ခေါင်ရမ်းပန်း
Vol. 6 Ch. 54
ဤသည်မှာ မိန်းကလေးနောက်ဆုံးလက်ခံနိုင်သောအဆင့်သာ ဖြစ်သည်။
တော်ဝင်မင်းသမီးဟူသည့် အနာဂတ်အိပ်မက်ကလေး ကျိုးကြေပျက်စီးသွားသည်အထိ သူမလက်ခံနိုင်သေးသော်လည်း လက်ရှိလက်ဝယ် သခင်မလေးဂုဏ်ပုဒ်ကိုတော့ လုံးဝအပျောက်ပျက်မခံနိုင်။
သခင်မလေးနေရာကိုသာ လက်လွှတ်ရလျှင် သူမတွင် လက်ချည်းဗလာသာကျန်ရစ်တော့မည်ဖြစ်၏။
မျက်စိရှေ့မှမိန်းမငယ်ကို စည်းရုံးသိမ်းသွင်းလို့မရတော့ကြောင်းသိလိုက်ပြီး လီနန်ခယ့်သည် ဆက်သိမ်းသွင်းနေဖို့မတွေးတော့ဘဲ ခပ်အေးအေးသာပြောလိုက်သည်၊
"လင်ကျောက်ယွဲ့၊ မင်းမှာဆက်သွားစရာလမ်းမရှိတော့ဘူး။ အခုအချိန်မှတော့ တော်ဝင်မင်းသမီးနေရာလည်း ယူလို့မရတော့သလို သခင်မလေးနေရာမှာလည်း ဆက်နေလို့မရတော့ဘူး။ ဒီ့ထက်ပိုခေါင်းမာမနေဘဲ ငါနဲ့သာပြန်လိုက်ခဲ့ပါတော့"
"ဪ အဲ့လိုလုပ်စေချင်တာလား"
လင်ကျောက်ယွဲ့က ပါးပြင်ပေါ်ဝေ့ခတ်လာသောဆံမျှင်စများကို သပ်ဖယ်လိုက်ပြီး ပြုံးသည်။ ထိုမျက်နှာထက် ဝမ်းနည်းမှု၊ ကူကယ်ရာမဲ့မှု၊ ကြောက်ရွံ့မှုဟူ၍ အငွေ့အသက်မျှပင်မရှိ။
မိန်းမငယ်က မေးခွန်းပြန်ထုတ်လာသည်။
"ကျွန်မရှင်နဲ့အတူပြန်လိုက်ခဲ့ရင် အသက်ချမ်းသာရာရမယ်လို့ အာမခံနိုင်သလား"
လီနန်ခယ့်က တိတ်ဆိတ်နေခဲ့သည်။
လူသတ်မှုများစွာကို ကိုယ်ထိလက်ရောက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကျူးလွန်ခဲ့ပြီး အဘိုးချင်ကိုလည်း ဗီဇပြောင်းမိစ္ဆာအဖြစ်သို့ ရောက်ရှိစေခဲ့ပြီးမှတော့ ဤမိန်းမကို ခေါင်းဖြတ်စီရင်လို့ပင် အပြစ်ကြွေးများကျေသည်မဆိုနိုင်။
သေဒဏ်ကို သေချာပေါက်ကျခံရမည်ဖြစ်သည်။
"ရှင်နဲ့ပြန်လိုက်လည်း ကျွန်မအတွက်တော့ သေလမ်းပါပဲလေ"
လင်ကျောက်ယွဲ့က အေးစက်စက်မျက်ဝန်းများဖြင့် လှောင်ရယ်ကာ ချောက်ကမ်းပါးအောက်ဘက်ရှိ ကြမ်းတမ်းခက်ထန်သောမြစ်ပြင်ကို လက်ညှိုးထိုးပြလျက်ဆိုသည်။
"ရှင်ခန့်မှန်းကြည့်၊ ကျွန်မအခုနေခုန်ဆင်းသွားရင် ရှင်နိုင်မလား သေနိုင်မလား"
"သေချာပေါက် သေမှာပေါ့"
လီနန်ခယ့်က မတုံ့မဆိုင်းဖြေသည်။
လင်ကျောက်ယွဲ့က ခေါင်းကိုသာသာခါသည်။
