက်ယွဲ့ကိုအမြန်ဖမ်းမိပြီး တရားမျှတမှုကိုရှာဖွေဖို့သာ စောင့်နေရုံရှိသည်ပင်။
ညအမှောင်ကျရောက်လာချိန်တွင် မိုးတိမ်မည်းအလွှာအထပ်များက ကြယ်နှင့်လတို့၏အလင်းရောင်ကို ဖုံးအုပ်ကာဆီးသွားခဲ့သည်။
ညလေသံတဟူးဟူးက သရဲတစ္ဆေများ ညည်းညူခြောက်လှန့်နေသည့်အလား ထူးထူးဆန်းဆန်း ကြောက်စရာကောင်းနေခဲ့သည်။
လီနန်ခယ့်နှင့်ကျန်သူများလည်း လင်ကျောက်ယွဲ့သတင်းရောက်မည့်အချိန်ကို ဧည့်ခန်းမအတွင်း ငြိမ်သက်စွာထိုင်စောင့်နေခဲ့ကြသည်။ သို့သော် ညအမှောင်လွှမ်းပြီးနောက်တွင်ပင် ထူးခြားမှုတစ်စုံတစ်ရာမရှိလာသောအခါ သူတို့အားလုံး စိတ်လေးလံလာကြသည်။
လင်ကျောက်ယွဲ့လိုနတ်ဆိုးတစ်ကောင် လွတ်မြောက်သွားပါလျှင် ကပ်ဘေးကြီးတစ်ခုဟုပင် ဆိုနိုင်သည်။
"သခင်မလိန်"
ညကင်းလှည့်အဖွဲ့မှ အရာရှိတစ်ဦးနှင့် တုန်းချီခရိုင်၏ ရဲမက်ခေါင်းဆောင်တို့ အပြေးအလွှား ရောက်ရှိလာကြသည်။
သို့သော် နှစ်ဦးလုံးထံ၌ သတင်းကောင်းပါမလာခဲ့ပေ။
ရဲမက်ခေါင်းဆောင်၏ တင်ပြချက်အရ တုန်းချီခရိုင်အတွင်းရှိ နေရာအနှံ့အပြားကို အိမ်တိုင်းစေ့ရှာဖွေခဲ့သော်လည်း လင်ကျောင်ယွဲ့၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိခဲ့ရကြောင်း သိရသည်။
ပတ်ဝန်းကျင်ရှိ တောအုပ်များအတွင်း၌ပါ အသေအချာ ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။
သို့သော် ထိုမိန်းကလေးမှာ လေထဲသို့ လွင့်ပျံပျောက်ကွယ်သွားသည့်အလားပင်။
လင်ကျောက်ယွဲ့အစား မိစ္ဆာအဘိုးချင်၏သဲလွန်စများကိုသာ ကောက်ယူတွေ့ရှိခဲ့ရသောကြောင့် ညကင်းလှည့်တပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးနေကြသော်လည်း သတင်းထူးတော့မရှိသေးချေ။
"ထူးဆန်းသားပဲ။ မဟုတ်မှသူလည်း လိုဏ်ခေါင်းတစ်ခုခုထဲဝင်သွားပြန်တာလား" သံမဏိက အတွေးဖြင့်မျက်မှောင်ကြုတ်သည်။
