အဆုံးသတ်
Vol. 6 Ch. 55
လင်ကျောင်ယွဲ့ သေဆုံးသွားလေပြီ။
သစ်ကိုင်းထက်သို့ ပျံတက်၍ ဖီးနစ်တစ်ကောင်လို အတောင်ဖြန့်နိုင်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ခဲ့သော မိန်းကလေးသည် နောက်ဆုံးတွင်မူ မိမိကိုယ်တိုင်တူးခဲ့သည့် ချောက်ကမ်းပါးအတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့ရလေသည်။
အစိုးရအရာရှိများသည်လည်း မျှော်လင့်ချက်များများစားစား မထားရှိပါသော်ငြား ကံကောင်းထောက်မစွာဖြင့် သူမ၏အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြသည်။
မြစ်တွင်းသို့ပြုတ်ကျဖူးသမျှ ယခင်ဖြစ်ရပ်များကို ပြန်ကြည့်မည်ဆိုပါက လင်ကျောင်ယွဲ့၏အလောင်းကို ဤမျှကျယ်ပြောလှသော ဖန်းလုံမြစ်အတွင်း ပြန်လည်တွေ့ရှိဆယ်ယူနိုင်ခြင်းမှာ သိန်းငါးဆယ်ထီ ပေါက်သည်ထက်ပင် ပို၍ထူးခြားသည့် နိမိတ်တစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် ကာယကံရှင်အတွက်တော့ လှောင်ပြောင်သရော်မှုတစ်ခုထက် မပိုနိုင်ပေ။
အသက်ရှင်စဉ်ကာလပတ်လုံး ကောင်းကင်ဘုံထံမှ မျက်နှာသာပေးမြှောက်စားမှုကို ငံ့လင့်စောင့်စားခဲ့သော်လည်း ကောင်းကင်ဘုံကမူ သူမသေဆုံးပြီးမှသာ အသိစိတ်ဝင်ခဲ့သည့်ဟန်။
လင်ကျောင်ယွဲ့ တစ်ဖန်ပြန်လည် ရှင်သန်လာနိုင်ဦးမည်လော။
မဖြစ်နိုင်တော့ပေ။
လင်ကျောင်ယွဲ့ ပြန်လည်ရှင်သန်လာနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သင်္ချိုင်းလူသားအဖြစ် ပေါ်လာရန်သာရှိသော်လည်း ၎င်းအတွက် မရှိမဖြစ်လိုအပ်ချက်မှာ သန်းခေါင်ယံအချိန်၌ သေဆုံးရမည်ဖြစ်သည်။
ထို့ကြောင့် လီနန်ခယ့်အနေဖြင့် ဆက်ပြီးစိတ်ပူနေစရာမရှိတော့၊
သို့သော် ပြဿနာအရင်းခံ လင်ကျောင်ယွဲ့တစ်ယောက် သေဆုံးသွားပြီဖြစ်သော်လည်း လီနန်ခယ့်အတွက်တော့ ယခုမှ အခက်အခဲများတကယ်စတင်ပြီဟု ဆိုရပေမည်။
အကြောင်းမှာ သူသည် မိမိ၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။
သူ၏ အဆင့်အတန်းအရ ရာဇဝတ်သားတစ်ဦးကို မိမိသဘောအတိုင်း စီရင်ပိုင်ခွင့်မရှိပေ။
သူသည် ညကင်းလှည့်အဖွဲ့ဝင်တစ်ယောက် မဟုတ်သလို အစိုးရအရာရှိတစ်ယောက်လည်းမဟုတ်ခဲ့။
မှုခင်းတစ်ခုတွင် အလောင်းစစ်ဆေးရာတွင်သာ ပါဝင်ခွင့်ရှိသည့် မှုခင်းဆရာဝန်တစ်ဦးသာ ဖြစ်သည်။