"လီနန်ခယ့် ကျွန်မကိုလှည့်ကွက်တွေလာမသုံးနဲ့။ အရင်တုန်းကဘာတွေဘယ်လိုဖြစ်ခဲ့လဲ ကျွန်မမသိပေမဲ့ လွန်ခဲ့တဲ့နှစ်လေးဆယ်ကမှတ်တမ်းတွေအရတော့ ဒီနေရာကနေ လူအယောင်ကိုးဆယ်လောက်ပြုတ်ကျခဲ့ဖူးတယ်"
"ဒီလူတွေထဲမှာ အချစ်ကြောင့်သေဆုံးသွားရသူတွေလည်းရှိသလို ရှင်သန်နေရတဲ့ဖိအားတွေကိုမခံနိုင်တော့လို့ အဆုံးစီရင်သွားကြတာတွေလည်းရှိတယ်။ မတော်တဆ ပြုတ်ကျသွားရသူတွေလည်းရှိသလို အသတ်ခံလိုက်ရတဲ့သူတွေလည်း ရှိခဲ့တာပဲ"
"ဒီလူအယောက်ကိုးဆယ်ကျော်ထဲမှာ အသက်ရှင်ကျန်ရစ်သူသုံးယောက်ရှိတယ်။ တစ်ယောက်က လီမိသားစုကျေးရွာဆီမျောပါသွားပြီး တစ်ယောက်ကိုတော့ ကုန်းရှူးတောင်ကြားမှာတွေ့ခဲ့ကြတယ်။ နောက်တစ်ယောက်ကတော့ ဒီကနေမိုင်တစ်ရာအကွာမှာ ပြန်ပေါ်လာခဲ့သတဲ့"
"သေလမ်းပဲရှိတော့တာ ဟုတ်ပါ့မလား။ အနည်းဆုံးတော့ ဖမ်းဆုပ်ထားစရာကောက်ရိုးတစ်မျှင် ရှိနေသေးတာပဲလေ"
လီနန်ခယ့်က မျက်နှာပျက်မသွား။
"ဆိုတော့ မင်းကိုယ်မင်း ကံကောင်းထောက်မပြီး ရှင်ကျန်ရစ်မယ်ဆိုတာ သေချာနေတာပေါ့"
မိန်းမငယ်က ချိုမြိန်စွာပြုံးရင်း ခေါင်းခါပြသည်။
"သေချာပေါက်တော့ ဘယ်ပြောရဲမလဲရှင်။ ဒါပေမဲ့ ရှင့်ဘက်ကရော ကျွန်မသေကိုသေပါမယ်လို့ ပြောရဲသလား"
လီနန်ခယ့်က ဘာမှပြန်မပြောလာ။
လင်ကျောက်ယွဲ့က သူမသေချာပေါက်ရှင်ကျန်လိမ့်မည်ဟု တပ်အပ်မပြောရဲသလို သူကိုယ်တိုင်လည်း ဤမိန်းကလေးသေကိုသေလိမ့်မည်ဟု အာမခံပြောဆိုဖို့မရဲပါ။
လူကိုးဆယ်ကျော်တွင် တစ်ယောက်မျှရှင်သန်နိုင်လျှင်ပင် အသက်ရှင်ဖို့အခွင့်အရေး အနည်းအကျဥ်းတော့ရှိနေမြဲဖြစ်သည်။ ဤနေရာမှခုန်ချသွားလျှင် အစိုးရအရာရှိများလည်း လိုက်လံရှာဖွေဖမ်းဆီးလို့ မရနိုင်တော့။
လင်ကျောက်ယွဲ့သာ အနည်းအကျဥ်းမျှသောဖြစ်နိုင်ချေကိုဖမ်းဆုပ်ပြီး ရှင်သန်နိုင်ခဲ့လျှင် သူတို့အတွက် နောင်တစ်ချိန်တွင် ကြီးမားသောအန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည်။
လီနန်ခယ့် အခြေအနေကို ထိုမျှထိအဖြစ်မခံနိုင်တော့။
ထို့ကြောင့်ပင် လိန်ရှင်းနန်က အတူလိုက်ပါလိုသောအခါ လီနန်ခယ့် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