ကောကန်းကခေါင်းယမ်းသည်။
"မဖြစ်နိုင်ဖို့များတယ်။ ဒီလောက်ပိုက်စိပ်တိုက်ရှာနေတာ ကြွက်တွင်းပါမကျန်တူးထုတ်ပြီးလောက်ပြီ။ နောက်ပြီး တုန်းချီခရိုင်တစ်ခုလုံးကိုပိတ်ဆို့ထားတာ သူထွက်ပြေးစရာလမ်းတောင်မကျန်ဘူး"
"ထွက်ပြေးစရာလမ်းမကျန်ဘူးလား။ ဒါဆို တကယ်အတောင်ပံပေါက်ပြီးထွက်ပြေးသွားတာ ဖြစ်နိုင်တာပဲ" ယုန်မလေးမုန့်က နှုတ်ခမ်းစူစူနှင့်ဆိုသည်။
လီနန်ခယ့်မှာမူ အနည်းငယ်ဟောင်းနွမ်းနေသော ကြိမ်ကုလားထိုင်ပေါ်ထိုင်ကာ လက်တစ်ဖက်ဖြင့် နဖူးကို ထောက်ထားလျက် မြေပြင်ကိုသာစိုက်ကြည့်ပြီး စဉ်းစားခန်းဝင်နေခဲ့သည်။
လိန်ရှင်းနန်လည်း သူ့အမြင်ကိုမေးဖို့ပြင်ပေသည့် စဥ်းစားနေသောအမူအရာကိုမြင်တော့ မနှောင့်ယှက်ဖို့သာတွေးလိုက်သည်။
သို့သော် စမ်းတဝါးဝါးဆက်ရှာနေလျှင် ဘာမှအကျိုးထူးမည်မဟုတ်။
လိန်ရှင်းနန် သက်ပြင်းဖွဖွချသည်။
"လင်ကျောက်ယွဲ့ကအခု လမ်းဆုံးကိုရောက်နေပြီ။ ထွက်ပြေးစရာမြေလည်းမရှိတော့ဘူး။ ကျွန်တော်ထင်သလောက်တော့—"
"လမ်းဆုံးရောက်နေပြီ"
အတွေးထဲနစ်မျောနေသော လီနန်ခယ့်က ရုတ်တရတ်ထခုန်ကာ အော်လိုက်သဖြင့် သူတို့အားလုံးလန့်ဖျပ်သွားရသည်။
လီနန်ခယ့်က ဟိုဟိုဒီဒီလမ်းထလျှောက်ရင်း စိတ်လှုပ်ရှားလာသောပုံစံဖြင့် လက်ဟန်ခြေဟန်များပါသုံးကား ရှင်းပြလာသည်။
"ဟုတ်တာပဲ၊ လမ်းဆုံးရောက်သွားပြီလေ။ သေချာပေါက် လမ်းပိတ်နေတဲ့နေရာကိုရောက်သွားပြီ။ လမ်းပိတ်နေမှတော့ သေချာပေါက် လွတ်မြောက်ဖို့လမ်းစကို ရှာရတော့မှာပေါ့"
လူတိုင်းက သူပြောသမျှကို ရှုပ်ထွေးနေသောအမူအရာများဖြင့် နားထောင်နေကြသည်။
"ဟေ့ ရှင်ရူးသွားပြီလား" ယုန်မလေးမုန့်က လှမ်းအော်လာသည်။
လီနန်ခယ့်က သူ့စကားကို လုံးဝမကြားသယောင်ပင် လျစ်လျူရှုလိုက်ပြီး ရုတ်တရတ်လက်ခုပ်တစ်ချက်တီးကာ မျက်လုံးများတောက်ပလာပြီးပြောလိုက်သည်။