အကယ်၍ အထက်လူကြီးများက စုံစမ်းစစ်ဆေးလာပါက လီနန်ခယ့်သည် ဤအမှု၌ မည်မျှပင်ထူးချွန်သော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့စေကာမူ ထိုက်သင့်သောပြစ်ဒဏ်ကို မလွဲမသွေကျခံရမည်ဖြစ်ပြီး အဆိုးဆုံးထိတွက်ဆရလျှင် ထောင်သွင်းအကျဥ်းချခံသည်အထိ ဖြစ်သွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ ယခုခေတ်ကာလသည် မင်းမဲ့တိုင်းပြည်မဟုတ်လေရာ ဥပဒေစည်းမျဥ်းများကို စော်ကားဖီဆန်၍မရပေ။
လီနန်ခယ့်သည်လည်း ဤအချက်ကို သေချာပေါက် စဉ်းစားမိပြီးသားဖြစ်သည်။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိခဲ့ပါ။
အကြောင်းမှာ လင်ကျောင်ယွဲ့ကို သေချာပေါက်သတ်ဖြတ်ပြီး ဤအန္တရာယ်ကို အမြစ်ပြတ်အောင် ရှင်းလင်းနိုင်မည့်သူမှာ သူတစ်ဦးတည်းသာရှိသောကြောင့် ဖြစ်သည်။
အကယ်၍ လင်ကျောင်ယွဲ့သာ သေဘေးမှ လွတ်မြောက်သွားခဲ့ပါက နောင်တစ်ချိန်တွင် မည်မျှကြီးမားသော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရမည်ကို မည်သူမျှမသိနိုင်။
လီနန်ခယ့်တွင် ဇနီးသည်နှင့် ကိုယ်ပိုင်အိမ်ထောင်စုတစ်ခုရှိနေပြီ ဖြစ်ရာ ထိုမျှလောက်ထိ စွန့်စားစိန်ခေါ်လိုစိတ်မရှိလေပြီ။
လိန်ရှင်းနန်သည်လည်း ဤအချက်ကိုတွေးမိသဖြင့် လင်ကျောင်ယွဲ့၏အလောင်းကို မြင်လိုက်ရပြီးပြီးချင်းပင် သံမဏိအား စာတစ်စောင်ပေးကာ တိမ်တိုက်မြို့တော်ရှိ ညကင်းလှည့်အဖွဲ့ချုပ်သို့ အမြန်ဆုံး သွားရောက်ပို့ဆောင်ရန် စေခိုင်းလိုက်တော့သည်။
ယခုရှိသည့် တစ်ခုတည်းသောအစီအစဉ်မှာ လီနန်ခယ့်ကို ညကင်းလှည့်အဖွဲ့၏ အမြဲတမ်းအဖွဲ့အဖြစ် မရရအောင်ခေါ်သွင်းခြင်းပင်။
ဤသည်မှာ လီနန်ခယ့်ဘေးကင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းပင် ဖြစ်သည်။
...
တုန်းချီခရိုင်ရှိ ညကင်းလှည့်အဖွဲ့ ရုံးခန်းအတွင်း၌ မီးရောင်များ ထိန်ထိန်လင်းနေခဲ့သည်။
အမှုစစ်အရာရှိများမှာလည်း အလုပ်များနေကြဟန်တူသည်။
မေရှင်းအာကိုမူ အကျဉ်းထောင်အတွင်း၌ ယာယီထိန်းသိမ်းထားသည်။
သူမ၏ ကျန်းမာရေးအခြေအနေကြောင့် လိန်ရှင်းနန်က အထူးအခွင့်အရေးအနေဖြင့် အတော်လေးကောင်းမွန်သန့်ရှင်းသော အခန်းတစ်ခုပေးထားကာ ဆိုင်ယွင်နှင့်ဆိုင်ယွဲ့တို့ကိုလည်း အနီးကပ်စောင့်ရှောက်ပေးခိုင်းထားသည်။
အထက်မှ အမိန့်ကျလာသည်နှင့် ဤအမျိုးသမီး၏ ဘဝမှာလည်း နိဂုံးချုပ်သွားပေလိမ့်မည်။