အကြောင်းမှာ လူတစ်ယောက်ထက်ပိုပါလာသည်ကိုမြင်လျှင် ဤမိန်းကလေးသည် ရှင်သန်ဖို့အရေးကိုပင် လောင်းကြေးထပ်တွက်ချက်နေခြင်းမရှိတော့ဘဲ မဆုတ်မဆိုင်းခုန်ချတော့မည်ဖြစ်သည်။
ဤမိန်းကလေးက ထိုမျှကြောက်မက်ဖွယ်ကောင်းသည်။
အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင်ပင် သေရေးရှင်ရေးအတွက် လောင်းကြေးထပ်နိုင်စွမ်း ရှိပေသေးသည်။ အကယ်၍ ဟူသော ဖြစ်နိုင်ချေမျှကိုပင် သူလွှတ်ပေးလိုက်လို့မဖြစ်။
သူ့အတွက်ရော၊ ဇနီးဖြစ်သူအတွက်ရော၊ ကျန်သူအားလုံးအတွက်ပါ...
ဤနတ်ဆိုးကို အပြီးတိုင်အမြစ်ဖြတ်ရပေမည်။
လီနန်ခယ့်သည် မည်သည့်အန္တရာယ်မျိုးကိုမျှ နောင်ရေးအတွက် ချန်ထားရစ်မည့်သူ မဟုတ်ချေ။
မွေးရာပါ မိစ္ဆာတစ်ကောင်မှာ ဘယ်လိုပင်ကြောက်စရာကောင်းလှသည်ဆိုစေ၊ သေဘေးမှ ပြန်လည်လွတ်မြောက်လာပြီး ပြာပုံထဲမှ တစ်ဖန်ပြန်လည်မွေးဖွားလာသော မိစ္ဆာတစ်ကောင်က ပို၍ပင် ကိုင်တွယ်ရခက်ခဲလှပေလိမ့်မည်။
"ဒါဆိုလည်း ဘာလို့ခုန်မချသေးဘဲ ငါအလာကိုစောင့်နေရသေးတာလဲ"
လီနန်ခယ့်မေးလိုက်သည်။
မိန်းကလေးက ပြုံးလျက်ပြန်မေး၏။ "ခန့်မှန်းကြည့်လေ"
အစမှအဆုံးထိ လင်ကျောက်ယွဲ့၏အကြည့်သည် လီနန်ခယ့်ဆီက လုံးဝလွှဲဖယ်ခြင်းမရှိ။ မြှောက်ထားသောလက်များကိုလည်း စူးရဲစွာ အဆက်မပြတ် အကဲခတ်နေသည်။
လီနန်ခယ့်ဆီမှ မူမမှန်သောလှုပ်ရှားမှုတစ်ခုခု မြင်လိုက်ရသည်နှင့် သူမချက်ချင်းခုန်ချမည်ဖြစ်သည်။
ပညာရှင်အချင်းချင်း ဉာဏ်ရည်ယှဥ်ကြသောတိုက်ပွဲမျိုးပင်။
ဤမေးခွန်းကတော့ ဖြေဖို့လွယ်သည်။
"ဘာကြောင့်လဲဆိုတော့ မင်းအသက်မင်း လောင်းကြေးမထပ်ရဲသေးလို့ပေါ့။ အသက်ဆုံးခံ ခုန်ချမဲ့အစား ငါနဲ့ညှိနှိုင်းဆွေးနွေးလို့ရဦးမလား တွေးနေခဲ့တာလေ"
"တော်လိုက်တာရှင်၊ ကျွန်မကိုရှင့်ကို တကယ်သဘောကျလာပြီ လီနန်ခယ့်"
မိန်းမငယ်လေး၏ မျက်လုံးလှလှများထဲ နောင်တတချို့ကိုမြင်နေရသည်။
"ရှင့်ကိုစောစောမတွေ့ခဲ့တာ နာတာပဲ။ မဟုတ်ရင် အဆုံးသတ်က တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့မလားပဲ"