"သူဘယ်မှာလဲသိပြီ"
သူတို့အားလုံး သရဲမြင်သကဲ့သို့ အံ့သြထိတ်လန့်စွာဖြင့် လီနန်ခယ့်ကိုဝိုင်းကြည့်လိုက်ကြသည်။
"မဖြစ်နိုင်တာ သူဘယ်လိုလုပ်သိသွားတာလဲ"
လီနန်ခယ့်က လင်ကျောက်ယွဲ့၏တည်နေရာကို ချက်ချင်းပြောမပြသေးဘဲ တံခါးဆီသို့ထထွက်သွားသည်။
"ကျွန်တော်သူ့ကိုသွားရှာလိုက်ဦးမယ်"
"အတူသွားကြတာပေါ့"
လိန်ရှင်းနန်က သူအန္တရာယ်ဖြစ်မှာစိုးရိမ်သဖြင့် အမြန်ထလိုက်သွားသည်။
သို့သော် လီနန်ခယ့်က သူ့ကိုအတည်ပေါက်ကြီးတားလာသည်။
"တစ်ယောက်မှ နောက်ကမလိုက်ခဲ့ကြနဲ့။ ခင်ဗျားတို့လိုက်လာရင် သူလွတ်လမ်းတစ်စဖြစ်ဖြစ် ရှာတွေ့သွားဦးမှာ။ သူက ကျွန်တော့်ကိုစောင့်နေတာ သေချာပေါက်ပဲ"
ပြောရင်းဆိုရင်း တံခါးဆီသို့အပြေးသွားကာ သူ့ကိုကြောက်တက်တက်စိုက်ကြည့်နေကြသော လူတစ်စုကို မေးခွန်းအပြည့်ဖြင့်ချန်ထားခဲ့ပြီး ပြေးထွက်သွားလေသည်။
ထို့နောက် ချက်ချင်းဆိုသလို နောက်ပြန်လှည့်ပြေးလာသည်။
"ဒါနဲ့ ဒီထဲမှာဘယ်သူ့ဆီမှာ သေနတ်ရှိလဲ။ ဒါမှမဟုတ် အဝေးကပစ်လို့ရတဲ့လက်နက်တစ်ခုခုပေါ့။ လက်နက်ပုန်းဆိုလည်းအဆင်ပြေတယ်"
အကုန်လုံးက ကြောင်တောင်တောင်ပြန်ကြည့်နေကြသည်ကိုမြင်သော် လီနန်ခယ့် အရေးတကြီးလောသည်။
"မြန်မြန်လုပ်ကြစမ်းပါ။ တစ်ယောက်မှမရှိကြဘူးဆိုလည်း အခုချက်ချင်းတစ်ခုလောက်ရှာပေးကြ"
"ဒီမှာ"
ဆိုင်ယွင်က သေနတ်တစ်လက်ထုတ်ပြီး လီနန်ခယ့်ဆီကမ်းပေးလိုက်သည်။
နတ်ဘုရားစက်မှုဆောင်မှထုတ်လုပ်ထားသော ဤသေနတ်ပျော့ပျော့လေးက လီနန်ခယ့်၏ မိုးနီအိပ်မက်ကမ္ဘာထဲမှသေနတ်နှင့် မယှဥ်နိုင်သော်ငြား အနည်းဆုံးတော့ လက်တွေ့တွင်အသုံးပြုလို့ရနိုင်သည်လေ။
"သေချာကိုင်နော်၊ အဲ့ထဲမှာ ကျည်ဆံကတစ်တောင့်ပဲပါတာ" ဆိုင်ယွင်က သတိပေးသည်။
လီနန်ခယ့်က ခပ်ဖျော့ဖျော့ပြုံး၏။
"တစ်ချက်ဆိုရင် လုံလောက်ပါတယ်"
...