တစ်ညတည်းဖြင့် ဘဝကြီး တစ်ပတ်ပြန်လည်သွားခဲ့သော သူဌေးလင်မှာလည်း နောက်ဆုံးစစ်ဆေးချက်များပြုလုပ်ရန် ညကင်းလှည့်ရုံးသို့ ခေါ်ယူခြင်းခံရသည်။ သူသည်လည်း ရာဇဝတ်သား၏ မိသားစုဝင်ဖြစ်နေသဖြင့် ပူးပေါင်းပေးရမည့် လုပ်ထုံးလုပ်နည်းများစွာ ရှိနေသေးသည်။
တုန်းချီခရိုင်တွင် ဟိုးလေးတကျော် လွှမ်းမိုးကျော်ကြားခဲ့သော ဤသူဌေးကြီးမှာ ယခုတော့ စိတ်ဓာတ်ကျဆင်းငေးမှိုင်စွာဖြင့် ဝိညာဥ်မပါတော့သော အလောင်းကိုယ်ထည်တစ်ခုအသား အသက်မဲ့နေခဲ့ရှာ၏။
လူများက သူ့ကိုကြည့်သည့် အကြည့်တို့၌ သနားစာနာမိခြင်းမှတပါး အခြားမရှိခဲ့။
ယုန်မလေးမုန့်မှာ စားပွဲပေါ်ထိုင်ကာ လတ်ဆတ်သော မုန်လာဥနီကို မြိန်ယှက်စွာကိုက်စားနေရင်း မျက်စောင်းထိုးတည့်တည့် ကုလားထိုင်ပေါ်တွင် ထိုင်နေသော ထိုအမျိုးသားအား ရံဖန်ရံခါ လှမ်းကြည့်နေသည်။ သူမ၏ မျက်ဝန်းတို့၌ စိတ်ဝင်တစား စူးစမ်းလိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေလျက်။
တင်းကျပ်ပါးလျသော အသားကပ်ဘောင်းဘီအောက်မှ သူမ၏ ခြေတံသွယ်သွယ်လေးများမှာ တင်းရင်းလှပနေပြီး ဖိနပ်ပေါ်မှ အမွေးပွဘောလုံးလေးများမှာလည်း ဆီးနှင်းလုံးလေးများ ခုန်ပေါက်နေသကဲ့သို့ ဟိုဟိုဒီဒီ လှုပ်ခါနေသည်။
စဉ်းစားခန်းဝင်နေသော လီနန်ခယ့်ပင်လျှင် သူမထံသို့ မသိမသာလှမ်းလှမ်းကြည့်မိရသည်။
"နန်ခယ့် စိတ်မပူပါနဲ့။ ကျွန်မရှိနေတာပဲ၊ အားလုံးအဆင်ပြေသွားမှာပါ"
လိန်ရှင်းနန်သည် လီနန်ခယ့်တစ်ယောက် အစိုးရအရေးယူမှုကို စိုးရိမ်နေမည်အထင်ဖြင့် နှစ်သိမ့်စကားဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှင်က ဒီအမှုမှာ အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တာပဲ။ အထက်လူကြီးတွေကလည်း အဲဒီလောက်အထိတော့ အကျိုးအကြောင်းမသိဘဲ မနေပါဘူး"
လီနန်ခယ့်က ပြုံးရုံသာပြုံးပြလိုက်ပြီး ပြန်မဖြေခဲ့ပေ။
ယုန်မလေးမုန့်သည် စားပွဲပေါ်မှခုန်ဆင်းကာ လီနန်ခယ့်အနားသို့လာပြီး ပုခုံးကိုပုတ်လျက်မေးသည်။
"ကိုဉာဏ်ကြီးရှင်၊ ရှင်ကဘာလို့ ဒီလောက်တောင် တော်နေရတာလဲ။ အရင်က ဘာအလုပ်တွေများလုပ်ခဲ့လို့လဲ"
"အရင်ကလား၊ ငါကရေဆိုးမြောင်းရှင်းတဲ့လူလေ"
လီနန်ခယ့်က ခပ်ပြုံးပြုံးပြန်ဖြေလိုက်သည်။
မိန်းကလေးမှာ ကြောင်အသွားသည်။ "ရေဆိုးမြောင်းကဘာကြီးလဲ"
လီနန်ခယ့်က ရှင်းမပြဘဲ အကြောဆန့်နေရင်းဆိုလိုက်သည်။
"နောက်တော့သိလာမှာပေါ့"