လီနန်ခယ့်က ခေါင်းကိုယမ်းသည်။
"ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ မင်းက ကိုယ့်ထက်မြင့်တဲ့သူတွေရဲ့ဘဝကိုသာ အကောင်းထင်တတ်တာပဲမဟုတ်လား"
မိန်းကလေးက စကားပြန်မပြောသော်ငြား ဆုံချက်မမိတော့သောအကြည့်များက စတင်ဝေဝါးလာဟန်ရှိသည်။
အတော်ကြာပြီးမှ သူမသည် ဂါဝန်မှ ခါးစည်းကြိုးကို အသာအယာ ဖြေလျှော့လိုက်လေသည်...။
အတွင်းခါးစည်းအင်္ကျီမျှပင် ဝတ်ဆင်ထားခြင်းမရှိသော စိတ်လှုပ်ရှားတက်ကြွဖွယ်ကိုယ်လုံးလေးက အမျိုးသား၏မြင်ကွင်းထဲ ထင်ရှားစွာထွက်ပေါ်လာသည်။
ည၏လရောင်အောက်တွင် ပိုလို့တောင် စွဲမက်ချင်စဖွယ်။
"ဒါက အခုရှင်နဲ့ညှိနှိုင်းဖို့အတွက် နောက်ဆုံးထားရှိတဲ့အရင်းအနှီးပဲ"
လင်ကျောက်ယွဲ့က အတည်အတံ့ညှိနှိုင်းလာသည်။
"ရှင်သာကျွန်မကိုလွှတ်ပေးမယ်ဆိုရင် ရှင့်အတွက်ကျွန်မဘာမဆိုလုပ်ပေးနိုင်တယ်။ အနာဂတ်မှာ ရှင့်အတွက် အစေခံမလေးတစ်ယောက်လို ဘေးနားနေပြီး အစစအရာရာပြုစုပေးနိုင်ပါတယ်"
တစ်ဖက်ယောက်ျားက စကားတစ်ခွန်းမဆိုဘဲ သူမ၏ခန္ဓာကိုယ်ကို မလွှဲတမ်းစိုက်ကြည့်နေသည်အားမြင်သော် လင်ကျောက်ယွဲ့၏မျက်နှာဝင်းဝင်းလေးထက် ဆွဲဆောင်မှုရှိသောအပြုံးတစ်ပွင့်ပေါ်လာသည်။
"ရှင့်အရည်အချင်းနဲ့ဆိုရင် ကျွန်မနာမည်ကို သေချာပေါက်ပြန်သန့်စင်ပေးနိုင်မှာပါ။ အချိန်တစ်ခုရောက်ရင် ကျွန်မလည်းတော်ဝင်မင်းသမီးအနေနဲ့ ရှင့်ကလေးကိုလွယ်ထားပေးပြီး ကျွန်မကိုယ်တိုင် ပြုစုပျိုးထောင်ပေးမယ်။ စိတ်လှုပ်ရှားစရာမကောင်းဘူးလား။ အနာဂတ်မှာ ရှင့်သွေးသားက ဧကရာဇ်တစ်ပါးတောင်ဖြစ်လာနိုင်မှာတဲ့လေ"
မိန်းကလေး၏စကားများက လွန်စွာတိမ်းညွှတ်ဖွယ်ကောင်းသည်။
နန်းတွင်းညီလာခံ၏ လက်ရှိအခြေအနေအရ တွက်ဆကြည့်ရလျှင် အန်းဖိန်မင်းသားက အနာဂတ်ဧကရာဇ်တစ်ပါးဖြစ်လာနိုင်သောကြောင့် လင်ကျောက်ယွဲ့၏စကားမှာလည်း ဖြစ်နိုင်ချေတစ်ခုရှိသည်။
လီနန်ခယ့်သည် စိတ်ဝင်စားသွားဟန် ပြုလိုက်ပြီး သူ၏နှုတ်ခမ်းထက် ရမ္မက်ဆန်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဟုတ်ပြီလေ။ ဒါပေမဲ့အရင်ဆုံး စိတ်ရင်းကိုချပြသင့်တယ်မဟုတ်လား။ အမြည်းလောက်တော့ စမ်းခွင့်ပြုပါဦး"