မှောင်မည်းနေသောညအလယ်တွင် သေမင်းတမန်ချောက်ကမ်းပါးမှာ ကောင်းကင်ကြီးကို တစ်ဝက်လောက်ထောက်မထားသည့်အလား ရှိနေသည်။
တောင်ထွတ်တစ်ခုက တိမ်တိုက်များကို ထိုးဖောက်တည်ရှိနေလျက်။
ချောက်ကမ်းပါးနက်၏အောက်ဘက်တွင် ဖုန်းလင်နှင့်တုန်းမို ဒေသနှစ်ခုကိုပိုင်းခြားထားသော ဖန်းလုံမြစ်ကစီးဆင်းနေသည်။ လှိုင်းလုံးများက မြင့်မားစွာရိုက်ခတ်ကာ လွန်စွာရေစီးသန်လှသော မြစ်တစ်စင်းပင်။
ချူဟုန်တောင်၏ ရှုခင်းသာနှင့် မတူသည့်အချက်မှာတော့ ဤသေမင်းတမန်ချောက်ကမ်းပါးသည် တုန်းချီမြို့၏တောင်ဘက်ဆုံးတွင်တည်ရှိကာ လူသူအရောက်အပေါက်နည်းပါးလှခြင်းပင်။
အဘယ့်ကြောင့်ဆိုသော် ထိုအန္တရာယ်များလှသောမြစ်ကြောင်းထဲသို့ တစ်ယောက်ယောက်ပြုတ်ကျသွားခဲ့ပါက ရှင်သန်ကျန်ရစ်ဖို့ မဆိုထားနှင့်၊ ရုပ်အလောင်းကိုပင် အကောင်းအတိုင်းပြန်ရဖို့ မဖြစ်နိုင်သလောက်။
လီနန်ခယ့်တစ်ယောက် ထိုနေရာသို့ ညအချိန်ရောက်သွားချိန်တွင် သေမင်းတမန်ချောက်ကမ်းပါးထက် ရပ်နေသော သွယ်နွဲ့နွဲ့ကိုယ်လုံးလေးတစ်ခုကို အမှန်တကယ် လှမ်းမြင်လိုက်ရသည်။
လင်ကျောက်ယွဲ့မှလွဲ တခြားမရှိနိုင်။
လီနန်ခယ့် သူမဆီသို့ ဖြည်းဖြည်းချင်းချဥ်းကပ်လာသည်ကိုမြင်သော် လင်ကျောက်ယွဲ့ နောက်သို့တစ်လှမ်းဆုတ်သည်။ ဖနောင့်ဖျားမှာ ချောက်ကမ်းပါးအစွန်းနှင့်ထိမိနေလေပြီ။
ကြမ်းတမ်းသောမြစ်ပြင်၏ ဟိန်းဟောက်သံကား ညအမှောင်တွင် ရှင်းလင်းစွာပဲ့တင်ထပ်လျက်။
သူရှေ့ဆက်သွားလျှင် မိန်းကလေးအမှန်တကယ်ခုန်ချတော့မည်ကိုသိသောကြောင့် လီနန်ခယ့်ခြေလှမ်းရပ်လိုက်သည်။
သူတို့နှစ်ယောက် ဆယ်မီတာအကွာတွင် ရပ်နေခဲ့ကြသည်။
"လီနန်ခယ့် ရှင်ကျွန်မကို တကယ်စိတ်မပျက်စေခဲ့ဘူးပဲ"
မိန်းကလေးက ချိုမြိန်စွာပြုံးလျက် ဆိုသည်။
ဤသည်မှာ လီနန်ခယ့်နှင့်လင်ကျောက်ယွဲ့တို့ နှစ်ယောက်တည်းဆုံရသော ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နှစ်ကြိမ်သောဆုံတွေ့မှုမှာ တစ်ခုနှင့်တစ်ခု လွန်စွာကွာခြားလေသည်။
လင်ကျောက်ယွဲ့၏ သရုပ်ဆောင်ဇာတ်လမ်း ပြီးဆုံးသွားခဲ့လေပြီ။ ပုန်းဝှက်ထားခဲ့သောဖဲချပ်များကို စားပွဲပေါ်ဖြန့်ချပြလိုက်ပြီဖြစ်၏။