"နန်ခယ့်။ ရှင်အရင်ပြန်နားနှင့်ဦးမလား။ ယုန်မလေးကရှင့်ကို အိမ်အထိလိုက်ပို့ပေးလိမ့်မယ်"
လီနန်ခယ့်၏ မျက်မှောင်ရေးရေးကြုတ်ကာ နွမ်းနယ်နေဟန်အမူအရာကိုမြင်သောအခါ လိန်ရှင်းနန် က ညင်သာစွာ အကြံပေးလိုက်သည်။
"နောက်ပြီး အချိန်လည်းနောက်ကျနေပြီဆိုတော့ ရှင့်ဇနီးအိမ်မှာစောင့်ရင်း စိတ်ပူနေလိမ့်မယ်။ အိပ်ရေးဝဝအိပ်လိုက်ဦး။ မနက်ဖြန်ကျမှ ကျွန်မရှင့်ဆီလာခဲ့မယ်"
"ရှင်၊ အစ်မလိန် သူကအိမ်ထောင်သည်ကြီးလား"
ယုန်မလေးမုန့်က အံ့သြတကြီး အော်ဟစ်လိုက်သည်။
လိန်ရှင်းနန်က မထူးဆန်းသည့်အမူအရာဖြင့် ပြန်ပြောပြသည်။
"နန်ခယ့်မှာ ဇနီးရှိတယ်လေ။ နင်သူ့ကိုသိပါတယ်။ နင်ပြောဖူးတဲ့ အဲ့ဒီသမားတော်မလေးပဲ"
ယုန်မလေး၏မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။
"ကျွန်မက သူ့ဇနီးဖြစ်ဖို့အတွက် သံယောဇဉ်ကြိုးတွေတည်ဆောက်မလို့ စကြံနေတုန်းကို။ ကျွန်မတို့နှစ်ယောက်ရတဲ့ကလေးတွေဆို သေချာပေါက်ဉာဏ်ကောင်းပြီး လိမ္မာလိမ့်မယ်တွေးထားတာ။ သူတို့ နာမည်တွေကိုတောင် စဉ်းစားပြီးပြီ..."
"တော်တော့"
လိန်ရှင်းနန် မျက်နှာတင်းသွားပြီး မိန်းကလေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
လီနန်ခယ့်သည်ပင် တော်တော်လေး အနေရခက်သွားရှာသည်။
ဒီမိန်းကလေးရဲ့အတွေးတွေကတော့ လိုက်မီဖို့တကယ်ခက်ခဲတာပဲ။
"မိန်းကလေးတစ်ယောက်ဖြစ်ပြီး စကားပြောရင် ဦးနှောက်လေးဘာလေးသုံးပါဦး"
လိန်ရှင်းနန်လည်း ပြောလို့မနိုင်သည့်ကြားက သတိပေးလိုက်ရသည်။
"နင်နောက်တစ်ခါ ငါ့စကားနားမထောင်ရင်တော့ တိမ်တိုက်မြို့တော်ကိုပဲ ပြန်လွှတ်လိုက်တော့မယ်"
ယုန်မလေးမုန့်က လျှာလေးထုတ်ကာ နောက်တီးနောက်တောက်ဖြင့်ရယ်သည်။
"ကျွန်မက စတာပါနော်"
တစ်ဖက်တွင်မူ သံမဏိသည် သူဌေးလင်အား စစ်ဆေးမေးမြန်းခြင်းကို အဆုံးသတ်လိုက်ပြီး စစ်ဆေးချက်မှတ်တမ်းများကို လိန်ရှင်းနန်ဆီ လာရောက်ပေးအပ်သည်။
"အစ်မလိန် စစ်လို့ပြီးပါပြီ။ ခရိုင်ရုံးကိုရော မိတ္တူတစ်စောင် ပို့ခိုင်းလိုက်ရမလား"
လိန်ရှင်းနန်က မှတ်တမ်းစာရွက်အချို့ကို လှန်လှောကြည့်ရှုပြီး တည်ငြိမ်စွာဆိုသည်။
"မနက်ဖြန်မှပဲ ပြောကြတာပေါ့"
သူမသည် စိတ်ဓာတ်ကျဆင်းနေဟန်ရှိသော သူဌေးလင်အား လှည့်ကြည့်ကာ မည်သို့နှစ်သိမ့်ရမှန်းမသိသဖြင့် ညင်ညင်သာသာမေးလိုက်သည်။