သို့သော် ထိုယောက်ျား အရှေ့သို့ခြေတစ်လှမ်းလှမ်းမည်ပြင်လိုက်သည်နှင့် လင်ကျောက်ယွဲ့က နောက်ကိုအမြန်ဆုတ်လိုက်သည်။
ယခု သူမ၏ခြေဖနောင့်တစ်ဝက်ကျော်က ချောက်ကမ်းပါးဆီခြေလှမ်းပြင်နေလေပြီ။
လီနန်ခယ့်က မျက်မှောင်ကြုတ်ကာ နေရာတွင်ရပ်တန့်လိုက်သည်။
"ဒါကဘာသဘောလဲ ငါ့ကိုလှည့်စားနေတာလား"
လင်ကျောက်ယွဲ့က သူ့ကိုနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ကာ ကူကယ်ရာမဲ့စွာပြုံးသည်။ မိမိကိုယ်ကိုလည်း လှောင်ပြောင်သရော်ချင်ဟန်အပြင် ဝမ်းနည်းမှုနှင့်နာကျည်းမှုပါ ရောယှက်နေသော မျက်နှာအမူအရာ။
"လီနန်ခယ့်၊ လူတစ်ယောက်မှာလေ မျက်လုံးတွေက အရိုးသားဆုံးပဲ။ ရှင့်ရဲ့မျက်လုံးထဲမှာ ကျွန်မကိုပိုင်ဆိုင်ချင်တဲ့ လောဘစိတ်တွေကို ကျွန်မမတွေ့ရဘူး။"
မိမိ၏ နောက်ဆုံးလက်ကျန်အရင်းအနှီးမှာ ထိုသူ၏မျက်လုံးထဲတွင် လားလားမှတန်ဖိုးမရှိကြောင်း သူမနောက်ဆုံးတော့ နားလည်လက်ခံလိုက်ရပြီဖြစ်၏။
လွန်စွာပြင်းထန်သော ထိုးနှက်ချက်တစ်ခုပင်။
လီနန်ခယ့် အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
"ဒါပေမဲ့ ငါ့နှလုံးသားကတော့ တကယ်တုန်လှုပ်သွားခဲ့တာပါ။"
သို့သော် မိန်းကလေးမှာ ဆက်လက်ညှိနှိုင်းလိုစိတ်မရှိတော့ဟန်တူသည်။
လီနန်ခယ့်လည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားရသည်။
မိန်းကလေးမှာ တကယ်ပင် ကိုင်တွယ်ရခက်ခဲလှသည်။ သူမသာ နန်းတော်တွင်းသို့ ရောက်ရှိသွားပါက အနည်းဆုံး တော်ဝင်ကိုယ်လုပ်တော်အဆင့်အထိ တက်လှမ်းနိုင်ပေလိမ့်မည်။
ဤသို့ သာလွန်ကြွယ်ဝသော ပရိယာယ်စွမ်းရည်ကို တော်ရုံလူမယှဥ်နိုင်လောက်။
သူမ၏ အရိုးထဲအထိ စိမ့်ဝင်နေသော ရက်စက်မှုများကြောင့်လည်း ဖြစ်၏။
မည်သည့်ဆွေမျိုးသားချင်း မိတ်ဆွေသံယောဇဉ်ကိုမျှ ဂရုမစိုက်တတ်သော သူမ၏ သွေးအေးမှုများကြောင့်လည်း ဖြစ်၏။
အရင်ဘဝက နန်းတွင်းဇာတ်လမ်းတွဲများထဲသာဆိုလျှင် ဤမိန်းကလေးသည် အပိုင်းပေါင်းရှစ်ရာလောက်အထိ သက်ဆိုးရှည်လို့မပြီး ဖြစ်ပေလိမ့်မည်။ ရုပ်ရှင်ကြည့်နေသူများအဖို့ သူမ၏ သေဆုံးခြင်းက လက်ခုပ်လက်ဝါးတီးကာ ထကလောက်ရချေသည်။