"မိန်းကလေးလင် ဒီလိုရလဒ်မျိုးကို ထည့်တွက်ထားခဲ့သေးသလား"
လီနန်ခယ့်က အရှေ့မှ နတ်မိမယ်တမျှ ဖြူစင်လှပဟန်ရှိသော်လည်း နှလုံးသားက မြွေဟောက်ထက်အဆိပ်ပြင်းလှပေသည့် မိန်းမငယ်ကို နားမလည်နိုင်ဟန်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
"လက်တွေကိုအရင်မြှောက်ပြ၊ မဟုတ်ရင် ရှင်ကျွန်မကိုဖမ်းလို့မိတော့မယ်မထင်ဘူး"
မိန်းမငယ်က ပေါ့ပေါ့ပါးပါးပင်ဆိုသည်။
လီနန်ခယ့် နာခံစွာပင် လက်နှစ်ဖက်လုံးကိုမြှောက်ပြလိုက်သည်။
ထို့နောက် လင်ကျောက်ယွဲ့က သက်ပြင်းဖွဖွချပြလာ၏။
"ဒီလိုနေ့ ကျွန်မဆီရောက်လာလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်မြန်လိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့မိဘူးပဲ။ လီနန်ခယ့် လီနန်ခယ့်... ဒီကိစ္စထဲကို ဘာလို့ဝင်ပါခဲ့သလဲရှင်"
"ကောင်းကင်ရဲ့အလိုတော်အရပဲ ဖြစ်မှာပေါ့" အမျိုးသားက ဆိုသည်။
ထိုစကားကိုကြားလိုက်ချိန်တွင် မိန်းကလေး၏နှုတ်ခမ်းများ လှောင်ရယ်ချင်စွာ ကွေးညွှတ်သွားခဲ့သည်။
"ကောင်းကင်တဲ့လား။ ကောင်းကင်မှာသာ မျက်စိရှိနေရင် ကျွန်မကိုတစ်ချိန်လုံးလိုက်နှောင့်ယှက်ပြီး ကျရှုံးအောင်လိုက်လုပ်နေမှာမဟုတ်ဘူး"
"မင်းက လောဘကြီးလွန်းလို့ကျရှုံးသွားတာပဲလေ"
လီနန်ခယ့်ကဆိုသည်။
"ဘယ်တော့မှ လွယ်လွယ်နဲ့မကျေနပ်နိုင်ဘူး။ တစ်ခုရရင် တစ်ခုပိုလိုချင်တယ်။ သူတကာထက် သာလွန်မြင့်မြတ်ချင်တယ်။ ဒီလောဘကပဲ မင်းရဲ့လူသားဆန်စိတ်ကိုဆွဲထုတ်ပြီး နတ်ဆိုးတစ်ယောက်အဖြစ် အသွင်ပြောင်းပေးသွားခဲ့တာ"
"ဟားဟား...."
လင်ကျောက်ယွဲ့က တစ်ကိုယ်လုံးတုန်ယင်သည်အထိ ဝါးလုံးကွဲရယ်ချလေသည်။
ထို့နောက် လီနန်ခယ့်ကို အထင်သေးသလိုကြည့်သည်။
"ဒီကမ္ဘာမှာ သူတကာထက်မသာလွန်ချင်တဲ့သူ ဘယ်သူများရှိလို့လဲ။ ရှင်လည်း ခွေးတစ်ကောင်လိုအလုပ်လုပ်ပြီး သူများအကျိုးအတွက် ပင်ပင်ပန်းပန်း စုံစမ်းစစ်ဆေးနေရတာ နောက်ဆုံးတော့ နာမည်ကောင်းရဖို့ပဲမဟုတ်လား"
လီနန်ခယ့်က ထိုအကြောင်းအရာအတွက်နှင့် အပြိုင်ငြင်းခုံနေလိုစိတ်မရှိဘဲ ဆိတ်ဆိတ်သာနေလိုက်သည်။
လင်ကျောက်ယွဲ့၏မျက်ဆံများ ဟိုဟိုဒီဒီရွေ့လျားနေပြီး သက်ပြင်းဖွဖွချလိုက်သည်။