"ရှင့်ဇနီးကိုသွားတွေ့ဦးမလား။ နောက်ဆိုရင်တော့ အခွင့်အရေးရှိတော့မယ်မထင်ဘူး"
သူဌေးလင်သည် မသိစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းအစုံမှာ ကြေကွဲမှုများဖြင့် နီမြန်းခြောက်သွေ့နေခဲ့သည်။ လိန်ရှင်းနန်ကို တစ်ခုခုပြန်ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင်မူ ခေါင်းကို အားလျော့စွာပြန်ငုံ့လိုက်ပြီး "မလိုတော့ပါဘူး" ဟု ခါးသီးစွာဆိုလေသည်။
ရက်ပိုင်းအတွင်း အိုမင်းရင့်ရော်သွားဟန်ရှိသော သူဌေးကြီးမှာ လေးလံသောခြေလှမ်းများဖြင့် တံခါးဆီသို့ ဦးတည်ထွက်သွားတော့သည်။
သူ၏ကျောပြင်မှာ လွန်စွာပင် အထီးကျန်ဆန်ကာ ခြောက်သွေ့ရင့်ရော်နေခဲ့၏။
"ဒီကိစ္စတစ်ခုလုံးကို ပြန်သုံးသပ်ကြည့်ရင် ပြဿနာတစ်ခုကို ကျွန်တော်တို့တွေ့ရလိမ့်မယ်"
လီနန်ခယ့်က ခြေထောက်ချိတ်ထိုင်ရင်း တည်ငြိမ်စွာစကားစသည်။
"လင်ကျောင်ယွဲ့နဲ့ မေရှင်းအာတို့ အစီအစဥ်တွေအကုန်ပျက်ပြီး ဒီလိုပျက်စီးခြင်းလမ်းကို လျှောက်လှမ်းခဲ့ရတာက ဟယ့်ချင်းယွီရဲ့ မတော်တဆပြန်လည်ထွက်ပေါ်လာမှုကြောင့်ပဲ"
"မဟုတ်ရင် လင်ကျောက်ယွဲ့ရဲ့အနာဂတ်လမ်းက ပျက်စီးစရာမရှိဘူး"
"ပြီးတော့ လင်ကျောင်ယွဲ့သေချာစီစဉ်ထားတဲ့ အစီအစဉ်တွေအကုန်လုံးက ဟယ့်ချင်းယွီ အသက်ပြန်ဝင်လာတဲ့အချက်ကြောင့် အကုန်ပြိုလဲသွားခဲ့ရတာ"
"အကယ်၍ အဲ့ဒီမတော်တဆမှုသာမရှိခဲ့ရင် ဒီအမှုကို ကျွန်တော်တောင်ဖော်ထုတ်နိုင်မယ်မထင်ဘူး"
"အဲ့ဒီနှစ်ချက်က သတိထားမိဖို့ခက်ပေမဲ့ ဒီပြဿနာကြီးတစ်ခုလုံးရဲ့ အရင်းခံဖြစ်နေတာပဲ"
"မေးစရာရှိတာက ဟယ့်ချင်းယွီက သူ့ကိုယ်သူ လင်ကျောင်ယွဲ့ရဲ့ ဖခင်အရင်းဖြစ်မှန်း ဘယ်လိုလုပ်ပြီး ရုတ်တရက်သိသွားတာလဲ။"
"မေရှင်းအာကရော ခရုနီဆေးတွေအများကြီးသောက်မိလို့ ချစ်သူဟောင်းက မတော်တဆပြန်နိုးထလာသတဲ့၊ အဲ့လောက်တောင် တိုက်ဆိုင်လွန်းသလား"
လီနန်ခယ့်၏ မျက်လုံးအကြည့်များက တစ်စတစ်စ ပိုမိုနက်ရှိုင်းလာပြီး နှုတ်ခမ်းထက်မှအပြုံးက ပို၍တောက်ပလာသည်။
ထို့နောက် သူသည် ခပ်ဖြည်းဖြည်းထရပ်လိုက်ပြီး တံခါးဝ၌ရပ်တန့်နေသော ထိုနောက်ကျောပြင်အားကြည့်ကာ တစ်လုံးချင်းဆိုလိုက်သည်။
"သူဌေးလင်။ ခင်ဗျားကမှ ဒီဇာတ်လမ်းကြီးတစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူအစစ်ပဲ။"
"အစကနေအဆုံးထိ ကျွန်တော့်ပြိုင်ဘက်က ခင်ဗျားဖြစ်နေခဲ့တာပဲ"