လက်ရှိ ဤမျှငယ်ရွယ်နုနယ်သေးချိန်တွင်ပင် ကိစ္စအတော်များများကို စေ့စေ့စပ်စပ်ကိုင်တွယ်နိုင်နေရာ အတွေ့အကြုံရင့်သန်ကြွယ်ဝချိန်တွင် မည်မျှအတိုင်းအတာထိ မွှေနှောက်နိုင်လေမလဲ စဥ်းစားရန်ပင်ခက်ခဲလှ၏။
"တစ်ခါတုန်းက ဗေဒင်ဆရာတစ်ယောက်က ကျွန်မရဲ့ ကံကြမ္မာမှာ မြင့်မြတ်တဲ့ အငွေ့အသက်တွေ ပါဝင်နေတယ်လို့ ဟောပြောဖူးတယ်..."
လင်ကျောင်ယွဲ့၏ မျက်ဝန်းထောင့်ဖျားများမှ မျက်ရည်များစီးကျလာကာ လွမ်းဆွတ်အောက်မေ့စွာဆိုလာသည်။
"သူကကျွန်မကို တော်ဝင်မင်းသမီး ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် အဲဒီလမ်းကို လျှောက်လှမ်းရမယ်၊ ကြိုးစားအားထုတ်ရမယ်တဲ့။"
"အကယ်၍ ကျွန်မ လမ်းမှန်ကိုလျှောက်ခဲ့ရင် သစ်ကိုင်းပေါ်ကရွှေဒေါင်းလေး ဖြစ်လာလိမ့်မယ်။"
"အကယ်၍ လမ်းမှားကိုလျှောက်မိရင်တော့ အဆုံးသတ်ဟာ ချောက်ကမ်းပါးပဲတဲ့။"
"လီနန်ခယ့် ကျွန်မကိုပြောစမ်းပါ၊ ကျွန်မ လျှောက်ခဲ့တာ လမ်းမှန်ဟုတ်ရဲ့လား"
ဤမေးခွန်းအတွက် အဖြေမလိုတော့ပါ။
မိန်းကလေး၏ နောက်ကျောကပ်ရပ်တွင် ချောက်ကမ်းပါးနက်က စောင့်ကြိုနေပြီမဟုတ်လော။
ကြည်လင်သော မျက်ရည်ပေါက်ကြီးငယ်တို့သည် သူမ၏ ချွန်ထက်သွယ်လျသော မေးရိုးတလျှောက်မှ ရင်ဘတ်ပေါ်သို့ ကျဆင်းသွားကြကုန်၏။
လင်ကျောင်ယွဲ့သည် ငိုကြွေးနေရင်းမှ ပြုံးလျက်ဆိုသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကျွန်မ နန်းမြို့တော်ကိုသွားခဲ့ပြီး ဧကရီလင်ဝေယန်ရဲ့ ဘိသိက်ခံပွဲကို တွေ့ခဲ့ရတယ်။ အရမ်းလှတယ်၊ အရမ်းလည်း ခမ်းနားတယ်၊ လူတွေအများကြီးက သူ့ရှေ့မှာ ဒူးထောက်ခစားနေကြတာလေ"
"အဲဒီအချိန်မှာ ကျွန်မတိတ်တဆိတ် ကျိန်ဆိုခဲ့လိုက်တယ်။ ငါ လင်ကျောင်ယွဲ့လည်း နောင်တစ်ချိန်မှာ အာဏာကိုဆုပ်ကိုင်ပြီး ထီးနန်းပေါ်ကို တက်လှမ်းမယ်၊ လူတိုင်းကို ငါ့ရှေ့မှာ ဒူးထောက်ခိုင်းမယ်၊ ပြီးတော့ ဒီလောကမှာ အရှိန်အဝါအကြီးဆုံး အမျိုးသမီးတစ်ယောက် ဖြစ်လာစေရမယ်လို့ပေါ့။ ဒါပေမဲ့..."