"ဒီကမ္ဘာကြီးမှာ တချို့လူတွေက ဆင်းရဲနိမ့်ကျဖို့သက်သက်ပဲမွေးဖွားလာခဲ့ရတာ။ တချို့ကတော့ အဆင့်အတန်းမြင့်မြင့်နဲ့ ဇိမ်ခံစံစားဖို့မွေးဖွားလာတာပေါ့။ ကျွန်မကအဲ့လိုလူစားပဲ"
"ဒါကြောင့် ဟယ့်ချင်းယွီကိုသတ်ခဲ့တာလား" လီနန်ခယ့်ကမေးသည်။
လင်ကျောက်ယွဲ့က သူမဘာသာရေရွတ်နေသလို ဆက်ပြောလာ၏။
"ကောင်းကင်ဘုံကကျွန်မကို ရင်သပ်ရှုမောစေလောက်တဲ့အလှတရားတွေ လက်ဆောင်ပေးခဲ့တယ်။ ထက်မြက်တဲ့ဉာဏ်ရည်နဲ့ အသိစိတ်ကိုရောပဲ။ နေ့တိုင်းနေ့တိုင်း ဆင်းရဲတုံးအတဲ့ ဒီအဖေနောက်ပဲလိုက်ရင်း၊ ဒီသာမန်ထမင်းဟင်းတွေကိုပဲစားသောက်ရင်း သာမန်ယောက်ျားတစ်ယောက်နဲ့သာ လက်ထပ်ရရင် ကျွန်မဘဝကြီးက ဘယ်မှာတရားမျှတတော့မှာလဲ။ ဟုတ်တယ်မလား"
"သူများကိုထိခိုက်ပြီး ရတဲ့ကောင်းကျိုးက တရားမျှတမှုလို့ ခေါ်လို့ရသေးရဲ့လား"
"လီနန်ခယ့်ရယ်၊ သင်္ကန်းအရေခြုံဘုန်းတော်ကြီးတွေတရားဟောသလို ဟောနေတာပါလား။ ကျွန်မကို သုံးနှစ်သမီးလေးများထင်နေသလား။ ဒီလောကရဲ့တရားမျှတမှုဆိုတာ သဘာဝအတိုင်းဖြစ်တည်နေပြီးသားပဲ။"
"ဒါပေမဲ့ မင်းအဖေကတော့ မင်းကိုရော မင်းအမေကိုရော သူ့ကြောင့်အနာဂတ်လမ်းမထိခိုက်စေဖို့ လုံးဝမနှောင့်ယှက်တော့ဖို့ ဆုံးဖြတ်ခဲ့တာပဲလေ"
လီနန်ခယ့်က အသံလေးလေးဖြင့်ဆိုသည်။
လင်ကျောက်ယွဲ့က နှုတ်ခမ်းကွေးရုံမျှပြုံးသည်။
"ယောက်ျားတစ်ယောက်ရဲ့စကားဆိုတာ မယုံသင့်ဆုံးအရာပဲ။ သူသာလူကောင်းဆိုရင် ဇနီးနဲ့သမီးကို အစောကတည်းက ဘာလို့စွန့်ပစ်ခဲ့မှာလဲ။ ကျွန်မတစ်ချိန် တော်ဝင်မင်းသမီးဖြစ်လာပြီးတဲ့နောက် သူလာမခြိမ်းခြောက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။"
လီနန်ခယ့်ကမျက်မှောင်ကြုတ်သည်။
"မင်းကိုယ်မင်း တော်ဝင်မင်းသမီးဖြစ်လာလိမ့်မယ်ဆိုတာ အဲ့လောက်တောင်သေချာနေတယ်ပေါ့"
"တကယ်တော့ ကျွန်မလည်းမသေချာလှပါဘူး"
လင်ကျောက်ယွဲ့က မေးကိုပင့်မော့ကာ စူးရှသောအကြည့်များဖြင့် ဆိုသည်။
"အနည်းဆုံးတော့ ကျွန်မရဲ့သခင်မလေးဘဝကို ဆက်ပြီးစံစားလို့ရနိုင်တာပေါ့။ အနည်းဆုံးတော့ အရာရှိလူတန်းစား တော်ဝင်မင်းညီမင်းသားတွေနဲ့ လက်ဆက်ပေါင်းဖက်ဖို့ မျှော်လင့်ချက်ရှိနိုင်သေးတာပေါ့"