ကလေးရုပ်ပင် ရှင်းရှင်းမပျောက်သေးသော မိန်းမငယ်လေး၏မျက်နှာနုနုမှာ တဖြည်းဖြည်းရှုံ့မဲ့လာကာ ကြိမ်းဝါးသည်။
"ကောင်းကင်ဘုံကဘာလို့ ဒီအခွင့်အရေးလေးတစ်ခုကိုတောင် ချမပေးချင်ရတာလဲ"
မိန်းကလေး၏မျက်လုံးထဲမှ ပြတ်သားခိုင်မာမှုကိုအကဲခတ်ရင်း လီနန်ခယ့်မေးလိုက်သည်။
"လင်ကျောက်ယွဲ့ မင်းငါ့ကိုဘာလို့ရှုံးခဲ့သလဲသိလား"
"ဘာလို့လဲ"
မိန်းကလေးက မျက်ရည်အပြည့်မျက်လုံးများဖြင့် သူ့ကိုကြည့်လာသည်။
သူပြန်ဖြေလိုက်သည်။
"ဘာကြောင့်လဲဆိုတော့ မင်းလယ်ဗယ်က ငါ့ကိုမမီသေးလို့လေ"
လင်ကျောက်ယွဲ့သည် လယ်ဗယ်ဟူသောစကားလုံးကိုတော့ နားမလည်သော်ငြား သူ့ကိုမမီသေးဟူသောစကားက မာန်မာနကြီးသောနှလုံးသားထက် စွဲထင်ကျန်ရစ်နေခဲ့သည်။
သို့သော် အခြေအနေတွေက ဒီအထိရောက်လာပြီးမှတော့ အရှုံးကိုသာဝန်ခံဖို့ရှိတော့သည်ပင်။
"ကျွန်မကံကြမ္မာကို ကောင်းကင်ဘုံဆီ နောက်ဆုံးတစ်ကြိမ် ပုံအပ်လိုက်ရဦးမှာပဲ။ သေသေရှင်ရှင် ကံကြမ္မာကပဲအဆုံးအဖြတ်ပေးလိမ့်မယ်။ ရှင်နဲ့နောက်တစ်ကြိမ်ပြန်တွေ့ဖို့ အခွင့်အရေးရှိပါဦးလို့ပဲ ဆုတောင်းပါတယ်"
ထို့နောက် မိန်းကလေးက ခြေဖဝါးကို ချောက်ကမ်းပါးဆီတစ်လှမ်းရွှေ့လိုက်သည်။
"မင်းရှင်သန်နေဖို့ ငါမျှော်လင့်ပါတယ်" လီနန်ခယ့်ကဆိုသည်။
"မသွားခင်မှာ ငါမင်းအတွက်လက်ဆောင်လေးတစ်ခုယူလာတယ်။ မင်းအတွက် ကာကွယ်ရေးအဆောင်လေးပေါ့"
"ဘာလေးလဲ"
မိန်းကလေးက မေးသည်။
ထိုအချိန်တွင် လီနန်ခယ့်မြှောက်ထားသော ညာလက်ချောင်းများကြားတွင် နှင်းဆီလိုရဲရဲနီသော ပန်းတစ်ပွင့်အား သူမသတိပြုလိုက်မိသည်။
ထိုစဥ် ထိုသူက လက်ထဲမှပန်းကို လွှတ်ပေးလိုက်သည်။
ပန်းပွင့်သည် လေကြောင်းအတိုင်းလိုက်လာရင်း မိန်းကလေး၏ရှေ့တွင် ဆိုက်ရောက်ဆင်းသက်လာ၏။
လင်ကျောက်ယွဲ့က ပန်းကိုကောက်ယူခြင်းမပြု။ တစ်ဖက်လူ၏ထောင်ချောက်လည်း ဖြစ်နိုင်သည်ပင်။
သို့သော် ပန်းပွင့်လေး၏အလှတရားက သူမကိုဖမ်းစားသွားခဲ့သည်။
သလင်းကျောက်ရာတစ်ထပ်ဖြင့်ဖုံးအုပ်ထားသည့်အလား ကြည်လင်တောက်ပသော ပန်းပွင့်ဖတ်များထက် အနုစိတ်ကောက်ကြောင်းရာလေးများက မိန်းကလေး၏ပုံရိပ်ကို ထင်ဟပ်နေစေကာ လျစ်လျူရှု၍မရနိုင်လောက်အောင် လှပသည်။
နွမ်းလျကြွေလွင့်ရတော့မည့် သူမ၏အဆုံးသတ်ကို ပုံဖော်ပေးနေသည့်အလား။
"လှလိုက်တာ၊ ဒါဘာပန်းလေးပါလိမ့်။" သူမ လွှတ်ခနဲမေးလိုက်မိသည်။
သို့သော် ထိုစကားများနှုတ်မှထွက်သွားသည်နှင့် လင်ကျောက်ယွဲ့ တုံ့ဆိုင်းတောင့်ခဲသွားလေသည်။
ဝေဝါးသော်ငြား တစ်မျိုးတစ်ဖုံရင်းနှီးနေသည့် မှတ်ဉာဏ်များက ဒီရေတက်သည့်အလား သူမ၏အတွေးထဲ တစ်စတစ်စ ပီပြင်ထင်ရှားလာပြီး နောက်ဆုံးတော့ ထိုမိုးနီအိပ်မက်ကမ္ဘာကို သူမပြန်လည်မြင်ယောင်နိုင်ခဲ့သည်။
လင်ကျောင်ယွဲ့မှာ ခဏမျှ ကြောင်အမ်းသွားပြီးနောက် ရုတ်တရက် ခေါင်းမော့လိုက်သည်။
မိုးနီအိပ်မက်အတွင်း ပျောက်ကွယ်ဝေဝါးနေခဲ့သော ထိုသူ၏မျက်နှာမှာ လက်ရှိသူမရှေ့မှ ထိုအမျိုးသား၏မျက်နှာနှင့် တဖြည်းဖြည်းထပ်တူကျသွားခဲ့တော့သည်။
အဲ့ဒါရှင်ပဲ။ ရှင်....ရှင်ဟာ....
ထိုစဥ် သူမမသိလိုက်ခင်မှာပင် ထိုသူ၏လက်ထဲ သေနတ်တစ်လက်ပေါ်လာခဲ့သည်။
အရာအားလုံးက အိပ်မက်ထဲကနှင့် တစ်ထပ်တည်းကျနေခဲ့သည်ပင်။
လီနန်ခယ့်က မသိမသာပြုံးသည်။
"ခေါင်ရမ်းပန်း"
ဒိုင်း
သေနတ်ပြောင်းဝမှ မီးတောက်များ ထွက်ပေါ်လာတော့သည်။
သွေးစက်များ လွင့်စင်သွားသည်နှင့်တစ်ပြိုင်နက် ထိုမိန်းကလေး၏ သွယ်လျသော ခန္ဓာကိုယ်လေးမှာ လေနီကြမ်းထဲ စုတ်ပြတ်လွင့်ပါသွားသော လဲမှို့ကလေးကဲ့သို့ပင် ကြမ်းတမ်းလှသော မြစ်ရေပြင်အတွင်းသို့ ဖြည်းညင်းစွာ ကျဆင်းသွားတော့လေသည်။